Skip to main content

သင်ခန်းစာများနှင့် ပထဝီနိုင်ငံရေးအခြေအနေကို ရှုမြင်၍ လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်ကြပါစို့

ကိုရေချမ်း

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် ရှေးနှစ်ပေါင်း ထောင်ချီကတည်းကပင် အတူလက်တွဲ၍ ရင်းနှီးချစ်ခင်စွာ စုပေါင်းနေထိုင်ခဲ့ကြသည်။ တိုင်းရင်းသားအချင်းချင်း အေးအတူ၊ ပူအမျှ စိတ်ဝမ်းမကွဲပြားဘဲ ကူးလူးဆက်နွှယ်ဆက်ဆံခဲ့ကြသည်။ ကိုလိုနီနယ်ချဲ့လက်အောက် ကျရောက်ခဲ့သည့်အချိန်တွင် တိုင်းရင်းသားမျိုးချစ်များ အတူလက်တွဲ၍ ကိုလိုနီနယ်ချဲ့တို့ကို တွန်းလှန်ခဲ့ကြသည်။ ဤသို့သော စည်းလုံးညီညွတ်မှုဖြင့် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာစွာတည်ရှိနေမှုကို သက်သေအမျိုးမျိုးပြနိုင်ခဲ့သည်။

လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင်လည်း တိုင်းရင်းသားလူမျိုးအပေါင်းတို့သည် နိုင်ငံပြန်လည်လွတ်မြောက်ရေးအတွက် စွန့်လွှတ်စွန့်စား၊ ဇွဲ၊ လုံ့လ၊ သတ္တိများဖြင့် အတူလက်တွဲပြီး တိုက်ပွဲဝင်ခဲ့ကြသည်။ ဤသို့ဖြင့် ပြည်ထောင်စုသားများ၏ သွေးချင်းနီးစပ်မှု၊ သွေးချင်းထပ်တူမှုတို့ကို ပြသနိုင်ခဲ့သည်။ စည်းလုံးညီညွတ်မှုဖြင့် လွတ်လပ်ရေးကို ရယူနိုင်ခဲ့သည်။ လွတ်လပ်ရေးရရှိပြီး မျက်မှောက်ကာလတွင် ရှေးဘိုးဘွားဘီဘင်များ သွေးနှင့်ရင်းပြီး ရယူပေးထားသည့် လွတ်လပ်ရေးအမွေအနှစ်များ ပျက်စီးပျောက်ဆုံးမသွားစေရန်အတွက် တိုင်းရင်းသားလူမျိုးအားလုံးက တိုင်းပြည် ချစ်စိတ်၊ မျိုးချစ်စိတ်၊ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်များ နိုးကြားထက်သန်နေအောင် ပျိုးထောင် ထားကြရမည်ဖြစ်သည်။

သင်ခန်းစာယူစရာများ

အဘယ်ကြောင့်ဆိုသော် မျက်မှောက်ကာလတွင် တိုင်းပြည်ပြိုကွဲပျက်စီးအောင် ဖန်တီးနေသည့်အခြေအနေအရပ်ရပ်တို့ရှိနေသည်ကို သတိချပ်ရမည်ဖြစ်သည်။ အတိတ်ကာလက မြန်မာနိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ဆုံးရှုံးသွားစေသည့် အကြောင်းရင်းများကို သိရှိကြ ပြီးဖြစ်မည်။ ကိုလိုနီနယ်ချဲ့တို့သည် M.M.M ဟု ဆိုကြသည့် (merchant) ကုန်သည်များ၊ (missionary) သာသနာပြုအဖွဲ့၊ (military) စစ်ရေးဆိုင်ရာ နည်းလမ်းများဖြင့် ဝင်ရောက်စွက်ဖက်ကျူးကျော်ခဲ့ကြသည့် သမိုင်းမှတ်တမ်းများရှိသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ဆုံးရှုံးခဲ့ရခြင်း၏ သင်ခန်းစာယူစရာ အချက်များဖြစ်သည်။

မျက်မှောက်ကာလတွင် ခေတ်သစ်ကိုလိုနီ နယ်ချဲ့စနစ်၏ နည်းလမ်းဗျူဟာများမှာ ထို့ထက်မက ပိုမိုကြီးမားကျယ်ပြန့်လာသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ လူမျိုးရေး၊ လူ့အခွင့်အရေး၊ သံတမန်ရေး၊ စစ်ရေးစသည့် နယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံဖြင့် ခေတ်သစ်နယ်ချဲ့စနစ် ဖန်တီးနေကြသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ စစ်အေးလွန်ကာလ မျက်မှောက် ကမ္ဘာ့အခြေအနေတွင် ပထဝီနိုင်ငံရေးနှင့် အဂ္ဂမဟာဗျူဟာများအရ လေ့လာစရာ များစွာရှိသည်။ ကမ္ဘာ့နိုင်ငံများ၏အခြေအနေကို လေ့လာကြည့်မည်ဆိုပါက အင်အားကြီးနိုင်ငံများ၏ အဂ္ဂမဟာဗျူဟာများသည် စိတ်ဝင်စားဖွယ်ကောင်းသလို ကြောက်မက်ဖွယ်ရာများလည်း ပါဝင်သည်။ ခေတ်သစ်နယ်ချဲ့စနစ်အတွက် ရာစုနှစ်တစ်ခုအတွင်း စိတ်ရှည်ရှည်ဖန်တီးထားသည့် ဆယ်စုနှစ် စီမံကိန်းများရှိသည်။

မဟာဗျူဟာများ

ကမ္ဘာပေါ်တွင် ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများသည် ယခုမှဖြစ်ပေါ်လာသော အခြေအနေ၊ အခန့်မသင့်၍ ဖြစ်ပေါ်လာသောအခြေအနေမျိုးမဟုတ်ပေ။ ကမ္ဘာ့အင်အားကြီးနိုင်ငံကြီး၏ ရာစုနှစ်ဝက်မကကာလကတည်းက ချမှတ်ထားသည့် နိုင်ငံရေးမဟာဗျူဟာ သို့မဟုတ် နိုင်ငံရေး စီမံကိန်းများဖြစ်သည်။ လတ်တလော မြန်မာ့နိုင်ငံရေးအခြေအနေကိုပင် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီ၏ မဲမသမာမှုကြောင့် ဖြစ်ပေါ်ခဲ့ရ ခြင်းဟု ဆိုရမည့်အစား ၂၀၂၁ ခုနှစ်၌ တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းရယူခြင်းကြောင့် ဖြစ်လာရသည်ဟု စွပ်စွဲခဲ့ကြသည်။ အထူးသဖြင့် အကြမ်းဖက် NUG နှင့် လက်ဝေခံ PDF တို့၏ ခံယူချက်အဖြစ် တွေ့မြင်နိုင်သည်။ အမှန်တကယ်တွင် ဆယ်စုနှစ်များစွာကတည်းက ချမှတ်ထားသည့် ကမ္ဘာ့အင်အားကြီးနိုင်ငံကြီး၏ အဂ္ဂမဟာဗျူဟာများနှင့် မကင်းနိုင်ပေ။ မြန်မာနိုင်ငံအစိုးရအား ဆန့်ကျင်နေသည့် အဖွဲ့အစည်းများသို့ ထောက်ပံ့ပေးအပ်ထားသည့် Burma Act ကဲ့သို့ နှစ်စဉ် ထောက်ပံ့ပေးအပ်ထားသော ငွေကြေးများက သက်သေပင်ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးစသည့်နယ်ပယ်အသီးသီးသို့ စီးဝင်ခဲ့သော အထောက်အပံ့များသည် နိုင်ငံတော်ကို ဆန့်ကျင် ဖျက်ဆီးနိုင်ရန်အတွက် တွန်းအားတစ်ရပ်ဖြစ်လာခဲ့သည်။

၂၀၂၁ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော်တာဝန်အရပ်ရပ်ကို ထိန်းသိမ်းဆောင်ရွက်လိုက်သည့် အခြေအနေနှင့် ယနေ့ကာလ မြန်မာပြည်အစိတ်စိတ်အမြွှာမြွှာဖြိုခွဲရေး အဖျက်စီမံကိန်းသည် တိုက်ဆိုင်မှုတော့မဟုတ်ပေ။ ၂၀၂၁ ခုနှစ် မတိုင်မီကာလများကတည်းက ရေးဆွဲထားသော အဂ္ဂမဟာဗျူဟာစီမံကိန်းများဖြစ်သည်။ အဓိကမှာ သွေးခွဲရေးမဟာဗျူဟာနှင့် မီဒီယာနည်းဗျူဟာဖြစ်သည်။ လက်ရှိကာလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရနှင့် တပ်မတော်အပေါ် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၊ နိုင်ငံရေးသဘော ကွဲလွဲသူအသီးသီးတို့က ဘုံရန်သူသဖွယ် နှောင့်ယှက်တိုက်ခိုက်မှုများတွင် ပြည်ဖျက်မီဒီယာအားနှင့် အကျပ်အတည်းဖြစ်အောင် ဆောင်ရွက်နေမှုများလည်း ပါဝင်သည်။

မီဒီယာလက်နက်

နိုင်ငံတော်ကို ဖြိုခွဲဖျက်ဆီးနေသူ၊ ဆန့်ကျင်တိုက်ခိုက်နေသူအကြမ်းဖက်သောင်းကျန်းသူများ အားလုံး၏ ရည်ရွယ်ချက်ကို လမ်းလွှဲပြီး စစ်အာဏာ ရှင်ကို တော်လှန်နေသူများဖြစ်ကြောင်း အလုံးအရင်းဖြင့် ပုံဖော်နေကြသည်ကို ကြားသိကြရမည်ဖြစ်သည်။ အတွေ့အကြုံရင့် ပြည်ပအထောက်အပံ့ခံများဖြစ်သည့် မီဒီယာကြီးများက အမှန်သတင်း တစ်စိတ်တစ်ပိုင်း၊ ဝေဝါးသတင်းတစ်ပုံတစ်ပင်ဖြင့် အစိုးရနှင့် တပ်မတော်ကို ပါးပါးပုတ်ခတ် ဝေဖန်တိုက်ခိုက်ကြသည်။ ဧရာဝတီ၊ မဇ္ဇျိမ၊ ခေတ်သစ်အနက်ရောင်မီဒီယာများက အမှန်တရားနှင့် ကင်းကွာ၊ အမှားရောပြွမ်းနေသည့် လုပ်ကြံသတင်းများ၊ သတင်းတု၊ သတင်းယောင်များဖြင့် အစိုးရနှင့် တပ်မတော်အပေါ် နေ့စဉ်ရက်ဆက်အချိန်ပြည့် ပုတ်ခတ်တိုက်ခိုက်နေကြသည်ကို ကြားသိကြရ မည်ဖြစ်သည်။ အမှားကြာလျှင် အမှန်ဖြစ်ဆိုသကဲ့သို့ မမှန်သတင်းများ ပြည်သူလူထုကြားတွင် ပျံ့နှံ့နေသည်မှာ တိုင်းပြည်နှင့်လူမျိုးအတွက် အန္တရာယ်ဖြစ်စေသည်။

လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များကလည်း မီဒီယာကို လက်နက်သဖွယ် အသုံးပြုပြီး တပ်မတော်ကြီး ပြိုကွဲနေသယောင်၊ တိုင်းပြည်ကြီး ပြိုကွဲတော့မယောင် ပြည်သူလူထုကို စိတ်ဓာတ်စစ်ဆင်ရေးပြုလုပ်ပြီး ပြည်ဖျက်မီဒီယာများနှင့် တစ်ကျိတ်တည်း တစ်ဉာဏ်တည်း ပူးပေါင်း ဆောင်ရွက်နေကြသည်။ အစိုးရနှင့် တပ်မတော်ကို စစ်ရေးအင်အား၊ မီဒီယာအင်အားဖြင့် ဖိနင်းလာကြသည်။ ဖော်ပြပါ ပြည်ဖျက်မီဒီယာများအားလုံးသည် အနောက်နိုင်ငံကြီး၏ အထောက်အပံ့ခံအနောက်အခြေစိုက် ကိုလိုနီလက်သစ်ဒီမိုကရေစီလစ်ဘရယ် အစွန်းရောက်ဝါဒသမားများ၏ လက်ကိုင်တုတ်များဖြစ်နေသည်မှာ တိုက်ဆိုင်၍တော့မဟုတ်ပေ။ ဆယ်စုနှစ်များစွာကတည်းက မဟာဗျူဟာ ချမှတ်ထားသော အစီအစဉ်များဖြစ်သည်။

အကြမ်းဖက်စနက်

ယနေ့ဖြစ်ပေါ်နေသော ပြည်တွင်းလက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းမှုများက လက်ရှိအစိုးရနှင့် တပ်မတော်ကို အကြောင်းပြု၍ ပေါ်ပေါက်နေခြင်းမဟုတ်ပေ။ ကိုလိုနီနယ်ချဲ့စနစ် ၏ ဆိုးမွေကြောင့် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံး ဖြစ်သည့် ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းသူများဖြစ်သည်။ သောင်းကျန်းသူအမွေအဆက်ဆက်ကို ပြောင်းလဲဆက်ခံပြီး စစ်ဘုရင်ဝါဒကို အသက်သွင်းနေကြသူများဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများ သက်ဆိုးရှည်ရေးနှင့် မြန်မာနိုင်ငံအပေါ် လစ်ဘရယ်ဝါဒ လွှမ်းမိုးစေလိုသည့် ပြည်ပနိုင်ငံကြီးအချို့သည် လက်နက်ကိုင်သောင်းကျန်းသူများ၊ နိုင်ငံရေးသဘောထားကွဲလွဲသူများက အကြမ်းဖက်လမ်းစဉ်ကို အကောင်အထည်ဖော်နေကြသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများကို ငွေကြေးရရှိအောင်၊ ဆေးဝါးရရှိအောင်၊ လက်နက်ခဲယမ်းရရှိအောင်၊ နည်းပညာများရရှိအောင်၊ အုပ်ချုပ်မှုအခွင့်အလမ်းများ ရရှိအောင် လုပ်ဆောင်လျက်ရှိပြီး ပြည်ဖျက် မီဒီယာများကလည်း စိတ်ဓာတ်စစ်ဆင်ရေး လုပ်နိုင်အောင် ကူညီပေးလျက်ရှိသည်ကို တွေ့ရသည်။

အနောက်ကိုလိုနီလက်သစ် လစ်ဘရယ်မဟာဗျူဟာအရ ၂၀၁၅-၂၀၂၀ အစိုးရလက်ထက် တပ်မတော်နှင့် အရပ်ဘက် သိသိသာသာကွဲထွက်သွားအောင် သွေးခွဲခြင်း၊ တပ်နှင့် ပြည်သူရန်တိုက်ပေးခြင်း၊ နိုင်ငံရေးပွတ်တိုက်မှု ကြီးကြီးမားမားဖြစ်လာအောင် အနုပညာ၊ စာပေ၊ ဟောပြောပွဲ၊ မီဒီယာ၊ ဆိုရှယ်နက်ဝပ်များ ဖန်တီးပေးခဲ့ခြင်း၊ နိုင်ငံတော်အာဏာကို မထိန်းမဖြစ် ထိန်းလာအောင် ကြိုတင်ကြံစည်ဆောင်ရွက်ခြင်း၊ မဲမသမာမှုများ၊ နိုင်ငံတော်အာဏာကို အဓမ္မရယူမှုတို့ကြောင့် တပ်မတော်က နိုင်ငံတော်ကိုထိန်းသိမ်းလိုက်သဖြင့် လူငယ်အချို့ကို လက်နက်ကိုင်သောင်းကျန်းသူများထံ တွန်းပို့ပြီး အင်အားတိုးအောင်ကြိုတင်ကြံစည်ခြင်း၊ လက်နက်ခဲယမ်း၊ ရိက္ခာ၊ အသုံးအဆောင်များကို ကြိုတင်စုပုံထားခြင်းတို့သည် တိုက်ဆိုင်မှုတော့မဟုတ်ပါ။ ရည်ရွယ်ချက်ရှိရှိ၊ မဟာဗျူဟာကျကျ စနစ်တကျ ကြိုတင်ဖန်တီးထား ခြင်းသာဖြစ်သည်။

လက်ပိုက်ကြည့်မနေ

အကြမ်းဖက်သောင်းကျန်းသူများ တိုက်ပွဲဖော်ဆောင်မှုများကြောင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ၊ ကလေးလူငယ်များ၏ ပညာရေးများ၊ လူငယ်လူရွယ်များ၏ အနာဂတ်ဘဝများ မည်သို့မျှအိပ်မက်မက်ခွင့်မရဘဲ ဆိတ်သုဉ်းသွားမှာ စိုးရိမ်မိပါသည်။ အကြမ်းဖက်သောင်းကျန်းသူ ခေါင်းဆောင်များ၏ စစ်ဘုရင်ဝါဒ ပြန်လည်ကြီးစိုးလာမှုနှင့်အတူ ဒေသခံပြည်သူများ ရှေးယခင် စစ်ဘုရင်ဝါဒကြီးစိုးခဲ့သည့် ဒေသများကဲ့သို့ ဥပဒေမဲ့အနိုင်ကျင့်ခံရမှုများ၊ တရားမဲ့သတ်ဖြတ်ခံရမှုများ၊ မှန်ကန်သည့် စီးပွားရေးလုပ်ငန်းများနေရာတွင် မူးယစ်ဆေးဝါးနှင့် လောင်းကစားလုပ်ငန်းများ၊ လူငယ်များ စာအုပ်နှင့်ဘောပင်ကိုင်ရမည့်အစား လက်နက်များကိုင်ဆောင်ရင်း ရှင်သန်ကြရမည့်ဘဝများ၊ အလင်းထဲမှ အမှောင်ထဲရောက်ကြရမည့်အခြေအနေများကို စိုးရိမ်မိပါသည်။ ထိုသို့အခြေ အနေဆိုးမျိုးကို ဒေသခံပြည်သူများ ရောက်လိုမှာ မဟုတ်သလို တပ်မတော်အနေဖြင့် အဆိုပါ အခြေ အနေဆိုးမျိုးရောက်မည်ကို လက်ပိုက်ကြည့်နေမည် မဟုတ်ဟု ယုံကြည်ပါသည်။

တပ်မတော်သည် သမိုင်းအဆက်ဆက် ခေတ်အဆက်ဆက်တွင် ရရှိပြီးသော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေစေရန်၊ ပြည်ထောင်စုကြီး ထာဝစဉ်တည်တံ့ခိုင်မြဲနေစေရန် ပြည်သူလူထုရှေ့မှ မားမားမတ်မတ်ရပ်တည်၍ အသက်သွေးချွေးများ ပေးဆပ်ပြီး ကာကွယ်ပေးခဲ့ သည်မှာ ယနေ့ကာလအထိပင်ဖြစ်သည်။ ယနေ့အချိန်တွင် နိုင်ငံတော်တည်တံ့ခိုင်မြဲရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရင်း ကျဆုံး၊ ပျောက်ဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ရဲမေများ၊ မိသားစုဝင်များအတွက် များစွာစိတ်မကောင်းဖြစ်မိသည်။ ၎င်းတို့၏စွန့်လွှတ် စွန့်စားမှုများကို ဘယ်သောအခါမှ မေ့ပျောက်၍ မရနိုင်သလို နိုင်ငံတော် အစိုးရနှင့် တပ်မတော်က ချီးကျူးဂုဏ်ပြုကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးနေသည်သာ ဖြစ်သည်။

ကာကွယ်စောင့်ရှောက်

နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ကြသူများအားလုံးသည် ရှေးကာလက လွတ်လပ်ရေးအတွက် စွန့်လွှတ်စွန့်စားတိုက်ပွဲဝင်ခဲ့ကြသည့် သူရဲကောင်းများကဲ့သို့ပင် တန်ဖိုးရှိသော ပြည်သူ့ သားကောင်းရတနာများပင်ဖြစ်သည်။ ပြည်သူများအနေဖြင့်လည်း ခေတ်အဆက်ဆက် ပေါ်ပေါက်လာသည့် ပြည်ပကျူးကျော်သူ၊ ပြည်တွင်းသောင်းကျန်းသူအမျိုးမျိုး၏ဒဏ်ကို တပ်မတော်နှင့်လက်တွဲပြီး ကြံ့ကြံ့ခံအောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ကြသူများဖြစ်သည်။ တပ်မတော်နှင့်ပြည်သူ ပူးပေါင်းပြီး ပြည်တွင်း၊ ပြည်ပအန္တရာယ်များကို ရင်ဆိုင်ဖြတ်ကျော်နိုင်ခဲ့သလို ထပ်မံကြုံတွေ့လာမှုများကို ရင်ဆိုင်ဖြတ်ကျော်နိုင်စွမ်းရှိသည်ဟု ယုံကြည်သည်။ တပ်မတော်နှင့် ပြည်သူစည်းလုံးညီညွတ်စွာဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်လျှင် ရန်စွယ်အန္တရာယ်မှန်သမျှကို ကျော်လွှားနိုင်မည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုပါလျှင် မျက်မှောက်ကာလ ကမ္ဘာ့ရေးရာအခြေအနေများသည် အလွန်နက်နဲရှုပ်ထွေးလာပြီး ကိုလိုနီနယ်ချဲ့လက်သစ်လစ်ဘရယ်အစွန်းရောက်ဝါဒ၏ အဂ္ဂမဟာဗျူဟာ၊ မဟာဗျူဟာကို ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများအနေဖြင့် မှန်ကန်စွာရှုမြင်သုံးသပ်ကြည့်ပြီး တိုင်းပြည်ပြိုကွဲပျက်စီးအောင် ကြံစည်လုပ်ဆောင်နေကြသည့် ပြည်တွင်းအမျိုးသားသစ္စာဖောက်များ၊ အကြမ်းဖက်သောင်းကျန်းသူများ၏ နည်းဗျူဟာများကို သိအောင်လေ့လာကာ ရရှိပြီးသောလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ထာဝစဉ်တည်တံ့ခိုင်မြဲအောင်၊ ပြည်ထောင်စုကြီးမပြိုကွဲအောင် တပ်မတော် နှင့်အတူ လက်တွဲ၍ ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း။ ။