Skip to main content

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ (၄) (အခြားသောအသင်းအဖွဲ့များ)

မြင့်စိုး(နတလ)

နှလုံးလှလူသားများ ခေါင်းစဉ်အောက်မှာ

MSME ဆောင်းပါးများ ရေးနေရင်းက “မိုခါ” ကို သတိရစရာတွေ ပေါ်လာပြန်ပါသည်။ “မိုခါ” မုန်တိုင်း ဒဏ်သင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ ခေါင်းစဉ်ဖြင့် ဂုဏ်ပြုဆောင်းပါးများရေးခဲ့စဉ်က ဝန်ကြီးဌာန (၁၃) ခုနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့အတွက် တစ်ပုဒ်စီ သီးခြားဖော်ပြပေးခဲ့ပါသည်။

သို့သော် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ကဲ့သို့ပင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များကလည်း အားကြိုးမာန်တက် ပါဝင်ခဲ့ကြပါသည်။ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသော အလှူငွေနှင့် ပစ္စည်းများအပြင် ပြည်တွင်းပြည်ပ စေတနာရှင်၊ အလှူရှင်များကလည်း ငွေနှင့်ပစ္စည်းများ လှူဒါန်းခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး(ဗဟို)၊ သဘင်အစည်းအရုံး (ဗဟို)၊ ဟာသပညာရှင်များအစည်းအရုံးတို့မှ အနုပညာရှင်များက ပဒေသာကပွဲမှရရှိသော အလှူငွေ၊ ဘောလုံးပြိုင်ပွဲများမှရရှိသော အလှူငွေတို့ကို စစ်တွေမြို့အထိ လာရောက်ပေးအပ်လှူဒါန်းပြီး ဖျော်ဖြေရေးအစီအစဉ်များပါ ပြုလုပ်သွားကြသေး၏။ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်စစ်သမီးများကလည်း လာရောက်ဖျော်ဖြေပြီး စိတ်ခွန်အား မြှင့်တင်ပေးကြသည်။

ထို့ပြင် တဝ ဝန်ထမ်းများထဲမှ အလုပ်လုပ်ရင်း ကွယ်လွန်သွားသူ၊ နေပူမရှောင် မိုးရွာမရှောင် တက်တက်ကြွကြွ လုပ်ကိုင်နေသူများကို တွေ့မြင်ခဲ့ရသဖြင့် သူတို့အားလုံးကို ရည်ညွှန်း၍ “မိုခါ မုန်တိုင်းကြားက နှလုံးလှလူသားများ” ခေါင်းစဉ်အောက်မှာ ရေးသားဂုဏ်ပြုပေးခဲ့ပါသည်။

ယခုလည်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုယ်စားပြုပြခန်းများ၊ အသင်းအဖွဲ့များ၊ စုစုပေါင်း ၉၆ ခန်းရှိပေရာ ဝန်ကြီးဌာနအားလုံး၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပြခန်းအားလုံး၊ အသင်းအဖွဲ့အားလုံးကို တစ်ခုချင်းစီတစ်ဖွဲ့ချင်းစီ ဂုဏ်ပြုရေးသားဖို့ရာ အခက်အခဲရှိပါသည်။ သို့ဖြစ်၍ “အခြားသောအသင်း အဖွဲ့များ” ခေါင်းစဉ်အောက်မှာ ရေးသားခွင့်ပြုတော်မူကြပါကုန်။ အချိန်ကာလနှင့် အကြောင်းမညီညွတ်၍ ကျွန်တော့်ရေးသားဖော်ပြမှုတွင် မပါဝင်ခဲ့လျှင်လည်း နားလည်ခွင့်လွှတ်ပေးတော်မူကြပါကုန်။

တိုင်းရင်းဆေးပြခန်း

စင်စစ်တိုင်းရင်းဆေးဆိုသည့် ဝေါဟာရသည် ကျွန်တော်နှင့် သိပ်မစိမ်းခဲ့ပါ။ ၁၉၇၆ ခုနှစ် ကျွန်တော် ဆယ်တန်းအောင်ချိန်မှာ ကျွန်တော်၏ဇာတိ လေးမျက်နှာမြို့က အစ်ကိုတော်တစ်ယောက်နှင့် ရန်ကုန်မှ အစ်မတော်တစ်ယောက်တို့က တိုင်းရင်းဆေးသိပ္ပံ (မန္တလေး) မှာ တက်ရောက်သင်ကြားနေ ကြပေပြီ။ ထိုနှစ်ယောက်အနက် အစ်ကိုတော်က တိုင်းရင်းဆေးသမားတော်ကြီး အဝေရာဦးသိန်းဝင်း အမည်ဖြင့် နိုင်ငံကျော်ခဲ့သည်။

ပုသိမ်မြို့ရှိ သူ၏ အဝေရာဆေးတိုက်မှ တိုင်းရင်းဆေးမျိုးစုံထုတ်လုပ်၍ ရောဂါရှင်များကို ယနေ့ချိန်အထိ ကုသပေးလျက်ရှိပါသည်။ မကြာမီက ကျင်းပပြုလုပ်ပြီးစီးသွားခဲ့သော ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲကြီးတွင် တိုင်းရင်းဆေးပြခန်းကိုပါ တွေ့မြင်လိုက်ရသောအခါ တိုင်းရင်းဆေးသိပ္ပံ (မန္တလေး) ကို ပြေး၍သတိရမိသည်။ အဆိုပါကျောင်းကို ၁၉၇၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ တိုင်းရင်းဆေးသိပ္ပံနှင့်တွဲ၍ ၂၅ ခုတင်ဆံ့ သင်ကြားရေးဆေးရုံကိုလည်း ၁၉၇၆ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင်ဖွင့်လှစ်၍ အထောက်အကူပြု ပရဆေးဥယျာဉ်နှင့် ဆေးဝါးထုတ်လုပ် ဖြန့်ဖြူးရေး ဌာနခွဲတစ်ခုကိုပါ ဖွင့်လှစ်ပေးခဲ့ကြောင်း လေ့လာသိရှိရသည်။

တိုင်းရင်းဆေးပညာဦးစီးဌာနကို ၁၉၈၉ ခုနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနအောက်၌ ဖွဲ့စည်းပေးခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ဦးစီးဌာနကြီးအဖြစ် အဆင့်မြှင့်တင်တိုးချဲ့ဖွဲ့စည်းပေးခဲ့သလို တိုင်းရင်းဆေးသိပ္ပံ (မန္တလေး) သည် ၂၀၀၁ ခုနှစ်တွင် တိုင်းရင်းဆေး တက္ကသိုလ် (မန္တလေး) ဟူ၍ ပြောင်းလဲဖြစ်ပေါ်လာခဲ့ သည်။ ၁၉၉၈-၉၉ ခုနှစ်မှစ၍ အထက်မြန်မာပြည်ရှိ တိုင်းရင်းဆေးရုံကြီးများ၊ မြို့နယ်တိုင်းရင်းဆေးကုဌာနများအတွက် ဆေးဝါးများ ထုတ်လုပ်ဖြန့်ဖြူးပေးရန် စက်ရုံပေါ်ပေါက်လာခဲ့ကာ လက်ရှိတိုင်းရင်း ဆေးဝါးလုပ်ငန်းစက်ရုံ (မန္တလေး) ကိုမူ ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အိုးဘိုရွှေကျင်ရပ်၌ တည်ဆောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ယင်းစက်ရုံမှ ထုတ်လုပ်ခဲ့သော တိုင်းရင်းဆေးဝါးများကို ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံသုံးရုံ၊ ခုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံ ကိုးရုံ၊ ၂၅ ခုတင်ဆံ့ တိုင်းရင်း ဆေးရုံ ၁၃ ရုံ၊ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ၂၄ ရုံ၊ မြို့နယ်တိုင်းရင်းဆေးကုဌာနပေါင်း ၂၁၀ တို့သို့ ဖြန့်ဖြူးပေးလျက်ရှိသည်။ တိုင်းရင်းဆေးဝါးလုပ်ငန်းစက်ရုံ (မန္တလေး) တည်ဆောက်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) ပြည်သူ့ကျန်းမာရေးကို တိုင်းရင်းဆေးပညာဖြင့် စောင့်ရှောက်မှုပေးရာတွင် အဓိကလိုအပ်ချက်ဖြစ်သော တိုင်းရင်းဆေးဝါးများကို ဖော်စပ်ထုတ်လုပ်ပေးရန်၊

(ခ) အစွမ်းအာနိသင် ထက်မြက်သော တိုင်းရင်းဆေးဝါးများ ဖော်စပ်ထုတ်လုပ်ရာတွင် ခေတ်မီနည်းစနစ်များ အသုံးပြု၍ အရည်အသွေးပြည့်ဝပြီး အရေအတွက်လျာထားချက် ပြည့်မီအောင် ထုတ်လုပ်ရန်၊

(ဂ) တိုင်းရင်းဆေးဝါးများ ဖော်စပ်ထုပ်လုပ်ရာတွင် နိုင်ငံတကာအဆင့်မီ နည်းမှန်ထုတ်လုပ်မှု ကျင့်စဉ်များနှင့်အညီ ထုတ်လုပ်ရန်၊

(ဃ) တန်ဖိုးမြင့်မား၍ ဘေးထွက်ဆိုးကျိုးများသော နိုင်ငံခြားဆေးများနေရာတွင် တန်ဖိုးနည်း၍ ဘေးထွက်ဆိုးကျိုးနည်းပါးပြီး အာနိသင်ထက်မြက်သော တိုင်းရင်းဆေးဝါးများ ဖော်စပ်ထုတ်လုပ် ရန်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော (၂၃) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံတွင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်ပါအတိုင်း မိန့်ကြားခဲ့ပါသည်-

“တိုင်းရင်းဆေးကုန်ကြမ်းတွေကိုအခြေခံတဲ့ မြန်မာ့တိုင်းရင်းဆေးဝါးတွေရဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း MSME တွေကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပံ့ပိုးလျက်ရှိပါတယ်။ မြန်မာ့တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး MSME လုပ်ငန်းတွေကို အိမ်တွင်းစက်မှုလုပ်ငန်းသာမဟုတ်ဘဲ ဒေသအဆင့်၊ နိုင်ငံအဆင့်မှသည် ပြည်ပပို့ကုန်အထိ ဖြစ်စေရေးအတွက် တိုင်းရင်းဆေးဝါးတွေကို အရည်အသွေးမြှင့်တင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်ကြမယ်ဆိုရင် နိုင်ငံ့စီးပွားရေးကို အထောက်အပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။

တိုင်းရင်းဆေး၏အောင်မြင်မှု (သို့မဟုတ်) ဝိသမအဖျားပျောက်ဆေး

ကမ္ဘာ့ကပ်ရောဂါဆိုးကြီးဖြစ်သော ကိုဗစ်ကပ်ရောဂါ၏ဒဏ်ကို မြန်မာပြည်သူ ပြည်သားများလည်း အလူးအလဲခံစားခဲ့ကြရသည်။ ဆုံးရှုံးမှုများပြားခဲ့သည်။ တစ်ကိုယ်ရည် ကျန်းမာရေးအသိ မြင့်မားတိုးတက်လာမှုနှင့်အတူ စုပေါင်းအားကိုရယူကာ ညီညီညွတ်ညွတ်တွန်းလှန်၍ ကာကွယ် ခဲ့ကြရသည်။ ဤအခြေအနေဆိုးကြီး ကြုံရချိန်တွင် ကာကွယ်ဆေးများ မပေါ်ပေါက်မီ ပုံမှန်သုံးစွဲနေသည့် အကိုက်အခဲပျောက်ဆေးများပင် ပြတ်လပ်မှုများနှင့် ရင်ဆိုင်ခဲ့ကြရသည်။ သို့ဖြစ်၍ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးအနေဖြင့် ဆေးခါးကြီးကို အခြေခံလျက် ကာကွယ်ဆေးနှင့် ကုသဆေးတို့ ထုတ်လုပ်ရေး ဆောင်ရွက်သွားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) တွင် လမ်းညွှန်မိန့်ကြားခဲ့သည်။

ယင်းလမ်းညွှန်ချက်အရ တိုင်းရင်းဆေးသုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့သည်။ သုတေသနအဆိုပြုလွှာကို စနစ်တကျရေးသားပြုစု၍ သုတေသနကျင့်ဝတ်ကော်မတီသို့ အဆင့်လိုက်တင်ပြပြီး ခွင့်ပြုချက်ရယူကာ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

ဝိသမအဖျားပျောက်ဆေးတွင် ပါဝင်ပစ္စည်းများ

အောက်ဖော်ပြပါပစ္စည်းများ ပါဝင်ပါသည်-

(က) ဆေးခါးကြီး (Andrographis paniculata)

(ခ) ဆင်တုံးမနွယ် (Tinospora cordifolia)

(ဂ) နံ့သာဖြူ (Santalum album L.)

(ဃ) ချင်း (Zingiber officinale Roscoe)

အဆင့်ဆင့်ဆောင်ရွက်ခဲ့ရသော သုတေသနလုပ်ငန်းများ

သုတေသနအဆင့် (၁) အရ ပါဝင်ဆေးပစ္စည်းများဖြင့် စမ်းသပ်ဖော်စပ်ပြီး ဆေးဝါးအရည်အသွေးကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့သည်။ ဆက်လက်၍ သုတေသနအဆင့် (၂) လုပ်ငန်းများဖြစ်သော ဝိသမ အဖျားပျောက်ဆေး၏ လတ်တလောအဆိပ်အာနိသင် (Acute toxicity)အား ဓာတ်ခွဲခန်းတိရစ္ဆာန် များပေါ်တွင် စမ်းသပ်လေ့လာခြင်း၊ ရေတိုအဆိပ်အာနိသင် (Sub acute toxicity) အား စမ်းသပ် လေ့လာခြင်း၊ လူအန္တရာယ်ကင်းစွာ အသုံးပြုနိုင်မည့် ဆေးချိန်ပမာဏသတ်မှတ်ခြင်း၊ သုတေသနရလဒ်များအား ကျန်းမာရေးဝန်ကြီးဌာနနှင့် သုတေသန ကျင့်ဝတ်ကော်မတီသို့ တင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

သုတေသနအဆင့် (၃) လုပ်ငန်းများမှာ ဝိသမအဖျားပျောက်ဆေး၏ အန္တရာယ်ကင်းရှင်းမှုနှင့် ဆေးအပေါ် ခံနိုင်ရည်ရှိမှုတို့ကို ကျန်းမာသန်စွမ်းသူများနှင့် စမ်းသပ်ခြင်းဖြစ်ပါသည်။ သုတေသန အဆင့် (၄) လုပ်ငန်းစဉ်များမှာ ဝိသမအဖျားပျောက်ဆေး၏ အကျိုးထိရောက်မှုအား ကိုဗစ်-၁၉ ရောဂါ အတည်ပြု သာမန်လက္ခဏာရှိ လူနာများတွင် စမ်းသပ်၍ ရလဒ်များ ဖော်ထုတ်ခြင်းဖြစ်ပါသည်။

အကျိုးကျေးဇူးနှင့်ရလဒ်များ

တိုက်ကျွေးနိုင်သော ဆေးပမာဏကို တိကျစွာ သိရှိဖော်ထုတ်နိုင်ခြင်း၊ ကိုဗစ်ရောဂါ လက္ခဏာများ သက်သာပျောက်ကင်းစေခြင်း၊ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ခြင်း စသည့်သုတေသနရလဒ်ကောင်း များရရှိခဲ့ပါသည်။ ထိုသို့ရရှိခဲ့သော သုတေသနရလဒ်နှင့် လုပ်ငန်းပြီးစီးမှုအစီရင်ခံစာအား ကျန်းမာရေး ဝန်ကြီးဌာနနှင့် သုတေသနကျင့်ဝတ်ကော်မတီသို့ တင်ပြခဲ့သည်။ တစ်ဆက်တည်းမှာပင် သုတေသန ရလဒ်များကောင်းမွန်ပြီး အကျိုးကျေးဇူးရှိသည့်အတွက် တိုင်းရင်းဆေးဝါးစက်ရုံမှ ထုတ်လုပ်ရန် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်လျှောက်ထား၍ ခွင့်ပြုချက်ရယူခဲ့သည်။

သုတေသနအဆင့်ဆင့်ပြုလုပ်ပြီး ပထမဦးဆုံးထုတ်လုပ်ခဲ့သည့် တိုင်းရင်းဆေးဝါးတစ်လက်ဖြစ်သော ဝိသမအဖျားပျောက်ဆေးကို ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ တိုင်းရင်းဆေးရုံများနှင့် တိုင်းရင်းဆေးကု ဌာနများသို့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ဖြန့်ဝေပို့ဆောင်ပေးကြောင်း သိရသည်။ ၎င်းဆေးသည် ကိုဗစ် -၁၉ ရောဂါသာမက အအေးမိနှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ အသံဝင်ခြင်း၊ သလိပ်ကပ်ခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းအုံခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲဖျားနာခြင်း၊ ရာသီဖျား တုပ်ကွေးဖျားရောဂါများကို သက်သာပျောက်ကင်းစေပြီး လူနာဦးရေ ၁၀၇၉၀ ကို ကုသပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

တိုင်းရင်းဆေးပညာဦးစီးဌာနက သင်တန်းများပို့ချပေးမှု

တိုင်းရင်းဆေးဆိုင်ရာ အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များကို တိုင်းရင်းဆေးပညာဦးစီးဌာနက သင်တန်းများ ပို့ချပေးလျက်ရှိရာ အာဆီယံတိုင်းရင်းဆေးဝါးနှင့် ကျန်းမာရေးဖြည့်စွက်စာဆိုင်ရာ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (Good Manufacturing Practice-GMP) သင်တန်း ခြောက်ကြိမ်၊ အာဆီယံတိုင်းရင်းဆေးဝါးနှင့် ကျန်မာရေးဖြည့်စွက်စာဆိုင်ရာ အရည်အသွေး ထိန်းသိမ်းခြင်း၊ တည်မြဲမှုနှင့်သက်တမ်း၊ ဆေးညွှန်းဖော်ပြချက်ဆိုင်ရာများ လေ့လာခြင်း (Quality Control, Stability & Shelf-life, Labeling Requirements and Claims Benefits for TM/HS) သင်တန်းနှစ်ကြိမ်၊ ISO 9001 (2015) အသိ ပညာပေးသင်တန်းလေးကြိမ်၊ မူပိုင်ခွင့်အကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပပေးခြင်း တစ်ကြိမ်တို့ ဖြစ်ပါသည်။

GMP ရရှိထားပြီးဖြစ်သော တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံနှစ်ရုံမှာ Fame Pharmaceuticals Laboratory ၊ ဦးသာရင်နှင့် လွင်မြင့်အောင် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးတို့ဖြစ်သည်။ ISO ရပြီးသော တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံခုနစ်ရုံမှာ Fame ၊ ဦးသာရင်နှင့် လွင်မြင့်အောင်၊ ကေသီပန်၊ မှန်ချို၊ မောရိယ၊ စကြာမင်း၊ ရုပ်ပျိုတိုင်းရင်းဆေးတို့ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

ဈေးကွက်အတွင်းရောင်းချနေသော တိုင်းရင်းဆေးဝါးကို စစ်ဆေးခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် ဈေးကွက်အတွင်း ရောင်းချနေသော တိုင်းရင်းဆေးဝါးများအား Pre-market နှင့် Post-market surveillance စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိပါသည်။ ဈေးကွက်တွင် တိုင်းရင်းဆေးဝါး ဥပဒေအရ မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါး၊ စံမညီ တိုင်းရင်းဆေးဝါး (တိုင်းရင်းဆေးဝါး မှတ်ပုံတင်စဉ်က ဖော်ပြထားသော ဆေးဖုံ၊ ဖော်စပ်နည်းနှင့်အညီမဟုတ်ဘဲ ဖော်စပ်ထားသော တိုင်းရင်းဆေးဝါး)၊ အနောက်တိုင်းဆေးများ ရောနှောထားသော တိုင်းရင်းဆေးဝါးများကို စိစစ်တွေ့ရှိရပါက အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နေ့စဉ်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် နှိုးဆော်ချက်ထုတ်ပြန်ခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ ဆက်လက်၍သတင်းပေးပို့ ဆောင်ရွက်ခြင်းများကိပြုလုပ်၍ ထိန်းသိမ်းကြပ်မတ်လျက် ရှိပါသည်။

တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် (အသစ်) လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်း

တိုင်းရင်းဆေးဝါး မှတ်ပုံတင်နံပါတ်ရရှိပြီးပါက တိုင်းရင်းဆေးဝါးထုတ်လုပ်သည့် လိုင်စင် (အသစ်) လျှောက်ထားရမည်ဖြစ်သည်။ လုပ်ငန်းရှင်များအနေဖြင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် လျှောက်လွှာများကို တိုင်းရင်းဆေးပညာဦးစီးဌာန Website လိပ်စာ www.dtm.gov.mm တွင် အခမဲ့ download ရယူနိုင်ပါသည်။ လျှောက်လွှာရရှိပြီးပါက မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ် တိုင်းရင်း ဆေးဝါးကြီးကြပ်ရေးကော်မတီများမှ ထောက်ခံချက်အဆင့်ဆင့်ရယူပြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရုံးအမှတ် (၄၇) နေပြည်တော်၏ ဆေးဝါးမှတ်ပုံတင်ဌာနစိတ်သို့ လာရောက်ဆက်သွယ်၍ ဆောင်ရွက်ရပါမည်။

တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင် သက်တမ်း သုံးနှစ်ပြည့်ပြီးပါကလည်း လိုင်စင်သက်တမ်းတိုး လျှောက်ထားကြရမည်ဖြစ်သည်။

ဂုဏ်ယူဝမ်းမြောက်မိပါသည်

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ၏ တိုင်းရင်းဆေး ထုတ်လုပ်သူများ၊ လုပ်ငန်းရှင်များ၊ တိုင်းရင်းဆေးသမားတော်ကြီးများကို ကိုယ်စားပြုလျက် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲကြီးတွင် တိုင်းရင်းဆေးပြခန်းကို ပါဝင်ပြသနိုင်ခြင်း သည် များစွာဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါသည်။

ယနေ့ခေတ် တွေ့မြင်နေရသော တိုင်းရင်းဆေးအဖုံဖုံတွင် ရှေးနှစ်ပေါင်းများစွာကတည်းက ဖော်စပ်ခဲ့သော တော်ဝင်နန်းသုံးဆေးစွမ်းကောင်းများ ပါဝင်နေသလို တိမ်မြုပ်ပျောက်ကွယ်လုဆဲဆဲ ဆေးနည်းများလည်း ရှိနေသဖြင့် လက်ဆင့်ကမ်းအမွေပေးနိုင်ရန် အထူးလိုအပ်လှပါသည်။ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးအတွက် ဂုဏ်ယူမြတ်နိုးဖွယ်ရာ တိုင်းရင်းဆေးများဖြင့် ထာဝစဉ်ရှင်သန်ရပ်တည် အကျိုးပြုနိုင်ပါစေကြောင်း ဆုတောင်းပတ္ထနာပြုလျက်...။

(ဆက်လက်ဖော်ပြပါမည်)