မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အမျိုးသားရေးစိတ်ဓာတ်အပြည့်ဖြင့် အောင်ပွဲခံနိုင်ခဲ့သည့် နေ့တစ်နေ့
ဇာနည်ဘွား
အချိန်ကား ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက် (၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်) နံနက် ၁၁ နာရီ။ နေရာကား ရွှေတိဂုံစေတီတော် အနောက်တောင်ထောင့် (စနေထောင့်) ဗောဓိပင်အရှေ့ရပ်။
ကောလိပ်ကျောင်းသားကြီးများဖြစ်ကြသည့် ၁၁ ဦးတို့သည် အရေးတော်ပုံကိစ္စတစ်ခုအတွက် ရှစ်နာရီမျှကြာအောင် လျှို့ဝှက်ဆွေးနွေးနေကြသည်။ သူတို့ဆွေးနွေးနေကြသည့်အကြောင်းအရာကား ၁၉၂၀ ပြည့်နှစ် ဩဂုတ် ၂၈ ရက်တွင် ဗမာပြည် ဘုရင်ခံချုပ် ဆာရယ်ဂျီနယ် ကရက်ဒေါက် (Sir Reginald Craddock) ထုတ်ပြန်အတည်ပြုခဲ့သည့် ယူနီဘာစီတီအက်ဥပဒေနှင့် ပတ်သက်၍ဖြစ်သည်။
ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့ကိုသာ ဖွင့်လှစ်ပေးခဲ့
ထိုယူနီဘာစီတီအက်ဥပဒေ ပေါ်ပေါက်လာရခြင်းအကြောင်းကလည်း ဗြိတိသျှနယ်ချဲ့တို့သည် ၁၈၈၅ ခုနှစ်တွင် မြန်မာပြည်ကို အပြီးအပိုင်သိမ်းပိုက်ပြီးသည်မှ ၁၉၂၀ ပြည့်နှစ်အထိ ခေတ်အလိုက် အမြင့်ဆုံးပညာသင်ကြားရာ ယူနီဘာစီတီ (University) ခေါ် တက္ကသိုလ်ကျောင်းကို ဖွင့်လှစ် ပေးခြင်းမရှိဘဲ ရန်ကုန်မြို့၌ ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ် (ယခင်ယုဒသန်ကောလိပ်) တို့ကိုသာ ဖွင့်လှစ်ပေးခဲ့သည်။
ယင်းကောလိပ်များမှာလည်း အိန္ဒိယပြည် ကာလကတ္တားယူနီဗာစီတီ၏ လက်အောက်ခံကောလိပ်ကျောင်းခွဲမျှသာဖြစ်သည်။ သင်ရိုးညွှန်းတမ်းများကို ကာလကတ္တားယူနီဗာစီတီမှ ချမှတ်ပေးသည့်အတိုင်း သင်ကြားပေးသည်။ စာမေးပွဲများကိုလည်း ကာလကတ္တားယူနီဗာစီတီမှ ဦးစီးစီမံ ကျင်းပပြုလုပ်ပေးသည်။ မက်ထရစ်ကျူလေရှင်း ခေါ် တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း ကာလကတ္တားတွင်မေးခွန်းထုတ်၍ ရန်ကုန်တွင် ဖြေဆိုကြရသည်။ ထိုအခါ မြန်မာတက်ခေတ် လူငယ်များနှင့် အံမဝင်ခွင်မကျ ဖြစ်လာခဲ့သည်။
သို့ဖြင့် ဝိုင်အမ်ဘီအေ(YMBA) အသင်းကြီးက ဗမာပြည် (မြန်မာပြည်) တွင် ယူနီဗာစီတီတက္ကသိုလ် သီးခြားရှိရမည်ဟု လှုံ့ဆော်ကြွေးကြော်၍ နယ်ချဲ့အင်္ဂလိပ်အစိုးရကို ကြိမ်ဖန်များစွာ တိုက်တွန်းခဲ့လေသည်။ ထိုသို့ ကြိမ်ဖန်များစွာ တိုက်တွန်းမှုများကြောင့် ဗမာပြည်ဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါက် ဦးဆောင်သော အစိုးရသည် ပညာမင်းကြီး မစ္စတာမက်သယူးဟန်တား(Mr. Mathew Hunter) ဦးစီးသည့် ယူနီဗာစီတီအက်ဥပဒေရေးဆွဲရေး ကျွမ်းကျင်သည့် ကော်မတီတစ်ရပ်ကို ၁၉၁၈ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းလိုက်သည်။
အဆိုပါကော်မတီသည် ယူနီဗာစီတီဟူ၍ ဗမာပြည်တွင် ဤတစ်ကျောင်းသာရှိရမည်။ ယင်းယူနီဗာစီတီ၏အောက်တွင်လည်း ကောလိပ်တစ်ကျောင်းသာရှိရမည်။ ယင်းကောလိပ်နှင့် တက္ကသိုလ်တည်ရာသည်လည်း ရန်ကုန်မြို့တွင်သာဖြစ်ရမည်။ ယူနီဗာစီတီနှင့် ကောလိပ်သို့ ဝင်ရောက်သင်ကြားရမည့်သူများမှာလည်း ကျောင်းအိပ်ကျောင်းစားများသာဖြစ်ရမည်စသည်ဖြင့် မလိုလား အပ်သော ကန့်သတ်ချက်ပေါင်းများစွာ ပါဝင်သော အက်ဥပဒေကို ရေးဆွဲခဲ့လေသည်။
အဆိုပါ ၁၉၂၀ ယူနီဗာစီတီအက်ဥပဒေအရ ငွေကုန်ကြေးကျခံနိုင်သော မြေရှင်ဓနရှင် လူတန်းစားနှင့် ဗြူရိုကရက်အရာရှိကြီးတို့၏ သားသမီးများနှင့် အဆက်အနွှယ်များသာ အကျိုးခံစားခွင့်ရရှိစေမည်ဖြစ်ပြီး ဆင်းရဲသား သာမန်လက်လုပ်လက်စားတို့အတွက်မူ ကြီးမားသော အခက်အခဲတစ်ခု ဖြစ်လာစေသည်။ တစ်နှစ်လျှင် အနည်းဆုံးငွေကျပ် ၆၀၀ ကျော်(သို့မဟုတ်) တစ်လလျှင် ပျမ်းမျှငွေကျပ် ၅၀ ကျော်မတတ်နိုင်လျှင် တက္ကသိုလ်သို့ မည်သည့် နည်းနှင့်မျှ ချဉ်းကပ်နိုင်မည်မဟုတ်ချေ။ ထိုခေတ်က စာရေးကြီးတစ်ဦး၏လစာသည်ပင်လျှင် ငွေကျပ် ၃၀ ပတ်ဝန်းကျင်မျှသာ ရရှိလေသည်။ လက်လုပ်လက်စား အလုပ်ကြမ်းသမားတို့ဆိုမူ တစ်နေ့ တစ်မတ်၊ ငါးပဲနှုန်းပင် မှန်မှန်မဝင်ကြသည့်အချိန်ဖြစ်သည်။
ထို့ကြောင့် ဥပဒေကြမ်းထွက်လာသည်နှင့်တစ်ပြိုင်နက် သတင်းစာတို့က ပြင်းထန်စွာ ပြစ်တင်ဝေဖန်ခဲ့ကြသည်။ ဆောင်းပါးရှင်များစွာကလည်း ကန့်ကွက်ရေးသားခဲ့ကြသည်။ ကျောင်းသားမိဘများကလည်း မကျေမနပ်ဖြစ်လာကြသည်။ မြန်မာပြည်သူလူထုကလည်း ရန်ကုန်တက္ကသိုလ်ဟူ၍ သီးခြားတက္ကသိုလ်တစ်ရပ်ကို လိုလားတောင့်တတောင်းဆိုခဲ့ကြသော်လည်း တက္ကသိုလ်အက်ဥပဒေကြမ်း ပေါ်ထွက်လာသောအခါတွင်မူ အထူးသဖြင့် တက္ကသိုလ်ပညာရေးကို ပြန့်ပွားအောင် ပြုလုပ်ရမည့်အစား ပိုမိုပါးလျားအောင် အဟန့်အတားဖြစ်စေရန် ကန့်သတ်ချက်များစွာကို ထည့်သွင်းရေးဆွဲခဲ့၍ အဆိုပါတက္ကသိုလ်ဥပဒေကို ပြင်ဆင်ပေးရန် ရန်ကုန်တွင်သာမက မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေစသော မြို့ကြီးများ၌ လူထုအစည်းအဝေးများခေါ်ကာ ကန့်ကွက်ခဲ့ကြလေသည်။
သို့ရာတွင် ဗမာပြည်ဘုရင်ခံ ကရက်ဒေါက်သည် မြန်မာပြည်သူလူထု၏ ကန့်ကွက်တောင်းဆိုမှုများကို အလေးမမူဂရုမစိုက်ဘဲ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် အဆိုပါ ယူနီဗာစီတီအက်ဥပဒေနှင့်အညီ ရန်ကုန်ကောလိပ်အား ယူနီဗာစီတီတက္ကသိုလ်အဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာလိုက်လေသည်။
ယူနီဗာစီတီအက်ဥပဒေကို ကန့်ကွက်သပိတ်မှောက်ကြရန် ဆုံးဖြတ်ခဲ့ကြ
ဤသို့ဖြင့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃ ရက် (၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်) တွင် ကောလိပ်ကျောင်းသားကြီး ၁၁ ဦးတို့သည် ရွှေတိဂုံစေတီတော် အနောက်တောင်ထောင့် (စနေထောင့်) ဗောဓိပင်ရှေ့၌ ရှစ်နာရီမျှကြာအောင် ဆွေးနွေးပြီးနောက် နယ်ချဲ့အင်္ဂလိပ်အစိုးရက ရေးဆွဲအတည်ပြုထုတ်ပြန်သည့် ယူနီဗာစီတီအက်ဥပဒေကို ကန့်ကွက်သပိတ်မှောက်ကြရန် ဆုံးဖြတ်ခဲ့ကြလေသည်။ ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၅ နာရီတွင် ရန်ကုန်တက္ကသိုလ်နှင့် ယုဒသန်ကောလိပ်မှ ကျောင်းသား ၄၀၀ ကျော်တို့ကလည်း ဗဟန်းမြို့နယ်ရှိ ဦးအရိယကျောင်းတိုက်၌ တက္ကသိုလ်အက်ဥပဒေတိုက်ဖျက်ရေးအတွက် သပိတ်မှောက်ကြရန် သဘောတူဆုံးဖြတ်ခဲ့ကြသည်။
သို့နှင့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက် (မြန်မာ သက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်) တွင် ကျောင်းသား ကျောင်းသူများ ထပ်မံစုဝေး၍ တက္ကသိုလ်အက်ဥပဒေကို လုံးဝကန့်ကွက်ကြောင်း ဆန္ဒပြသည့်အနေဖြင့် သပိတ်မှောက်ကြောင်း ဆုံးဖြတ်ကြေညာခဲ့ကြလေသည်။ ရန်ကုန် မြို့ရှိ အထက်တန်းကျောင်းသား ကျောင်းသူများကလည်း ကောလိပ်ကျောင်းသားကြီးများနည်းတူ ပူးပေါင်းပါဝင်လာခဲ့ရုံမက မြို့လူထုတစ်ရပ်လုံးကလည်း မားမားမတ်မတ်ရပ်ကာ ကူညီထောက်ပံ့ ခဲ့ကြလေသည်။
ထို့ပြင် ဒီဇင်ဘာ ၅ ရက်တွင် ကျင်းပသည့် အစည်းအဝေးဆုံးဖြတ်ချက်အရ မူလကောလိပ်ကျောင်းသားကြီး ၁၁ ဦးအပြင် အဖွဲ့ဝင် ၁၅ ဦးကို ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့သဖြင့် ယူနီဗာစီတီသပိတ်မှောက် ကောင်စီတွင် အဖွဲ့ဝင် ၂၆ ဦး ဖြစ်လာခဲ့သည်။
သို့ရာတွင် ကောလိပ်အာဏာပိုင်များနှင့် ဘုရင်ခံ ကရက်ဒေါက် ဦးဆောင်သော ဗြိတိသျှနယ်ချဲ့အစိုးရက ကျောင်းသားများ၏ အရေးဆိုတောင်းဆိုချက်များကို စဉ်းစားရန် ဝေးစွ၊ ဒီဇင်ဘာ ၂၃ ရက်အတွင်း ကျောင်းပြန်မတက်က ကျောင်းမှ နုတ်ပယ်ပစ်မည်ဟု ကြေညာခဲ့ရာ သပိတ်မှောက်ကျောင်းသားကြီးများကလည်း ကျောင်းမှ အပြီးတိုင်ထုတ်ပယ်နိုင်ကြောင်း စာပြန်ကာ တုံ့ပြန်လိုက်သည်။ တစ်ဆက်တည်းမှာပင် ကျောင်းသားကြီးများက အစိုးရက ကျောင်းသားများ၏ တောင်းဆိုချက်ကို လိုက်လျောသည်ဖြစ်စေ၊ မလိုက်လျောသည်ဖြစ်စေ ရန်ကုန်တက္ကသိုလ် လက်အောက်ခံကောလိပ်ကျောင်းများကို မည်သည့်နည်းနှင့်မျှ ပြန်မတက်တော့ပြီဟု တက္ကသိုလ်ကို ရာသက်ပန် သပိတ်မှောက်ကြရန် တညီတညွတ်တည်း ဆုံးဖြတ်ကြလေသည်။
ကျောင်းသားများ သပိတ်မှောက်စဉ်ကာလအတွင်း ပညာသင်ကြားမှုမပျက်စေရန်အလို့ငှာ ရန်ကုန်မြို့ ဗဟန်းရပ်ကွက်တွင် အမျိုးသားကောလိပ်တစ်ကျောင်းကို အမျိုးသားရေးစိတ်ဓာတ်ရှိသူများနှင့် ပညာရေးကို အားပေးလိုလားသူ မြို့မိမြို့ဖများနှင့် သပိတ်မှောက်ကျောင်းသားများက ဦးစီးတည်ထောင်ခဲ့ကြသည်။ ထို့အတူ ရန်ကုန်မြို့ မြို့မအထက်တန်းကျောင်း (ယခု အထက(၂)ဒဂုံ) မှ အစပြု၍ အမျိုးသားကျောင်း ၉၃ ကျောင်းကိုလည်း နိုင်ငံတစ်ဝန်းလုံးတွင် တည်ထောင်ဖွင့်လှစ်ခဲ့ကြသည်။
အမျိုးသားကောလိပ်တွင် စေတနာဝန်ထမ်း ပါမောက္ခဆရာကြီးများအဖြစ် ဆရာကြီး ဦးလွန်း (သခင်ကိုယ်တော်မှိုင်း)က မြန်မာစာနှင့် သမိုင်း၊ ဆရာတော် ဦးဉာဏကပါဠိ၊ မစ္စတာရောင်း (မဟာဝိဇ္ဇာ-ဝါရှင်တန်)က စီးပွားရေးနှင့် နိုင်ငံရေး၊ မစ္စတာချင်ဒမ်ဘရာ (ဘာမင်ဂမ်) က စက်မှုလက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး၊ မစ္စတာဘနာဂျီ (မဟာဝိဇ္ဇာ- လန်ဒန်) က ဘောဂဗေဒ၊ ဒီးဒုတ်ဦးဘချိုက ကထိကအဖြစ် သင်ကြားပို့ချပေးခဲ့ကြသည်။ ဗဟန်းကောလိပ်ဟု အမည်တွင်သော အမျိုးသား ကောလိပ်တွင် မြန်မာ့သမိုင်းနှင့် မြန်မာစာကိုလည်း အလေးထားသင်ကြားပေးသည်။ အမျိုးသားရေး အစဉ်အလာများကို တန်ဖိုးထားတတ်စေရန်၊ ကျွမ်းကျင်တတ်မြောက်စေရန် ဖော်ထုတ်သင်ကြား ပေးသဖြင့် ယင်းပညာရေးကို သခင်ပညာရေးဟု ခေါ်ဝေါ်သုံးနှုန်းခဲ့ကြသည်။
ဆိုရလျှင် ၁၉၂၀ ပြည့်နှစ် အရေးတော်ပုံနှင့်အတူ ပညာရေးကောင်စီနှင့် အမျိုးသားကောလိပ်တို့ အပြင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ အမျိုးသားကျောင်းများ အများအပြား ပေါ်ထွက်လာသည်အထိ ပညာရေးကဏ္ဍတွင် တိုးတက်ဖြစ်ထွန်းမှုများ ပေါ်ပေါက်လာသည့်အပြင် မြန်မာပြည်သူလူထုအတွင်း၌လည်း နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားရေးစိတ်ဓာတ်များ အပြင်းအထန် ပေါ်ပေါက်လာစေခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အမျိုးသားလွတ်မြောက်ရေးကြိုးပမ်း မှုသမိုင်းတွင် အရေးပါသောလှုပ်ရှားမှုကြီး ဖြစ်ခဲ့သည်။
သို့ဖြင့် ၁၉၂၂ ခုနှစ် ဇွန် ၁၇ ရက်နှင့် ၁၈ ရက်တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ကျင်းပသော ဂျီစီဘီအေ (GCBA) အထူးကွန်ဖရင့်က ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကျောင်းသားများ ကန့်ကွက်ဆန္ဒပြသပိတ်မှောက်ခဲ့သော တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်ကို အမျိုးသားနေ့၊ တစ်နည်းအားဖြင့် ဗြိတိသျှနယ်ချဲ့အစိုးရအပေါ် အောင်ပွဲခံခဲ့သောနေ့ဖြစ်၍ အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ကြောင်း ဆုံးဖြတ်အတည်ပြုပေးခဲ့သည်။ အမျိုးသားရေးလက္ခဏာများ ပို၍ပေါ်လွင်ထင်ရှားစေရန်နှင့် အမျိုးသားအောင်ပွဲနေ့၏အဓိပ္ပာယ် ပိုမိုပြည့်စုံပေါ်လွင်စေရန် အင်္ဂလိပ်ပြက္ခဒိန်ရက်ဖြစ်သော ဒီဇင်ဘာ ၅ ရက်ကို မသတ်မှတ်ဘဲ မြန်မာရက်ဖြစ်သော တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့အဖြစ်သာ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာခဲ့ခြင်းကြောင့် ၁၉၂၂ ခုနှစ်မှစ၍ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်ရောက်တိုင်း အမျိုးသားအောင်ပွဲနေ့အခမ်းအနားများကို မြန်မာပြည်သူအပေါင်းက အမြို့မြို့အနယ်နယ်တွင် အမျိုးသားရေးစိတ်ဓာတ်အပြည့်ဖြင့် အမြတ်တနိုးလေးစားတန်ဖိုးထား၍ ဝှဲချီးခမ်းနားစွာကျင်းပခဲ့ကြသည်။ ထို့ကြောင့် အမျိုးသားအောင်ပွဲနေ့ကို ၁၉၃၄ ခုနှစ်မှစ၍ ကျောင်းပိတ်ရက်အဖြစ်လည်းကောင်း၊ ၁၉၃၈ ခုနှစ်မှစ၍ ရုံးပိတ်ရက်အဖြစ်လည်းကောင်း ပြဋ္ဌာန်း ပေးခဲ့သည်။
ဗြိတိသျှနယ်ချဲ့အစိုးရ၏ ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်၍ သခင်ပညာရေး၊ အမျိုးသားပညာရေးကို တောင်းဆိုခဲ့ကြသော ၁၉၂၀ ပြည့်နှစ် အရေးတော်ပုံလှုပ်ရှားမှုကြီးတွင် ဦးဆောင်ပါဝင်ခဲ့သူ ကျောင်းသားခေါင်းဆောင်ကြီး ဦးထွန်းဖေက “မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဟာ သူတို့ခေတ်ကစပြီး လက်ဆင့်ကမ်းပြေးပွဲလို စတင်ခဲ့တယ်”ဟု ပြန်ပြောင်းပြောဆိုခဲ့ဖူးသည်။
မှန်ပါသည်။ မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့တို့ ကျူးကျော်သိမ်းပိုက်ခဲ့သည့်အချိန်မှစ၍ တစ်မျိုးသားလုံး သူ့ကျွန်ဘဝမှ ပြန်လည်လွတ်မြောက်ရေးအတွက် ကြိုးပမ်းမှုသမိုင်းဖြစ်စဉ်များတွင် ၁၉၂၀ ပြည့်နှစ် အမျိုးသားရေးပညာရေးလှုပ်ရှားမှုဖြစ်စဉ်သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အထင်ကရသမိုင်းမှတ်တိုင် တစ်ခုဖြစ်ခဲ့သည်။
ထို ၁၉၂၀ ပြည့်နှစ် အမျိုးသားပညာရေးလှုပ်ရှားမှုဖြစ်စဉ်ကြီးမှ တဖွားဖွားပေါ်ထွက်လာသော ဝံသာနုမျိုးချစ်စိတ်ဓာတ်ဖြင့် အမျိုးသားစည်းလုံးညီညွတ်မှုကို တည်ဆောက်ကာ လွတ်လပ်ရေးအတွက် တစ်မျိုးသားလုံး စည်းလုံးညီညွတ်စွာ ကြိုးပမ်းခဲ့ကြ၍ မြန်မာပြည်သည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် လွတ်လပ်ရေးအောင်ပန်းကို ပြန်လည်ရယူဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
လက်တင်ဘာသာ Patria နှင့် ဂရိစကား Patritha တို့မှ ဆင်းသက်လာသော အင်္ဂလိပ် ဝေါဟာရစကားလုံး Patriotism ဟူသည်မှာ မိမိနိုင်ငံကို ချစ်မြတ်နိုးခြင်းဟူသည့် အဓိပ္ပာယ်ရပါသည်။ မိမိနိုင်ငံကို ချစ်မြတ်နိုးသူ မြန်မာနိုင်ငံသားများအနေဖြင့် “အမျိုးသားနေ့ တို့မမေ့”ဟူသည့်အတိုင်း အမျိုးသားအောင်ပွဲနေ့ကို မမေ့သင့်ပေ။
သို့ဖြင့် ၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခါသမယတွင် “ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့၊ တစ်မျိုးသားလုံးညီညွတ်စို့” ဆောင်ပုဒ်နှင့်အတူ “တိုင်းရင်းသားများအကြား အပြန်အလှန် လေးစားမှု၊ ယုံကြည်မှုများ တည်ဆောက်ပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရေး” စသည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ရည်မှန်းချက်များ အောင်မြင်ပေါက်ရောက်စေရေးအတွက် နိုင်ငံသားအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။
ကိုးကား -
တို့ဗမာအစည်းအရုံးသမိုင်း(ပထမတွဲ)
မြဟန်၏ “ကိုလိုနီခေတ် မြန်မာ့သမိုင်း
အဘိဓာန်မှ အမျိုးသားနေ့”