စိုက်ပျိုးရေးပညာ နှစ် (၁၀၀) တိုင်ပြီ (အပိုင်း-၅)
ဒေါက်တာမျိုးကြွယ်
နိုင်ငံတကာ စိုက်ပျိုးရေးပညာသင်ကြားသော တက္ကသိုလ်များရှိ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်နေသော သီးခြားဌာနအသစ်များ (New Departments)၊ အထူးပြု ဘာသာရပ် အသစ်များ (New Majors/Specializations/Subjects) (အဆက်)
နိုင်ငံအချို့ရှိ ဘွဲ့ရစုစုပေါင်း လူဦးရေ ၁၀၀ အပေါ်တွင် သက်ဆိုင်ရာဘာသာရပ်အလိုက် မွေးထုတ်လိုက်သော ဘွဲ့ရဦးရေရာခိုင်နှုန်း အချိုးအဆ (၂၀၂၂)ကို ဇယား-၁ တွင် ဖော်ပြထားပါသည်- ဤဇယားကိုကြည့်ရှုပါက မြန်မာနိုင်ငံရှိစိုက်ပျိုး၊ မွေးမြူရေးဘွဲ့ရဦးရေထက် အခြားနိုင်ငံများ၏ စိုက်ပျိုး၊ မွေးမြူရေးဘွဲ့ရဦးရေက နှစ်စဉ်ငါးဆမှ ၁၀ ဆခန့်များပြားနေသည်ကို တွေ့မြင်ရပါလိမ့်မည်။
စိုက်ပျိုး၊မွေးမြူရေးကဏ္ဍများတွင်သာမက ကျန်းမာရေးကဏ္ဍကိုကြည့်ပါက ဥပမာ - ဖိလစ်ပိုင် နိုင်ငံကစုစုပေါင်းဘွဲ့ရဦးရေ ၁၀၀ တွင် ၁၇ ဦးခန့်က (ဆရာဝန်၊ သူနာပြုစသည်) ကျန်းမာရေးကဏ္ဍရှိ ပညာရှင်များဖြစ်ပါသည်။ တက္ကသိုလ်၊ ကောလိပ်များက နှစ်စဉ်သူနာပြုဘွဲ့ရပြီး နိုင်ငံအတွင်း စုစုပေါင်းမှတ်ပုံတင်ထားသော သူနာပြုတစ်သန်းနီးပါး၏ သုံးပုံတစ်ပုံက လက်ရှိနိုင်ငံတကာတွင် အလုပ်လုပ်နေပါသည်။ နိုင်ငံတကာတွင် အလုပ်လုပ်နေသော ထိုသူနာပြုများက ဖိလစ်ပိုင်နိုင်ငံသို့ နိုင်ငံခြားငွေများ ပြန်ပို့ကြရာအမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့်ရပြီး နိုင်ငံစုစုပေါင်းပြည်တွင်းအသားတင် ထုတ်ကုန် (Gross Domestic Product - GDP) ၏ ၉ ရာခိုင်နှုန်းကို ရှာဖွေပေးနေပါသည်။ အားကျစရာပါ။
ထို့အတွက်ကြောင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်များမှ နိုင်ငံတော်ဝင်ငွေကို တိုက်ရိုက်၊ အမြန်ဆုံးရှာဖွေပေးနိုင်သော ဘာသာရပ်များ၊ ပညာရပ်များကို အမြန်ဆုံးမွေးထုတ်ပေးလျှင် ကောင်းမည်ဟူ၍ အတွေးစဝင်မိပါသည်။
စိုက်ပျိုးရေးတက္ကသိုလ်နှစ် (၁၀၀)ပြည့်ပွဲတွင် တပည့်များက ကျောင်းဆင်းနှစ်အလိုက် ကန်တော့ကြရာ ကျောင်းသူဟောင်းတစ်ယောက်ပါလာ၍ ဘွဲ့ရနှစ်ကိုမေးကြည့်ရာ ၎င်းမှာ စိုက်/သိပ္ပံ ကျောင်းဆင်းတစ်ဦးဖြစ်ကြောင်း၊ သူအလွန်ဆက်လက်ပညာဆည်းပူးလိုသော စိုက်ပျိုးရေးတက္ကသိုလ်သို့ တက်ခွင့်မရ၍ စိတ်မကောင်းဖြစ်မိကြောင်း ပြောပါသည်။ ၎င်းကဲ့သို့ နိုင်ငံအနှံ့ စိုက်ပျိုးရေးသိပ္ပံကျောင်းများမှ စိုက်သိပ္ပံဒီပလိုမာလက်မှတ်ရပြီး တက်ခွင့်မရသူပေါင်း များပြားစွာရှိနေပါလိမ့်မည်။ ပေါင်းကူးသင်တန်းမှာ အများဆုံးလူဦးရေ ၅၀-၁၀၀ သာ လက်ခံနိုင်ပြီး ဖြေဆိုသူကဝန်ထမ်းများ အပါအဝင်နှစ်စဉ် ၁၀၀၀ နီးပါးခန့် ဖြေဆိုနေကြရာ နှစ်စဉ်အကြောင်းအမျိုးမျိုးကြောင့် စိုက်ပျိုးရေးသိပ္ပံများမှ စိုက်ပျိုးရေးတက္ကသိုလ်သို့ ပေါင်းကူး သင်တန်းတက်ရောက်ခွင့်မရသဖြင့် စိုက်ပျိုးရေးဘွဲ့မရသူများပြားနေပါသည်။
နယ်သာလန်နိုင်ငံရှိ ဘာဂန်နီဂန်သုတေသနတက္ကသိုလ် (WUR – Wageningen University & Research, The Netherlands) နှင့် အမေရိကန်နိုင်ငံ ကော်နယ်တက္ကသိုလ် (Cornell University, US) တို့ကမူ စိုက်ပျိုး၊ မွေးမြူရေးလက်မှတ်ရ (Certificates)၊ ဒီပလိုမာ (Diploma)၊ ဘွဲ့ဒီဂရီ(Degree) အစီအစဉ်များကို အွန်လိုင်းစနစ်ဖြင့်ပို့ချလျက်ရှိရာ နိုင်ငံအများစုက မိမိနိုင်ငံ၊ မိမိအိမ်မှပင် ကျောင်းသား ကျောင်းသူများစွာ တက်ရောက်လျက်ရှိသည်။ ထိုတက္ကသိုလ်များကဲ့သို့ အလွန်အောင်မြင်သည့် အစီအစဉ်တစ်ခုကို ပြည်တွင်းရှိ ကျောင်းသား ကျောင်းသူများ လွယ်ကူစွာတက်ရောက်ခွင့်ရနိုင်ရန် စိုက်ပျိုး၊ မွေးမြူရေးနိုင်ငံတစ်ခုအနေဖြင့် အတုယူလေ့လာသင့်ပါသည်။ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ လက်တွေ့လုပ်ငန်းများ (Agricultural Practical Works) အတွက် ကျောင်းပိတ်ရက်များတွင် တက္ကသိုလ်၊ ကောလိပ်များသို့လာရောက်၍ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ လက်တွေ့ (Agricultural Practical Works) လုပ်ကိုင်နိုင်ရန် စီစဉ်ပေးနိုင်ပါသည်။
စင်ကာပူနိုင်ငံ ပညာရေးစနစ်တွင်လည်း မည်သည့်ဘွဲ့ရသည်ဖြစ်စေ အခြားဘာသာရပ်တစ်ခုကို တက်ရောက်လိုပါက သင်ကြားခွင့်ပြုပါသည်။ အသက်ကိုလည်း ကန့်သတ်ချက်မရှိဘဲ အသက် ၆၀-၇၀နှစ်များအထိ ညကျောင်း(Evening Classes) ဖွင့်လှစ်ပြီး ည ၇ နာရီမှ ၁၁နာရီအထိ တက္ကသိုလ်၊ ကောလိပ်သိပ္ပံများတွင် ရာသက်ပန် သင်ကြား၊ သင်ယူသောစနစ် (Lifelong Learning System)ကို ကျင့်သုံးလျက်ရှိရာ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အမြဲသင်ကြား၊ သင်ယူလျက်ရှိနေသည်။ Learn, Unlearn and Relearn System ကို အားကျစဖွယ်တွေ့မြင်ရပါသည်။ (နောက်ဆောင်းပါး များတွင် အသေးစိတ်ဆွေးနွေးပါမည်)။
ထိုကဲ့သို့ အချိန်ပိုလုပ်ကိုင်ရသော စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ ဆရာ ဆရာမ၊ ဝန်ထမ်းများကို ဉာဏ်ပူဇော်ခ ထပ်မံပေးခြင်းအားဖြင့်လည်းကောင်း၊ လစာကောင်းကောင်းဖြင့် မက်လုံးပေး၍လည်းကောင်း၊ စိုက်ပျိုး၊ မွေးမြူရေးပညာရှင်များစွာ ထပ်ခန့်ပေးခြင်းအားဖြင့်လည်းကောင်း စသည်ဖြင့် ထိုနိုင်ငံများ၏ စနစ်ကို အတုယူသင့်ပါသည်။
နိုင်ငံတကာစိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်များနှင့် သမိုင်းကြောင်းအရ မြန်မာနိုင်ငံ စိုက်ပျိုးရေး ပညာသင်ကြားပေးခဲ့မှု၊ သင်ကြားပေးနေမှုကို (A-B-C) မှ (C - Chemistry) အကြောင်း ဆက်ရ အောင်ပါ။
(၃-ဃ) မြေဆီလွှာဓာတုဗေဒ (Soil Chemistry) စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတိုင်း လေ့လာသင်ကြားခဲ့ရသော ဘာသာရပ်ဖြစ်ပါသည်။ ဥပမာ-မြေဆီလွှာတွင်းထွက် ဓာတ်သတ္တုပညာ (Soil Mineralogy)၊ မြေဆီလွှာ ချဉ်ငံဓာတ် (Soil pH)၊ မြေဆီလွှာ အော်ဂဲနစ်ဓာတ်(Soil Organic Matter)၊ မြေဆီလွှာအမှုန်များနှင့် မြေဆီလွှာမျက်နှာပြင်ဓာတုဗေဒ (Soil Colloids and Surface Chemistry)၊ မြေဆီလွှာအတွင်း အပင်များအတွက်လိုအပ်သော အပင်အာဟာရဓာတ်လည်ပတ်မှုများ (Soil Nutrient Cycling)၊ မြေဆီလွှာညစ်ညမ်းမှုဖြစ်စေသော အရာများ (Soil Contamination)၊ မြေဆီလွှာအတွင်း ဆားဓာတ်လွန်ကဲမှု (Soil Salinity) စသည်တို့ဖြစ်ပါသည်။
ဤဘာသာရပ်ကို ဦးစားပေးသင်ကြား သုတေ သနပြုနေသော ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များမှာ -
(၃-ဃ-၁) ကာလီဖိုးနီးယားတက္ကသိုလ် ဒေးဗစ် (University of California, Davis) အမေရိကန်နိုင်ငံတွင် ပတ်ဝန်းကျင်ဆိုင်ရာမြေဆီလွှာဓာတုဗေဒ (Environmental Soil Chemistry) နှင့် မြေဆီလွှာ - အပင်ဆက်စပ်မှုများ (Soil-Plant Interactions)
(၃-ဃ-၂) ဗာဂန်နီဂန်တက္ကသိုလ်နယ်သာလန် (Wageningen University and Research, The Netherlands) တွင် မြေဆီလွှာအာဟာရ ဓာတ်ရွေ့လျားအားနှင့် (Soil Nutrient Dynamics)နှင့် မြေဆီလွှာ ရေဆက်စပ်မှုများ (Soil Water Relationships)
(၃-ဃ-၃) ရက်ဒင်းတက္ကသိုလ်ယူကေ (University of Reading, UK) တွင် ရေရှည်တည်တံ့စေမည့် မြေဆီလွှာစီမံခန့်ခွဲမှုအတွက် မြေဆီလွှာ ဓာတုဗေဒ (Soil Chemistry’s Role in Sustainable land) ၏ အခန်းကဏ္ဍစသည်တို့ကို ဦးဆောင်သင်ကြား သုတေသနပြုနေပါသည်။
(၃-င) မြေဆီလွှာရူပဗေဒ (Soil Physics)- ဤဘာသာရပ်ကို စိုက်ပျိုးရေးတက္ကသိုလ်တွင် ဆရာကြီးဦးလှထွန်း၊ ဆရာကြီးဦးနေဝန်းပေါ်တို့နှင့်အတူ ဆရာမဒေါ်မြင့်ရီတို့ (အားလုံး အငြိမ်းစား ယူသွားကြပါပြီ) အစဉ်အဆက်သင်ကြား သုတေသနပြုခဲ့ကြပြီး ယခု ဒေါက်တာယင်းမာစိုးက သင်ကြား သုတေသနပြုနေကာ နိုင်ငံတကာတွင်မူမြေဆီလွှာ ရူပဗေဒပညာရှင်များစွာရှိပါသည်။ ဘာသာခွဲများမှာ မြေဆီလွှာရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ (Soil Physical Properties)၊ မြေဆီလွှာရေဓာတ်၏ ဂုဏ်သတ္တိများ (Soil Water Dynamics)၊ မြေဆီလွှာအတွင်း လေဝင်လေထွက်နှင့် အပင်များအတွက် ဓာတ်ငွေ့လဲလှယ်မှုများ (Soil Aeration and Gas Exchange)၊ မြေဆီလွှာတွင်းအပူချိန် (Soil Temperature) ဆိုင်ရာ အချက်များစသည်တို့ဖြစ်ပါသည်။
ဤဘာသာရပ်ကို ဦးစားပေးသင်ကြား သုတေသနပြုနေသော ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် များမှာ -
(၃-င-၁) ဇူးရစ်စိုက်ပျိုးရေးသိပ္ပံတက္ကသိုလ် (ETH – Institute of Agricultural Sciences, Zurich) ဆွစ်ဇာလန်နိုင်ငံတွင် မြေဆီလွှာဇလဗေဒနှင့် မြေဆီလွှာရူပဗေဒ (Soil Hydrology and Soil Physics) တို့က လည်း ကောင်း၊
(၃-င-၂) အိန္ဒိယစိုက်ပျိုးရေးသိပ္ပံတက္ကသိုလ် (IARI – Indian Agricultural Research Institute, New Delhi) အိန္ဒိယနိုင်ငံတွင် စိုက်ပျိုးရေးဆိုင်ရာရူပဗေဒ (Agricultural Physics) တို့ကလည်းကောင်း၊
(၃-င-၃) တရုတ်စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် (China Agricultural University, Beijing) တွင် သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်သိပ္ပံကောလိပ် (Colleges of Natural Resources and Environmental Sciences)ကြီးတို့က လည်းကောင်း၊ မြေဆီလွှာရေစီမံခန့်ခွဲမှု (Soil Water Management)၊ ရာသီဥတုပြောင်းလဲမှုကြောင့် မြေဆီလွှာပြောင်းလဲမှုကို ပုံစံငယ်၊ ကွန်ပြူတာစနစ်များဖြင့် (Developing Model for predicting Soil Behavior under Changing Climate) ဆောင်ရွက်ခြင်းစသည်တို့ကို ဦးဆောင်သင်ကြား၊ သုတေသနပြုနေပါသည်။
(၃-င) မြေဆီလွှာအာဟာရဓာတ်နှင့် အပင် အာဟာရဓာတ်များအကြောင်း (Soil Fertility and Plant Nutrition)
(၃-စ) မြေဆီလွှာနှင့်အပင်အာဟာရဓာတ်များကိုဓါတ်ခွဲစစ်ဆေးခြင်း (Soil and Plant Analysis)
(၃-ဆ) မြေဆီလွှာပြုပြင်ထိန်းသိမ်းခြင်း (Soil Conservation)
(၃-ဇ) ရေသိပ္ပံပညာနှင့် ရေသွင်း၊ ရေထုတ် နည်းလမ်းများ (Water Science, Irrigation and Drainage)
(စိုက်ပျိုးရေးအင်ဂျင်နီယာ ရှုထောင့်မှရေသွင်း၊ ရေထုတ်နည်း ဘာသာရပ်များက သီးသန့်ဆွေးနွေးပါမည်) စသည့်ဘာသာရပ်များအပြင် အောက်ဖော်ပြပါ ဘာသာရပ်များ သင်ကြားပေးနိုင်ရန် စီစဉ်သင့်ပါသည်။
(၃-ဆ) နွားနို့ဓာတုဗေဒ (Dairy Chemistry) ဆရာကြီး ဦးတင်နိုင်သင်ကြားခဲ့သော ဘာသာရပ် ဖြစ်ပါသည်။ ဘာသာရပ်အသစ်သင်ကြားနိုင်သော နွားနို့သိပ္ပံ (Dairy Science) အထူးပြုဘာသာရပ် အတွက် ဤပညာလိုအပ်ပါသည်။ ယခုပညာရှင် ရှိ မရှိ မသိတော့ပါ။
(၃-ဇ) ဓာတုဆေးဓာတုဗေဒ (Pesticide Chemistry) ဆရာကြီး ဦးပေါက် သင်ကြားခဲ့သော ဘာသာရပ်ဖြစ်ပါသည်၊ ယခုပညာရှင် ရှိ မရှိ မသိတော့ပါ။ (E – Entomology) ကိမိလဗေဒ အကြောင်းကျမှဆွေးနွေးပါမည်။
(၃-ဈ) အစားအသောက်ဆိုင်ရာဓာတုဗေဒ (Food Chemistry) အစားအသောက်သိပ္ပံဌာနနှင့် ဘာသာရပ်များသင်ကြား သုတေသနပြုရာတွင် အသုံးဝင်ပါလိမ့်မည်။ ဤဌာန၊ ဤဘာသာရပ် စိုက်ပျိုးရေးတက္ကသိုလ်တွင် ၂၀၁၆ ခုနှစ်ခန့်ကမှ စတင်ဖွင့်လှစ်ခဲ့သော ဌာနအသစ်၊ ဘာသာရပ်အသစ်ဖြစ်ပြီး ယင်းဌာနအကြောင်းကျမှ ဆွေးနွေးပါမည်။ ရန်ကုန်တက္ကသိုလ်တွင် ဤဘာသာရပ်သင်ကျွမ်းကျင်ပညာရှင်များ ရှိသည် ဟူ၍ ကြားသိရပါသည်။
နောက် ဘာသာရပ် (D – Plant Diseases/Plant Pathology) အကြောင်းဆက်ရအောင်ပါ။ စိုက်ပျိုးထားသောအပင်များကို ဖျက်ဆီးတတ်သော ပိုးမွှားရောဂါများမှ အပင်ရောဂါဘာသာရပ်များ အကြောင်းကို ဆွေးနွေးပါမည်
လူ၊ တိရစ္ဆာန်များတွင် ကျရောက်သော ရောဂါများကဲ့သို့ အပင်များတွင်လည်း ရောဂါများ ကျရောက်ပါသည်။ စိုက်ပျိုးရေးပညာရှင်များ မဖြစ်မနေသိရမည်ဖြစ်သော အပင်အဏုဇီဝဗေဒ (Plant Microbiology) ပညာ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။ ၎င်းတို့မှာ -
(၄-က) အပင်မှိုပညာ (Plant Mycology)
(၄-ခ) အပင်ဗက်တီးရီးယားပညာ (Plant Bacteriology)
(၄-ဂ) အပင်ဗိုင်းရပ်ပညာ (Plant Virology)
(၄-ဃ) အပင်နီမာတုပ်ပညာ (Plant Nematology) စသည်တို့ရှိပါသည်။
(ဆက်လက်ရေးသား၊ ဆွေးနွေးပါဦးမည်)