Skip to main content

ပြည်သူလူထုနှင့် ဆက်ဆံရာတွင် ဖော်ရွေစွာ ပြောဆိုဆက်ဆံခြင်း၊ စာနာတတ်ခြင်းနှင့် ကရုဏာတရားထားရှိခြင်းတို့ဖြင့် ဆောင်ရွက်ပေးပါ

ဒေါက်တာသံလွင်ထွန်း၊ ကျန်းမာရေးဝန်ကြီးဌာန

ပြည်သူလူထုနှင့်ဆက်ဆံရာတွင် ဆောင်ရွက်နေရသော ဝန်ထမ်းများသည် ပြည်သူများအပေါ် ဖော်ရွေစွာပြောဆိုဆက်ဆံခြင်း၊ စာနာတတ်ခြင်းနှင့် ကရုဏာတရားထားရှိခြင်းတို့ဖြင့် ဆောင်ရွက်ခြင်းသည် သက်ဆိုင်ရာအဖွဲ့အစည်း၏ အရေးပါသော အဓိကမှတ်တိုင်ဖြစ်ပါသည်။ ယနေ့ခေတ် လူမှုပတ်ဝန်းကျင်တွင် တစ်ဦးပေါ်တစ်ဦး စာနာတတ်ခြင်း၊ အပြန်အလှန်လေးစားမှုရှိခြင်းတို့သည် အဓိကလိုအပ်လျက်ရှိပါသည်။

ဤဆောင်းပါးသည် ဖော်ရွေစွာပြောဆိုဆက်ဆံခြင်း၊ စာနာတတ်ခြင်းနှင့် ကရုဏာတရားထားရှိခြင်းတို့သည် ပြည်သူလူထုနှင့်ဆက်ဆံရာတွင် မရှိမဖြစ်လိုအပ်သော အခြေခံမူဖြစ်ပြီး ပြည်သူများအတွက် ကောင်းမွန်သော ရလဒ်ကောင်းများကို မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ်ပါသည်။

ယုံကြည်မှုနှင့် နားလည်မှုတည်ဆောက်ခြင်း

ပြည်သူများအား ဖော်ရွေစွာပြောဆိုဆက်ဆံခြင်း၏ အဓိကအရေးပါမှုမှာ ယုံကြည်မှုနှင့် နားလည်မှုတည်ဆောက်ခြင်းပင်ဖြစ်သည်။ ပြည်သူများအား ဝန်ဆောင်မှုပေးနေရသော ဝန်ထမ်းများသည် နွေးနွေးထွေးထွေးနှင့် လေးစားစွာဆက်ဆံခြင်းဖြင့် ပြည်သူတို့၏ စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုများကို လျော့နည်းစေပြီး ဘေးကင်းလုံခြုံမှုဖြစ်သည့် ပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေပါသည်။ အဆိုပါ ယုံကြည်မှုရရှိရန် အရေးကြီးပြီး အပြန်အလှန်ဆွေးနွေးနိုင်ပြီး ကောင်းမွန်သောဆက်သွယ်မှုကို ဖြစ်ပေါ်စေရန်အတွက် ဝန်ထမ်းများသည် ပြည်သူများ၏ အခြေအနေအကြောင်းအရာ အချက်အလက်များကို ပြည့်ပြည့်စုံစုံ နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။

ပြည်သူများ၏ စိတ်ကျေနပ်မှုရရှိရန် ဆောင်ရွက်ခြင်း

ပြည်သူများ စိတ်ကျေနပ်မှုရရှိခြင်းသည် ကောင်းမွန်သော လူမှုဆက်ဆံရေးစနစ်အတွက် မရှိမဖြစ် လိုအပ်သော စံသတ်မှတ်ချက်တစ်ခု ဖြစ်ပါသည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ရိုင်းပင်းကူညီမှုများသည် ပြည်သူများ၏ စိတ်ကျေနပ်မှုကိုရရှိရန် ပိုမိုစွမ်းဆောင်နိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။

ပြည်သူလူထုနှင့်ဆက်ဆံရာတွင် ဆောင်ရွက်နေရသော ဝန်ထမ်းများသည် ပြည်သူများအား အချိန်ပေး၍ နားထောင်ပေးရန်၊ ရှင်းလင်းပြတ်သားစွာ ပြောကြားပေးရန်နှင့် ပြည်သူများ၏ လူမှုစီးပွားအတွက် စိုးရိမ်ပူပန်မှုများကို လျော့နည်းအောင် ဆောင်ရွက်ပေးခြင်းဖြင့် အပြုသဘောဆောင်သော ပတ်ဝန်းကျင်တစ်ခုကို ဖြစ်ထွန်းစေပါသည်။ အဆိုပါစိတ်ကျေနပ်မှုသည် ကောင်းမွန်သော လူမှုဆက်ဆံရေးစနစ်တစ်ခုကို ထင်ဟပ်စေရုံသာမက ပြည်သူတစ်ဦးချင်းစီ၏ လူမှုဘဝတစ်ခုလုံးကိုပါ သက်ရောက်မှုရှိပါသည်။ စိတ်ကျေနပ်မှုရှိသော ပြည်သူများသည် ၎င်းတို့၏ နေ့စဉ်ကြုံတွေ့နေရသော လူမှုပတ်ဝန်းကျင်တွင် ကောင်းမွန်သော ပတ်ဝန်းကျင်ကောင်း ဖြစ်ထွန်းစေပါသည်။

စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှု

ပြည်သူလူထုအား ဝန်ဆောင်မှုပေးရာတွင် စိတ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှု ရှုထောင့်များကို လေ့လာသုံးသပ်လျှင် ၎င်းအကျိုးသက်ရောက်မှုများသည် ပြည်သူများ၏ လူမှုဘဝကောင်းမွန်ရေးအတွက် လွန်စွာအရေးကြီးလှပါသည်။ အထူးသဖြင့် ယနေ့ကြုံတွေ့နေရသော စိတ်ဖိစီးမှုဖြစ်စေသည့် ပတ်ဝန်းကျင်များတွင် ဖော်ရွေစွာပြောဆိုဆက်ဆံခြင်း၊ စာနာတတ်ခြင်းနှင့် ကရုဏာတရားထားရှိခြင်းတို့သည် ပြည်သူများ၏ စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုများကို လျော့ပါးသက်သာစေပါသည်။ စိတ်ပိုင်းဆိုင်ရာဖေးမကူညီခြင်းဖြင့် ပြည်သူများ၏ မမျှော်လင့်နိုင်သော အခြေအနေတစ်ခုအပေါ် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းအားကို မြှင့်တင်ပေးနိုင်သည့်အပြင် လူမှုဘဝပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်ထွန်းစေရေး အထောက်အပံ့ဖြစ်စေပြီး ပြည်သူများ၏ စိတ်ကျန်းမာရေးကို ကောင်းမွန်လာစေပါသည်။

ကျင့်ဝတ်ဆိုင်ရာလိုက်နာဆောင်ရွက်မှု

ပြည်သူများအား အပြန်အလှန်အလေးထားမှုနှင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ တန်ဖိုးထားပြီးဆက်ဆံပေးရန် တာဝန်ရှိပါသည်။ သက်ဆိုင်ရာလုပ်ငန်းကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါသည်။ အဆိုပါကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ၎င်းတို့ ထိန်းသိမ်းစောင့်ရှောက်ရမည့် ကိုယ်ကျင့်တရားများကို လိုက်နာဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူတစ်ဦးချင်းစီ၏ စိတ်ခံစားမှုကိုသာမက လူမှုပတ်ဝန်းကျင်စနစ်တစ်ခု၏ ဂုဏ်သိက္ခာကိုပါ မြှင့်တင်ရာရောက်ပါသည်။

ကြုံတွေ့ရမည့်စိန်ခေါ်မှုများ ဖြေရှင်းခြင်း

ဖော်ရွေစွာပြောဆိုဆက်ဆံခြင်း၊ စာနာတတ်ခြင်းနှင့် ကရုဏာတရားထားရှိခြင်းတို့ဖြင့် ပြုမူဆောင်ရွက်ပါက ကောင်းမွန်သောရလဒ်များရရှိသော်လည်း လက်တွေ့ဆောင်ရွက်ပေးရာတွင် အခက်အခဲစိန်ခေါ်မှုများနှင့် ကြုံတွေ့ရလေ့ရှိပါသည်။ သို့ဖြစ်၍ လူမှုဆက်ဆံရေးကောင်းမွန်သော ပတ်ဝန်းကျင်ဖြစ်ပေါ်စေရန် ဝန်ထမ်းများအား မွမ်းမံသင်တန်းများပို့ချခြင်း၊ သင့်တင့်မျှတသော ဝန်ထမ်းများ ဖြည့်ဆည်းတာဝန်ပေးခြင်းနှင့်ကောင်းမွန်ပြီး ပျော်ရွှင်ဖွယ်ကောင်းသော လုပ်ငန်းခွင်ဖြစ်စေရန် ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။ ဝန်ထမ်းတစ်ဦးချင်း လူမှုဆက်ဆံရေးစွမ်းရည် တိုးတက်လာစေရန်အတွက်လည်းကောင်း၊ ပြည်သူများနှင့် သဟဇာတဖြစ်စေရန်အတွက်လည်းကောင်း အလေ့အကျင့်ကောင်းများရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် ပြည်သူများအား ဖော်ရွေစွာပြောဆိုဆက်ဆံခြင်း၊ စာနာတတ်ခြင်းနှင့် ကရုဏာတရားထားရှိခြင်းတို့ဖြင့် ပြောဆိုဆက်ဆံခြင်းသည် ကောင်းမွန်သော လူမှုပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်စေရေးအတွက် မရှိမဖြစ်လိုအပ်ပါသည်။ တစ်ဦးပေါ်တစ်ဦး အပြန်အလှန်နားလည်ယုံကြည်မှုကို တည်ဆောက်ပြီး ပြည်သူများ၏ စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်နိုင်ပြီး ကိုယ်စိတ်နှလုံးချမ်းသာသုခကို ရရှိစေပါသည်။

နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲလာသည့် လူမှုပတ်ဝန်းကျင်တွင် ကရုဏာတရားလက်ကိုင်ထား၍ ဆောင်ရွက်ပေးခြင်းသည် ကောင်းမွန်သော အလေ့အကျင့်ကိုဖြစ်ပါသည်။ ဖော်ရွေစွာပြောဆိုဆက်ဆံခြင်း၊ စာနာတတ်ခြင်းနှင့် ကရုဏာတရားထားရှိခြင်းတို့ကို လက်ကိုင်ထားပြီး ပြည်သူတစ်ဦးချင်းစီ၏ အတွေ့အကြုံ ခံစားမှုများအား တန်ဖိုးထားကာ ပြည်သူလူထု၏ လူမှုဘဝရှုထောင့်အမျိုးမျိုးမှနေ၍ အထောက်အပံ့ဖြစ်စေပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။   ။