တိုင်းပြည်အကျိုးစီးပွားတိုးတက်ဖို့ နှောင်းစာရင်း စစ်ဆေးကြစို့
ဝန်းခရံ
အကောက်ခွန်ဆိုင်ရာ နှောင်းစာရင်းစစ်ဆေးခြင်း (Post Clearance Audit) လုပ်ထုံးလုပ်နည်းများကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့စွဲ ပါ အမိန့်ကြော်ငြာစာအမှတ်၊ (၁၀/၂၀၁၇) အရ ထုတ်ပြန်ကြေညာခဲ့ပါသည်။
လုပ်ထုံးလုပ်နည်းတွင်ပါရှိသော စကားရပ်များသည် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေပါသည်။ အကောက်ခွန်ဆိုင်ရာ နှောင်းစာရင်း စစ်ဆေးခြင်းသည် စနစ်ကျသည့် အကောက်ခွန်ထိန်းချုပ်မှုလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ပါဝင်သည့် စာရင်းစစ်ဆေးခံသူ (Auditees) ၏ မည်သည့်စနစ်ဖြင့်မဆို ထိန်းသိမ်းထားရှိသော မှတ်တမ်းမှတ်ရာများ၊ ကုန်သွယ်မှုလုပ်ငန်းစဉ်များကို စစ်ဆေးခြင်းဖြင့် ကုန်ပစ္စည်းကြေညာလွှာများအပေါ် မှန်ကန်တိကျမှုရှိ မရှိ ကျေနပ်လက်ခံနိုင်သည်အထိ စစ်ဆေးသည့်လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်။
ကုန်သွယ်မှုလုပ်ငန်းစဉ်အနေဖြင့် ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များ၊ ဝန်ဆောင်မှုများ၊ ကုန်စည်များကို ရောင်းခြင်း၊ ဝယ်ခြင်း၊ ဖလှယ်ခြင်း၊ ငွေပေးချေခြင်း၊ လက်ခံခြင်းများ ပြုလုပ်ရာတွင် ပါဝင်ပတ်သက်သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ စစ်ဆေးရေးအဖွဲ့အနေဖြင့် အကောက်ခွန်ဆိုင်ရာ နှောင်းစာရင်းစစ်ဆေးရန် ညွှန်ကြားရေးမှူးချုပ်က တာဝန်ပေးအပ်သည့် ဦးစီးအရာရှိအဆင့်ထက် မနိမ့်သူက ခေါင်းဆောင်သည့်အဖွဲ့ဖြစ်သည်။ စာရင်းစစ်ဆေးခံသူအနေဖြင့် ကုန်ပစ္စည်းများကို မည်သည့်နည်းလမ်းဖြင့်မဆို တင်သွင်းသူ၊ တင်ပို့သူ၊ တစ်ဆင့်ဖြတ်သန်းကုန်သွယ်သူ၊ ကုန်ပစ္စည်းများ ကို လက်ခံသူ သို့မဟုတ် တင်ပို့သူ၊ ကုန်ပစ္စည်းပိုင်ရှင်၊ ကုန်ပစ္စည်းများကို တစ်ဆင့်လက်ခံရယူသူ၊ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်သည့် ကိုယ်စားလှယ်၊ ကုန်ပစ္စည်းများကို သိုလှောင်သည့် ကိုယ်စားလှယ်၊ ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်သူနှင့် ကုန်ပစ္စည်းများ ရောင်းဝယ်မှုတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ပါဝင်သည့်ပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီဖြစ်ပေသည်။
နယ်မြေအကောက်ခွန်ရုံးအနေဖြင့် ညွှန်ကြားရေးမှူးချုပ်က ကုန်းလမ်းအကောက်ခွန်အက်ဥပဒေအရ အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် အကောက်ခွန်ရုံးဖြစ်သည်။ တတိယအဖွဲ့အစည်းအနေဖြင့် ပင်လယ်ရပ်ခြားမှ ပုဂ္ဂိုလ်၊ ကုမ္ပဏီများနှင့် ကုန်ပစ္စည်းတင်သွင်းတင်ပို့သူများမပါဝင်ဘဲ အကောက်ခွန်ဆိုင်ရာလုပ်ငန်းများ ဝန်ဆောင်မှုကိုယ်စားလှယ်၊ ကုန်စည်တင်ပို့သော ပုဂ္ဂိုလ်၊ ကုမ္ပဏီတို့၏ ဌာနေကိုယ်စားလှယ်၊ ကုန်ပစ္စည်းတင်သွင်းတင်ပို့သော လုပ်ငန်းတွင် ပါဝင်ပတ်သက်သည့် ကြားခံဆောင်ရွက်ပေးသူနှင့် အခြားကိုယ်စား လှယ်များဖြစ်သည်။
စာရင်းစစ်ဆေးခံသူ၏ တာဝန်နှင့်အခွင့်အရေးများအနေဖြင့် မည်သည့်ပုံသဏ္ဌာန်နှင့်မဆို တည်ရှိသည့် ကုန်သွယ်မှုလုပ်ငန်းစဉ်နှင့် ဆက်စပ်နေသော မှတ်တမ်းများ၊ ငွေစာရင်းနှင့်သက်ဆိုင်သည့် စာအုပ်များ၊ မှတ်တမ်းများနှင့် စာရွက်စာတမ်းများကို (၇-နှစ်) ခုနစ်နှစ် ထိန်းသိမ်းထားရှိရန်နှင့် ယင်းကာလမတိုင်မီ ကုမ္ပဏီအား ဖျက်သိမ်းမည်ဆိုပါက အစစ်ဆေးခံနိုင်ရန် အကောက်ခွန်ဦးစီးဌာနသို့ သုံးလကြိုတင်၍ အကြောင်းကြားပေးရမည်ဖြစ်ပေသည်။
နှောင်းစာရင်းစစ်ဆေးရေးလုပ်ငန်းစဉ်များ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် စစ်ဆေးရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် စာရင်းစစ်ဆေးခံသူမှ တာဝန်ခံကိုယ်စားလှယ်တစ်ဦး ခန့်အပ်ပေးရမည်ဖြစ်ပေသည်။ စစ်ဆေးရေးအဖွဲ့ကို ပရိဝုဏ်အတွင်းသို့ ဝင်ရောက်ခွင့်ပြုရပေ မည်။ မှတ်တမ်းမှတ်ရာများကို စစ်ဆေးရေးအဖွဲ့က တောင်းခံလာပါက တင်ပြပေးရန်နှင့် မိတ္တူကူးယူခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်ပေသည်။ ပရိဝုဏ်အတွင်းရှိ မည်သည့်နေရာ၊ မည်သည့်ကုန်ပစ္စည်းကိုမဆို စစ်ဆေးရေးအဖွဲ့က ဖွင့်ဖောက်စစ်ဆေးခြင်း၊ ချိပ်ပိတ်ခြင်း၊ နမူနာအဖြစ် ယူဆောင်ခြင်းတို့ကို ခွင့်ပြုပေးရမည်ဖြစ်ပြီး လိုအပ်သည့် စစ်ဆေးရေးဆိုင်ရာကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးရမည်ဖြစ်ပေသည်။ နှောင်းစာရင်းစစ်ဆေးခြင်းအစီရင်ခံစာအရ ညွှန်ကြားရေးမှူးချုပ်က ချမှတ်သည့်ဆုံးဖြတ်ချက်များကို လိုက်နာရမည်ဖြစ်ပေ သည်။
အကောက်ခွန်ဆိုင်ရာ နှောင်းစာရင်းစစ်ဆေးခြင်းနှင့်စပ်လျဉ်းသည့် လုပ်ဆောင်ချက်များကို မည်သည့်နည်းနှင့်မျှ နှောင့်ယှက်ဟန့်တားခြင်းမပြုဘဲ လက်ခံဆောင်ရွက်ရမည်ဖြစ်ပါသည်။ အကောက်ခွန်ဆိုင်ရာ နှောင်းစာရင်းစစ်ဆေးတွေ့ရှိချက်များကို လက်ခံပြီး အတည်ပြုခြင်း သို့မဟုတ် ရှင်းလင်းဖြေကြားခြင်းပြုရမည်ဖြစ်ပါသည်။ စာရင်းစစ်ဆေးခံသူမှ စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အပေါ် သဘောတူလက်ခံလျှင်ဖြစ်စေ၊ ငြင်းဆိုရန်အကြောင်းရှိလျှင်ဖြစ်စေ ကျိုးကြောင်းခိုင်လုံစွာ ဖော်ပြ၍ ခုနစ်ရက်အတွင်း ပြန်ကြားပေးရမည်ဖြစ်ပါသည်။
စာရင်းစစ်ဆေးခံသူ၏ အခွင့်အရေးများအနေဖြင့် စစ်ဆေးရေးအဖွဲ့အား တာဝန်ပေးအပ်ထားသည့် အမိန့်စာကို တောင်းခံနိုင်ပေသည်။ စစ်ဆေးရေးအဖွဲ့ဝင်များကုမ္ပဏီသို့ လာရောက်စစ်ဆေးချိန်တွင် ယင်းတို့၏ သက်သေခံကတ်ကို တောင်းခံကြည့်ရှုနိုင်ပါသည်။ စာရင်းစစ်ဆေးတွေ့ရှိချက်နှင့် စပ်လျဉ်း၍ မရှင်းလင်းသည့်အချက်များကို မေးမြန်းနိုင်ပေသည်။ သတ်မှတ်ရက်အတွင်း စစ်ဆေးတွေ့ရှိချက်အား သဘောတူလက်ခံခြင်း သို့မဟုတ် ပြန်လည်ဖြေရှင်းခြင်းမပြုနိုင်ပါက ကာလတိုးမြှင့်ပေးရန် စစ်ဆေးရေးအဖွဲ့ထံ တောင်းဆိုနိုင်ပေသည်။
သို့ဖြစ်၍ ပြည်တွင်း၊ ပြည်ပ ကုန်သွယ်မှုဆောင်ရွက်နေကြသည့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပို့ကုန်သွင်းကုန်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများ၊ အသေးစား၊ အငယ်စား၊ အလတ်စား (MSMEs) စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အကောက်ခွန်ဆိုင်ရာ နှောင်းစာရင်း စစ်ဆေးခြင်း (Post Clearance Audit) လုပ်ထုံးလုပ်နည်းများ၏ အဓိပ္ပာယ်သတ်မှတ်ချက်များ၊ စာရင်းစစ်ဆေးခံသူ၏ တာဝန်နှင့်အခွင့်အရေးများ၊ စာရင်းစစ်ဆေးခံသူ၏ အခွင့်အရေးများကို သိရှိ နားလည်သဘောပေါက်ပြီး တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများကို ရှောင်ကြဉ်၍ တရားဝင်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်နိုင်မည့်အပြင် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေများ ပိုမိုတိုးတက်ရရှိစေရေး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။