Skip to main content

ဂုဏ်ယူနွှဲပျော် အမျိုးသားအားကစားပွဲတော် …

ရန်ကင်းကိုကိုလေး

ပဉ္စမအကြိမ်မြောက် နိုင်ငံတော်အဆင့်အမျိုးသားအားကစားပွဲတော်ကြီးကို နေပြည်တော်တွင် ခမ်းနားသိုက်မြိုက်စည်ကားစွာ ကျင်းပမည်ဖြစ်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ အားကစားမောင်မယ်များသည် မိမိတို့ပြိုင်ပွဲဝင်ကြမည့် အားကစားကဏ္ဍအသီးသီးတွင် အနိုင်ယူဗိုလ်စွဲနိုင်ရန် စိတ်အားထက်သန်စွာ အားကြိုးမာန်တက် လေ့ကျင့်နေကြသည်ကိုလည်းကောင်း၊ သက်ဆိုင်ရာ ပြည်နယ်တိုင်းအစိုးရအဖွဲ့အစည်းများက စနစ်တကျစခန်းသွင်းကာ လိုအပ်သည်များကို ပံ့ပိုးကူညီဖြည့်ဆည်းအားပေးနေကြသည်များကိုလည်းကောင်း၊ ဖွင့်ပွဲအခမ်းအနား၊ ပိတ်ပွဲအခမ်းအနားများကို နိုင်ငံတော်အဆင့်ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေးအတွက် ကျောင်းသား ကျောင်းသူများ၊ အားကစားအဖွဲ့အစည်းများ၊ နည်းပြဆရာ၊ ဆရာမများ၊ အနုပညာရှင်များ၏ လေ့ကျင့်ပြင်ဆင်နေမှုများကိုလည်းကောင်း နေ့စဉ်ထုတ်သတင်းစာများ၊ မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်များတွင် ဖတ်ရှု၊ တွေ့မြင်နေရသည့် မြင်ကွင်းများသည် နိုင်ငံတော်အစိုးရက အားကစားလောကမြင့်မားတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်နေသည်ကို ထင်သာမြင်သာလျက်ရှိပါသည်။

အမျိုးသားအားကစားပွဲတော်များကို ၁၉၉၂ ခုနှစ်တွင် ရန်ကုန်မြို့၌ ပထမအကြိမ်အဖြစ် စတင်ကျင်းပခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ်နှင့် ၁၉၉၇ ခုနှစ်တွင် တတိယအကြိမ်အဖြစ် ရန်ကုန်မြို့၌ပင် ကျင်းပခဲ့ပါသည်။ စတုတ္ထအကြိမ်အမျိုးသားအားကစားပွဲတော်ကို ၂၀၁၅ ခုနှစ်တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး ယခု ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို ပြည်နယ်၊ တိုင်းဒေသကြီးများနှင့် အစိုးရဝန်ကြီးဌာနအသီးသီးက အားကစားမောင်မယ်များပါဝင်ကာ နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မြန်မာတစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူ အားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပြီး အားကစားကဏ္ဍတွင် ပြည်သူအားလုံးပါဝင်နိုင်အောင် ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း၌ အားကစားပြိုင်ပွဲအမျိုးမျိုးကို ရာသီအလိုက် ဖော်ဆောင်ပေးလျက်ရှိပြီး အစိုးရဝန်ကြီးဌာနအသီးသီးနှင့် တက္ကသိုလ်များ၊ ကျောင်းများတွင်လည်း အားကစားပြိုင်ပွဲများကို အခါအားလျော်စွာ ကျင်းပစေလျက်ရှိသည်။

နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလတွင် ပြည်သူလူထုတစ်ရပ်လုံးပါဝင်နိုင်သော လမ်းလျှောက်ပွဲများကို ကျင်းပလျက်ရှိရာ ကျောင်းသား ကျောင်းသူ လူငယ်များ၊ လူကြီးမိဘဘိုးဘွားများ တပျော်တပါးလမ်းလျှောက်ကြပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်ကြသည်။

အမျိုးသားအားကစားပွဲတော်ကြီးကို အားကစားပွဲတော်အဖြစ်သာမရှုမြင်ဘဲ နိုင်ငံတော်အဆင့် အဓိပ္ပာယ်ရှိရှိ အရည်အသွေးမြင့်မြင့်၊ စနစ်တကျအောင်မြင်အောင်ဆောင်ရွက်ရမည့် အမျိုးသားရေးတာဝန်ဖြစ်ပြီး မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိမှု၊ စည်းလုံးညီညွတ်မှုရှိမှု၊ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို ဖော်ထုတ်ပြသနိုင်မည့် အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။

တစ်ခေတ်တစ်ခါက မြန်မာ့အားကစားလောကတွင်သာမက အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှအားကစား ပြိုင်ပွဲနှင့် ပြည်ပဖိတ်ခေါ် အားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံ၏ ဂုဏ်ကိုဆောင်ကာ မြန်မာနိုင်ငံတော်အလံကို ထိပ်ဆုံးတွင် လွှင့်တင်ပြီး နိုင်ငံတော်သီချင်းကို သီဆိုလျက်ပြိုင်ဘက်အားကစားအဖွဲ့ဝင် နိုင်ငံအသီးသီးက မတ်တတ်ရပ်ကာ အလေးပြုရအောင် စွမ်းဆောင်နိုင်ခဲ့ကြသော မြန်မာအားကစားသမားကြီးများပေါ်ထွန်းကာ ရွှေရောင်လွှမ်းခဲ့သည်များကို အမှတ်ထင်ထင်ရှိလှပါသည်။

မြန်မာနှင့်အာရှ အလေးမချန်ပီယံ ဗိုလ်ကြီး ထွန်းမောင်၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများ ဖြစ်ကြသည့် မြန်မာနှင့်အရှေ့တောင်အာရှ (ဆီးဂိမ်း) ပြေးခုန်ပစ်ချန်ပီယံ ရွှေတံဆိပ်ဆုရှင် များလည်းဖြစ်ကြသော မီတုန်းနော်၊ ရှင်ဗွေခန်း၊ ဂရေစီကား၊ ခင်ခင်ထွေး၊ မခင်ပု၊ မေသူ၊ ဂျင်နီဖာ တင်လေး၊ ကြက်တောင်ရိုက်အားကစားမယ် ခင်သန်းနွယ်၊ လက်ဝှေ့ချန်ပီယံဗိုလ်အေးကို၊ ရေကူးတင်မောင်နီ၊ သေနတ်ပစ်ကံဦး၊ ကျွမ်းဘားမြင့်အောင်၊ ဘောလုံးချန်ပီယံများဖြစ်ကြသော ဗိုလ်ကြီးဗဟာဒူး၊ ကိုကိုကြီး၊ လှဌေး၊ ဘပု၊ ခင်မောင် ထွန်း၊ (အခြားအခြားသော မြန်မာ့ဂုဏ်ဆောင် အားကစားမောင်မယ်များစွာ ကျန်ရှိနေပါသေးသည်) စသည့် မြန်မာနှင့် အရှေ့တောင်အာရှ၊ အာရှအားကစားလောကတွင် စွမ်းရည်မြင့်မားသော မြန်မာတိုင်းရင်းသား အားကစားလူရည်ချွန်များစွာ ပေါ်ထွန်းခဲ့သည်။

ယခုဆောင်းပါးကို ရေးနေစဉ်မှာပင် မော်လ်ဒိုက်စ်နိုင်ငံတွင် ကျင်းပလျက်ရှိသော (၁၅) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ရဲထွန်းနောင်သည် အမျိုးသားကာယဗလပြိုင်ပွဲ (၇၅) ကီလိုတန်းတွင် နိုင်ငံတကာပြိုင်ဘက်များစွာကို ဖြတ်ကျော်ကာ ပထမဆုအဆင့် ကမ္ဘာ့ချန်ပီယံဆုရရှိကြောင်း သတင်းကို တွေ့မြင်လိုက်ရသဖြင့် လွန်စွာမှပင် ဝမ်းသာပီတိဖြစ်ကာ ရဲထွန်းနောင်ကို ဂုဏ်ပြုပါသည်။ “ဂုဏ်ပြုပါသည် ရဲထွန်းနောင်”

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက ပြည်ပအားကစားပြိုင်ပွဲများတွင် ထူးချွန်စွာ စွမ်းဆောင်ပြီး ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ် ဆွတ်ခူး ရရှိသူများကို နိုင်ငံတော်အဆင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိသည့်အပြင် ယခင်အစိုးရ များလက်ထက်က ထူးချွန်ခဲ့သော အာရှနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများအပါအဝင် နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရရှိခဲ့သော အားကစားသမားဟောင်းကြီးများကိုလည်း ထိုက်ထိုက်တန်တန် နိုင်ငံတော်အဆင့်နှင့်အညီ ဂုဏ်ပြုပေးခဲ့သည်။

ပဉ္စမအကြိမ်မြောက် နိုင်ငံတော်အဆင့် အမျိုး သားအားကစားပွဲတော်ကြီးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ကျင်းပတော့မည်ဖြစ်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ဆုံတွေ့ကြကာ ချစ်ကြည်ရင်းနှီးခင်မင်စွာ၊ အားကစားစိတ်ဓာတ် ပြည့်ဝစွာ၊ အားကစားသမားကောင်းများ ပီသစွာနှင့် အားသွန်ခွန်စိုက် အပြိုင်အဆိုင် အားကစားစွမ်းရည်များ ယှဉ်ပြိုင်ကြပါတော့မည်။

အားကစား တိုးတက်အောင်မြင်ခြင်းသည် နိုင်ငံသူနိုင်ငံသားများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးနိုင်ခြင်းဖြစ်ပြီး လူသားအရင်းအမြစ်များ တိုက်ရိုက်ဖွံ့ဖြိုးစေနိုင်သလို အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ခြင်းသည် မိမိတို့နိုင်ငံနှင့် လူမျိုး၏ဂုဏ်ကို မြှင့်တင်ပေးခြင်းဖြစ်ပြီး တိုင်းချစ်ပြည်ချစ်စိတ်များနှင့် အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားတက်ကြွစေ နိုင်သည့်အတွက် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ကျောင်းသားအရွယ် ငယ်စဉ်ကပင် ပညာရေးတွင်သာမက အားကစားတွင် စိတ်ပါဝင်စားမှုရှိအောင် သက်ဆိုင်ရာမိဘဆရာများက ပူးပေါင်းဆောင်ရွက်ပေးရပါမည်။

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေး၊ အမျိုးသားအားကစားပွဲတော်ကြီးတွင် တက်ကြွစွာ ပါဝင်ယှဉ်ပြိုင်ပြီး အောင်မြင်မှုရရှိနိုင်ရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ပြိုင်ပွဲဝင်အားကစားမောင်မယ်များက အဆင်သင့်ပြင်ဆင်ပြီး ပြိုင်ပွဲများကျင်းပမည့်နေ့ရက်များကို စောင့်ကြိုနေကြသကဲ့သို့ အခမ်းအနားကြီးခမ်းနားထည်ဝါစွာ နိုင်ငံတော်အဆင့်ကျင်းပနိုင်ရေးအတွက် လုပ်ငန်းအဖွဲ့အသီးသီးကလည်း အားကြိုးမာန်တက်ပြင်ဆင်လျက်ရှိကြသည်။

အမျိုးသားအားကစားပွဲတော်ကြီး ဖွင့်ပွဲအခမ်းအနား၊ ပိတ်ပွဲအခမ်းအနားများကို နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာကျင်းပရာတွင် ပါဝင်သရုပ်ဖော်ကြမည့် ကျောင်းသား ကျောင်းသူများ၊ အနုပညာရှင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များက ကြိုတင်ပြင်ဆင်လေ့ကျင့်လျက်ရှိကြသည့်နည်းတူ နိုင်ငံတော်အလံ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများကို ကိုယ်စားပြုသည့် အလံများကို အားကစားပွဲတော်ဖွင့်ပွဲကျင်းပမည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းကြီးအတွင်းသို့ ဝေဟင်ယံမှ ရဟတ်ယာဉ်များနှင့် သယ်ဆောင်ဆင်းသက်ကြမည့် အဖွဲ့ကလည်း ကြိုးစားလေ့ကျင့်လျက်ရှိကြသည်။

နိုင်ငံတော်အဆင့် အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပပြီးစီးသည့်အခါတွင်လည်း ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအနေဖြင့် မိမိတို့ဌာနနှင့် ဒေသအလိုက်ကိုယ်စားပြုပြီး စွမ်းစွမ်းတမံပါဝင်ယှဉ်ပြိုင်ကာ ဆုတံဆိပ်များ ရရှိခဲ့သည့် အားကစားသမားများကို ထိုက်ထိုက်တန်တန်ဆုချီးမြှင့်ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ပေးခြင်းစသဖြင့် စီစဉ်ဆောင်ရွက်အားပေးကာ နိုင်ငံ့လက်ရွေးစင်များအဖြစ် စွမ်းရည်တိုးတက်လာအောင် ဆက်လက်ဆောင်ရွက်အားပေးသွားရန် စီစဉ်ဆောင်ရွက်ထားခြင်းများကလည်း အားကစားမောင်မယ်များ မျှော်မှန်းထားသည့် နိုင်ငံလက်ရွေးစင်များအဖြစ် ရပ်တည်နိုင်ရေးအတွက် အခွင့်အလမ်းကောင်းများ ဖြစ်ပါသည်။

ယခုကျင်းပသည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးသည် ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲနှင့် အခြားနိုင်ငံတကာ အားကစားပြိုင်ပွဲများအတွက် အလားအလာရှိသည့် လက်ရွေးစင်အားကစားသမားများ၊ မျိုးဆက်သစ်အားကစားသမားများကို ရွေးချယ်သွားမည်ဖြစ်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ အားကစားမောင်မယ်များအတွက် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်၍ မိမိတို့ ပါဝင်ယှဉ်ပြိုင်မည့် အားကစားအမျိုးအစားများတွင် အားသွန်ခွန်စိုက် ရေကုန်ရေခန်းကြိုးစား ယှဉ်ပြိုင်ကြပါတော့မည်။

အမျိုးသားအားကစားပွဲတော်ကြီး နိုင်ငံတော်အဆင့်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်အောင် သက်ဆိုင်ရာလုပ်ငန်းကော်မတီအသီးသီးကလည်း လစ်ဟာမှုမရှိအောင် စနစ်တကျစီမံဆောင်ရွက်လျက်ရှိကြသည်။ အားကစားကိုချစ်မြတ်နိုးသော မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းတို့ကလည်း မိမိတို့ဝါသနာပါရာ နှစ်သက်ရာ အားကစားအမျိုးအစားအလိုက် စိတ်အားထက်သန်စွာ အားပေးရန် စောင့်မျှော်နေကြသည်။ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပတော့မည့် အမျိုးသားအားကစားပွဲတော်ကြီး ဖွင့်ပွဲအခမ်းအနားကို ရှုစားအားပေးရန် စောင့်မျှော်လျက် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ပေါ်ထွန်းလာမည့် မျိုးဆက်သစ်အားကစားကြယ်ပွင့်မောင်မယ်များ၊ အားကစားလူရည်ချွန်များကိုလည်း နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူပြည်သားများက ဂုဏ်ယူဝမ်းမြောက်စွာဖြင့် အားပေးကြိုဆိုနေကြမည်ဖြစ်ပါကြောင်း ကြိုတင်ကာ မင်္ဂလာသတင်းကောင်းပါးအပ်ပါသည်။ ။