Skip to main content

ပြည်တွင်းဖြစ် စားသုံးဆီများ စားသုံးကြစို့လား

မျိုးသူ(ကုန်သွယ်မြှင့်)

မြန်မာနိုင်ငံ၏ ဆီလိုအပ်မှုအခြေအနေ

လူတစ်ဦး တစ်နေ့ဆီ ၁ ဒသမ ၇ ကျပ်သားနှုန်း စားသုံးသည်ဟုတွက်ပါက လူတစ်ဦးသည် တစ်နှစ်လျှင် ခြောက်ပိဿာစားသုံးပါသည်။ ၂၀၂၄ ခုနှစ် စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ ဒသမ ၃ သန်းကျော်ဖြင့်ဆိုပါက တစ်နှစ်လျှင် ဆီတန်ချိန် ငါးသိန်းကျော် လိုအပ်မည်ဖြစ်ပါသည်။

စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်မိုတယ် တည်းခိုခန်းများ၊ တိရစ္ဆာန်အစားအစာတွင် အသုံးပြုမှုများနှင့် အခြားသောအသုံးပြုမှုများအရ တစ်နှစ်လျှင်တန်ချိန် သုံး-လေးသိန်းခန့် လိုအပ်မည်ဟု ခန့်မှန်းပါသည်။ သို့ဖြစ်၍ တစ်နှစ်လျှင် မြန်မာနိုင်ငံ၏ ဆီလိုအပ်ချက်မှာ တန်ချိန် ရှစ်သိန်းမှ ကိုးသိန်းခန့် လိုအပ်မည်ဖြစ်ပါသည်။ အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်မတိုင်မီက တစ်နှစ်လျှင် စားသုံးဆီတန်ချိန် ရှစ်သိန်းကျော် တင်သွင်းခဲ့ပြီး နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်အထိ ကုန်ကျခဲ့ပါသည်။

စားအုန်းဆီ

စားအုန်းဆီသည် ဆီအုန်းပင်များမှထွက်ရှိပြီး ဆီထွက်သီးနှံများတွင် ဆီထုတ်လုပ်နိုင်မှု အများဆုံး ဖြစ်ခြင်းကြောင့် စားသုံးဆီများတွင် စားအုန်းဆီ သည် နေရာရရှိလာသည်ကို တွေ့နိုင်ပါသည်။ မြန်မာနိုင်ငံသို့ စားအုန်းဆီကို ၁၉၇၆ ခုနှစ်ခန့်မှ စတင် တင်သွင်းခဲ့သည်ဟု သိရသော်လည်း အများအပြား တင်သွင်းလာသည်မှာ ၁၉၉၀ ပြည့်နှစ်တွင်မှ ဖြစ်ပါသည်။ ထိုစဉ်က စားအုန်းဆီသည် ဈေးနှုန်းသက်သာခြင်းကြောင့် ဝင်ငွေနည်းသော လုပ်သားပြည်သူများအတွက် ဈေးသက်သက်သာသာဖြင့် စားသုံးနိုင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ပါသည်။

စားသုံးဆီတစ်မျိုးချင်း၏ အားသာချက်၊ အားနည်းချက်များ

စားသုံးဆီတစ်မျိုးချင်းအနေဖြင့် အားသာချက်၊ အားနည်းချက်များရှိကြပါသည်။ ထိုအထဲတွင် စားသုံးဆီများအကြောင်း သိထားသင့်သည်မှာ စားသုံးဆီတိုင်းတွင် ပြည့်ဝဆီ (Saturated fatty acid) မိုနိုမပြည့်ဝဆီ (Monounsaturated fatty acid) နှင့် ပိုလီမပြည့်ဝဆီ (Polyunsaturated fatty acid) ဟူသော အမျိုးအစားသုံးမျိုးသာ ပါဝင်ကြပါသည်။

ပြည့်ဝဆီ (Saturated fatty acid) ပါဝင်မှုများသော ဆီသည် ကျန်းမာရေးကို များစွာထိခိုက်စေ နိုင်ပါသည်။ မိုနိုမပြည့်ဝဆီ (Mono-unsaturated fatty acid) နှင့် ပိုလီမပြည့်ဝဆီ (Polyunsaturated fatty acid) များသည် ကျန်းမာရေးအတွက် ကောင်းမွန်ပါသည်။ မပြည့်ဝဆီထဲတွင် ပါဝင်သော အိုမီဂါ- ၃ သည် ကျန်းမာရေးအတွက် အထူးကောင်းမွန်သည်ဟု ဆိုပါသည်။ ထိုအထဲတွင် ပြည့်ဝဆီ (Saturated fatty acid) ပါဝင်မှုများသော ဆီများမှာ ဝက်ဆီ၊ အမဲဆီနှင့် စားအုန်းဆီတို့ဖြစ်ကြပြီး အဆိုပါဆီများကို စားသုံးပါက လူ့ခန္ဓာကိုယ်၏သွေးကြောများကို ကျဉ်းစေကာ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါနှင့် လေဖြတ်ရောဂါတို့ကို ဖြစ်ပေါ်စေသည်ဟု ဆိုပါသည်။

ထိုအချက်အပြင် အရေးကြီးသောအချက်တစ်ခုမှာ စားသုံးဆီများ၏ အရည်အသွေးတစ်ခုအဖြစ် သတ်မှတ်ထားသော အိုင်အိုဒင်းတန်ဖိုး (Iodine Value - IV) ပါဝင်မှုရာခိုင်နှုန်းဖြစ်ပါသည်။ အိုင်အိုဒင်းတန်ဖိုးသည် ပြည့်ဝဆီ၊ မပြည့်ဝဆီတို့နှင့် သက်ဆိုင်နေ၍ ပြည့်ဝဆီများလေလေ အိုင်အိုဒင်း တန်ဖိုးနည်းလေလေဖြစ်ပြီး ပြည့်ဝဆီနည်း၍ မပြည့်ဝဆီများလေလေ အိုင်အိုဒင်းတန်ဖိုးများလေလေ ဖြစ်ပါသည်။ ထို့ကြောင့် စားသုံးဆီများကို စားသုံးရန်အတွက် ရွေးချယ်မည်ဆိုပါက အိုင်အိုဒင်း တန်ဖိုးများသော ဆီများကိုသာ ရွေးချယ်စားသုံးသင့်ပါသည်ဟု အကြံပြုလိုပါသည်။

ပြည်တွင်း၌ အများဆုံးထုတ်လုပ်သည့် စားသုံးဆီများဖြစ်သော မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာ ဆီတို့သည် အားသာချက်များစွာရှိသည်ကို အများသိရှိပြီးဖြစ်ပါသည်။ ထိုဆီများနှင့် နိုင်ငံခြားငွေများ သုံးစွဲပြီး တင်သွင်းနေရသော စားအုန်းဆီတို့ကို နှိုင်းယှဉ်၍ တင်ပြလိုပါသည်။

မြေပဲဆီကို ပထမဦးစွာ ကြည့်မည်ဆိုပါလျှင် မြေပဲဆီတွင်ပါဝင်သော အာဟာရဓာတ် မိုနိုမပြည့်ဝ ဆီ ၄၆ ဂရမ်၊ ပိုလီမပြည့်ဝဆီ ၃၂ ဂရမ်ပါဝင်ပြီး ကျန်းမာရေးအတွက် မကောင်းသောပြည့်ဝဆီမှာ ၁၇ ဂရမ်ခန့်သာ ပါဝင်သည်ဟု သိရပါသည်။ မြေပဲ၏ အားသာချက်တစ်ခုမှာ အချို့သောဆီများကဲ့သို့ အရောင်အနံ့ချွတ်ရန် မလိုအပ်ဘဲ သဘာဝအတိုင်း ကြိတ်ခွဲထုတ်လုပ်နိုင်သဖြင့် သဘာဝအရောင် အရသာများအတိုင်း ရရှိစေပါသည်။

မြေပဲဆီတွင် ကိုလက်စထရော မပါဝင်သကဲ့သို့ ကျန်းမာရေးအတွက် လိုအပ်သော ဗီတာမင်အီးနှင့် သွပ်ဓာတ်များ ပါဝင်ကြပါသည်။ မြေပဲတွင် အဓိက သတိပြုရမည်မှာ မခြောက်သွေ့လျှင် အာဖလာ တောက်ဆင်မှိုဆိပ် ပါဝင်လာမည်ဖြစ်ပါသည်။ အိုင်အိုဒင်းတန်ဖိုးမှာ ၈၅ မှ ၁၁၀ ဂရမ် /၁၀၀ ဂရမ် အထိ ပါဝင်ပါသည်။

ထို့ကြောင့် ရောနှောဆီအဖြစ် အခြားအိုင်အိုဒင်း တန်ဖိုးနိမ့်သောဆီ (ဥပမာ- စားအုန်းဆီ အိုင်အိုဒင်း တန်ဖိုး ၅၈) ဖြင့် ရောနှောပါက ရောနှောဆီသည် စားအုန်းဆီသက်သက်ထက် အရည်အသွေးတက် လာမည်ဖြစ်ပါသည်။ မြေပဲဆီကို မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံးဆီအဖြစ် သတ်မှတ်ရမည် ဖြစ်သည်ကို တွေ့ရှိနိုင်ပါသည်။ စိုက်ပျိုးထုတ်လုပ်မှု တွင်လည်း အများဆုံးစိုက်ပျိုးထုတ်လုပ်ခြင်း၊ စိတ်ချရသော နာမည်ကြီး ဆီစက်ကြီးများကလည်း မြေပဲဆီများ ကြိတ်ခွဲဖြန့်ဖြူးနေခြင်းတို့ကြောင့် မြန်မာနိုင်ငံအတွက်ဆိုပါက မြေပဲဆီကို စားသုံးရန် အသင့််ဆုံးအခြေအနေဖြစ်သည်ဟု ဆိုနိုင်ပါသည်။ စားသုံးဆီဖူလုံပါက မြေပဲဆီကိုသာ လူထုက ရွေးချယ်စားသုံးကြမည်မှာ သေချာလျက်ရှိပါသည်။

ပုံမှန်နေကြာဆီ ၁၀၀ ဂရမ်တွင် ပိုလီမပြည့်ဝ ဆီ (အိုမီဂါ-၃နှင့် အိုမီဂါ-၆) ၆၅ ဒသမ ၇ ဂရမ်၊ မိုနိုမပြည့်ဝဆီ (အိုမီဂါ-၉၊ အိုးလီရစ်အက်စစ်) ၁၉ ဒသမ ၅ ဂရမ်၊ ပြည့်ဝဆီ ၁၀ ဒသမ ၃ ဂရမ်တို့ ပါဝင် ပါသည်။ နေကြာဆီ၏ ရူပဓာတုဂုဏ်သတ္တိများတွင် အိုင်အိုဒင်းတန်ဖိုး ၇၈ မှ ၁၂၂ ဂရမ် /၁၀၀ ဂရမ်အထိ ပါဝင်နေသည်ကို တွေ့ရကြောင်း သိရသဖြင့် နေကြာဆီသည် မြေပဲဆီထက်ပင် ကျန်းမာရေးနှင့်ညီညွတ် သည်ဟု ဆိုနိုင်ပါသည်။

နေကြာဆီ၏ အားသာချက်တစ်ခုမှာ အာဖလာတောက်ဆင်မှိုဆိပ် လုံးဝကင်းစင်ခြင်းဖြစ်သည်ဟု သိရပါသည်။ မှိုဆိပ်ကင်းစင်သည့်အပြင် ဗီတာမင်ကေနှင့် ဗီတာမင်အီး ကြွယ်ဝခြင်း၊ ကျန်းမာရေးအတွက် အထူးကောင်းမွန်သည့် အိုမီဂါ-၃ နှင့် အိုမီဂါ-၉ တို့ များစွာပါဝင်ပါသည်။ နေကြာဆီကို ဆီပါးသည်ဟု ယူဆကြသော်လည်း အမှန်မှာနေကြာဆီသည် အနံ့၊ အရသာ ကောင်းမွန်သဖြင့် ချက်ပြုတ်ခြင်းအပြင် ကြော်လှော်သည့်နေရာတွင်လည်း သုံးစွဲနိုင်ပါသည်။

နှမ်းဆီ ၁၀၀ ဂရမ်တွင် ပါဝင်သော အာဟာရ ဓာတ်များတွင် မိုနိုမပြည့်ဝဆီ (အိုးလီရစ်အက်စစ်) ၄၂ ဂရမ်၊ ပိုလီမပြည့်ဝဆီ (လီနိုလီရစ်အက်စစ်) ၄၃ ဂရမ်၊ ပြည့်ဝဆီ ၁၅ ဂရမ်နှင့် ဗီတာမင်ကေနှင့် အီးတို့ ပါဝင်ကြပါသည်။ ကိုလက်စထရောလည်း မပါဝင်ပါ။ အိုင်အိုဒင်းတန်ဖိုးမှာလည်း ၁၀၄ မှ ၁၂၀ ဂရမ် /၁၀၀ ဂရမ် အထိပါဝင်ကြပါသည်။ နှမ်းဆီကို မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး တွင် အများဆုံးစိုက်ပျိုးသကဲ့သို့ မက်မက်မောမော စားသုံးကြပါသည်။

ရိုးရာတိုင်းရင်းဆေးအဖြစ် သုံးစွဲလေ့ရှိပြီး အိန္ဒိယတွင်လည်း လိမ်းဆေးအဖြစ် သုံးစွဲလေ့ ရှိပါသည်။ နှမ်းဆီကိုကြော်ရာတွင် အမြှုပ်ထွက်များသည်ဟုဆိုကာ အိမ်ရှင်မများက ကြိုက်နှစ်သက် မှုနည်းတတ်သော်လည်း အမှန်အားဖြင့် နှမ်းဆီ၏ ဆီခိုးမှတ်မှာ ၃၅၀ မှ ၄၅၀ ဒီဂရီဖာရင်ဟိုက်အထိ ရှိသဖြင့် ကောင်းစွာကြော်လှော်နိုင်ပါသည်။ ယခုအခါ ဆီစက်များ၏ အရည်အသွေးတိုးတက်လာ သဖြင့် နှမ်းဆီကောင်းများ ပိုမိုရရှိလာပြီး နှမ်းဆီကို ကောင်းစွာသုံးစွဲနိုင်ပြီဖြစ်ပါသည်။ နှမ်းလှော် ဆီမွှေးသည် များစွာတန်ဖိုးရှိသဖြင့် ပြည်တွင်း ဖူလုံမှုအတွက်အပြင် ပြည်ပတင်ပို့ရေးအတွက်လည်း နှမ်းဆီကို ကြိတ်ခွဲထုတ်လုပ်သင့်ပါသည်။

စားရန်သင့်တော်သော ဆီတစ်မျိုးမှာ ပဲပုပ်ဆီ (Soybean Oil) ဖြစ်ပါသည်။ အဆိုပါဆီကို ဆီစက် သမားများက ပဲပိစပ်ဆီဟုလည်း အမည်ပေးတတ်ပါသည်။ “ပုပ်” ဆိုသော စကားလုံးနှင့် အသံထွက်ကို မသုံးလိုသဖြင့် ပြောင်းလဲသုံးစွဲခြင်းဖြစ်နိုင်ပါသည်။ မည်သို့ပင်ခေါ်တွင်စေကာမူ အဆိုပါ Soybean oil ၁၀၀ ဂရမ်တွင် ပိုလီမပြည့်ဝဆီ [လီနိုလီရစ် အက်စစ် (အိုမီဂါ-၆) ၅၀ ဂရမ်နှင့် (အိုမီဂါ- ၃) ၁၀ ဂရမ်] ၆၀ ဂရမ်၊ မိုနိုမပြည့်ဝဆီ (အိုလီရစ် အက်စစ် အိုမီဂါ- ၉) ၂၅ ဂရမ်၊ ပြည့်ဝဆီ ၁၅ ဂရမ်၊ ဗီတာမင်အီးနှင့် ဗီတာမင်ကေ အနည်းငယ်ပါဝင်ပါသည်။ အိုင်အိုဒင်းတန်ဖိုးမှာ အလွန်မြင့်မားပြီး ၁၂၀-၁၃၆ ဂရမ်/ ၁၀၀ ဂရမ်အထိရှိသည်ဟု သိရှိရပါသည်။ ပဲပုပ်ဆီသည် ကျန်းမာရေးအတွက်လည်း ကောင်းမွန်ကြောင်း သိရပါသည်။

အထက်ပါ မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီနှင့် ပဲပုပ်ဆီတို့အပြင် ပန်းနှမ်းဆီ၊ ဖွဲနုဆီနှင့် ပြောင်းဆီ တို့မှာလည်း မြန်မာနိုင်ငံအတွင်း ထုတ်လုပ်နိုင်ကြပြီး စားသုံးရန်သင့်တော်သည့်အပြင် ကျန်းမာရေးနှင့် ညီညွတ်ခြင်း၊ အရွယ်တင်နုပျိုခြင်းစသောအချက်များကိုလည်း ဤဆီများထဲတွင် တွေ့နိုင်ပါသည်။ ပြည်တွင်း၌ အနည်းငယ်သာ ထုတ်လုပ်နိုင်ပြီး ဈေးသက်သာသဖြင့် ပြည်ပမှ တင်သွင်းနေရသည့် စားအုန်းဆီနှင့်ပတ်သက်၍ သိထားသင့်သည်များ ကို တင်ပြလိုပါသည်။

စားအုန်းဆီသည် အုန်းဆီပြီးလျှင် ပြည့်ဝဆီ ပါဝင်မှုအများဆုံးဆီ ဖြစ်ပါသည်။ အုန်းဆီထက် နိမ့်သည်ဆိုသော်လည်း အုန်းဆီတွင်ပါဝင်သော ပြည့်ဝဆီမှာ ကျန်းမာရေးအတွက် သင့်တော်ပြီး စားအုန်းဆီတွင် ပါဝင်သော ပြည့်ဝဆီမှာမူ မကောင်းကျိုးဘက်သို့ ပိုမိုရောက်သည်ဟုဆိုနိုင် ကြောင်း သိရပါသည်။ စားအုန်းဆီ ၁၀၀ ဂရမ်တွင် ပြည့်ဝဆီ ၅၄ ဒသမ ၃ ဂရမ်နှင့် မိုနိုမပြည့်ဝဆီ ၃၆ ဒသမ ၆ ဂရမ်နှင့် ပိုလီမပြည့်ဝဆီ ကိုးဂရမ်ခန့်သာ ပါဝင်ပါသည်။

အခြားသော ဗီတာမင်ဓာတ်များလည်း ပါဝင်မှုမရှိဟု သိရပါသည်။ အိုင်အိုဒင်းတန်ဖိုးမှာ ပုံမှန်အားဖြင့် ၅၀ မှ ၅၅ ဂရမ်ခန့်သာ ပါဝင်တတ်ပါသည်။ ယခုတင်သွင်းသော စားအုန်းဆီမှာ စားသုံးသူများအတွက် သင့်တင့်သောအရည်အသွေးရစေရန် အိုင်အိုဒင်းတန်ဖိုး ၅၈ ဂရမ်ကို တင်သွင်းထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် သာမန်စားအုန်းဆီထက် ဈေးအနည်းငယ်မြင့်နေခြင်းဖြစ်ပါသည်။ နယ်စပ်မှ ဝင်သော ပုစွန်နှစ်ကောင်အစရှိသော စားအုန်းဆီများမှာ အရည်အသွေးစစ်ဆေးထားခြင်းမရှိကြပါ။ “စားအုန်းဆီနှင့် ကျန်းမာရေးအန္တရာယ်”ဟု ဒေါက်တာခင်မောင်လွင် (Fame) က သူ၏ဆောင်းပါး ပေါင်းချုပ်စာအုပ်တွင် ဖော်ပြထားပါသည်။

ဖော်ပြထားသော အချက်များမှာ စားအုန်းဆီတွင်ပါဝင်သော ပြည့်ဝဆီတွင် ပါဝင်သည့်အက်စစ်မှာ ပါမစ်တစ်အက်စစ်ဖြစ်ပြီး ပြည့်ဝဆီ (၅၄ ဒသမ ၃ ဂရမ်တွင်) ၄၄ ဂရမ်အထိ ပါဝင်နေသည်ကို တွေ့ရပါသည်။ အဆိုပါဆီသည် အစားအသောက်များမှတစ်ဆင့် လူ့ခန္ဓာကိုယ်အတွင်းရောက်ပါက အသည်းမှတစ်ဆင့် အယ်လ်ဒီအယ်လ်ကိုလက်စထရောများကို ထုတ်လုပ်ပေးရန် ကုန်ကြမ်းများ အဖြစ် သွေးတွင်း၌ အဆိုပါကိုလက်စထရောကို မြင့်တက်စေပါသည်။

တစ်ခါတစ်ရံနှင့် နည်းနည်းသာစားပါက ပြဿနာနည်းနိုင်သော်လည်း နေ့စဉ်ချက်ပြုတ် စားသောက်ရာတွင်သုံးပါက သွေးကြောအတွင်း အဆီများစုလာကာ သွေးကြောများကျဉ်းလာမည်ဖြစ်ပါသည်။ ထို့ကြောင့် သွေးတိုးရောဂါ၊ နှလုံးသွေးကြော ကျဉ်းရောဂါများဖြစ်လာကာ နောက်ဆက်တွဲရောဂါအဖြစ် နှလုံးသွေးကြောပိတ်၍ နှလုံးကြွက်သားများ ထိခိုက်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ကာ လေဖြတ်ခြင်းတို့ဖြစ်နိုင်ကြောင်း သိရပါသည်။

ထို့ကြောင့် စားအုန်းဆီပါဝင်မှုများသော အစားအစာများကို ရှောင်ကြဉ်သင့်ပါသည်။ အထူးသဖြင့် အဝလွန်သူများ၊ သွေးတိုးရောဂါရှိသူများ၊ အသက်ကြီးရင့်သူများ၊ လှုပ်ရှားမှုနည်းသူများ မစားသင့်ကြောင်း သိရပါသည်။ ဆရာက စားအုန်းဆီစားသုံးမှုကိုလျှော့ပြီး ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီတို့ကို စားသုံးသင့်ကြောင်း အကြံပြုထားပါသည်။ မြေပဲဆီဈေးက မြင့်နေလျှင်လည်း စားအုန်းဆီဝယ်မည့်ငွေကြေးအား မြေပဲဆီ စသည့်ပြည်တွင်းထုတ်ဆီကို ရသလောက်ဝယ်ယူပြီး ရေလည်ဆီလည်ချက်စားသင့်ကြောင်း အကြံပေးထားပါသည်။ မှန်ပါသည်။

ပြည်တွင်းဖြစ် မြေပဲ၊ နှမ်းနှင့် နေကြာဆီများကို ပိုမိုအားပေးသင့်ပါသည်။ ကျန်းမာရေးထိခိုက်ပါက ကြီးမားသော ဆေးကုသစရိတ်ကိုပါ ထပ်မံကုန်ကျ မည်ကို အထူးသတိချပ်သင့်ပါသည်။ ထို့ကြောင့် စားသုံးသူများအနေဖြင့် ပြည်ပမှတင်သွင်းနေသော စားအုန်းဆီအစား ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့ကို ပိုမိုအားပေး ဝယ်ယူစားသုံးသင့်ပါသည်။

မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီများကို ပြည်တွင်းဈေးကွက်၌ ရောင်းချခြင်းဖြင့် သင့်တော်သော ဝင်ငွေရရှိနိုင်ရန်အတွက် ဆီစက်များ များများလည်ပတ်နိုင်ရန် လိုအပ်ပါသည်။ ပြည်တွင်းတွင် ဆီစက်များ တိုးတက်လည်ပတ်နိုင်မည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းလည်း တိုးတက်လာနိုင်ပါသည်။

နိုင်ငံခြားငွေကိုသုံးစွဲပြီး ပြည်ပမှတင်သွင်းရကာ ဈေးကြီးပေးဝယ်စားနေရသော စားအုန်းဆီများအစား ပြည်တွင်း၌ထုတ်လုပ်သော မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့ကို ပိုမိုစားသုံးခြင်းဖြင့် ပြည်တွင်းစက်မှုကဏ္ဍကို အားပေးရာလည်း ရောက်ပါသည်။ ထို့အပြင် အထက်တွင်ဖော်ပြသကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်း များပြားလာခြင်း၊ Supply Chain တစ်ခုလုံး လိုက်ပါလည်ပတ်ပြီး တောင်သူ၊ ကုန်သည်၊ ဆီစက်ပိုင်ရှင်နှင့် စားသုံးသူများအားလုံး အကျိုးကျေးဇူးလည်း တိုးတက်ရရှိ လာနိုင်ပါသည်။

ပြည်တွင်းဖြစ်ကို အားပေးခြင်းသည် မိမိတို့ပြည်သူများ၏ အကျိုးစီးပွားကို မြှင့်တင်ရာလည်း ရောက်မည်ဖြစ်သည်ကို မျှော်လင့်ခြင်းများစွာဖြင့် တင်ပြလိုက်ရပါသည်။ ပြည်ပမှ တင်သွင်းလာသော စားအုန်းဆီများသည် ပြည်တွင်းထုတ်မြေပဲဆီ၊ နှမ်းဆီများထက် ဈေးနှုန်းချိုသာသဖြင့် စားသုံးခဲ့ရခြင်းဖြစ်ပါသည်။ ပေါပေါရတိုင်း များများသုံးခဲ့ခြင်း၏ အကျိုးဆက်အနေဖြင့် ကျန်းမာရေးထိခိုက်မှုကို ကြုံကြရသည်။ ထို့ကြောင့် စားအုန်းဆီဝယ်မည့်ငွေကို ပြည်တွင်းထုတ်မြေပဲဆီ၊ နေကြာဆီနှင့် နှမ်းဆီ စသည်တို့ကို ဝယ်ယူစားသုံးသင့်ပါသည်။

ငွေလည်းချွေတာ၊ ကျန်းမာရေးအတွက်လည်းကောင်း၊ ပြည်တွင်းစက်မှုလုပ်ငန်းများကိုလည်း အားပေးရာရောက်သဖြင့် ပြည်တွင်းဖြစ်ကို အားပေးကြပါစို့ဟု တိုက်တွန်းလိုပါကြောင်း ထပ်လောင်း ပြောလိုက်ပါရစေခင်ဗျား။ ။

ကိုးကား-
ဒေါက်တာခင်မောင်လွင် (Fame) ၏ စားသုံးဆီနှင့် ကျန်းမာရေးစာအုပ်