Skip to main content

နှုတ်စကား၊ စာစကား

ကိုယဉ်ချစ်(မန္တလေး)

လူတိုင်း နေ့စဉ် ကာယကံ၊ ဝစီကံ၊ မနောကံဆိုသည့် အလုပ်သုံးပါးကို မဖြစ်မနေလုပ်နေကြသည်။ အလုပ်သုံးပါးထဲမှ နှုတ်မှု(ဝစီကံ)ဖြင့် စကားပြောဆိုဆက်ဆံကြသည်။ ဘဝကို ရပ်တည်နေကြသည့်အခါ တစ်ဦးတည်းနေ၍မရ။ အနည်းဆုံးမိသားစုနှင့်ဆက်ဆံကြရသည်။ ထိုမှတစ်ဆင့် ရပ်ရွာ၊ မြို့ပြ၊ နိုင်ငံမှ နိုင်ငံတကာအဆင့်ထိ ဆက်ဆံကြရသည်။ ယင်းသို့ ဆက်ဆံကြသည့်အခါ စကားပြောဆိုခြင်းသည် အလုပ်တစ်ခုဖြစ်သည်။ ပြောဆိုကြရာတွင် ယေဘုယျအားဖြင့် နှုတ်မှပြောဆိုခြင်းနှင့် စာရေး၍ပြောဆိုခြင်းတို့ဖြင့် ဆက်ဆံပြောဆိုကြသည်။

နှုတ်သည်အစာစားရန်နှင့် စကားပြောရန်ဖြစ်သည်။ နှုတ်ကိုလွဲမှားစွာအသုံးချပါက ဆိုးကျိုးကိုသာဖြစ်စေသည်။ အစာစားရာတွင် မတည့်သည့်အစာစားမိခြင်း၊ လွန်ကဲစွာစားမိခြင်း တို့ကြောင့် ကျန်းမာရေးကို ထိခိုက်စေတတ်သည့်အပြင် အခန့်မသင့်ပါက အသက်ပင်ဆုံးရှုံးသွားနိုင်သည်။ ထို့ကြောင့် ရှေးပညာရှိကြီးများက တန်ဆေးလွန်ဘေး၊ အဆီစား၍ အသားမဖြစ်ဆိုသည့် စကားများဖြင့် သတိပေးဆုံးမခဲ့ကြသည်။ အစားအသောက်မဆင်ခြင်၍ ဝမ်းထဲသို့ အစာရောက်သွားပြီး ဝေဒနာခံစားရပါက နောက်ကျသွားပြီဖြစ်သည်။

နှုတ်မှပြောဆိုခြင်း     

နှုတ်မှုတစ်မျိုးဖြစ်သည့် စကားပြောဆိုကြရာတွင် ယေဘုယျအားဖြင့် တစ်ဦးချင်းပြောဆိုခြင်း၊ တစ်ဦးမှ အများကိုပြောဆိုခြင်းတို့ကို ပြုလုပ်ကြသည်။ မည်သို့ပြောဆိုသည်ဖြစ်စေ မပြောမီကတည်းက ပြောသင့်၊ မပြောသင့်ကို စဉ်းစားချင့်ချိန်ပြောဆိုခြင်း၊ ပြောသင့်သည့် အချိန်တွင်သာပြောဆိုခြင်း၊ အကျိုးရှိမည့်စကားကိုသာ ရွေးချယ်ပြောဆိုခြင်းတို့ပြုသင့်သည်။ သူတစ်ပါးအကျိုးကို ထိခိုက်နစ်နာစေမည့် ပြောဆိုမှုမျိုးကို ရှောင်ကြဉ်၍ပြောဆိုသင့်သည်။ စကားပြောခြင်းသည် အတတ်ပညာတစ်ခုဖြစ်သည်။ တစ်ဦးချင်းပြောဆိုရာတွင် ယဉ်ကျေး သိမ်မွေ့စွာပြောဆိုပြီး မိမိမနှစ်သက်သကဲ့သို့ အခြားသူမနှစ်သက်မည့် စကားပြောဆိုခြင်း၊ အသာစီးရယူ၍ အနိုင်အထက်ယူပြောဆိုခြင်းတို့ကို ရှောင်ကြဉ်သင့်သည်။ စကားတစ်ခွန်း၏အမှားကြောင့် မိတ်ဆွေပျက်ကြရသည်။ ဆက်ဆံရေးပျက်ကြရသည်။ အကျိုးစီးပွားများ ထိခိုက်ပျက်စီးတတ်သည်ကို သတိမူသင့်သည်။

တစ်ဦးမှ အများကို ပြောဆိုခြင်းဆိုသည်မှာ တရားပွဲများ၊ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ စကားဝိုင်းများဖြစ်သည်။ ဗုဒ္ဓမြတ်စွာ ဘုရားဟောကြားတော်မူခဲ့သော တရားတော်များကို လူတို့နှစ်ပေါင်း ၂၆၀၀ ကျော်တိုင်အောင် လိုက်နာကျင့်ကြံနေထိုင်ကြဆဲဖြစ်သည်။ ဗုဒ္ဓညွှန်ပြခဲ့သော တရားတော်များကို ဆရာတော်ကြီးများ ဟောကြားသော တရားပွဲများမှ နာယူမှတ်သားကြရသည်။ လူပုဂ္ဂိုလ်ပညာရှင်များ၏ အတွေ့အကြုံများ၊ စာပေကျမ်းဂန်များ၊ ဟောပြောချက်များသည် နောင်လာနောက်သားတို့အတွက် အထောက်အကူများစွာရရှိစေသည်။ မျက်မှောက်ခေတ်တွင် စာရေးဆရာများ၏ ဟောပြောပွဲများကိုလည်း ကြားသိနေရသည်။ ဟောပြောရာတွင် မိမိပြောလိုသည့် အကြောင်းအရာများကို ကြိုတင်လေ့လာပြင်ဆင်ခြင်း၊ စိတ်ကောင်းနှလုံးကောင်းကိုအခြေခံ၍ စေတနာပါသော စကားကိုသာပြောဆိုခြင်း၊ အများကောင်းကျိုးပြုနိုင်သည့်အကြောင်းအရာများကို ပြောဆိုခြင်း၊ ကိုယ်ဟန်ပန်အမူအရာ ယဉ်ကျေးသိမ်မွေ့ခြင်း၊ လေယူလေသိမ်းကိုဂရုပြု၍ နားထောင်ချင်စဖွယ်ပြောဆိုခြင်း၊ ရှင်းလင်းပီသသော လေသံဖြင့်ပြောဆိုခြင်း၊ သတ်မှတ်ချိန်အတွင်း လိုရင်းကိုထိရောက် အောင်ပြောဆိုခြင်း၊ ပြောဆိုမည့်အကြောင်းအရာ၏ ရည်ရွယ်ချက် မပျောက်အောင်ပြောဆိုခြင်း၊ ရင့်သီးသောအသုံးအနှုန်းများ၊ တစ်ဖက်သားကို အပုပ်ချတိုက်ခိုက်လိုသည့် ပြောဆိုမှုများကို ရှောင်ကြဉ်ခြင်း၊ ပြောဆိုသည့်အကြောင်းအရာ အချက်အလက်များသည် တိကျမှန်ကန်မှုရှိခြင်း၊ ပရိသတ်အပေါ်၊ ဟောပြောမှုအပေါ်မူတည်၍ အချိန်ကိုက်ဟောပြောခြင်း၊ ပြောဆိုသည့်ခေါင်းစဉ်၊ နိဒါန်းနှင့် နိဂုံးအပိုင်းများဆက်စပ်မှုရှိခြင်း စသည့်အချက်များကို အလေးအနက်ထား ပြောဆိုကြရသည်။

ပတ်ဝန်းကျင်နှင့် ဆက်ဆံပြောဆိုကြရာတွင် ရေကူးညာတင်၊ ကောက်ပင်ရိတ်လှီး၊ ရေစီးဖောင်ဆန်၊ အိုးတန်ဆန်ခတ်၊ ဆီပွတ်ကျည်ပွေ့၊ ဆင်ဝှေ့ရန်ရှောင်၊ တောင်သူယာခုတ်၊ ကြက်ဆုတ်ခွပ်ပစ်၊ ရေစစ်ကရား၊ ခက်တင်မောင်းနင်း စသည့်စကားပြောနည်းတို့ကို ပိုင်နိုင်ကျွမ်းကျင်စွာ အသုံးချနိုင်သူသည် စကားပြောရာတွင် အောင်မြင်မှုများပိုင်ဆိုင်ကြသည်။ ထိုပုဂ္ဂိုလ်များ၏ ဆွေးနွေးပြောကြားချက်များကို မှတ်သားအတုယူစရာအဖြစ် လက်ခံရသည်။

ကိုယ်တိုင်ပြောကြားသည့် နှုတ်ထွက်စကားပင်ဖြစ်စေကာမူ မိမိအကျိုးအတွက် သူတစ်ပါးကို လိမ်ညာပြောဆိုခြင်း၊ တစ်ဦးနှင့်တစ်ဦး စိတ်ဝမ်းကွဲစေရန် ရည်ရွယ်၍ ရန်တိုက်ပေးသည့်စကား ပြောဆိုခြင်း၊ မိမိကအသာစီးရသည်ဟုထင်မှတ်ကာ အနိုင်အထက်ပြု၍ ကြမ်းတမ်းယုတ်မာသောစကားပြောဆိုခြင်းနှင့် မိမိလည်းအကျိုးမရှိ၊ သူတစ်ပါးလည်း အကျိုးမရှိသော၊ အနှစ်သာရမရှိသောစကားများကို ရှောင်ကြဉ်ပြောဆိုရန်လိုသည်။ ဆိုခဲစေမြဲစေဆိုသည့်စကားအတိုင်း ပြောဆိုလိုက်သည့်စကားသည် မှန်ကန်ရမည်ဖြစ်သကဲ့သို့ ကတိသစ္စာတည်သည့်စကားမျိုးကိုသာ ပြောဆိုသင့်သည်။

မျက်မှောက်ကာလ ဖွံ့ဖြိုးတိုးတက်မှုများနှင့်အညီ သတင်းဖြန့်ဝေမှုများလည်း တိုးတက်လာသည်။ နည်းပညာများသုံးစွဲကာ သတင်းထုတ်လွှင့်မှုများကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်။ သတင်းထုတ်လွှင့်ရာတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် ကျင့်ဝတ်သိက္ခာနှင့်အညီ ထုတ်လွှင့်မှုများရှိသကဲ့သို့ ကောလာဟလ သတင်းများ၊ သတင်းတု၊ သတင်းမှားများနှင့် အမှန်နှင့်အမှား ရောထွေးနေသည့်သတင်းများကို လက်နက်တစ်ခုသဖွယ်အသုံးချ၍ ထုတ်လွှင့်လာကြသည်။ ထိုသတင်းများကြောင့် အသိဉာဏ်အားနည်းသူများသည် ဖြစ်ရပ်အခြေအနေမှန်များအပေါ် အမှန်အတိုင်း သိမြင်ရန်အားနည်းလာကြသည်။ အမှန်အမှား‌ ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတော့ဘဲ မလုပ်သင့်သည့်အလုပ်များကို လုပ်ကိုင်လာကြသည်။ ထို့ကြောင့် ကိုယ်ပိုင်ဉာဏ်စွမ်းဖြင့် ပကတိအခြေအနေမှန်များကို သိရှိနိုင်ရန် အမြဲမပြတ် ဆည်းပူးလေ့လာနေကြရမည်ဖြစ်သည်။

စာရေး၍ ပြောဆိုခြင်း

စာပေသည် လူသားတို့အတွက် အသိပညာဗဟုသုတတိုးပွားရေးအတွက် အဓိကကျသည့် အသုံးအဆောင်တစ်ခုဖြစ်သည်။ စာဖတ်သူသည် အသိဉာဏ်ဖွံ့ဖြိုးသည်။ လိမ္မာယဉ်ကျေးသည်။ လူတိုင်းအသိပညာအတွက် စာဖတ်သင့်သည်မှန်သော်လည်း ကောင်းကျိုးရနိုင် မည့်စာပေနှင့် ဆိုးကျိုးဖြစ်စေမည့်စာပေများရှိရာ ရွေးချယ်ဖတ်ရှုရန် လိုအပ်သည်။ အဖျက်သမားများသည် ၎င်းတို့၏အဖျက်အမှောင့် လုပ်ငန်းများအတွက် စာပေကို လက်နက်တစ်ခုသဖွယ်အသုံးချနေကြသည်ကို သတိမူသင့်သည်။

မြန်မာစာပေသည် ကိုယ်ပိုင်စာပေဖြစ်သည်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ခိုင်မာစွာဖြင့်ရပ်တည်ခဲ့သည့် စာပေဖြစ်ကြောင်း သမိုင်းအထောက်အထားများရှိသည်။ ပုဂံ၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ ကုန်းဘောင်ခေတ်များတွင် ရတု၊ ရကန်၊ ဧချင်း၊ အိုင်ချင်း၊ တမ်းချင်း၊ ညည်းချင်း၊ မော်ကွန်း၊ တောလား၊ ဆုတောင်းခန်း၊ ပျို့၊ လူးတား၊ လေးဆစ်၊ တေးထပ်၊ အဲ၊ အံ၊ မေတ္တာစာ၊ တုံးချင်း၊ ဘောလယ်၊ ဇာတ်၊ ပြဇာတ်၊ လင်္ကာ၊ ပတ်ပျိုး၊ ဆေးကျမ်း၊ ဆုံးမစာစသည့် စာပေများ ထွန်းကားခဲ့သည်။ ခေတ်အဆက်ဆက်တွင် စာပေပညာရှင်ကြီးများလည်း ပေါ်ထွန်းခဲ့သည်။ ရှေးခေတ်စာပေပညာရှင်ကြီးများ၏ စာပေများသည် ယနေ့တိုင် အသက်ဝင်ရပ်တည်နေဆဲဖြစ်သည်။

ရှေးမြန်မာမင်းများလက်ထက်တွင် ဘုရင်၊ မိဖုရား၊ သားတော်၊ သမီးတော်စသည်တို့၏ ဂုဏ်ပုဒ်များကို အမွှမ်းတင်စပ်ဆိုရေးသား ခဲ့ကြသည်များရှိသလို ယဉ်ကျေးလိမ္မာအောင် ဆုံးမပေးသည့် စာပေများလည်း ရေးသားခဲ့ကြသည်။ ကုန်းဘောင်မင်းဆက်နောက်ဆုံး တိုင်းတစ်ပါးကျွန်ဘဝသို့ ကျရောက်သွားသော်လည်း ကင်းဝန်မင်းကြီး၊ မန်လည်ဆရာတော်ကြီး၊ လယ်တီဆရာတော်ကြီးတို့သည် စာပေအမြောက်အမြား ဆက်လက်ရေးသားခဲ့ကြသည်။ သူ့ကျွန်ဘဝတွင် နယ်ချဲ့တို့၏ဖိနှိပ်မှုအမျိုးမျိုးအောက်မှပင် အခွင့်ရလျှင်ရသလို ရေးသားခဲ့သည့်စာပေများလည်းရှိသည်။ လွတ်လပ်ရေးကြိုးပမ်းမှု ကာလနှင့် လွတ်လပ်ရေးရပြီးကာလများတွင်လည်း စာပေပညာရှင်အမြောက်အမြားက ခေတ်ကာလအခြေအနေကို ထင်ဟပ်သော စာပေများရေးသားခဲ့ကြသည်။

စာပေပညာရှင်ကြီးများစွာ ရေးသားခဲ့သည့် စာပေများအနက်မှ အချို့ကို ကောက်နုတ်တင်ပြလိုပါသည်။ ၁၉၆၀ ပြည့်နှစ်တွင် ဗြိတိသျှဘားမားဦးညွန့်အား ရည်စူး၍ ကျန်ရစ်သူမိသားစုက ဓမ္မဒါနအဖြစ် ရိုက်နှိပ်လှူဒါန်းခဲ့သည် ဟံသာဝတီဆုံးမစာ ပေါင်းချုပ်စာအုပ်ကို မြန်မာယဉ်ကျေးမှုအရာရှိ ဦးအောင်သိန်း (ဆရာကြီးနန်းညွန့်ဆွေ)က စီစဉ်တည်းဖြတ် ထုတ်ဝေခဲ့သည်။ ထိုဆုံးမစာပေါင်းချုပ်တွင် ရှေးပညာရှိ ၂၅ ဦးတို့ အထူးစီရင် သွန်သင်ဆုံးမသြဝါဒပေးခဲ့သည့် ဆုံးမစာ ၃၂ စောင်ကို စုစည်းဖော်ပြထားသည်။

အဆိုပါ ဆုံးမစာပေါင်းချုပ်တွင် ရှင်မဟာသီလဝံသ၏ တိလောကဟု ဆုံးမစာ၊ ရှင်မဟာရဋ္ဌသာရ၏ လက်သစ်တောင်ဆုံးမစာ၊ ဂမ္ဘီသာရ ဆုံးမစာ၊ သု- စိ - ပု - ဘာ ဆုံးမစာ၊ ကန်တော်မင်းကျောင်းဆရာတော်၏ လောကသာရဆုံးမစာ၊ သြဝါဒမေတ္တာစာ၊ တောင်ဖီလာဆရာတော်၏ ဖျက်စု - ခက်စု - ခဲစု - မမြဲစု၊ စိန္တကျော်သူဦးသြ၏ သြဝါဒထူးပျို့ ဆုံးမစာ၊ နဝရတ်ကိုးသွယ်လင်္ကာ၊ တွင်းသင်းမင်းကြီး၏ ကြောက်ကြီးကိုးလုံး၊ အတုလဆရာတော်ခင်ကြီးဖျော်၏ ပုတ္တောဝါဒဆုံးမစာ၊ ရွှေကျောင်းဆရာတော် ဦးပညာ၏ မာတောဝါဒဆုံးမစာ၊ မုံရွေးဆရာတော်၏ သြဝါဒမေတ္တာစာ၊ ကျည်းကန်ရှင်ကြီး၏ စကားပုံမေတ္တာစာ၊ ပေါက္ကံမောင်ချို၏ စကားပုံ၊ စဉ့်ပါဆရာတော်၏ ဓမ္မနီတိချိုးဆုံးမစာ၊ စာတော်ပြင်ဆရာကြီး ဦးပညာ၏ သားရွှေဥဆုံးမစာ၊ ကိုရင်ကြီးတစ်ပါး၏ သားရွှေခဲဆုံးမစာ၊ သားရွှေတောင်ဆုံးမစာ၊ မောင်စံထိန်၏ သားရွှေကြူဆုံးမစာ၊ ဆရာတော်ဦးဗုဓ်၏ ဂီဟိဝိနယဆုံးမစာ၊ ထွဋ်ခေါင်ဆရာတော်၏ ကမ္မဋ္ဌာန်းသံပေါက်၊ သင်္ဂဇာဆရာတော်၏ သိင်္ဂါလောဝါဒဆုံးမစာ၊ ကျီးသဲလေးထပ်ဆရာတော်၏ ပူရာဏ်-ဓမ္မဂန်ဖတ်စာ၊ လုံးတော်ဆရာတော်၏ သြဝါဒကထာစာတမ်း၊ ညောင်ပင်သာ ဦးပုည၏ သုတရတနာဆုံးမစာ၊ နားခံတော် ဦးရွှေနီ၏ အတ္တောဝါဒဆုံးမစာ၊ အမှာတော်ရေး ဦးရှင်ကလေး၏ သုတမဉ္ဇူ ဆုံးမစာ၊ လောကနီတိပျို့၊ ဆီးဘန်းနီဆရာတော်၏ ခတျောဝါဒ၊ ဥပါသကောဝါဒ၊ အရညကောဝါဒများကို လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားခဲ့ရသည်။ စာပေပညာရှင်ကြီးများ၏ ပညာဂုဏ်၊ သမာဓိဂုဏ်များကို လေးစားကြည်ညိုရသည်။

အလားတူ ပါမောက္ခဆရာကြီး ဦးဖေမောင်တင်၏ မြန်မာစာပေသမိုင်းစာအုပ်ကို ဖတ်ရှုလေ့လာရာ၌ မြန်မာစာပေ၏ အဆင့်အတန်းနှင့် တန်ဖိုးကြီးမားပုံတို့ကို သိမြင်ခွင့်ရခဲ့သည်။ ပုဂံကျောက်စာခေတ်မှ ကုန်းဘောင်ခေတ်နှောင်းပိုင်းအထိ ပုဂံမင်းဆက် ၅၅ ဆက်၊ ပင်းယမင်းဆက်ခြောက်ဆက်၊ စစ်ကိုင်းမင်းဆက် ခုနစ်ဆက်၊ အင်းဝမင်းဆက် ၃၀၊ ကုန်းဘောင်မင်းဆက် ၁၁ ဆက် စသည့်ကာလများကို ပိုင်းခြားကာ မင်းဆက်အသီးသီးတွင် ပေါ်ထွန်းခဲ့သည့် စာပေပညာရှင်များ၏စာပေများကို တစုတစည်းတည်း လေ့လာခွင့်ရခဲ့သည်။ မြန်မာစာပေ၏ ရာဇဝင်ချုပ်ကလေးပင်ဖြစ်ကြောင်း နိဒါန်းပိုင်းတွင် ဖော်ပြထားသည်။

ဆရာကြီး ဦးသုခ၏ မှတ်အပ်၊ မှတ်ရာမှတ်စုပဒေသာ သုခမှတ်စုစာအုပ်ကို ဖတ်ရှုလေ့လာရာတွင်လည်း ဆရာကြီး ဦးသုခသည် ဖတ်ရှုခဲ့သည့် ကျမ်းပေါင်း ၂၀၀ ကျော် ၃၀၀ခန့်ထဲမှ စာပေဆိုင်ရာ၊ ရာဇသတ်၊ ဓမ္မသတ်ဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ ကျန်းမာရေး (ဆေးပညာ) ဆိုင်ရာ၊ သုတ်၊ ဝိနည်း၊ အဘိဓမ္မာဆိုင်ရာ၊ သဒ္ဒါ၊ အလင်္ကာ၊ စာပေ၊ ကဗျာအရေးအသားဆိုင်ရာကျမ်းများ စသည့်လောကီ ဗဟုသုတစာအုပ်များမှ ကဏ္ဍပေါင်းစုံကို ရေးမှတ်ခဲ့သည်။ စာအုပ်တွင် မှတ်စုပေါင်း ၁၄၅၀ ခန့်ပါဝင်သည်။

မှတ်စုများကို ဖတ်ရှုလေ့လာသူများ အလွယ်တကူရှာဖွေဖတ်ရှုနိုင် ရန်၂ပါးစု၊ ၃ပါးစု၊ ၄ပါးစု၊ ၅ပါးစု၊ ၆ပါးစု စသည်ဖြင့် ခွဲခြားပြုစုခဲ့သည်။ ထို့အပြင် စာဖတ်သူများ အလွယ်တကူရှာဖွေဖတ်ရှုနိုင်ရန် ၂ ပါးစု၊ ၃ ပါးစုစသည်တို့ကို သပ်သပ်စုစည်း၍ အက္ခရာဝလိစဉ်ထားပေးသည်။ အက္ခရာဝလိအစီအစဉ်မှာ တက္ကသိုလ်မြန်မာအဘိဓာန်တွင်ထားသော အက္ခရာစဉ် ကာရန်အစဉ်အတိုင်းဖြစ်သည်။ စာအုပ်ထုတ်ဝေနိုင်ရန် ဆရာကြီးဒဂုန်ဦးထွန်းမြင့်က တည်းဖြတ်စီစဉ်ခဲ့သည့် အဖိုးတန်လှသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

စာပေပညာရှင်ကြီးများ၊ စာရေးဆရာများသည် သူတို့ဖြတ်သန်းခဲ့ရသည့် ဘဝအတွေ့အကြုံများ၊ အသိပညာဗဟုသုတများ၊ ဖတ်မှတ်လေ့လာခဲ့သည့်စာပေများကို နောင်လာနောက်သားများ လေ့လာပွားများ ကျင့်ကြံအားထုတ်နိုင်ကြစေရန် စေတနာထားပြုစုကာ စာပေဖြင့် ပြောကြားခဲ့ခြင်းဖြစ်သည်။ လူကိုယ်တိုင်နှုတ်မှပြောကြားခြင်း မဟုတ်သော်လည်း စာဖြင့်ပြောကြားခဲ့သည့် စကားများဖြစ်သည်။ သူတို့ကိုယ်တိုင် နှုတ်မှပြောကြားနေသလို ခံစားရသည်။ ဗဟုသုတရှာမှီးနိုင်သလို စာရေးသူများအနေဖြင့် စာရေးရာတွင် မှီငြမ်းကိုးကား အားထားနေကြရသည်။

လူ့ဘဝရှင်သန်ရပ်တည်နေရချိန်တွင် လူတိုင်းကာယကံ၊ ဝစီကံ၊ မနောကံ တည်းဟူသော အလုပ်သုံးပါးကို နေ့စဉ်လုပ်ဆောင်နေကြရသည်။ နှုတ်မှု (ဝစီကံ) ဆိုသည့် ပြောဆိုခြင်းအလုပ်သည် လူမှုဆက် ဆံရေးနယ်ပယ်တွင် နက်ရှိုင်းကျယ်ပြန့်သည့်အလုပ်ဖြစ်သည်။ နှုတ်ကြောင့် ကောင်းကျိုး၊ ဆိုးကျိုးများခံစားကြရသည်။ ဆိုးကျိုးများကို ရှောင်ကြဉ်ပြီး ကောင်းကျိုးများခံစားနိုင်ကြရန် သင်ယူလေ့လာမှုများ အမြဲမပြတ်ပြုနေကြရပါမည်။ သင်ယူလေ့လာရာတွင် ပညာရှင်ကြီးများ၏ နှုတ်ဖြင့်ပြောခဲ့သောစကားများ၊ စာဖြင့် ရေးသားပြောကြားထားသည့်စာများကို ရှာမှီးလေ့လာ၍ နာယူမှတ်သားလိုက်နာပါက မိမိတို့ဘဝခရီးလမ်းတွင် အောင်မြင်မှုများ ပိုင်ဆိုင်နိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။

ကိုးကား

- ဟံသာဝတီ ဆုံးမစာပေါင်းချုပ်၊ ဆရာကြီး ဦးဖေမောင်တင်၏ မြန်မာစာပေသမိုင်း၊

- ဆရာကြီး ဦးသုခ၏ မှတ်အပ်၊ မှတ်ရာ မှတ်စုပဒေသာသုခမှတ်စု