Skip to main content

ဖတ်စရာမှတ်စရာ ယူဂိုဆလားဗီးယား သမိုင်းသင်ခန်းစာ

မောင်ကမ္ဘာ

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သည်။ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခါသမယတွင် ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံအဖြစ် နှစ်ပေါင်း ၄၀ ကျော်ကြာ ရပ်တည်လာခဲ့ပြီးမှ ၁၉၉၀ ပြည့်လွန်နှစ်များအရောက်တွင် ဝါးအစည်းပြေသလိုပြိုကွဲကာ သမိုင်းအတွင်း ပြန်လည်တိုးဝင်ပျောက်ကွယ်သွားခဲ့သော တစ်ချိန်က ယူဂိုဆလားဗီးယားနိုင်ငံ၏ သမိုင်းဖြစ်စဉ်ကို ပြန်ပြောင်းအမှတ်ရမိသည်။

ယူဂိုဆလားဗီးယားနိုင်ငံကို မာရှယ်တီတိုးက ဒုတိယကမ္ဘာစစ်ပြီးစ ၁၉၄၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ ယူဂိုဆလားဗီးယားသည် ဧရိယာစတုရန်းမိုင် ၉၈၇၆၆ ရှိပြီး ထိုစဉ်က လူဦးရေ ၁၇ သန်းကျော်မျှသာရှိသည်။ သို့သော် ပြည်နယ်နှင့် လူမျိုးအလိုက် ကွဲပြားခြားနားမှုများရှိသောကြောင့် ဒေသနယ်ပယ်အစွဲရှိကြသော တိုင်းရင်းသားလူမျိုးများ၏ ဆန္ဒနှင့်အညီ ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်သူ့သမ္မတနိုင်ငံ ခြောက်နိုင်ငံထူထောင်ရန် မာရှယ်တီတိုးက လက်ခံသဘောတူခဲ့သည်။

ပြည်ထောင်စု ယူဂိုဆလားဗီးယားသမ္မတနိုင်ငံ

သို့ဖြင့် ဆားဘီးယား၊ ခရိုအေးရှား၊ ဆလိုဗီးနီးယား၊ မွန်တီနီဂရိုး၊ ဘော့စ်နီးယားနှင့် ဟာဇီဂိုဗီးနား၊ မက်ဆီဒိုးနီးယားသမ္မတနိုင်ငံတို့ကို စုပေါင်း၍ ပြည်ထောင်စု ယူဂိုဆလားဗီးယား သမ္မတနိုင်ငံအဖြစ် ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ထူထောင်ခဲ့သည်။ ဆားဘီးယားသမ္မတနိုင်ငံအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်နှစ်ခုအဖြစ် ကိုဆိုဗိုနှင့် ဗော့ချ်ဗိုဒီနာတို့ ပါဝင်သည်။ ယူဂိုဆလားဗီးယား ဖက်ဒရယ်ဆိုရှယ်လစ်သမ္မတနိုင်ငံ တစ်ခုလုံးကို ရှစ်ဦးပါ သမ္မတအဖွဲ့က ဦးဆောင်သော်လည်း အလုံးစုံအာဏာပိုင်အဖွဲ့မှာ ယူဂိုဆလားဗီးယား ကွန်မြူနစ်အဖွဲ့ချုပ်ဖြစ်သည်။

မာရှယ်တီတိုးသည် စစ်ထောင်း၍ ကျေခဲ့သော ယူဂိုဆလားဗီးယားနိုင်ငံကို အမြန်ဆုံးပြန်လည်ထူထောင်ရန် ကြိုးစားခဲ့ရသည်။ မာရှယ်တီတိုးသည် ယူဂိုဆလားဗီးယားနိုင်ငံကို ဆိုရှယ်လစ်စနစ်ဖြင့် တည်ဆောက်ခဲ့သော်လည်း တံခါးဖွင့်ပေါ်လစီကို ကျင့်သုံးခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် စီးပွားရေးပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ယူဂိုဆလပ်စီးပွားရေးမှာ တစ်ဟုန်ထိုး တိုးတက်ခဲ့လေသည်။

သို့ရာတွင် မာရှယ်တီတိုးခေတ်မှာပင် ယူဂိုဆလားဗီးယားသည် ဖြေရှင်းရန် ပြဿနာများစွာရှိခဲ့သည်။ လူဦးရေအများဆုံး ဆာ့ဗ်လူမျိုးများနှင့် ဒုတိယအများဆုံးဖြစ်သော ခရိုအေးရှန်းတို့မှာ သမိုင်းရန်ငြိုးရှိခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ခရိုအေးရှားနယ်သား အများစုသည် နာဇီဂျာမနီတို့နှင့်ပူးပေါင်းကာ ခရိုအေးရှားနယ်၌ နေထိုင်ကြသော ဆာ့ဗ်လူမျိုးများကို လူမျိုးရေးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြရာ ဆာ့ဗ်လူမျိုး တစ်သိန်းခန့်အသတ်ခံခဲ့ရသည်ဟု ဆိုသည်။ ထိုဖြစ်စဉ်များကြောင့် ဆာ့ဗ်နှင့် ခရိုအေးရှန်းတို့မှာ ရန်ငြိုးမပြေရှိခဲ့ကြသည်။

တစ်ဖန် မြောက်ပိုင်း / တောင်ပိုင်းပြဿနာလည်း ရှိပြန်သည်။ ခရိုအေးရှားနှင့် ဆလိုဗီးနီးယားတို့ ပါဝင်သော မြောက်ပိုင်းဒေသများသည် ရေမြေသယံဇာတကြွယ်ဝသဖြင့် အစဉ်အဆက် ပြည့်စုံကြွယ်ဝချမ်းသာခဲ့သော်လည်း တောင်ပိုင်းဒေသများမှာမူ သယံဇာတရှားပါး၍ ဆင်းရဲသည်။ မြောက်ပိုင်း ခရိုအေးရှားနှင့် ဆလိုဗီးနီးယားမှ လူတစ်ဦးချင်း၏ တစ်နှစ်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၅၀၀၀ ရှိသော်လည်း တောင်ပိုင်းမွန်တီနီဂရိုးနယ်နှင့် ကိုဆိုဗိုတွင် ဒေါ်လာ ၇၀၀ မျှသာရှိလေသည်။

ထိန်းမနိုင်သိမ်းမရ

သို့နှင့် မာရှယ်တီတိုးက ပြည်ထောင်စုမူအရသမ္မတနိုင်ငံများ အချိုးညီညီဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆောင်ရွက်မှုအပေါ် ပြည့်စုံကြွယ်ဝသော မြောက်ပိုင်းက ဆင်းရဲသော တောင်ပိုင်းဒေသများကို အမြဲတမ်းဝေမျှပေးနေရသည့်အတွက် မကျေမနပ်ဖြစ်လာသည်။ အချိုးညီညီ တိုးတက်ရေးဟူသော ဗဟိုအစိုးရ၏ လှုံ့ဆော်ချက်သည် မြောက်ပိုင်းသားများအကြားတွင် အရာမဟုတ်ဘဲရှိနေခဲ့သည်။ ဗဟိုချုပ်ကိုင်မှုဖြင့် စီမံခန့်ခွဲနေချိန်၌ ပြဿနာအကြီးအကျယ်မတက်ခဲ့သော်လည်း ဗဟိုချုပ်ကိုင်မှု ကို ၁၉၆၆ ခုနှစ်မှစ၍ လျှော့ပေးလိုက်သည့်နောက်တွင် သမ္မတနိုင်ငံများအကြား ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့ကြသည်။

ခရိုအေးရှားအရေးအခင်းသည် မာရှယ်တီတိုးအဖို့ ခေါင်းခဲစရာ ပြည်တွင်းရေးပြဿနာတစ်ရပ် ဖြစ်လာခဲ့လေသည်။ နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားများ အလာများ၍ နိုင်ငံခြားဝင်ငွေ အလွန် ကောင်းသော ခရိုအေးရှားနိုင်ငံက နိုင်ငံခြားဝင်ငွေ ခွဲဝေသုံးစွဲရာတွင် ခရိုအေးရှားနိုင်ငံအတွက် ခွဲတမ်းအများဆုံးပေးရမည်ဟု တောင်းဆိုရာမှ စတင်ခဲ့သည်။

ခရိုအေးရှားမြို့တော် ဇာဂရက်တွင် ၁၉၇၁ ခုနှစ် နိုဝင်ဘာလကဖြစ်ပွားခဲ့သော ကျောင်းသားဆန္ဒပြပွဲကြီးမှတစ်ဆင့် ကိုယ်ပိုင်တပ်မတော်၊ ကိုယ်ပိုင်လေကြောင်းဆက်သွယ်ရေး၊ ကုလသမဂ္ဂသို့ သီးခြားဝင်ရောက်ရေးအပါအဝင် ခရိုအေးရှားသမ္မတနိုင်ငံ သီးခြားခွဲထွက်ရေးအထိ တောင်းဆိုလာခဲ့ကြသည်။

အစွန်းရောက်မှုကို သည်းမခံနိုင်

ခရိုအေးရှားသီးခြားခွဲထွက်ရေး အယူအဆမှာ ဒုတိယကမ္ဘာစစ်အတွင်းမှစ၍ တည်ရှိခဲ့သည်။ ခွဲထွက်ရေးသမား ၁၀၀၀ ခန့်သည် အနောက်ဥရောပ နိုင်ငံအချို့နှင့် ကနေဒါ၊ အမေရိကန်နိုင်ငံများတွင် ပြည်ပြေးများအဖြစ် နေထိုင်ခဲ့ကြပြီး ခရိုအေးရှား ပြည်တွင်းဆူပူလှုပ်ရှားမှုများ ဖြစ်ပေါ်လာအောင် အခွင့်ကြုံတိုင်း အားပေးအားမြှောက်လုပ်ခဲ့ကြသည်။ ဇာဂရက်ဆန္ဒပြပွဲကြီးသည် ပြည်ပြေးများနှင့် တစ်လေသံတည်း ထွက်လာသောအခါ မာရှယ်တီတိုးသည် ခရိုအေးရှားနယ်သားဖြစ်သော်လည်း မိမိဇာတိဌာနေသားတို့၏ အစွန်းရောက်မှုကို သည်းမခံနိုင်တော့ဘဲ ခပ်ကြမ်းကြမ်းကိုင်တွယ် ခဲ့လေသည်။ တစ်ဖက်တွင်လည်း မာရှယ်တီတိုးသည် ပြည်ထောင်စုကြီးတည်မြဲရေး၊ သမ္မတနိုင်ငံများ ခွဲမထွက်ဘဲ သင့်မြတ်စွာ ပူးပေါင်းနေထိုင်ရေးအတွက် နည်းလမ်းရှာဖွေရန် ဆွေးနွေးခဲ့သည်။

သို့ရာတွင် ခွဲထွက်ရေးသမားပြည်ပြေးတို့က ယူဂိုဆလားဗီးယားလေကြောင်းပိုင် လေယာဉ်တစ်စင်းနှင့် အမြန်ရထားတစ်စင်းတို့ကို ဗုံးပေါက်ခွဲ၍ အပြစ်မဲ့ခရီးသည်အချို့ သေကျေဒဏ်ရာရရှိခဲ့ကြ သည်။ ထို့ပြင် ဆွီဒင်နိုင်ငံမြို့တော် စတော့ဟုမ်းရှိ ယူဂိုဆလပ်သံအမတ်ကြီးကိုလည်း ခရိုအေးရှား အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ ခရိုအေးရှားအကြမ်းဖက်သမားများသည် မာဖီးယားဂိုဏ်းကြီးပုံစံမျိုးဖြင့် ဖွဲ့စည်းထားပြီးနိုင်ငံခြားတွင် အလုပ်လုပ်နေကြသော ခရိုအေးရှား လူမျိုးများထံမှ နှစ်စဉ်ဆက်ကြေးကောက်ခံ၍ ရန်ပုံငွေအဖြစ် စုဆောင်းခဲ့ကြသည်။

၁၉၈၀ ပြည့်နှစ် မေလတွင် မာရှယ်တီတိုးကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် အသက် ၈၇ နှစ်ရှိပြီဖြစ်သော်လည်း ခေါင်းဆောင်ကောင်းပီပီ နိုင်ငံတစ်နိုင်ငံကို ၃၅ နှစ်လုံးလုံး ဦးဆောင်မှုပေးခဲ့ သည်။ မာရှယ်တီတိုး မကျန်းမမာဖြစ်စဉ်ကတည်းက လေ့လာသူများက ယူဂိုဆလားဗီးယားနိုင်ငံ၏ အခြေအနေကို သုံးသပ်တွက်ချက်ခဲ့ကြရာ ဘာသာအမျိုးမျိုးနှင့် စကားအထွေထွေရှိသည့် လူမျိုးစုများအနေဖြင့် ဆက်လက်ပြီး စည်းလုံးညီညွတ်ပါ့မလား၊ ကိုယ်ကျိုးစီးပွားအခြေခံသည့် အယူအဆများ လွှမ်းမိုးပြီး ရှေ့တန်းရောက်သူက နောက်ကျကျန်သူကို အနစ်နာခံပြီး တွဲခေါ်နိုင်ပါ့မလား၊ အစဉ်အလာအရ သမိုင်းနှင့်ချီပြီး ရန်ဘက်ပဋိပက္ခဖြစ်ခဲ့မှုတွေကို ဆက်လက်ပြီးပြည်ဖုံးကားချနိုင်ပါ့မလား စသည်ဖြင့် မေးခွန်းများစွာထုတ်ခဲ့ကြပြီး ယူဂိုဆလားဗီးယား နိုင်ငံအတွက် အန္တရာယ်အရှိဆုံးမှာ ပြည်တွင်းရေး ပင်ဖြစ်သည်ဟု ဆိုခဲ့ကြသည်။

အက်ကြောင်းပေါ်ပေါက်လာ

လေ့လာသူများ သုံးသပ်အဖြေထုတ်သကဲ့သို့ပင် ယူဂိုဆလားဗီးယားနိုင်ငံသည် မာရှယ်တီတိုးကွယ်လွန်ပြီး ၁၀ နှစ်မျှအကြာတွင် စတင်အက်ကြောင်းပေါ်ပေါက်လာသည်။ နောက်တစ်နှစ်၊ နှစ်နှစ်အတွင်း တစ်စစီပြိုကွဲသွားခဲ့လေသည်။

၁၉၈၈ ခုနှစ်တွင် ဆားဘီးယားပါတီဥက္ကဋ္ဌအဖြစ် ဆလိုဘိုဒန်မီလိုဆီဗစ် တက်လာသည်။ မီလိုဆီဗစ်သည် ယူဂိုဆလားဗီးယားပြည်ထောင်စုတစ်ခုလုံးကို ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့် ဆာ့ဗ်တို့က ပြန်လည်အုပ်ချုပ်ရန် ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ဆာ့ဗ်လူမျိုးစုမဟုတ်သော တိုင်းရင်းသားလူမျိုးများ စိုးရိမ်ထိတ်လန့်လာကြသည်။ ၁၉၈၈ နှင့် ၁၉၈၉ ခုနှစ်တွင် မီလိုဆီဗစ်သည် ဗော့ချ်ဗိုဒီနာနှင့် မွန်တီနီဂရိုးပါတီ နှင့် ပြည်နယ်ခေါင်းဆောင်များကို ဖယ်ရှားပစ်ခဲ့သည်။ ကိုဆိုဗိုနှင့်ဗော့ချ်ဗိုဒီနာပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များကိုလည်း ရုပ်သိမ်းလိုက်သည်။ ကိုဆိုဗိုတွင် လူများစုဖြစ်သော အယ်လ်ဘေးနီးယား လူမျိုးများကို နှိပ်ကွပ်လွန်းဟုယူဆပြီး အယ်လ်ဘေးနီးယားများ သူပုန်ထကြသည်။

၁၉၉၀ ပြည့်နှစ် ဇန်နဝါရီလတွင် ယူဂိုဆလားဗီးယားကွန်မြူနစ်အဖွဲ့ချုပ် ပြိုကွဲလေသောအခါ ထိုနှစ်နှောင်းပိုင်းတွင် ကျင်းပသော ရွေးကောက်ပွဲများတွင် အမျိုးသားရေးပါတီများ နေရာရလာကြသည်။ ထိုအခါ သီးခြားခွဲထွက်ရေးတောင်းဆိုမှု ဖြစ်ပေါ်လာ၍ ဆန္ဒခံယူပွဲများပြုလုပ်ခဲ့ကြရာ ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ဆလိုဘင်းတို့ကစတင်၍ ခွဲထွက်မည်ဟုဆန္ဒပေးကြသည်။ ၁၉၉၁ ခုနှစ် ဇွန်လတွင် ခရိုအေးရှားကလည်း ခွဲထွက်မည်ဟု ဆန္ဒပေးကြပြန်သည်။ သို့နှင့် ၁၉၉၁ ခုနှစ် ဇွန်လ ၂၅ ရက်တွင် ခရိုအေးရှားနှင့် ဆလိုဗီးနီးယားတို့က လွတ်လပ်ရေးကြေညာခဲ့ကြသည်။

မကြာမီ ခရိုအေးရှားတွင် ပြည်တွင်းစစ်ထဖြစ်လာတော့သည်။ ယူဂိုဆလပ်တပ်မတာ်၏ ထောက်ပံ့မှုရရှိသော ခရိုအေးရှားဆာ့ဗ်ပြည်သူ့စစ်များက တစ်ဖက်၊ အရေးပေါ် ခရိုအေးရှားလွတ်လပ်ရေးတပ်ကတစ်ဖက် တိုက်ခိုက်ကြရာ ကုလသမဂ္ဂက အထူးကိုယ်စားလှယ်စေလွှတ်၍ ကြားဝင်ဖျန်ဖြေခဲ့ရသည်။ ဥရောပအဖွဲ့ EC (ယခု EU)က ယူဂိုဆလားဗီးယား ပြန်လည်စည်းလုံးညီညွတ်ရေးကို ကြိုးစားခဲ့သော်လည်း မအောင်မြင်သည့်အဆုံး ၁၉၉၂ ခုနှစ် ဇန်နဝါရီလတွင် ဆလိုဗီးနီးယားနှင့် ခရိုအေးရှားကို အသိအမှတ်ပြုလိုက်သည်။

ထိုအခါ မက်ဆီဒိုးနီးယားနှင့် ဘော့စနီးယား နှစ်နိုင်ငံစလုံးကလည်း ဆာ့ဗ်များကြီးစိုးနေသည့် လက်ကျန် ယူဂိုဆလားဗီးယားပြည်ထောင်စုထဲတွင် မနေလိုတော့ဟုဆိုကာ လွတ်လပ်ရေးကြေညာရန် စိုင်းပြင်းခဲ့ကြပြန်သည်။ EC က အသိအမှတ်ပြုရန် ၁၉၉၁ ခုနှစ် နှစ်ကုန်ခါနီးတွင် လျှောက်ထားခဲ့ကြသည်။

၁၉၉၂ ခုနှစ် နွေဦးတွင် ယူဂိုဆလပ်နှင့် မက်ဆီ ဒိုးနီးယားတို့ ဆွေးနွေးညှိနှိုင်းမှု အောင်မြင်ခဲ့ပြီး ယူဂိုဆလပ်စစ်တပ်များ ငြိမ်းချမ်းစွာ ပြန်လည်ရုပ်သိမ်းပေးခဲ့၍ မက်ဆီဒိုးနီးယားသည် စစ်မဖြစ်ဘဲ လွတ်လပ်ရေးရသော ယူဂိုဆလားဗီးယား၏ အမွေခံနိုင်ငံတစ်ခု ဖြစ်ခဲ့လေသည်။

ဘော့စနီးယားတို့မှာမူ ကံမကောင်းခဲ့ချေ။ ၁၉၉၂ ခုနှစ် ဧပြီလတွင် ပြည်တွင်းစစ်ဖြစ်ခဲ့သည်။ စစ်ဖြစ်ချိန်မှာပင် အမေရိကန်နှင့် EC (ယခု EU) က ဘော့စနီးယားကို အသိအမှတ်ပြုခဲ့သည်။ ဘော့စနီးယားတွင် ဆာ့ဗ်၊ ခရိုအက်နှင့် ဘော့စနီးယား မူဆလင်တို့သည် လူမျိုးရေးကို ရှေ့တန်းတင်၍ အပြင်းအထန်တိုက်ခိုက်ကြရာ အပြစ်မဲ့ပြည်သူ အမြောက်အမြားသေကျေပျက်စီးခဲ့ကြရလေသည်။

တစ်ဖန် ဆားဘီးယားနိုင်ငံ၏ ပြည်နယ်အစိတ်အပိုင်းတစ်ခုဖြစ်သော ကိုဆိုဗိုပြည်နယ်ကလည်း သီးခြားလွတ်လပ်ခွင့်တောင်းဆိုရာမှ ၁၉၉၈ ခုနှစ်တွင် ကိုဆိုဗိုစစ်မီး ထပ်ဆင့်လောင်ကျွမ်းခဲ့လေရာ ယခုတစ်ကြိမ်တွင် အမေရိကန် ဦးဆောင်သော နေတိုးစစ်အုပ်စုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်မပါဘဲ ယူဂိုဆလားဗီးယားကို လေကြောင်းမှအပြင်းအထန်တိုက်ခိုက်ခဲ့သည်။ နေတိုးစစ်အုပ်စုသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပနေစဉ်မှာပင် စစ်ရေးပစ်မှတ်များကို ပြင်ဆင်နေခဲ့ပြီး ဆွေးနွေးပွဲပျက်ပြားသွားပြီးနောက် ၁၉၉၉ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် လေကြောင်းမှ စတင်ကျူးကျော်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တစ်ဖက်တွင်လည်း ဆားဘီးယားနှင့် မွန်တီနီဂရိုးသည် ၁၉၉၂ ခုနှစ် ဧပြီလတွင် ယူဂိုဆလား ဗီးယားဖက်ဒရယ်သမ္မတနိုင်ငံဟု ကြေညာခဲ့ရာ ထိုကြေညာချက်သည် ကျန်လေးနိုင်ငံ ခွဲထွက်သွားသည်ကို အသိအမှတ်ပြုလုပ်သည့်သဘော သက်ရောက်သွားလေသည်။ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလတွင်မူ ယူဂိုဆလားဗီးယားဖက်ဒရယ် သမ္မတနိုင်ငံကို ဆားဘီးယားနှင့် မွန်တီနီဂရိုးနိုင်ငံဟု အမည်ပြောင်းလိုက်သည်။

ဝါးအစည်းပြေသလို ဖရိုဖရဲ

ဤသို့ဖြင့် ၃၅ နှစ်ကြာမျှ မာရှယ်တီတိုး တည်ဆောက်ခဲ့သော ယူဂိုဆလားဗီးယား ပြည်ထောင်စုသည် တီတိုးလွန်ပြီး ဆယ်စုနှစ်တစ်ခုမျှအကြာတွင် ဝါးအစည်းပြေသလို ဖရိုဖရဲပြိုကွဲသွားခဲ့ရလေသည်။

ယခင်က အရှေ့ဥရောပဆိုရှယ်လစ်နိုင်ငံများထဲတွင် စံပြတစ်နိုင်ငံအဖြစ် ခေတ်မီဖွံ့ဖြိုးတိုးတက်ခဲ့သော နိုင်ငံတစ်နိုင်ငံသည် စစ်ပွဲကာလအတွင်း ထောင်းလမောင်း ကြေမွပျက်စီးသွားခဲ့သည်။ စစ်ပွဲကာလအတွင်း အပြစ်မဲ့ပြည်သူများ သိန်းနှင့်ချီ သေကျေပျက်စီးခဲ့ကြရသလို ကျန်ရှိသူများမှာလည်း စားရမဲ့၊ သောက်ရမဲ့ စစ်ဘေးဒုက္ခသည်များအဖြစ် အခြားနိုင်ငံများတွင် ခိုလှုံနေခဲ့ကြရသည်။ ယူဂိုဆလားဗီးယားနိုင်ငံ၏ သမိုင်းဖြစ်စဉ်များသည် ပြည်ထောင်စုနိုင်ငံများအတွက် သမိုင်းသင်ခန်းစာတစ်ရပ်ဖြစ်ပေသည်။

သို့ဖြစ်ရကား ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခါသမယတွင် ပြည်ထောင်စုကြီး ကမ္ဘာတည်သရွေ့အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြည်ထောင်စုတိုင်းရင်းသားတိုင်းက ဥမကွဲသိုက်မပျက်၊ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊ အေးအတူပူအမျှဟူသည့် ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်ရှင်သန်ထက်မြက်စေရန် ကျင့်ကြံမွေးမြူကြရပါမည်။

နွားကွဲလျှင် ကျားဆွဲပေလိမ့်မည်။ ယခုမျက်မှောက်ကာလမှာပင် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းအချို့ကြီးစိုးနေသော ဒေသအချို့တွင် လက်နက်ကိုင်အချင်းချင်း သူတစ်လူငါတစ်မင်း နယ်မြေလုရင်း ပဋိပက္ခများဖြစ်ပေါ်နေသည်ကို သင်ခန်းစာအဖြစ် ကျွန်ုပ်တို့ ပြည်ထောင်စုသားအားလုံး ရှုမြင်သတိချပ်ကြရပေမည်။ ပြည်ထောင်စုကြီးမပြိုကွဲရေးအတွက် ပြည်ထောင်စု၏ မည်သည့်ဒေသတွင် နေထိုင်သည်ဖြစ်စေ ပြည်ထောင်စုစိတ်ဓာတ်ကိုသာ ဦးထိပ်ပန်ဆင်ကြရပေမည်။ အဘယ်ကြောင့်ဆိုသော် ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲနေမှသာ ပြည်ထောင်စု၏အရိပ်ကို ကျွန်ုပ်တို့ သားစဉ်မြေးဆက် ငြိမ်းချမ်းပျော်ရွှင်စွာ ခိုလှုံနိုင်ကြမည်ဖြစ်ပါသည်။ ။

ကိုးကား - မောင်ဝံသ၏ “မာရှယ်တီတိုးနိုင်ငံရေးအတ္ထုပ္ပတ္တိ”