အယ်လ်နီညိုရာသီနှင့် ဝါစိုက်ပျိုးထုတ်လုပ်မှု
ဇေယျာထွန်း
အယ်လ်နီညိုဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ ပင်လယ်ရေမျက်နှာပြင်ကို ပူနွေးလာစေပြီး ကမ္ဘာ့ရာသီဥတုပုံစံကို ပြောင်းလဲစေနိုင်သော ဖြစ်စဉ်ဖြစ်ပါသည်။ အယ်လ်နီညိုသည် ၂ - ၇ နှစ်လျှင်တစ်ကြိမ် ဖြစ်ပေါ်တတ်ပြီး ၉ - ၁၂ လအထိ ကြာတတ်ပါသည်။
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)က ၂၀၂၃-၂၀၂၄ ခုနှစ်တွင် အားကောင်းသော အယ်လ်နီညိုဖြစ်စဉ်၏ ပြင်းထန်သော သက်ရောက်မှုကို ခံစားရနိုင်သောနိုင်ငံများကို ထုတ်ပြန်ခဲ့ရာတွင် မြန်မာနိုင်ငံသည် ရာသီဥတုဆိုင်ရာစိန်ခေါ်မှုများအတွက် ဦးစားပေး စောင့်ကြည့်ရမည့်စာရင်းတွင် ပါဝင်သည်။ မြန်မာနိုင်ငံသည် ၁၉၈၀ ပြည့်နှစ် မှ ၂၀၁၅ ခုနှစ်အတွင်း-
(၁) ၁၉၈၂- ၁၉၈၃၊
(၂) ၁၉၈၆-၁၉၈၇၊
(၃) ၁၉၈၇-၁၉၈၈၊
(၄) ၁၉၉၁-၁၉၉၂၊
(၅) ၁၉၉၇-၁၉၉၈၊
(၆) ၂၀၀၂-၂၀၀၃၊
(၇) ၂၀၀၉-၂၀၁၀၊
(၈) ၂၀၁၄-၂၀၁၅ များတွင် အယ်လ်နီညိုဖြစ်ပွားမှု ရှစ်ကြိမ်ကြုံတွေ့ခဲ့ရပါသည်။
မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသများတွင် ပုံမှန်ရွာသွန်းမြဲမိုးရေချိန်အောက်လျော့နည်းရရှိပြီး အပူချိန်မြင့်တက်မှုပြင်းထန်နိုင်ပြီး ပူပြင်းခြောက်သွေ့မှုဒဏ်ကို ခံစားရနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံ၏ တရားဝင်မိုးလေဝသကြေညာချက်များကို စောင့်ကြည့်လေ့လာပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြရန် ကမ္ဘာ့မိုးလေဝသအဖွဲ့က နှိုးဆော်ထားပါသည်။
အယ်လ်နီညို ရာသီဥတုကြောင့် မြန်မာနိုင်ငံ ဝါစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို သက်ရောက်မှု
ကမ္ဘာ့ရာသီဥတုသည် အယ်လ်နီညိုနှင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတို့ကြောင့် ပူနွေးလာလျက်ရှိပြီး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို ရိုက်ခတ်လျက်ရှိသကဲ့သို့ ဝါစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကိုပါ သက်ရောက်နေပါသည်။ အယ်လ်နီညိုအားကောင်းမှုက စိုက်ပျိုးရေးအပေါ် သက်ရောက်မှုများစွာ ဖြစ်ပေါ်စေပြီး စားနပ်ရိက္ခာထောက်ပံ့မှုကွင်းဆက်ကို နှောင့်ယှက်ဟန့်တားမှုများနှင့် နိုင်ငံစီးပွားရေးကို ထိခိုက်စေနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ဝါသီးနှံကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းသောဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)တို့တွင် အဓိကစိုက်ပျိုးပြီး ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ ရခိုင် ပြည်နယ်များရှိ မြို့နယ်အချို့တွင်လည်း စိုက်ပျိုးလျက်ရှိပါသည်။
ထို့ကြောင့် အယ်လ်နီညိုသည် ဝါသီးနှံကို အဓိကစိုက်ပျိုးနေသော ဒေသများ၌ ကာလရှည်မိုးခေါင်မှုကို ဖြစ်စေနိုင်ပြီး စိုက်ပျိုးရာသီအတွက် အထူးသဖြင့် မိုးကောင်းသောက် ဝါစိုက်ဒေသများတွင် ပုံမှန်ရာသီဥတုရှိသော နှစ်များနှင့်ယှဉ်ပါက ဝါအထွက်နှုန်းကို ထိခိုက်ကျဆင်းစေနိုင်ပါသည်။ တခြားတစ်ဖက်တွင်လည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းအန္တရာယ်ရှိပြီး ဝါစိုက်ပျိုးထုတ်လုပ်မှုကို သက်ရောက်စေနိုင်ပါသည်။ မိုးခေါင်ရေရှားမှုနှင့် အပူချိန်တိုးလာမှုကြောင့် ဝါသီးနှံအပေါ် ရေလိုအပ်ချက်သည် ပုံမှန်စိုက်ရာသီများထက် ပိုနိုင်ပြီး မြေအောက်ရေနှင့် ဆည်ရေသောက်ဒေသများတွင် ရေကိုစနစ်တကျသုံးစွဲရန် အရေးကြီးပါသည်။
ထို့ပြင် ကမ္ဘာကြီးပူနွေးလာပြီး အပူချိန်တိုးလာသည်နှင့်အမျှ အင်းဆက်အားလုံးနီးပါးကို သက်ရောက်မှုရှိပြီး အင်းဆက်ဖျက်ပိုးများကိုသာမက ရောဂါဖြစ်စေသော သက်ရှိများ (မှို၊ ဗိုင်းရပ်စ်၊ ဗက်တီးရီးယား၊ နီမတုတ် စသည့်) သက်ရှိများ၏ ဇီဝဖြစ်စဉ်ကိုပါ လျင်မြန်စေသည်ဟု သုတေသနစာတမ်းများတွင် ဆိုထားသည်။ ဤအကျိုးသက်ရောက်မှုများသည် အင်းဆက်ဖျက်ပိုးများနှင့် ရောဂါဖြစ်စေသော သက်ရှိများ၏အရေအတွက် တိုးလာပြီး ဝါစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို သက်ရောက်မှုများ ကြုံလာရနိုင်ပါသည်။ ဝါပင်၏ ပြင်ပပုံသဏ္ဌာန်နှင့် အပင်ဇီဝဆိုင်ရာ တည်ဆောက်ထားမှု ပုံသဏ္ဌာန်ထူးခြားချက်များသည် အခြားသီးနှံများထက် ပိုးကျရောက်ဖျက်ဆီး ပိုမိုကျရောက်ရန် ဖန်တီးထားသကဲ့သို့ ဖြစ်နေပါသည်။
ဝါပင်၏ ရာသီဥတုအပေါ်တုံ့ပြန်မှု
ဝါသည် ပူ၍ခြောက်သွေ့သောဒေသများကို ကြိုက်နှစ်သက်ပြီး အမြင့်ဆုံးအထွက်နှုန်းကို ၎င်းဒေသများတွင် ရရှိနိုင်သော်လည်း ၂၀-၃၀ ဒီဂရီဆဲလ်စီးယပ်အတွင်း ညီညာသောအပူချိန်ရရှိရန် လိုအပ်ပါသည်။ ဝါပင်သည် အပူချိန် ၃၅ ဒီဂရီဆဲလ်စီးယပ်အထက်ဆိုလျှင် မသင့်လျော်ပါ။ သို့သော် ၄၃ - ၄၅ ဒီဂရီ ဆဲလ်စီးယပ်အထိ ရက်အနည်းငယ် ထိခိုက်မှုမရှိဘဲ ခံနိုင်ရည်ရှိပါသည်။ ၎င်းအပူချိန်အတိုင်း ရက်အတော်ကြာ ဆက်ရှိနေမည်ဆိုပါက ဝါအထွက်နှုန်းကို ဆိုးကျိုးသက်ရောက်နိုင်ပါသည်။
ဝါပင်ဖြစ်ထွန်းမှုအတွက် အကောင်းဆုံးနေ့တာမှာ ၈ - ၁၂ နာရီအတွင်း ဖြစ်ပါသည်။ ဝါပင်သန်စွမ်းကြီးထွားစေရန် ရေ(အစိုဓာတ်) လိုအပ်သည်။ အစိုဓာတ် မလုံလောက်လျှင် ဝါပင်ညှိုးစေပြီး အဖူး၊ အပွင့်နှင့် သီးကင်းများကြွေကျမည်။ အပင်ကြီးထွားမှုနှေးမည်။ အစိုဓာတ်များလျှင်လည်း အမြစ်များမှ အောက်ဆီဂျင်မရသဖြင့် အပင်ဖြစ်ထွန်းမှုမရှိဘဲ အဖူးနှင့် သီးကင်းများကြွေကျမည်။ အပင်ပုမည်။ အမြင့်ဆုံးအထွက်နှုန်းရရှိရန် ပုံမှန်ရာသီဥတုတွင် ရေ ၂၈ ဒသမ ၀ - ၃၈ ဒသမ ၅ ဧကလက်မ လိုအပ်သည်။ သို့ဖြစ်၍ အပင်ကြီးထွားမှု အဆင့်အလိုက် မြေအစိုဓာတ်ထိန်းစွမ်းအား (Field Capacity) လိုအပ်ချက်မှာ- ပန်းမပွင့်မီအချိန်တွင် ၆၅ ရာခိုင်နှုန်း၊ ပန်းပွင့်ဖြိုင်ချိန်တွင် ၇၀ ရာခိုင်နှုန်း၊ ဝါသီးကွဲချိန်တွင် ၆၀ ရာခိုင်နှုန်း အသီးသီးဖြစ်ပါသည်။
မိုးကောင်းသောက်စိုက်ပျိုးမည့်ဒေသတွင် ပျမ်းမျှမိုးရေချိန် ၂၀ လက်မ- ၄၀ လက်မရရှိရန်လိုသည်။ ဝါစိုက်ရန် အသင့်လျော်ဆုံးနှစ်စဉ်ပျမ်းမျှမိုးရေချိန် မှာ ၃၅ လက်မ - ၄၅ လက်မအတွင်း ဖြစ်ပါသည်။ ဝါစိုက်ပျိုးရာသီတွင် မိုးရွာသွန်းမှုညီညာပျံ့နှံ့ရန်လိုသည်။ ဝါသီးကွဲချိန်တွင် လေထုစိုထိုင်းဆ ၆၅ ရာခိုင်နှုန်းအောက် ရှိသင့်သည်။
ဝါစေ့စတင်စိုက်ပျိုးသည်မှ ဝါပင်မြေပေါ်ထွက်လာသည်အထိ ကာလကြာမြင့်မှုမှာ မြေတွင်းအပူချိန်နှင့် သက်ဆိုင်ပါသည်။ မြေအပူချိန် ၁၈ - ၂၂ ဒီဂရီဆဲလ်စီးယပ်အတွင်းတွင် ၁၀-၁၃ရက်ကြာတတ်ပြီး ၂၃-၂၆ ဒီဂရီဆဲလ်စီးယပ် အတွင်းတွင် ၇- ၉ ရက် ကြာတတ်ပါသည်။ မျိုးစေ့အပင်ပေါက်ရန် မြေအနက်လေးလက်မတွင် အနည်းဆုံး ၁၆ ဒီဂရီ ဆဲလ်စီးယပ်ရှိရန် လိုအပ်သည်။ ၎င်းထက်နည်းလျှင် အပင်ပေါက်စုံလင်စွာမရနိုင်ပေ။ ပန်းပွင့်ချိန်နှင့် ဝါသီးသီးချိန်တွင် နေ့အပူချိန် ၂၆ - ၃၂ ဒီဂရီဆဲလ်စီးယပ်အတွင်း ညအချိန်တွင် အအေးအသင့်အတင့် လိုအပ်ပါသည်။ ညအပူချိန်မြင့်မားခြင်း (၈၀ ဒီဂရီဖာရင်ဟိုက်=၂၆ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ်နှင့်အထက်)သည် ဝတ်မှုန်အောင်မြင်မှုကျဆင်းစေပြီး အချို့ဝါမျိုးများသည် ညအပူချိန် (၉၈ ဒီဂရီဖာရင်ဟိုက် = ၃၆ ဒသမ ၇ ဒီဂရီ ဆဲလ်စီးယပ်နှင့်အထက်)တွင် ဝတ်မှုန်ရှင်သန်မှု လုံးဝရပ်တန့်သွားပြီး ဝါစေ့အောင်မြင်မှုနည်းပါသည်။
ဝါစေ့အောင်မြင်မှု နည်းသည့်အတွက် ဝါအထွက်နှုန်းကို ထိခိုက်ကျဆင်းစေနိုင်သည်။ ဝါပွင့်ဝတ်မှုန်သည် အစိုဓာတ်နှင့် တုံ့ပြန်မှုပြင်းထန်သည်။ ဝတ်မှုန်သည် ရေနှင့်ထိတွေ့ပါက ငါးစက္ကန့်အတွင်း ပေါက်ကွဲသွားလေ့ရှိသဖြင့် ပန်းပွင့်ရက်များတွင် နံနက်စောစောမိုးရွာခြင်း၊ ရေစိုခြင်းဖြစ်ပါက မျိုးကူးစက်အောင်မြင်မှုနည်းသည်။ ဝါပွင့်၏ ပွင့်ဖတ်များ ပြန့်ကားပန်းပွင့်လာစေရန် အဓိကအားဖြင့် ရေအစိုဓာတ်က ဆောင်ရွက်ပါသည်။ သို့သော် ပန်းပွင့်ရန်အတွက်မူ ရေနည်းသော်လည်း အောင်မြင်စွာ ပွင့်နိုင်သည်။
ထိုကာလတွင် ပန်းပွင့်သည် ရေငတ်ဒဏ်ကို ခံနိုင်သော်လည်း သန္ဓေအောင်ပြီးနောက် ခံနိုင်ရည်အနည်းဆုံးအဆင့်သို့ ချက်ချင်းရောက်ရှိသွားပြီး ရေနည်းလျှင်ချက်ချင်းကြွေပါသည်။ ပန်းပွင့်ဖြိုင်ချိန်တွင် ဝါခင်းရေမငတ်စေရန် သတိပြုရ မည်။ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်နှင့် အထက် ပြင်းထန်စွာရောက်ရှိပါက ဝါပင်ဖြစ်ထွန်းမှုကို ထိခိုက်ကာ မျိုးကူးစက်မအောင်မြင်ဘဲ အပွင့်နှင့် သီးကင်းကြွေကျမှုကို ဖြစ်စေပါသည်။
ဝါသီးကွဲချိန်တွင် မိုးရွာပါကအထွက်နှုန်းနှင့် အရည်အသွေးကို ကျဆင်းစေနိုင်ပါသည်။ ဝါသီးရင့်မှည့်ချိန်တွင် ပျမ်းမျှနေ့အပူချိန် ၂၂ ဒီဂရီဆဲလ်စီးယပ်ရှိသင့်ပြီး ၎င်းကာလအတွင်း အပူချိန် ၃၈ ဒီဂရီ ဆဲလ်စီးယပ်သို့ ရောက်ရှိလာပါက ဝါသီးရင့်မှည့်မှု ရပ်တန့်ကာ သေးငယ်စေပြီး ချည်မျှင်ရင့်မှည့်မှုကို အပြည့်အဝမဖြစ်စေဘဲ အထွက်နှုန်းနှင့် ဂွမ်းအရည်အသွေးကို ကျစေသည်။ ချည်အရည် အသွေးမြင့်မားစေရန် ဝါပင်အင်္ဂါအစိတ်အပိုင်းအလိုက် ပုံမှန်ဖွံ့ဖြိုးမှုလိုအပ်ပါသည်။ ထို့ကြောင့် ဝါကြိုက်နှစ်သောအပူချိန် (၂၀-၃၀ ဒီဂရီဆဲလ်စီးယပ်)တွင် သင့်တော်သော စိုထိုင်းဆရှိပါက ဝါသီးတစ်လုံးတွင် ချည်မျှင်ပါဝင်မှုမြင့်မားပြီး ချည်အလျားတိုနေစေကာမူ ချည်မျှင်ကိုထူစေ၍ ခိုင်မာစေပါသည်။ မြေအပူချိန် ၂၀ ဒီဂရီဆဲလ်စီးယပ်အောက် ရက်အနည်းငယ် (ကာလတို) ကျရောက်ပါက ရေစုပ်ယူမှုကို နှေးကွေးစေပြီး သင့်လျော်သော အစိုဓာတ်ရှိလျှင်တောင်မှ ဝါပင်ကိုညှိုးစေနိုင်သည်။
ရာသီဥတုနှင့် လိုက်လျောညီထွေသော သီးညှပ်စိုက်ပျိုးနည်းစနစ်
အချို့ဒေသများတွင် ဝါသီးနှံတစ်မျိုးတည်း စိုက်ပျိုးကြသည်များရှိသကဲ့သို့ သီးညှပ်စိုက်ပျိုးသော ဒေသများလည်းရှိပါသည်။ သီးနှံစိုက်ပျိုးနည်းစနစ်များ များစွာရှိသည့်အနက်မှ အယ်လ်နီညိုရာသီနှင့် လိုက်လျောညီထွေရှိသည့် စိုက်နည်းစနစ်များမှာ-
ချည်မျှင်ရှည်ဝါနှင့် ပဲတီစိမ်း - ချည်မျှင်ရှည်ဝါကို ပင်ကြားတန်းကြား ၃ ပေ x ၂ ပေ တစ်ကျင်း နှစ်ပင်ချန် သို့မဟုတ် ၃ ပေ x ၃ပေ တစ်ကျင်း နှစ်ပင်ချန်စနစ်ဖြင့် စိုက်ပျိုးပြီး ချည်မျှင်ရှည်ဝါ စိုက်တန်းများ၏ အလယ်တွင် ပဲတီစိမ်းကို ကြွက်မြီးတန်းချစိုက်ပျိုးခြင်း။
ချည်မျှင်ရှည်ဝါနှင့် မြေပဲ - မြေပဲကို ၁ ဒသမ ၅ ပေ စိုက်တန်းဖြင့် ကြွက်မြီးတန်းချစိုက်ပျိုးပြီး မြေပဲနှစ်တန်း (ဝါအဓိကပုံစံ) သို့မဟုတ် မြေပဲငါးတန်း (မြေပဲအဓိကပုံစံ) စိုက်ပျိုးပြီးတိုင်း ဝါနှစ်တန်း စိုက်ပျိုးရန် ဝါကိုသတ်မှတ်အတန်းကြား အပင်ကြားအကွာအဝေး ဖြင့် စိုက်ပျိုးခြင်း။
ချည်မျှင်ရှည်ဝါနှင့် နှမ်း - နှမ်းကို ၁ ဒသမ ၅ ပေ စိုက်တန်းဖြင့် ဖြူးချစိုက်ပျိုးပြီး နှမ်းငါးတန်းကျော်တိုင်း ဝါနှစ်တန်းစိုက်ရန်၊ ဝါကိုသတ်မှတ်အတန်းကြား အပင်ကြားအကွာအဝေးဖြင့် စိုက်ပျိုးခြင်း။
ချည်မျှင်ရှည်ဝါနှင့် ငရုတ် - ပင်ကြား တန်းကြား ၃ပေ x ၂ပေ သို့မဟုတ် ၃ပေx ၃ ပေစနစ်ဖြင့် စိုက်ပျိုးထားသော ငရုတ်ခင်းတွင် ငရုတ်ပင်ကိုင်းခွပြီး ပန်းစပွင့်ချိန်၌ ငရုတ်စိုက်တန်းများအကြား သို့မဟုတ် ငရုတ်နှစ်ပင်ကြား ဝါကိုသတ်မှတ်အပင်ကြား အကွာအဝေးဖြင့် စိုက်ပျိုးခြင်း။
ချည်မျှင်ရှည်ဝါနှင့် ပဲစင်းငုံ- ချည်မျှင်ရှည်ဝါကို ပင်ကြားတန်းကြား ၃ ပေ x ၃ ပေ နှစ်ပင်ချန်စနစ်ဖြင့် စိုက်ပျိုးပြီး ဝါ ၆-၈ တန်း စိုက်ပျိုးပြီးတိုင်း ပဲစင်းငုံ ၁-၂ တန်း စိုက်ပျိုးခြင်း။
ချည်မျှင်တိုဝါနှင့် ပဲစင်းငုံ - ချည်မျှင် တိုဝါကို ၂ ဒသမ ၅ ပေ x ၁ ပေ နှစ်ပင်ချန် စနစ်ဖြင့် စိုက်ပျိုးပြီး ချည်မျှင်တိုဝါ ၈-၁၀ တန်း စိုက်ပျိုးပြီးတိုင်း ပဲစင်းငုံ တစ်တန်းစိုက်ပျိုးခြင်း။
အထက်ပါ သီးနှံအတွဲများသည် စိုက်ပျိုးရေးဦးစီးဌာန ဝါနှင့်လျှော်မျှင်ထွက် သီးနှံဌာနခွဲမှ အကြံပြုထားသော ဝါစိုက်ပျိုးနည်းစနစ်များထဲမှ ကောက်နုတ်တင်ပြထားခြင်းဖြစ်ပါသည်။
အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရာသီဥတုပုံမှန်မဖြစ်ခြင်းကို မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်လျက်ရှိသော သတင်းများကို အမြဲမပြတ်လေ့လာစောင့်ကြည့်၍ ဝါစိုက်တောင်သူဦးကြီးများ၏ စိုက်ပျိုးရေးဆိုင်ရာစီမံခန့်ခွဲမှုများ (အထူးသဖြင့် စိုက်ပျိုးနည်းစနစ်၊ သီးနှံကာကွယ်ရေး)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်စေရန် သို့မဟုတ် အနည်းဆုံးဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းများကို စီမံဆောင်ရွက်ကြရန် ဖြစ်ပါသည်။ စိုက်ပျိုးနည်းစနစ်နှင့် ပတ်သက်၍ ထက်မံသိလိုသည်များရှိပါက စိုက်ပျိုးရေးဦးစီးဌာန၏ ဝက်ဆိုက် (www.doa.gov.mm) တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း၊ (Call Center) MPT Free Call ဖုန်းနံပါတ် ၀၈၀၀၈၀၀၈၈၀၀ လည်းကောင်း၊ Viber No. ၀၉၇၆၄၀၀၀၈၄၁ သို့လည်းကောင်း ဖုန်းနံပါတ် ၀၆၇၃၄၁၀၁၃၉ သို့ ရုံးပိတ်ရက်မှအပ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း ဆက်သွယ်ဆွေးနွေးနိုင်ပါသည်။ ။