Skip to main content

တလုံးတစည်းညီညွတ်သော ပြည်ထောင်စုစိတ်ဓာတ်အားမာန်ဖြင့် …

နေမင်းသျှင်

လွန်ခဲ့သည့် ၇၈ နှစ်က မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးရရှိရန်၊ နယ်ချဲ့လက်အောက်တွင် ခွဲခြားအုပ်ချုပ်ခံထားခဲ့ရသည့် တောင်တန်းနှင့် ပြည်မဒေသများအားလုံး အတူတကွ လွတ်မြောက်နိုင်ရန်အတွက် တိုင်းရင်းသားများ ပေါင်းစည်းညီညွတ်မှုကိုပြသကာ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ကလေးတွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုအချိန်မှစကာ ပင်လုံဟုဆိုလျှင် စည်းလုံးညီညွတ်ခြင်း၏ သင်္ကေတ၊ ပင်လုံစိတ်ဓာတ်ဟုဆိုလျှင် စည်းလုံးညီညွတ်သည့် စိတ်ဓာတ်ဟူသည့် အနက်အဓိပ္ပာယ်ကို ဆောင်လာသည်။

သမိုင်းကို ပြန်ကြည့်လျှင် ပင်လုံစာချုပ်သည် လွယ်လွယ်ကူကူဖြစ်ပေါ်လာနိုင်ခဲ့ခြင်း မဟုတ်ကြောင်း လေ့လာတွေ့ရှိနိုင်သည်။ နယ်ချဲ့လက်အောက်တွင် နှစ်ပေါင်း ၁၀၀ ကျော် နေထိုင်ခဲ့ကြရပြီးသည့်နောက် မြေပြန့်နှင့်တောင်ပေါ်ဒေသများအကြား ကွဲပြားခြားနားမှုများစွာ ရှိလာခဲ့သည်။

တစ်နည်းအားဖြင့် အများစုဖြစ်သော မြေပြန့်ဒေသနေ ဗမာနှင့် အခြားတောင်ပေါ် တိုင်းရင်းသားလူမျိုးများအကြား ဖြစ်ပေါ်တိုးတက်မှုများ ကွာခြားသွားခဲ့ခြင်းဖြစ်သည်။ နယ်ချဲ့တို့၏ ခွဲခြားအုပ်ချုပ်ပုံစနစ်အရ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး စသည့် အကျိုးအမြတ်ဖြစ်ထွန်းသည့် အချက်အချာဒေသဖြစ်သော မြေပြန့်ပြည်မဒေသကို ဗြိတိသျှတို့က တိုက်ရိုက်အုပ်ချုပ်ခဲ့ပြီး တောင်တန်းဒေသများကို ပဒေသရာဇ်စနစ်အတိုင်း ဆက်လက်ထားရှိ၍ သွယ်ဝိုက်အုပ်ချုပ်ကာ ပြည်မနှင့် တောင်တန်းဒေသများအကြား ကူးလူးဆက်ဆံသွားလာမှုများကို တင်းကျပ်စွာ တားမြစ်ပိတ်ပင်ထားခဲ့သည်။

ဤနည်းလမ်းက ဘာသာစကား၊ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုတို့ မတူညီကြသည့် လူမျိုးများကိုအုပ်ချုပ်ရာတွင် လွယ်ကူစေရုံမျှမက အုပ်ချုပ်မှုစရိတ်အကုန်အကျကိုလည်း သက်သာစေသည်။ တစ်ဖက်ကလည်း ဘာသာရေးနှင့် ယဉ်ကျေးမှုတို့တွင်ပါ မူလက တိုင်းရင်းသားပဒေသရာဇ် တို့ မြန်မာပုံစံယူခဲ့ကြသည်ကို အင်္ဂလိပ်ပုံစံသို့ ပြောင်းလဲလာစေရန်လည်း နယ်ချဲ့တို့ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရသည်။ ပင်လုံစာချုပ်ချုပ်ဆိုချိန်သည် ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာပေါ်တွင် ကိုလိုနီစနစ် စတင်ပြိုလဲကျလာချိန်ဖြစ်သည်။ နယ်ချဲ့တို့သည် တစ်ချိန်က ၎င်းတို့ ကျူးကျော်သိမ်းပိုက်ခဲ့သည့် နိုင်ငံများကို မဖြစ်မနေ လွတ်လပ်ရေးပေးရတော့မည့်အခြေအနေတွင် ဒေသအချို့ကို ၎င်းတို့ လက်အောက်တွင် ဆက်လက်ထားရှိနိုင်ရန် ကြိုးပမ်းခဲ့ကြရာ မြန်မာနိုင်ငံကိုလည်း လွတ်လပ်ရေးပေးရတော့မည့်အခြေအနေတွင် ဗမာလူမျိုးနှင့် အခြားတိုင်းရင်းသားလူမျိုးများအကြား သံသယပွားစေရန်နှင့် သွေးကွဲစေရန် သွေးထိုးမှုအမျိုးမျိုး ပြုလုပ်ခဲ့ကြသည်။

သို့ဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပင်လုံစာချုပ်လက်မှတ်ရေးထိုးကြရာတွင် အပေးအယူလုပ်ညှိနှိုင်းရမှုအချို့ရှိခဲ့ပြီး လွတ်လပ်ရေးရယူပြီးချိန်တွင် မိမိတို့အချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှုကို အရင်းတည်၍ ဆက်လက်ဆောင်ရွက်ရန်တို့ ကျန်ရှိခဲ့သည်။ နိုင်ငံလွတ်လပ်ရေးရယူပြီးသည့်နောက်တွင် နိုင်ငံအဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက်ဆောင်ရွက်ကြရာ၌ ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး အေးအတူ၊ ပူအမျှ စည်းလုံးညီညွတ်စွာ ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဟု ဗိုလ်ချုပ်အောင်ဆန်းက မျှော်မှန်းခဲ့ခြင်းဖြစ်သည်။

လွတ်လပ်ရေးရရှိပြီး ၇၇ နှစ်ကြာမြင့်လာပြီဖြစ်သည့် ယနေ့အချိန်တွင် မိမိတို့နိုင်ငံသည် ပြည်တွင်းဒေသအများအပြား၌ မတည်ငြိမ်မှုများ၊ လက်နက်ကိုင်ပဋိပက္ခများနှင့် ကြုံတွေ့နေရပြီး ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးမသွားစေရန် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိသူများက ဝိုင်းဝန်းကာကွယ်နေကြရသည့် အခြေအနေသို့ ရောက်ရှိနေသည်။ လွတ်လပ်ရေးနှင့် မရှေးမနှောင်းမှာပင် ပေါ်ပေါက်လာခဲ့သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကို အပြီးတိုင် မဖြေရှင်းနိုင်သေးသည့်အပြင် အသစ်ထပ်မံပေါ်ပေါက်လာသည့် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းမှုများက နိုင်ငံနှင့် လူမျိုးတို့ကို နစ်မွန်းသည်ထက် နစ်မွန်းအောင် နှစ်မြှုပ်ဖျက်ဆီးလျက်ရှိသည်။

ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ၊ အကြမ်းဖက်တိုက်ခိုက်မှုများရှိနေခြင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုတစ်ဝန်းလုံး ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်သေးခြင်းတို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက်ကင်းကင်းမလုပ်နိုင်၊ မဖွံ့ဖြိုးမတိုးတက်ခြင်း၊ ဆင်းရဲနွမ်းပါးခြင်းတို့ကြောင့် လက်နက် ကိုင်ပဋိပက္ခနွံတွင်းမှ မတက်နိုင်သည့် သံသရာထဲတွင် တဝဲလည်လည်လှည့်ပတ်နေခဲ့ရာ ဆယ်စုနှစ် များစွာကြာမြင့်လာသည်နှင့်အမျှ ကမ္ဘာ့နိုင်ငံများစွာတို့ ဖွံ့ဖြိုးတိုးတက်သွားခဲ့ကြသော်လည်း မိမိတို့နိုင်ငံနှင့် နိုင်ငံသူနိုင်ငံသားတို့ နောက်ကျကျန်ရစ် နေခဲ့ရသည်။

ပြီးခဲ့သည့် ၇၇ နှစ်တာကာလအတွင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် အနှောင့်အယှက်၊ အဟန့်အတားများကြားတွင် နှေးကွေးနောက်ကျခဲ့ရခြင်းသည်လည်းကောင်း၊ လူမျိုးစွဲ၊ ဝါဒစွဲ အကြောင်းအမျိုးမျိုးဖြင့် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ် နေခဲ့ခြင်းသည်လည်းကောင်း တကယ့်အခြေအနေမှန်များပင်ဖြစ်သကဲ့သို့ အခြားတစ်ဖက်တွင်လည်း ပင်လုံမြေတွင် စတင်အခြေတည်ခဲ့သည့် ပြည်ထောင်စုစိတ်ဓာတ်သည် ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွင်း ဆက်လက်ရှင်သန်နေခဲ့ပြီး နိုင်ငံတော်၏ တစ်ခုတည်းသော အင်စတီကျူးရှင်းဖြစ်သည့် တပ်မတော်နှင့်အတူလက်တွဲကာ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ခေတ်အဆက်ဆက်တွင် ကာကွယ်စောင့်ရှောက်နိုင်ခဲ့ခြင်းသည်လည်း ပကတိအရှိတရားပင်ဖြစ်သည်။

မြန်မာ့တပ်မတော်သည် မျိုးချစ်စိတ်ဓာတ်ကို အရင်းခံ၍ လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါ်ထွန်းလာခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုဖွားတိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ရာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် အမျိုးသားအကျိုးစီးပွားတာဝန်သုံးရပ်ကို ဦးထိပ်ပန်ကာ ပြည်သူနှင့်အတူ လက်တွဲ၍ နိုင်ငံရေးလောကဓံတို့ကို ကြံ့ကြံ့ခံကျော်ဖြတ်ခဲ့ရခြင်းလည်းဖြစ်သည်။

လွတ်လပ်ရေးရရှိပြီး မကြာမီမှာပင် စတင်တောက်လောင်လာခဲ့သည့် ပြည်တွင်းရောင်စုံသူပုန် သောင်းကျန်းမှု အရှိန်အဟုန်မြင့်တက်နေသည့် ကာလ၊ တစ်နိုင်ငံလုံးတွင် လက်နက်ကိုင်အဖွဲ့အစည်းများစွာ၊ အုပ်စုများစွာတို့ ပုန်ကန်ထကြွနေကြခြင်းကြောင့် ထိုစဉ်က မြန်မာအစိုးရကို နိုင်ငံတကာမီဒီယာတို့က ရန်ကုန်အစိုးရဟု ခေါ်ဆိုနေကြသည့်အချိန်တွင် အင်အားနှစ်သောင်းခန့်သာရှိခဲ့သော မြန်မာ့တပ်မတော်သည် ပြည်သူလူထု၏ အားပေးမှု၊ ပူးပေါင်းပါဝင်မှုတို့နှင့်အတူ ရက်ပေါင်း ၁၂၂ ရက်ကြာ အင်းစိန်တိုက်ပွဲကို အောင်မြင်စွာဆင်နွှဲနိုင်ခဲ့သည်။

ဆက်လက်၍ နိုင်ငံတစ်ဝန်း ရောင်စုံသောင်းကျန်းမှုများကို တစ်ဆင့်ပြီးတစ်ဆင့် နှိမ်နင်းချေမှုန်းခဲ့ရ ပြီး ပြည်ပမှ ကျူးကျော်လာသူ တရုတ်ဖြူတို့ကို လည်း တွန်းလှန်တိုက်ခိုက် မောင်းထုတ်ခဲ့ရခြင်းဖြင့် ပြည်ထောင်စုကြီးမပြိုကွဲရေး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ရသည်။

လက်ရှိကာလတွင် ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့် ပြည်တွင်းပြည်ပအဖျက်သမားများက မိမိတို့နိုင်ငံ၏အကျိုးကို မလိုလားသော ပြည်ပအင်အားကြီး နိုင်ငံအချို့၏ သွေးထိုးမြှောက်ပင့်အားပေးမှုတို့ဖြင့် ဆူပူအကြမ်းဖက်မှုမျိုးစုံနှင့် တိုက်ပွဲများဖော်ဆောင်လျက်ရှိရာ အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးမှု၊ မြို့ရွာများ ပျက်စီးဆုံးရှုံးမှုတို့ ဖြစ်ပေါ်လျက်ရှိသည်။

နိုင်ငံတော်ကို ဆန့်ကျင်ပုန်ကန်တိုက်ခိုက်နေကြသည့် သောင်းကျန်းသူများမှာ လူမျိုးစွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ အစွဲပေါင်းစုံနှင့်ဖြစ်ကြပြီး ၎င်းတို့အချင်းချင်းကြားမှ နယ်မြေအငြင်းပွား လုယက်မှုများ၊ လူမျိုးရေးခွဲခြားဆက်ဆံမှုများ၊ အင်အားသုံးနိုင်ထက်စီးနင်းပြုကျင့်မှုများ၊ နှိပ်စက်ညှဉ်းပန်း လုပ်ကြံသတ်ဖြတ်မှုများ၊ ကိုယ်ကျိုးစီးပွား ရှာဖွေလုပ်ကိုင်နေကြမှုများ စသည်ဖြင့် တစ်တော တစ်ကြက်ဖတွန်နေကြသည့် ဇာတ်လမ်းများ နေ့စဉ်နှင့်အမျှ ပေါ်ထွက်နေသည်ကို တွေ့နေရသည်မှာလည်း စိတ်မချမ်းမြေ့ဖွယ်ရာပင်ဖြစ်သည်။

တိုင်းရင်းသားလူမျိုးများစွာ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် အပြန်အလှန်အမှီသဟဲပြု နေထိုင်နေကြရသည့်နိုင်ငံတွင် ကျဉ်းမြောင်းသည့် လူမျိုးရေးဝါဒကိုကိုင်စွဲကာ လူမျိုးတစ်မျိုးနှင့် တစ်မျိုးကြား ရန်လိုမုန်းတီးမှုများ ဖန်တီးခြင်းသည် ဉာဏ်ပညာ နည်းပါးမိုက်မဲခြင်းပင်ဖြစ်ပြီး မိမိတို့အားလုံးပျက်စီးရာပျက်စီးကြောင်းသာ ဖြစ်စေနိုင်သည်ဟု တွေးခေါ်ဆင်ခြင်နိုင်ကြရန်လိုသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏တာဝန်ကို စတင်ထမ်းဆောင်စဉ်ကပင် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတစ်ရပ် ပြန်လည်ကျင်းပပေးရေးသည် အန္တိမရည်မှန်းချက်ဖြစ်ကြောင်း တိုင်းသိပြည်သိ ကြေညာခဲ့သည်။ ရွေးကောက်ပွဲမဲမသမာမှုကို ဥပဒေနည်းလမ်းများနှင့်အညီ ဖြေရှင်းရန် ပျက်ကွက်ခြင်းမှ စတင်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ချိန်တွင် သာမန်ဆန္ဒပြရာမှ မင်းမဲ့စရိုက်ဆန်သည့် ဆူပူလှုပ်ရှားမှုများသို့လည်းကောင်း၊ ယင်းမှတစ်ဆင့် NLD အစွန်းရောက် ပါတီဝင်အချို့၏ဦးဆောင်မှုဖြင့် လက်နက်ကိုင်ဆူပူ အကြမ်းဖက်မှုများသို့လည်းကောင်း ပြောင်းလဲရောက်ရှိသွားခဲ့သည်။

ထိုမျှမက လူငယ်အချို့ကို အတွေးအခေါ်အယူအဆမှားများရိုက်သွင်းကာ နိုင်ငံတော်အပေါ် သဘောထားမမှန်သည့် တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းများထံသို့ပို့ပြီး အကြမ်းဖက်စစ်သင်တန်းများ သင်ကြားစေခဲ့သည်။ ယင်းမှ ထွက်ပေါ်လာသည့် အကြမ်းဖက်သမားများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက အပြစ်မဲ့ပြည်သူများကို သူလျှိုဒလန်ဟု စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်မှုများ၊ မိုင်းထောင်၊ ဗုံးခွဲ၊ ပစ်ခတ်၊ ဖျက်ဆီးမှုများကို ဒေသအနှံ့အပြားတွင် ပြုလုပ်ခဲ့၊ ပြုလုပ်နေဆဲဖြစ်သည်။

CRPH, NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ၊ ဒေသအလိုက် ပေါ်ထွက်လာသည့် လက်နက်ကိုင်သောင်းကျန်းသူအုပ်စုများ ထကြွသောင်းကျန်းမှုကြောင့် ပြည်တွင်း မတည်မငြိမ်ဖြစ်ပေါ်နေခြင်းကို အခွင့်ကောင်းယူကာ အချို့သော လက်နက်ကိုင်အဖွဲ့များက နယ်မြေချဲ့ထွင် တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့၏ လုပ်ရပ်များကြောင့် တည်ငြိမ်အေးချမ်းနေသည့် နယ်မြေဒေသများမှာ စစ်ဘေးဒဏ်သင့်ခဲ့ရပြီး ဒေသဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် လမ်းတံတားများမှအစ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ရသည်။ ဒေသအတွင်းရှိ ပြည်သူများမှာလည်း ၎င်းတို့ပိုင်အိုးအိမ်များ၊ လုပ်ငန်းများကို စွန့်ခွာ၍ တိုက်ပွဲရှောင်များအဖြစ် အခြားဒေသများတွင် သွားရောက်ခိုလှုံနေထိုင်ခဲ့ကြရသည်။

လူနေမြို့ရွာများကို အင်အားသုံးတိုက်ခိုက်မှုများအပြင် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအသုံးပြုနေရသည့် လမ်းကြောင်းများကို ဖျက်ဆီးပိတ်ဆို့မှုများကြောင့် ပြည်သူလူထုအတွက်ရော နိုင်ငံအတွက်ပါ များစွာထိခိုက်နစ်နာစေခဲ့သည်။ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းမှုများ သက်ဆိုးရှည်ရေး၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ အရှိန်မြှင့်လာစေရေးအတွက် ငွေကြေး၊ လက်နက်ခဲယမ်း၊ ဆေးဝါး၊ အစားအသောက်၊ နည်းပညာများကို ပြည်ပနိုင်ငံအချို့က နောက်ကွယ်မှ ထောက်ပံ့ခဲ့ကြပြီး ပြည်ပြေးမီဒီယာများကလည်း သတင်းတု၊ သတင်းအမှားများ ထုတ်လွှင့်ကာ ပြည်ဖျက်လုပ်ရပ်များတွင် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ပါဝင်ခဲ့ကြသည်။

လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့်မူ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် တိုက်တွန်းဆော်ဩနေသကဲ့သို့ ငြိမ်းချမ်းရေးအတွက်လည်း ဖိတ်ခေါ်ကာ တံခါးဖွင့်လက်ကမ်းကြိုဆိုလျက်ရှိသည်။ တစ်ဖက်တွင်လည်း ပြည်တွင်းဒေသအနှံ့အပြားတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်ထကြွသောင်းကျန်းမှုများကို တိုက်ခိုက်နှိမ်နင်း၍ နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှုရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်တည်တံ့ခိုင်မြဲရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ကြရာတွင် မြန်မာ့တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ထက်သန်သည့် ပြည်ထောင်စုဖွား ပြည်သူတစ်ရပ်လုံးကပါ ပူးပေါင်းပါဝင်ဆောင်ရွက်နေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးတို့အတူတကွ စုပေါင်းနေထိုင်ကြသည့် နိုင်ငံဖြစ်ပြီး ခွဲခြား၍မရသည့် တောတောင်ရေမြေနှင့် စိုက်ပျိုးမွေးမြူ ကုန်ထုတ်ကုန်သွယ်စီးပွားအခြေအနေများအထိ အပြန်အလှန်ပတ်သက်ဆက်နွှယ် ရိုင်းပင်းလုပ်ကိုင်နေကြရခြင်းဖြစ်သည်။ မည်သည့်တိုင်းဒေသကြီး၊ မည်သည့် ပြည်နယ်တွင်မှ လူမျိုးတစ်မျိုးတည်း သီးသန့်နေထိုင်ကြခြင်း မဟုတ်ဘဲလူမျိုးတစ်မျိုးထက်မက စုပေါင်းနေထိုင်နေကြခြင်းဖြစ်သည်။

စီမံအုပ်ချုပ်မှုစနစ်အရ ပြည်ထောင်စုကြီး၏ အစိတ်အပိုင်းများကို တိုင်းဒေသကြီးများ၊ ပြည်နယ်များအဖြစ် ပိုင်းခြားသတ်မှတ်ထားခြင်း ဖြစ်သော်လည်း အားလုံးမှာ အဆင့်အတန်းအတူတူ၊ ဤမြေပေါ်တွင် မှီတင်းနေထိုင်ကြသူအားလုံးမှာလည်း တန်းတူရည်တူသာဖြစ်သည်ဟု ပြဋ္ဌာန်းထားသကဲ့သို့ မြန်မာနိုင်ငံသားတိုင်းသည်လည်း မြန်မာနိုင်ငံအတွင်း မည်သည့်ချုပ်ချယ်တားဆီးကန့်သတ်မှုမှမပါဘဲ လွတ်လပ်စွာသွားလာနေထိုင် ခွင့်၊ လွတ်လပ်စွာ ကုန်စည်ကူးသန်းရောင်းဝယ်ခွင့်တို့ ရှိရမည်သာဖြစ်သည်။

ဒီမိုကရေစီ၊ လူ့အခွင့်အရေးတို့နှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်းဆန့်ကျင်သည့် ကျဉ်းမြောင်းသော လူမျိုးစွဲဝါဒ၊ ခွဲခြားဆက်ဆံမုန်းတီးရေးဝါဒသည် တည်ငြိမ်အေးချမ်းမှုကင်းမဲ့ခြင်း၊ ပျက်စီးဆုံးရှုံးခြင်းကဲ့သို့သော အနိဋ္ဌာရုံများကိုသာဖြစ်ပေါ်စေနိုင်သည်ကို ကမ္ဘာ့သမိုင်းသင်ခန်းစာများမှလည်း ထုတ်ယူဆင်ခြင်နိုင်ကြရမည်ဖြစ်သည်။

အမိမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသူအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် မိမိတို့အားလုံး တစ်မျိုးတည်းသာဟူသော ပြည်ထောင်စုစိတ်ဓာတ်ထာဝစဉ်ရှင်သန်ထက်မြက်ရေးကို ဦးထိပ်ပန်ဆင်ကြရမည်ဖြစ်သကဲ့သို့ လူမျိုးတစ်မျိုး ချင်းစီ၏ ဘာသာစာပေ၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု စသည့် ဝိသေသလက္ခဏာများ မပျောက်မပျက်ဆက်လက်ထွန်းကားနေစေရန်လည်း အလေးအနက်ထိန်းသိမ်းကြရမည်ဖြစ်သည်။ လူမျိုးတစ်မျိုးနှင့် တစ်မျိုးတို့အကြားသပ်လျှိုခြင်း၊ သွေးခွဲ ခြင်း၊ ရန်တိုက်ခြင်း၊ အမုန်းတရားများ ဖြစ်ပေါ်လာစေရန် လှုံ့ဆော်ဖန်တီးခြင်း ဟူသမျှတို့ကို အထူးသတိပြုဆန့်ကျင်တွန်းလှန်ကြရန်လည်း လိုအပ်သည်။

ပြည်ထောင်စုဖွား နိုင်ငံသားတစ်ဦးနှင့်တစ်ဦးတို့အကြား အပြန်အလှန်ချစ်ခင်ရင်းနှီးမှု၊ ကူညီရိုင်းပင်းမှု၊ အပြန်အလှန်နားလည်မှု၊ လေးစားမှု၊ သည်းခံခွင့်လွှတ်မှုတို့ဖြင့် သံယောဇဉ်တရားကို တည်ဆောက်ကာ ထာဝစဉ်စွဲမြဲရှင်သန်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို ဆက်လက်ခံယူသွားကြရမည်ဖြစ်သည်။ တစ်သွေးတည်းတစ်သားတည်းစည်းလုံးညီညွတ်၍ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးအင်အားတို့ တောင့်တင်းခိုင်မာသော ပြည်ထောင်စုကြီးကို ပြည်ထောင်စုသားအားလုံး၏ စုပေါင်းအင်အားဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းတည်ဆောက်ကြရန်နှင့် ပြည်ထောင်စုကို ဖြိုခွဲရန် ကြိုးပမ်းလာသည့် ပြည်တွင်းပြည်ပအဖျက်ရန် တို့ကိုလည်း ခေတ်အဆက်ဆက်က မိမိတို့ဘိုးဘွားများ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တစည်းတလုံးတည်း တွန်းလှန်ခဲ့ကြသည့်နည်းတူ မိမိတို့ခေတ်တွင်လည်း တစ်မျိုးသားလုံးတာဝန်ကျေပွန်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။