ပန်းယွန်းလေးများ ပွင့်လန်းစေဖို့ ယွန်းပညာကောလိပ်သို့ တက်ရောက်ကြပါစို့
မောင်ကျော်မိုး (SSID)
မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအနက် “ပန်းချီ၊ ပန်းပု၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းတမော့၊ ပန်းပဲ၊ ပန်းရန်၊ ပန်းပွတ်၊ ပန်းယွန်း” ဆိုသည့် ပန်းဆယ်မျိုးတွင် တစ်မျိုးအပါအဝင်ဖြစ်သော ပန်းယွန်းပညာရပ်သည် ယနေ့ထက်တိုင် မြန်မာလူမျိုးတို့ ထိန်းသိမ်းလာသော လက်မှုအနုပညာတစ်ရပ်ဖြစ်ပါသည်။
ရှေးမြန်မာလူမျိုးတို့၏ ရိုးရာလက်မှု အနုပညာလုပ်ငန်းများကို အကျဉ်းအားဖြင့် သုခုမအနုပညာဆယ်ပါးဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ကြကြောင်း ရှေးဟောင်းစာပေများ၌ တွေ့ရှိရပါသည်။ ရှေးအခါက “ပန်” ဟုခေါ်ပြီး နှောင်းခေတ်တွင် “ပန်း” ဟု ခေါ်ဝေါ်လာကြခြင်း ဖြစ်ပါသည်။ ပန်းဆယ်မျိုးလုံးအား အတွေးအခေါ်အမြော်အမြင် ဆင်ခြင်ဉာဏ်ဖြင့် စီမံချဲ့ထွင်လုပ်ကိုင်ရသဖြင့် သုခုမ အနုပညာဟုလည်း ခေါ်တွင်ခဲ့ကြကြောင်း မှတ်သားရပါသည်။ ပန်းယွန်း ဟူသောစကားရပ်ကို မြန်မာကျောက်စာများ၌ တိုက်ရိုက်မတွေ့ရသော်လည်း ယွန်းနှင့် ပတ်သက်ဆက်နွှယ်နေသော အသုံးအဆောင်ပစ္စည်းများကိုမူ ပုဂံခေတ်ကျောက်စာများတွင် တွေ့ရှိရပါသည်။ ပန်းယွန်းဟုဆိုရာ၌ ပြုလုပ်ပုံနည်းစနစ် မတူညီခြင်းကြောင့် ကညစ်ယွန်း၊ ရွှေဇဝါ ယွန်း၊ သရိုးပန်းကြွယွန်း၊ မှန်စီရွှေချ ယွန်းနှင့် ခေတ်မီယွန်း အစရှိသဖြင့် ကွဲပြားသည်ကိုလည်း လေ့လာရပါသည်။
မြန်မာ့ယွန်းအကြောင်းကို ရှေးဟောင်းအမွေအနှစ်များ၊ ကျောက်စာ စာပေများတွင် လက်လှမ်းမီသမျှ ပြန်လည်ရှာဖွေလေ့လာပါက ယွန်းထည်များကို လူသုံး၊ အိမ်သုံး၊ အသုံးအဆောင် များအပြင် ဘာသာရေး၊ သာသနာရေး အသုံးအဆောင်များအထိ ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် ရှေးမြန်မာမင်းများလက်ထက် အိမ်နီးချင်းနိုင်ငံများသို့ လက်ဆောင် ပဏာ အပြန်အလှန်ပေးပို့ရာတွင်လည်း ယွန်းထည်များကို အဆန်းတကြယ် ပြုလုပ်ပေးပို့ခဲ့ကြောင်း တွေ့ရှိရပါသည်။
ပုဂံခေတ် ကျန်စစ်သားမင်း လက်ထက်တွင် ဂူ၊ ကျောင်း၊ တန်ဆောင်း၊ ပြာသာဒ်များ တိုးချဲ့ဆောက်လုပ်ပြီး အနုပညာလုပ်ငန်းများကို အားပေးခဲ့ကြရာမှ သထုံပြည် မနူဟာမင်းနှင့်အတူ ပါလာသည့် မွန်အနုပညာသည်များ၊ အိန္ဒိယမှလာသည့် အနုပညာသည်များနှင့် ရှေးဟောင်းပျူအဆက်အနွှယ် အနုပညာရှင်တို့ စုံလင်စွာ စုပေါင်း၍ ထပ်ဆင့်တီထွင်ခဲ့ကြသဖြင့် ပန်းဆယ်မျိုး အနုပညာလုပ်ငန်းများ အပြိုင်အဆိုင် တိုးတက်လာခဲ့ကြကြောင်း လေ့လာသိရှိ ရပါသည်။ မြန်မာ့ယွန်းအတတ်ပညာကို ခေတ်အဆက်ဆက် ဆက်လက်ထိန်းသိမ်းပြီး ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ရခြင်းကြောင့် ယခုအခါ မြန်မာ့ယွန်းထည်များ နိုင်ငံတကာမှ ပိုမိုနှစ်သက်လက်ခံလာသည့်အဆင့်အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။
မြန်မာတို့သည် ပန်းယွန်းအတတ်ပညာကို အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ရပ်အဖြစ် သားစဉ်မြေးဆက် လက်ဆင့်ကမ်း လုပ်ကိုင်ဆောင်ရွက်ရင်း ရိုးရာအစဉ်အလာမပျက် ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပါသည်။ မြန်မာ့ပန်းယွန်းပညာကို စာပေပညာရှင်များနှင့် သုတေသီတို့က အထောက်အထားအမျိုးမျိုး၊ အယူအဆအမျိုးမျိုးတို့ဖြင့် ရေးသားဖော်ပြခဲ့ကြသည်။ အချို့သုတေသီ များက မြန်မာ့ယွန်းပညာသည် တရုတ်နိုင်ငံမှ ရောက်ရှိပြန့်ပွားလာသောပညာဟု ဆိုကြသည်။
တရုတ်နိုင်ငံတွင် ယွန်းလုပ်ငန်းအတတ်ပညာသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ကျော်ကပင် ပေါ်ပေါက်ထွန်းကားနေသော ပညာရပ်ဖြစ်သည်။ မြန်မာတို့သည် တရုတ်တို့နှင့် အဆက်အသွယ်ရှိခဲ့ကြကြောင်း ရှေးဟောင်းမှတ်တမ်းများအရ သိရှိရပါသည်။ အေဒီ ၅၀၀-၉၀၀ အတွင်း မြန်မာနိုင်ငံမှ အစောဆုံးပျူယဉ်ကျေးမှုအဖွဲ့တစ်ဖွဲ့သည် တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိခဲ့သည်။ ၎င်းတို့သည် တရုတ်နိုင်ငံမှ ယွန်းအတတ်ပညာနှင့် အခြားသောယဉ်ကျေးမှုများကို လေ့လာခဲ့ကြခြင်းဖြစ်သည်ဟု လုစ်ဂေါ်ဒွန် (Luce Gordan) က ယူဆထားပါသည်။
ပန်းယွန်းပညာရပ် ပျောက်ကွယ်လုနီးပါး ဖြစ်လာခြင်း
မြန်မာ့ပန်းယွန်း လက်မှုအနုပညာအတတ်ကို ရှေးအခါက မြန်မာပြည်အနှံ့ ပုဂံ၊ စလေ၊ တောင်သာ၊ မြင်းခြံ၊ ကျောက်ကာရွာ(မုံရွာမြို့)၊ တန့်ဆည်၊ ဝက်သဲ၊ မောင်းထောင်၊ ရေဦး၊ အင်းလေး၊ လဲချား၊ ကျိုင်းတုံ စသည့်ဒေသများတွင် တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ခဲ့ကြပါသည်။ မောင်းထောင်ယွန်း၊ ကျောက်ကာယွန်း၊ လဲချားယွန်း၊ ပုဂံယွန်းဟူ၍ ဒေသအမည်နှင့် ယွန်းပစ္စည်းကို တစ်ပါတည်း ခေါ်ဝေါ်သမုတ်လျက် ထင်ရှားကျော်ကြားခဲ့ပါသည်။ ယခုအခါ ပန်းယွန်းလုပ်ငန်းများကို ပုဂံဒေသနှင့် ကျောက်ကာ (မုံရွာ) ဒေသ၊ ကျိုင်းတုံ ဒေသများ၌သာလုပ်ကိုင်နေကြပြီး ကျန်ဒေသများတွင် ပျောက်ကွယ်လုနီးပါး အခြေအနေဖြစ်ပါသည်။
“ယွန်းလုပ်ငန်းတွေက ကိုဗစ်ကာလလောက်ကစပြီး ရပ်ထားတာ အခုအချိန်အထိပဲ။ အလုပ်ရုံကြီးတွေလည်းရပ်၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းလေးတွေလည်းရပ်။ ယွန်းဈေးကွက်က ဧည့်သည်ကိုမှီခိုပြီး လုပ်ရတာဆိုတော့ ဧည့်သည်မလာရင်ထိတာပဲ” ဟု လုပ်ငန်းရှင်တစ်ဦးက ဆိုပါသည်။
“ရှေးတုန်းကတော့ အိမ်တွေမှာ ယွန်းကွမ်းအစ်၊ လက်ဖက်အုပ်၊ ဆွမ်းအုပ်၊ ရေခွက်တို့ကို အသုံးပြုကြတော့ အရောင်းအဝယ်ကောင်းတာပေါ့။ ၁၉၆၀ ပြည့်နှစ်ကျော်လောက်အထိ မြင်းကပါ သားတွေ ၁၂ ပွဲလှည့်ပြီး ရောင်းတာရှိခဲ့တယ်။ အခုတော့ ထိုင်ရောင်း၊ အမှာ ရှိရင်ပို့ပဲ၊ ၁၂ ပွဲ မလှည့်နိုင်တော့ဘူး။”
“ပုဂံယွန်း အသက်ဆက်နေတာ နိုင်ငံခြားဧည့်သည်တွေကြောင့်လည်းပါတယ်။ ပြည်တွင်းဘုရားဖူးတွေကတော့ ပုဂံရောက်တုန်း အမှတ်တရအဖြစ်သာ ဝယ်တာများတော့ တန်ဖိုးကြီး၊ အနုစိတ်တဲ့အထည်တွေ မရောင်းရဘူး။ ဟိုတယ်တွေ၊ ငွေကြေးတတ်နိုင်သူတွေကတော့ အလှဆင်ဖို့အတွက် ဝယ်တာတွေရှိတယ်။ ဒါကလည်း နည်းပါတယ်”ဟု ပြောပါသည်။
“ဒီနေ့ ရင်ဆိုင်နေရတဲ့ အခက်အခဲကတော့ ယွန်းလုပ်ငန်းတွေမှာ အမွေဆက်ခံမယ့် သားသမီး ရှားပါးလာခြင်းပါပဲ။ မြင်းကပါက ယွန်းလုပ်ငန်းတွေ မိရိုးဖလာပညာကို အဆင့်ဆင့်လက်ဆင့် ကမ်းခဲ့တာ။ သင်တန်းတွေ ဘာတွေနဲ့သင်တာမဟုတ်ဘူး။ လုပ်ငန်းခွင်မှာ လုပ်ရင်းသင်ယူရတာပဲ။ မိဘက သင်ပေးတာရှိသလို ဆရာတွေဆီမှာ သင်ပေးပါ၊ ခိုင်းပါဆိုပြီး အပ်တာလည်းရှိတယ်။ နွေကျောင်းပိတ်ရက်ဆိုရင် မိန်းကလေးရော ယောက်ျားလေးပါ ယွန်းပညာသင်ရတာထုံးစံပဲ။ အခုနောက်ပိုင်းမှာတော့ ကလေးတွေက ယွန်းသင်တာထက် ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေမှာ လုပ်တာ၊ ခရီးသွားလုပ်ငန်းမှာဝင်လုပ်တာကို ပိုပြီးစိတ်ဝင်စားတယ်။ ဝင်ငွေလည်းကောင်းတယ်။ ယွန်းလုပ်ငန်းလိုလည်း ပညာသင်ရတာလက်မဝင်ဘူး။ ဒါကြောင့် ယွန်းပညာသင်တဲ့ လူငယ်တွေ မရှိသလောက် ဖြစ်လာပြီ။ အခုဆေးသွင်း၊ ပုံဆွဲလုပ်နေတဲ့သူတွေက အသက်သုံးဆယ်တမ်းတွေ၊ သူတို့နောက်မှာ အမွေဆက်ခံမယ့်သူ မရှိတော့ဘူး။ ဒီအတိုင်းဆက်သွားရင် ယွန်းပညာ မျိုးဆက်ပြတ်တော့မယ်” ဟု လုပ်ငန်းရှင်တစ်ဦး၏ ညည်းတွားပြောဆိုမှုကို ကြားခဲ့ရပါသည်။
ပန်းယွန်းဈေးကွက်ရဲ့ အခက်အခဲနှင့် ကန့်သတ်ချက်များ
ယွန်းထည်ပစ္စည်း ထုတ်ကုန်များသည် လက်မှုပစ္စည်းများဖြစ်သည်နှင့်အညီ ထုတ်လုပ်ရာတွင် အနုပညာမြောက် ထုတ်လုပ်ဖန်တီးရသဖြင့် ထုတ်လုပ်သည့် ကာလကြာမြင့်တတ်ပါသည်။ ယွန်းထည်တစ်မျိုးထုတ်လုပ်ရန် အခြောက်ခံကာလသည် အနည်းဆုံးခြောက်လခန့်ကြာမြင့်ပါသည်။ ပြည်ပမှ မှာယူလိုသူများ များစွာရှိသော်လည်း အချိန်ကိုက်ယွန်းထုတ်ကုန်ပစ္စည်းများကို လိုသလောက်ပေးပို့ရန် အခက်အခဲရှိပါသည်။ ဈေးကွက်ဝယ်လိုအားရှိသော်လည်း ထုတ်လုပ်နိုင်မှုပမာဏ အကန့်အသတ်ရှိနေခြင်းက ဈေးကွက်ထိုးဖောက်မှုအတွက် အဟန့်အတား ဖြစ်စေလျက်ရှိပါသည်။
ထို့ပြင် ယနေ့ ယွန်းထည်ထုတ်လုပ်သော လုပ်ငန်းရှင်အများစုသည် ဈေးကွက်အပေါ်လိုက်ပြီး အရည်အသွေးပိုင်းတွင် အလျော့အတင်းပြုလုပ်၍ ထုတ်လုပ်လာကြသဖြင့် ယွန်းထည်ပစ္စည်း၏ အရည်အသွေးကို အာမခံပေးရန် ခက်ခဲလာလျက်ရှိပါသည်။ အခြားသော အခက်အခဲမှာ ယွန်းထည်ပစ္စည်းများတွင် စံကိုက်စနစ် (Standard Size) မရှိခြင်းဖြစ်ပါသည်။ ဥပမာ ပြည်ပမှ တစ်ပေ ဆွမ်းအုပ်မှာသည်ဆိုပါက ဆွမ်းအုပ်၏ထိပ်ဖူးမှ အောက်ခံအထိ တစ်ပေအမြင့်ရှိပြီး ထိပ်ဖူးအရွယ်အစား မည်မျှရှိရမည်၊ ကိုယ်ထည်၏ အကျယ်သည် မည်မျှရှိရမည် စသည်ဖြင့် စံကိုက် သတ်မှတ်ထားသော (Standard Size) ရှိမနေခြင်းဖြစ်ပါသည်။
ပြည်ပက ယွန်းပစ္စည်းများ မှာယူရာတွင် ယွန်းလုပ်ငန်းရှင်များစွာက ပစ္စည်းတစ်မျိုးတည်းကိုပင် ပုံစံအမျိုးမျိုးဖြင့် ပေးပို့ရောင်းချနေကြလျက်ရှိသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။
ထို့ပြင် ယွန်းပစ္စည်းများသည် လွန်စွာတန်ဖိုးကြီးမားသော်လည်း ခိုင်ခံ့လှပသေသပ်သော ထုပ်ပိုးမှုပုံစံ ရှိမနေခြင်းကလည်း ယွန်းဈေးကွက်အတွက် လိုအပ်ချက်အဖြစ်ရှိနေသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။
အဆိုပါ အခက်အခဲများနှင့် ကန့်သတ်ချက်များ ကျော်လွှားနိုင်စေရန် ယခုအခါ ယွန်းပညာကောလိပ်တွင် မြန်မာ့ယွန်းလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်လုပ်ငန်းရှင်များအား ဖိတ်ခေါ်၍ ယွန်းပစ္စည်းထုပ်ပိုးမှုစနစ်များ ပိုမိုကောင်းမွန်လာစေရေး နည်းလမ်းများအား ဆွေးနွေးချပြခြင်း၊ ယွန်းပစ္စည်းများအား စံကိုက်စနစ်တစ်ခုထားရှိရေး ဆွေးနွေးပြောကြားခြင်းနှင့် ယွန်း အခြောက်ခံကာလ ပိုမိုတိုတောင်းစေရန် ဆောင်ရွက်နိုင်သည့် ခေတ်မီနည်းစနစ်များအား သရုပ်ပြဆွေးနွေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိပါသည်။
ပန်းယွန်းအတတ်ပညာသင်ကျောင်းစတင်ဖွင့်လှစ်ခြင်း
အဆိုပါ ရှေးမြန်မာတို့၏ ယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သော ပန်းယွန်းအတတ်ပညာကို မတိမ်ကော မပပျောက်စေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့သူမှာ အင်္ဂလိပ် အစိုးရလက်ထက် ပုဂံဝန်ထောက်အဖြစ် ထမ်းဆောင်ခဲ့သူ ဝန်ထောက်မင်း ဦးတင် ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်၏ အမြော်အမြင်ရှိမှုကြောင့် ယွန်းကုန်သည်ကြီးများ ပူးပေါင်း၍ ပုဂံမြို့တွင် မြန်မာ့ပထမဆုံး ယွန်းထည်လုပ်ငန်းအတတ်သင်ကျောင်းကို ကိုယ်ထူကိုယ်ထ ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၂၄ ခုနှစ်တွင် အစိုးရအသိအမှတ်ပြု ယွန်းထည်လုပ်ငန်း အတတ်သင်ကျောင်းအဖြစ် ဖွင့်လှစ်ခဲ့ကြောင်း လေ့လာရပါသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၆၀ ပြည့်နှစ် မတ်လတွင် ယွန်းထည်လုပ်ငန်း အတတ်သင်ကျောင်းကို သုံးနှစ်သင်တန်းမှ တစ်နှစ်သင်တန်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး ၁၉၆၀ ပြည့်နှစ်မှ ၁၉၆၅ ခုနှစ်အထိ ငါးနှစ်ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ တပ်မတော်က အစိုးရအဖြစ်တာဝန်ယူခဲ့သည့် ၁၉၉၄ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် ယွန်းထည်လုပ်ငန်းအတတ်သင်ကျောင်းမှ မြန်မာ့ယွန်းသိပ္ပံ အဆင့်သို့လည်းကောင်း၊ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာ့ယွန်းသိပ္ပံအဆင့်မှ ယွန်းပညာကောလိပ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ရာ ယနေ့အထိ နှစ်တစ်ရာတိုင်တိုင် ကျော်ခဲ့ပြီးဖြစ်ပါ သည်။ ကောလိပ်တစ်ခု၏ အင်္ဂါရပ်နှင့်လျော်ညီစွာ စာသင်ခန်းမများ၊ ဘွဲ့နှင်းဆောင်၊ ကျောင်းသား ကျောင်းသူအိပ်ဆောင်များ၊ ဓာတ်ခွဲခန်း၊ သုတေသနအလုပ်ရုံ၊ စာကြည့်တိုက်၊ အားကစားကွင်း စသည်ဖြင့် နိုင်ငံတော်အစိုးရအဆက်ဆက်က ဖြည့်ဆည်းဆောင်ရွက်ထားရှိပေးပြီး ဖြစ်ပါသည်။
သင်တန်းများဖွင့်လှစ်ပေးလျက်ရှိခြင်း
ယွန်းပညာကောလိပ် (ပုဂံ) တွင် ယွန်းအတတ်ပညာ ဒီပလိုမာတစ်နှစ်သင်တန်း (တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီး အသက် ၃၅ နှစ် မကျော်သူများ) အား လက်ခံသင်ကြားပေးလျက်ရှိသည့်အပြင် ယွန်းအတတ်ပညာ ဒီပလိုမာနှစ်နှစ်သင်တန်း (တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး အသက် ၂၅ နှစ် မကျော်သူများ) အား လက်ခံသင်ကြားပေးလျက်ရှိပါသည်။ ယွန်းအတတ်ပညာဒီပလိုမာ နှစ်နှစ်သင်တန်း အောင်မြင်ပြီးသူများ သည် စီးပွားရေးတက္ကသိုလ်များသို့ ၂၀၀၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၁ ခုနှစ်အထိ ပေါင်းကူးတက်ရောက်ခွင့်ရရှိခဲ့ပါသည်။
၂၀၁၁ ခုနှစ်မှ ယနေ့အထိ သမဝါယမနှင့် စီမံခန့်ခွဲမှုတက္ကသိုလ် (စစ်ကိုင်း၊ သန်လျင်) များသို့ ပေါင်းကူး တက်ရောက်ခွင့်ရရှိလျက်ရှိပြီး သက်ဆိုင်ရာတက္ကသိုလ်များမှ ပေးအပ်သော ဘွဲ့များကိုရရှိကြပါသည်။ သမဝါယမနှင့် စီမံခန့်ခွဲမှုတက္ကသိုလ် (စစ်ကိုင်း၊ သန်လျင်) မှ ပေးအပ်သောဘွဲ့များမှာ စီးပွားရေးသိပ္ပံဘွဲ့ (လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ) B.BSc (Social Enterprises Management)၊ စီးပွားရေးသိပ္ပံဘွဲ့ (ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ) B.BSc (Regional Development)၊ စီးပွားရေးသိပ္ပံဘွဲ့ (စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ) B.BSc (Accounting & Finance)၊ စီးပွားရေးသိပ္ပံဘွဲ့ (ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ) B.BSc (Marketing Manage-ment)နှင့် စီးပွားရေးသိပ္ပံဘွဲ့ (အသုံးချစာရင်းအင်းပညာ) B.BSc (Applied Statistics) တို့ ဖြစ်ပါသည်။
ကာလတိုသင်တန်းများဖွင့်လှစ်ပေးနိုင်မှု
ယွန်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ပုဂံဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးတို့ကိုရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း ကာလတိုသင်တန်းများကိုလည်း ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါသည်။ ဖွင့်လှစ်လျက်ရှိသော သင်တန်းများမှာ ရွှေဇဝါယွန်းနည်းပညာ သင်တန်း၊ အနက်ထည်ယွန်းနည်းပညာသင်တန်း၊ ကညစ်ယွန်းနည်းပညာသင်တန်း၊ သရိုးပန်းကြွ ယွန်းနည်းပညာသင်တန်း၊ ဝါးလက်မှုထည်ထုတ်လုပ်မှု နည်းပညာ သင်တန်း၊ ဂျပန်ယွန်းနည်းပညာ သင်တန်းနှင့် လူသုံးကုန်ယွန်းထည် ပစ္စည်းထုတ်လုပ်မှုသင်တန်းတို့ ဖြစ်ပါသည်။ ၂၀၁၅-၂၀၁၆ မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ကာလတိုသင်တန်း (၂၆) ကြိမ် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းသားဦးရေ ၄၄၅ ဦးအား သင်ကြားပေးခဲ့ပြီးဖြစ်ပါသည်။
ယွန်းပညာကောလိပ်တွင် ၁၉၂၄-၁၉၂၅ ပညာသင်နှစ်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ အခြေခံယွန်းပညာသင်တန်းသား ၁၀၆၅ ဦး၊ အထက်တန်း ယွန်းပညာသင်တန်းသား ၁၄၀ ၊ ယွန်း အတတ်ပညာ ဒီပလိုမာသင်တန်းသား ၁၂၄ ဦး၊ ယွန်းအတတ်ပညာဒီပလိုမာ တစ်နှစ် အထူးသင်တန်းသား ၆၁ ဦးနှင့် ယွန်းအတတ်ပညာ ဒီပလိုမာနှစ်နှစ်သင်တန်းသား (တက္ကသိုလ်ပေါင်းကူး) ၁၁၅၉ ဦး စုစုပေါင်း ၂၅၄၉ ဦးအား ယွန်းပညာရပ်များ သင်ကြားမွေးထုတ် ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။
ယွန်းပညာသင်တန်းသားများအတွက် ထောက်ပံ့ကြေးပေးအပ်ခြင်း
၁၉၂၄ ခုနှစ် ယွန်းထည်လုပ်ငန်း အတတ်သင်ကျောင်းအဖြစ် စတင်ရပ်တည်ခဲ့သည့်အချိန်တွင် စတုတ္ထတန်း အောင်မြင်သူများအား လက်ခံသင်ကြားပေးပြီး ပညာသင်ကာလမှာ သုံးနှစ်ဖြစ်ပါ သည်။ ပညာသင်ထောက်ပံ့ကြေးအနေဖြင့် ပထမနှစ်သင်တန်းသားတစ်ဦးလျှင် ၅ ကျပ်၊ ဒုတိယနှစ် သင်တန်းသား တစ်ဦးလျှင် ၇ ကျပ်နှင့် တတိယနှစ် သင်တန်းသားတစ်ဦးလျှင် ၁၀ ကျပ်နှုန်းဖြင့် ၁၉၄၇ ခုနှစ်အထိ လစဉ်ထောက်ပံ့ပေးခဲ့ပါသည်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်တွင် ပညာသင် ထောက်ပံ့ကြေးများကို ပညာသင်နှစ် အလိုက် ၁၅ ကျပ်၊ ၁၈ ကျပ်နှင့် ကျပ် ၂၀ အထိ တိုးမြှင့်ထောက်ပံ့ခဲ့ပါသည်။
၁၉၆၀ ပြည့်နှစ် မတ်လ ၁ ရက်နေ့တွင် နိုင်ငံတော်အစိုးရက ယွန်းထည်လုပ်ငန်း အတတ်သင်ကျောင်း၏ ပညာသင်ကာလအား သုံးနှစ်မှ တစ်နှစ်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး သင်တန်းသားများအား လစဉ်ပညာသင်ထောက်ပံ့ကြေးကျပ် ၂၀ ချီးမြှင့်ခဲ့ပါသည်။ သင်တန်းကာလ တစ်နှစ်ဖြင့် ငါးနှစ်ကြာဖွင့်လှစ်ခဲ့ပြီး ၁၉၆၅ ခုနှစ် မတ်လ ၁ ရက်နေ့တွင် သင်တန်းကာလအား နှစ်နှစ်အဖြစ် ထပ်မံပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းသားများကိုလည်း လစဉ်ပညာသင်ထောက်ပံ့ကြေး ကျပ် ၄၀ သို့ တိုးမြှင့်ထောက်ပံ့ပေးခဲ့ပါသည်။
၁၉၈၆-၁၉၈၇ ပညာသင်နှစ်မှစ၍ သင်တန်းသားများသာမက သင်တန်းသူများကိုပါ လက်ခံသင်ကြားပေးခဲ့ပြီး လစဉ်ပညာသင်ထောက်ပံ့ကြေးအား ကျပ် ၆၀ အထိ တိုးမြှင့်ခံစားခွင့်ပြုခဲ့ ပါသည်။ ၁၉၉၀ - ၁၉၉၁ ပညာသင်နှစ်မှစ၍ သင်တန်းသားများသည် အဆောင်အခမဲ့နေထိုင်ခွင့်ရရှိခဲ့ပြီး လစဉ်ပညာသင်ထောက်ပံ့ကြေးကိုလည်း ကျပ် ၂၄၀ အထိ တိုးမြှင့်ခံစားခွင့်ပြုခဲ့ပါသည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော မြန်မာ့ယွန်းအတတ်ပညာ များကို စဉ်ဆက်မပြတ် ဆက်လက်ရှင်သန်နိုင်စေရန်ရည်ရွယ်၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၁၉၉၅ ခုနှစ် မေလတွင် ယွန်းထည်လုပ်ငန်း အတတ်သင်ကျောင်းမှ မြန်မာ့ယွန်းသိပ္ပံအဖြစ်သို့ အဆင့်မြှင့်တင်ခဲ့ပြီး လစဉ်ပညာသင်ထောက်ပံ့ကြေးအဖြစ် ကျပ် ၃၀၀ သို့ တိုးမြှင့်ပေးခဲ့ပါသည်။
၁၉၂၄ ခုနှစ်တွင် ပုဂံဝန်ထောက်မင်းဦးတင် စတင်တည်ထောင်ခဲ့သည့် ယွန်းထည်လုပ်ငန်း အတတ်သင်ကျောင်းသည် ခေတ်အဆက်ဆက် အနုပညာမြတ်နိုးသူများ၏ လက်ဆင့်ကမ်း ထိန်းသိမ်းမြှင့်တင်ခဲ့မှုများကြောင့် ၂၀၀၃ ခုနှစ် ဒီဇင်ဘာလတွင် ယွန်းပညာကောလိပ်အဖြစ် ရပ်တည်နိုင်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ခေတ်ကာလနှင့်လျော်ညီမှုရှိစေရေးအတွက် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ လစဉ်ပညာသင် ထောက်ပံ့ကြေးကျပ် ၁၈၀၀၀ သို့လည်းကောင်း၊ ၂၀၁၆ ခုနှစ်မှ ယနေ့အထိ လစဉ်ပညာသင်ထောက်ပံ့ကြေးကျပ် ၃၀၀၀၀ သို့လည်းကောင်း အဆင့်ဆင့်တိုးမြှင့် ထောက်ပံ့၍ မြန်မာ့ယွန်းအနုပညာရပ် အမွေခံကျောင်းသားများအား လက်ဆင့်ကမ်း ပျိုးထောင်လျက်ရှိပါသည်။
(ဆက်လက်ဖော်ပြပါမည်)