ဆောင်းရာသီနှင့် ဝမ်းချုပ်ခြင်း
တင်ထက်ထက်ဇော်
မြန်မာနိုင်ငံတွင် ဆယ့်နှစ်လရာသီရှိသည့်အနက် တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲ လေးလသည် ဆောင်းရာသီကာလဖြစ်ပါသည်။ အထူးသဖြင့် ချမ်းအေးသော ဆောင်းရာသီရောက်လျှင် အသက်အရွယ်ကြီးရင့်သူများ ဝမ်းချုပ်လေ့ရှိပြီး ပုံမှန်ဝမ်းသွားသူ သက်လတ်ပိုင်းတချို့လည်း ဝမ်းချုပ်လာတတ်ကြပါသည်။ တချို့သူများ၏ ဇီဝဖြစ်စဉ်က ပျမ်းမျှ နှစ်ရက်လျှင် တစ်ကြိမ်သာ ဝမ်းသွားလေ့ရှိပြီး ထို့ထက်ပို၍ အစာဟောင်းကို စွန့်မထုတ်နိုင်ခြင်းကို ဝမ်းချုပ်ခြင်းဟု ခေါ်ပါသည်။
ထို့ကြောင့် ဝမ်းသွားချင်စိတ်ကို လျစ်လျူရှုမထားဘဲ အချိန်ပေး၍ အိမ်သာတက်သော အလေ့အကျင့်ကို မွေးမြူသင့်ပါသည်။ အထူးသတိပြုသင့်သည်မှာ ဝမ်းချုပ်ခြင်း အချိန်ကြာလာသည်နှင့်အမျှ စမြင်းခံလာပြီး အတင်းအားစိုက်ညှစ်ထုတ်ရခြင်းကြောင့် လိပ်ခေါင်းရောဂါအမျိုးမျိုးနှင့် စအိုကွဲခြင်းဝေဒနာတို့ကို ဖြစ်စေနိုင်ပါသည်။
အကြောင်းအမျိုးမျိုးကြောင့် ဝမ်းချုပ်နိုင်
နံနက်အိပ်ရာထချိန်မှစ၍ စားလိုက်သော အစာသစ်များကို ခန္ဓာကိုယ်ကြီးက အစာအာဟာရအဖြစ် စုပ်ယူပြီး မလိုလားအပ်သော အစာဟောင်းများကို “မစင် (feaces)” အဖြစ် စွန့်ထုတ်ကြပါသည်။ တစ်နေ့လျှင် အနည်းဆုံးတစ်ကြိမ် စွန့်ထုတ်ပေးနိုင်မှသာလျှင် ပေါ့ပါးလန်းဆန်းစေမည်ဖြစ်သည်။ ထို့ကြောင့်လည်း “ဝမ်းတစ်လုံး ကောင်းရင် ခေါင်းမခဲဘူး” ဟု ရှေးလူကြီးများက ဆိုပါသည်။
စားသောက်မှုပုံစံ မှန်ကန်မှုမရှိ စနစ်မကျခြင်း၊ အိပ်ချိန်မမှန်ခြင်း၊ အထိုင်များ၍ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ရေသောက်နည်းခြင်း တို့ကြောင့်လည်း အရွယ်သုံးပါးမရွေး ဝမ်းချုပ်တတ်ပါသည်။ ရောဂါတစ်ခုခုကြောင့် ပဋိဇီဝဆေးမှီဝဲနေရပြီး ၎င်းဆေး၏ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဝမ်းချုပ်ခြင်းကို ဖြစ်စေပါသည်။ မူးယစ်ဆေးဝါးသုံးစွဲသူများ၊ aspirin နှင့် ibuprofen အကိုက်အခဲပျောက်ဆေးဝါးများ၊ ကယ်လ်စီယမ်နှင့် သံဓာတ်အားဆေးများက ဝမ်းချုပ်စေပါသည်။ ဝမ်းသွားခြင်းအတွက် ဝမ်းပိတ်ဆေးများစွာ သောက်သုံးခြင်းကြောင့်လည်း ရက်အတန်ငယ် ဝမ်းချုပ်သွားတတ်ပါသည်။
ရင်ပူခြင်းကို ပြေပျောက်သော Antacids ဆေးဝါးများ၊ သွေးကျဆေးများ၊ Antihistamines ဓာတ်ပါသော ယားနာပျောက်ဆေးများ၊ စိတ်ကျဝေဒနာသည်များနှင့် စိတ်ကျခြင်းကို ကုသပေးနိုင် သော Antidepressant ဆေးဝါးများက ဝမ်းချုပ်စေတတ်ပါသည်။ ထို့ကြောင့် ၎င်းဆေးဝါးကို မှီဝဲနေရသူများက အမျှင်ဓာတ်များသော အစားအစာများ ပိုစားပြီး ရေများများသောက်ပေးပါ။ Crohn’s disease (ခေါ်) အစာခြေလမ်းကြောင်း နာတာရှည်ရောဂါများနှင့် ulcerative colitis (ခေါ်) အူမကြီးအမြှေးရောင်ရမ်းခြင်းကြောင့် ဝမ်းချုပ်စေပါသည်။ Hypothyroid (ခေါ်) လည်ပင်းအကျိတ် ဂလင်းရောဂါက ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးသွားစေကာ ဝမ်းချုပ်ခြင်းကို ဖြစ်စေပါ သည်။
နွားနို့က ဝမ်းမချုပ်စေသော်လည်း နွားနို့ကို ပြန်လည်ပြုပြင်ထားသော ချိစ်၊ ဒိန်ခဲစသည့် နို့ထွက်ပစ္စည်းများနှင့် အဆီဓာတ်များသော အသားများက အစာမကြေဝမ်းချုပ်ခြင်းကို ဖြစ်စေပါသည်။ အမျိုးသမီးများ ရာသီလာစဉ်ကာလများ၊ ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမီးဖွားပြီးစအချိန်များတွင် ဝမ်းချုပ်လေ့ရှိပါသည်။ ဆီးချိုရောဂါက အာရုံကြောများကို ပျက်စီးသွားစေပြီး အစာကို ကောင်းစွာမခြေ ဖျက်နိုင်တော့ဘဲ ဝမ်းချုပ်လာစေပါသည်။
ချောကလက်လျှော့စားပါ။ အမေရိကန်နိုင်ငံ ဆေးသုတေသီများက နာတာရှည်ဝမ်းချုပ်သူများကို လေ့လာစမ်းစစ်သောအခါ ချောကလက်စားသုံးမှုများသူတွင် ပိုမိုဝမ်းချုပ်စေနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ပါသည်။ အသင့်စားအစားအသောက်များ၊ အကြော်အလှော်များက ဝမ်းချုပ်စေပါသည်။ ကော်ဖီနှင့် လက်ဖက်ရည် လျှော့သောက်ပါ။ ဆေးလိပ်နှင့် အရက်များ မသောက်သုံးပါနှင့်။
ဝမ်းကောင်း၍ ခေါင်းမခဲစေသော နည်းလမ်းကောင်းများ
နံနက်အိပ်ရာထ သောက်ရေသုံးခွက် ဆက်တိုက်သောက်ပေးခြင်းက အူများကို အလုပ်လုပ်စေ၍ ဝမ်းသက်စေပါသည်။ နေ့စဉ် ရေရှစ်ခွက် မှ ၁၀ ခွက်အထိ သောက်သော အလေ့အကျင့်ကို မွေးမြူပါ။
သံပရာသီးက ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်၍ နံနက်အိပ်ရာထ အစာမစားခင် ရေနွေးတစ်ဖန် ခွက်ထဲကို သံပရာသီးတစ်လုံးညှစ်ပြီး ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနှင့် ဆားအနည်းငယ် ဖျော်သောက်ပါ။
လိမ္မော်သီး၊ သစ်တော်သီးကဲ့သို့ အရည်ရွှမ်းပြီး အမျှင်များသော သစ်သီးများစားပါ။ အမျှင်ဓာတ်ပေါများသော ဂုဏ်လျှော်စေ့က အစာကြေစေပြီး ဝမ်းချုပ်ခြင်းကို သက်သာပျောက်ကင်းစေပါသည်။ နွားနို့ပူပူသောက်ခြင်းက အူမကြီးကို ကောင်းစွာ လှုံ့ဆော်ပေးနိုင်၍ ဝမ်းမချုပ်စေနိုင်ပေ သို့မဟုတ် ညအိပ်ရာဝင်ခါနီး နွားနို့ပူပူထဲမှာ ထောပတ်ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်း ပမာဏထည့်၍ သောက်ခြင်းဖြင့် နံနက်ပိုင်းတွင် ရှောရှောရှူရှူ ဝမ်းသက်စေပါတယ်။ သဖန်းသီး၊ ပဲကတ္တီပါ၊ မြေပဲ၊ စွန်ပလွန်သီး၊ ပဲပင်ပေါက်စားပေးပါ။
မာလကာသီး(အူနီ) အမှည့်က ဝမ်းချုပ်ခြင်းကို သက်သာစေပါသည်။ ကြံရည်၊ ခရမ်းချဉ်သီးနှင့် beet root (ခေါ်) သကြားမုန်လာဥ (ခေါ်) သွေးရောင်ကဲ့သို အရည်ရွှမ်းသော မုန်လာဥနီက ဝမ်းသက်စေပါသည်။ နံနက်တိုင်း သင်္ဘောသီးမှည့် မှည့်စားပါ။ (မွန်းတည့် ၁၂ နာရီမတိုင်မီကို ဆိုလိုပါ သည်) ညအိပ်ရာဝင်ခါနီး ဖီးကြမ်းငှက်ပျောသီး မှည့်မှည့်စားပါ။ ပန်းသီးက ခန္ဓာကိုယ်တွင်း အဆိပ် အတောက်များကို ပြေစေပြီး ဝမ်းချုပ်ခြင်းကို ကောင်းကျိုးပြုနိုင်၍ တစ်နေ့တစ်လုံး စားသင့်ပါသည်။
အမျှင်ဓာတ်များသော အစားအစာများဖြစ်ကြသည့် ကိုက်လန်၊ မုန်ညင်းစိမ်း၊ ဟင်းနုနယ်၊ ကန်စွန်းရွက်၊ ပဲသီးစသည့် အစိမ်းရောင်အရွက် ဖားဖားဟင်းရွက်များ၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ (ခေါ်) အဖြူရောင် ပန်းဂေါ်ဖီ၊ ဘရိုကိုလီ (ခေါ်) ပန်းဂေါ်ဖီစိမ်း၊ ပဲစေ့အမျိုးမျိုး၊ မျှစ်စို၊ ဘယ်ရီသီးအမျိုးမျိုး၊ ထောပတ်သီး၊ အုတ်ဂျုံ (ခေါ်) ကွေကာအုတ်စသည်တို့က ဝမ်းကိုသက်သက် သာသာသွားစေပါသည်။ ဆောင်းရာသီ ဝမ်းချုပ်လေ့ရှိသူများက မန်ကျည်းသီးမှည့်ဖြင့် ချက်ပြုတ်ထားသော ချဉ်ရည်ဟင်းများ ဥပမာ ကန်စွန်းရွက်ချဉ်ရည်ဟင်း၊ မုန်ညင်းစိမ်းချဉ်ရည်ဟင်းတို့ကို မကြာမကြာချက်စားပေးသင့်ပါသည်။ ဝမ်းနုတ်ဆေး တာရှည်စားခြင်းက အူပါးခြင်းကို ဖြစ်စေသည့်အပြင် ကြာလာသည်နှင့်အမျှ ဆေးယဉ်ပါးသွားတတ်ပါသည်။ ထို့ကြောင့် ဝမ်းနုတ်ဆေးမစားဘဲ မန်ကျည်း သီးမှည့်တွင် ဆားအနည်းငယ်ထည့်၍ အညိုရောင်ထန်းလျက်ဖြင့် မန်ကျည်းဖျော်ရည်ပျစ်ပျစ် တစ်နေ့ တစ်ခွက်သောက်သုံးခြင်းက ဘေးထွက်ဆိုးကျိုး မရှိစေပါဘူး။
အရွက်တွင် အမွေးလေးတွေပါရှိသော ကုလားမြင်းခွာရွက်ပင်၏အပွင့်ကို သကြားနှင့် ကြိတ်ပြီး စားပေးပါ။ ကြက်ဟင်းခါးသီးကို ဆားထည့်ပြီး ရေစိမ်သောက်ပါ။ ကြက်ဟင်းခါးသီးကို ရေနံဆီ ဖြင့်စိမ်၍ ဝမ်းဗိုက်ကိုလိမ်းပေးပါ။ ကြိတ်မှန်ရွက် ၂၅ ကျပ်သားကို ထန်းလျက် ၁၀ ကျပ်သား၊ အရည် ညှစ်ပြီးသော ရှောက်သီးဖတ် ၁၀ ကျပ်သား၊ ခပ်ပါးပါးလှီးထားသော ကြက်သွန်နီ ၁၀ ကျပ်သား၊ စမုံမျိုးငါးပါးအမှုန့် နှစ်ပဲသားစီတို့ဖြင့် ရောချက်ထားသော ကြိတ်မှန်ရွက်ယိုကို လက်ဖက်ရည် ဇွန်းတစ်ဇွန်းခန့် တစ်နေ့လျှင် သုံးကြိမ်စားပေးပါ။
နံနက်စောစော ၁၅ မိနစ်ခန့်လမ်းသွက်သွက်လျှောက်ခြင်းက အူများကိုလှုပ်ရှားကာ ဝမ်းသွားစေပါသည်။ အူလေ့ကျင့်ခန်းက သဘာဝနည်းဖြင့် ဝမ်းသက်စေပါသည်။ (တင်ပျဉ်ခွေထိုင်၍ ဝမ်းဗိုက် ကြွက်သားဆီ အာရုံစူးစိုက်ကာ လေရှူလေထုတ် ပြင်းပြင်းလုပ်ခြင်းကို ဆိုလိုပါသည်)
ဝမ်းချုပ်သောကလေးကို ပြုစုစောင့်ရှောက်နည်း
ကလေးများတွင် ဝမ်းချုပ်ခြင်းကို တော်တော်များများ တွေ့ရပြီး အဓိကအားဖြင့် အစားအသောက်၊ အနေအထိုင်ပြောင်းလဲမှုနှင့် များစွာသက်ဆိုင်ပါသည်။ ဝမ်းချုပ်သောကလေးမှာ နေရထိုင်ရခက်ပါသည်။ ဝမ်းသွားလျှင်နာပြီး စအိုကွဲတတ်သလို၊ ဝမ်းချုပ်ချိန်ကြာလာသည်နှင့်အမျှ မစားချင်၊ မသောက်ချင်ခြင်းနှင့် ပျို့အန်ခြင်းများ ဖြစ်လာနိုင်ပါသည်။ ဝမ်းအလွန်ချုပ်လျှင် သွေးပါ တတ်ပြီး အစာဟောင်းအိမ်၏ နံရံအတွင်းသားများ ကျွံကျခြင်း၊ အူကျွံခြင်းဖြစ်တတ်ပါသည်။ ဝမ်းချုပ် ခြင်း အကျင့်ပါသွားလျှင် နောက်ဆက်တွဲဆိုးကျိုး အနေဖြင့် အူလမ်းကြောင်းပြဿနာရှိကာ အဆိုးဆုံး အခြေအနေမှာ အူလမ်းကြောင်း ပိတ်ဆို့တတ်ပါသည်။
မွေးကင်းစမှ ခြောက်လအရွယ်အထိ မိခင်နို့ တစ်မျိုးတည်းကိုသာ တိုက်ကျွေးသည့်ကလေးများတွင် ဝမ်းသွားခြင်း၊ ဝမ်းချုပ်ခြင်းက စိတ်ပူစရာ မရှိပေ။ သို့သော် ကလေးတွင် -
• တစ်ပတ်လျှင် သုံးရက်ထက်လျှော့ပြီး ဝမ်းသွားလျှင် ဝမ်းချုပ်သည်ဟု သတ်မှတ်ပါသည်။
• သုံးရက် တစ်ခါ ဝမ်းမသွားလျှင် ဝမ်းချုပ်သည်ဟု သတ်မှတ်ပါသည်။
• ပုံမှန်ဝမ်းသွားသော်လည်း ဝမ်းသွားချိန်မှာ ညှစ်နေရလျှင်လည်း ဝမ်းချုပ်သည်ဟု သတ်မှတ်ပါသည်။
• ၁၀ ရက်ခန့် ဝမ်းမသွားလျှင် အန္တရာယ်ရှိနေပါပြီ။ ဆရာဝန်ဖြင့်ပြ၍ သေချာစွာ စစ်ဆေးမှုခံယူရပါမည်။
ထို့ကြောင့် ကလေးငယ်များ ဝမ်းချုပ်လျှင် အနေအထိုင်၊ အစားအသောက် ပြင်ဆင်ပြောင်းလဲပေးရန် လိုအပ်သကဲ့သို့ အသီးအနှံ၊ ဟင်းသီး ဟင်းရွက်များများကျွေးရန် လိုအပ်ပါသည်။ ရေများများတိုက်ပေးခြင်း၊ လှုပ်လှုပ်ရှားရှား ပြေးလွှားဆော့ကစားခြင်းများလုပ်ခြင်းဖြင့် ဝမ်းချုပ်သည့်အကျင့်ကို ပြန်လည်ကောင်းမွန်စေနိုင်ပါ လိမ့်မည်။
အချုပ်အားဖြင့်ဆိုသော် ချမ်းအေးသော ဆောင်းရာသီရောက်လျှင် ပုံမှန်ဝမ်းသွားသူများမှာ ပင် ဝမ်းချုပ်တတ်လေ့ရှိရာ နေ့စဉ်လေ့ကျင့်ခန်းဆန်ဆန်ပြုမူလှုပ်ရှားခြင်း၊ အထက်တွင် ဖော်ပြထားသော ဝမ်းပျော့စေမည့် အစားအသောက်များကို ရွေးချယ်စားသုံးခြင်း၊ ဝမ်းချုပ်စေသည့် ကောက်ညှင်းဖြင့် ပြုလုပ်ထားသော အစားအစာများကို လျှော့စားခြင်းဖြင့် ဝမ်းကောင်း၍ ခေါင်းမခဲတော့ဘဲ ပေါ့ပါးလန်းဆန်းစေမည်ဖြစ်ပါကြောင်း။ ။