ဘေးကင်းလုံခြုံသည့် အလုပ်ခွင်ရရှိခြင်းဖြင့် လူကုန်ကူးမှုကို တားဆီးကာကွယ်
ခင်ရတနာ
ပြည်ပနိုင်ငံများ၌ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်များတွင် ဥပဒေနှင့်အညီ စနစ်တကျ ပြန်လည်ခေါ်ယူပေးနေသည့်သတင်းများကို မကြာခဏ မြင်တွေ့ရသည်။
ထိုသို့သော ဖြစ်စဉ်မျိုးသည် မိမိတို့ တစ်နိုင်ငံတည်းတွင် ဖြစ်ပွားနေခြင်းတော့မဟုတ်။ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှုနောက်ကျကျန်ရစ်သည့် နိုင်ငံအများစုတွင် မကြာခဏမြင်ရတတ်သည့် သတင်းမျိုးဖြစ်သည်။ ထိုကဲ့သို့ ပြည်ပတွင် အဖမ်းအဆီး၊ အထိန်းအသိမ်းခံရတတ်ကြသည့် ကိစ္စရပ်များအနက် အများစုမှာ အလုပ်ရမည်၊ ဝင်ငွေကောင်းမည်ဟူသော ဆွဲဆောင်မှုများဖြင့် နိုင်ငံရပ်ခြားသို့ ရောက်ရှိသွားကြသူအများဆုံးဖြစ်သည်။ ထိုသူတို့သည် အလိမ်အညာပွဲစားများမှတစ်ဆင့် အဆင့်ဆင့် လူကုန်ကူးခြင်းခံရပြီး နောက်ဆုံးတွင် ဥပဒေအရ ထိန်းသိမ်းခံကြရခြင်းဖြစ်သည်။ ယခုနောက်ပိုင်း တိုးတက်ထွန်းကားလာသည့် နည်းပညာများနှင့်အတူ အွန်လိုင်းမှအစပြုသည့် လူကုန်ကူးမှုဖြစ်စဉ်များမှာ နိုင်ငံအတော်များများတွင် ကြုံတွေ့နေရသည်။
လူကုန်ကူးခံရသူအများစုသည် အသိပညာ ဗဟုသုတအားနည်းခြင်း၊ စားဝတ်နေရေးခက်ခဲခြင်းနှင့် လုံခြုံသည့်အသိုက်အဝန်းမဟုတ်ခြင်းစသည့် အခြေအနေများကြောင့် သိလျက်နှင့်ဖြစ်စေ၊ မိမိဆန္ဒမပါဘဲ မသိ၍ဖြစ်စေ သားကောင်ဘဝသို့ ရောက်ရှိခဲ့ရခြင်းဖြစ်သည်။
လူကုန်ကူးမှုသည် ၂၀ ရာစု နှောင်းပိုင်းတွင် ခေတ်သစ်ကျွန်ပြုမှုအသွင်ဖြင့် ပေါ်ပေါက်လာခဲ့ပြီး နိုင်ငံတကာကျွမ်းကျင်သူများ၏ တွက်ချက်မှုအရ တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှုနောက်တွင် ဒုတိယအမြတ်အစွန်းအများဆုံးရရှိသည့် ဒုစရိုက်လုပ်ငန်းတစ်ခုပင်ဖြစ်သည်။ လူကုန်ကူးခြင်းဖြင့် လူ့အခွင့်အရေး၊ လူသားဂုဏ်သိက္ခာနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံးကို ထိခိုက်စေခြင်းသာမက အသက်အိုးအိမ်စည်းစိမ်နှင့် မျိုးဆက်သစ်များ၏ အနာဂတ်ကိုပါ ထိခိုက်စေနိုင်သည်။
မိမိတို့နိုင်ငံ၏ လူကုန်ကူးမှုပြဿနာများကို လေ့လာကြည့်မည်ဆိုပါက အိမ်နီးချင်းနိုင်ငံများ၊ အရှေ့အလယ်ပိုင်းဒေသနိုင်ငံအချို့၏ ဈေးကွက်လိုအပ်ချက်များနှင့် ချိတ်ဆက်နေသည်ကို မြင်တွေ့ရပြီး ကိန်းဂဏန်းများအရ ပြည်တွင်းလူကုန်ကူးမှု ၅၆ ရာခိုင်နှုန်း၊ ပြည်ပလူကုန်ကူးမှု ၄၄ ရာခိုင်နှုန်း ဖြစ်ပွားနေကြောင်း ၂၀၂၄ ခုနှစ် ထုတ်ပြန်ချက်များအရ သိရှိရပြီး ပြည်တွင်းလူကုန်ကူးမှုတွင် အဓမ္မပြည့်တန်ဆာပြုမှု၊ အဓမ္မစေခိုင်းမှုများက အဓိကဖြစ်ပွား၍ ပြည်ပလူကုန်ကူးမှုများတွင် အဓမ္မလက်ထပ်ထိမ်းမြားမှု၊ အဓမ္မပြည့်တန်ဆာပြုမှု၊ အဓမ္မတောင်းရမ်းစေခိုင်းမှု အများဆုံး ဖြစ်သည်။
အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်နေ
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်မှစ၍ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ တည်ဆဲဥပဒေများအရ တားဆီးနှိမ်နင်းရေးများ ဆောင်ရွက်ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်၍ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပလာခဲ့သည်။
ထို့အတူ နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် နောက်ဆက်တွဲစာချုပ်၊ အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် အထူးပြုသော လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာစာချုပ်၊ ကုန်းလမ်း၊ ရေလမ်းနှင့် လေကြောင်း အသုံးပြု၍ ရွှေ့ပြောင်းသွားလာသူများအား မှောင်ခို ပို့ဆောင်မှုဆိုင်ရာ စာချုပ်၊ လူကုန်ကူးခြင်း အထူးသဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ ကွန်ဗင်းရှင်းတို့တွင် အတည်ပြုလက်မှတ်ရေးထိုးထားခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုပြဿနာများကို တိုက်ဖျက်နိုင်ရေးအတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဦးဆောင်မှုဖြင့် လုပ်ငန်းကော်မတီ (၄) ရပ်နှင့် အဆင့်ဆင့်သော လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့များအား စနစ်တကျဖွဲ့စည်း၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ အလေးထားဆောင်ရွက်လျက်ရှိသည်ကို မြင်တွေ့ရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ (၅) နှစ်စီမံကိန်း (၂၀၂၂-၂၀၂၆) ကာလကို ဖြတ်သန်းနေပြီး မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံများ၌ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားများ တရားမဝင် ဖွင့်လှစ်လုပ်ကိုင်လာကြပြီး နိုင်ငံခြားသားများကို အွန်လိုင်းမှ စည်းရုံးကာ အတင်းအကျပ်ခိုင်းစေမှုများ ကြုံတွေ့နေရ ပါသည်။
အဆိုပါ ဖြစ်ပေါ်နေမှုကို နိုင်ငံတကာမှပုံစံသစ်ဖြင့် ဖြစ်ပေါ်လာသော လုပ်အားခေါင်းပုံဖြတ်သည့် လူကုန်ကူးမှုဟု အမည်တပ်ကြသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို ထိထိရောက်ရောက် တားဆီးနှိမ်နင်းလျက်ရှိပြီး အတင်းအကျပ်ခိုင်းစေခံရသူများကို ကယ်တင်၍ နေရပ်ဒေသများသို့ ပြန်လည်စေလွှတ်လျက်ရှိသည့်အပြင် ပြည်သူလူထု သိရှိနိုင်ရေး အသိပညာပေးမှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများနှင့်လည်း ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား အကောင်အထည်ဖော်ဆောင်ရွက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ဘင်းမ်စတက်ကွန်ဗင်းရှင်း၊ လုပ်ငန်းလမ်းညွှန် (TOR) နှင့် လုပ်ငန်းစီမံချက်ကို အပြီးသတ်ရေးဆွဲ အတည်ပြုနိုင်ခဲ့သည့် လုပ်ငန်းစဉ်များတွင်လည်း မြန်မာနိုင်ငံက တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့သည်။
အလေးထားဆောင်ရွက်
ကမ္ဘာတစ်ဝန်း လူကုန်ကူးမှုဖြစ်စဉ်များနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုက ၂၀၂၄ ခုနှစ် လူကုန်ကူးမှုအစီရင်ခံစာကို ထုတ်ပြန်ထားပြီး ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၈၈ နိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးအခြေအနေများ ဖော်ထုတ်ထားသည်ကို တွေ့ရှိရသည်။ အဆိုပါ အစီရင်ခံစာအတွင်း မြန်မာနိုင်ငံ၏ လူကုန်ကူးမှုအခြေအနေအချို့ကိုလည်း ထည့်သွင်းထားသည်ကို တွေ့ရှိရသည်။ အဆိုပါအစီရင်ခံစာတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အကောင်အထည်ဖော်မှုများအတွက် အကြံပြုချက်များကိုလည်း ထည့်သွင်းထုတ်ပြန်ထားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုမဖြစ်ပေါ်စေရေးအတွက် ဆက်စပ်ဝန်ကြီးဌာနအသီးသီးမှ ဆောင်ရွက်လျက်ရှိပြီး အလုပ်သမားဝန်ကြီးဌာနသည် လူကုန်ကူးမှုတိုက်ဖျက်ရေးအစီရင်ခံစာ၌ ပါဝင်သည့်အကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကိုလည်း မြင်တွေ့ရသည်။
အလေးထားဆောင်ရွက်နေမှုများအနက် အလုပ်သမားဝန်ကြီးဌာနသည် Safe migration လူမှုကွန်ရက်ဖေ့စ်ဘွတ်စာမျက်နှာကို လွှင့်တင်ထားပြီး အလုပ်သမားရေးရာ သတင်းအချက်အလက်များကို ဖြန့်ဝေပေးခြင်း၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ အလုပ်သမား စေလွှတ်ရေးလုပ်ငန်းစဉ်များ၊ အေဂျင်စီအစီအစဉ်ဖြင့် စေလွှတ်သည့် အလုပ်သမားများ၏ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် ပြုလုပ်ခွင့်ပြုသည့်စာရင်းများ၊ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက်ခွင့်ပြုသည့်စာရင်းများကို စဉ်ဆက်မပြတ် ကြေညာပေးလျက်ရှိခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့် ခိုင်မာသည့် ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်လာစေရေး သတင်းအချက်အလက်နှင့် အသိပညာများ မျှဝေပေးလျက်ရှိသည်။
ထို့ပြင် Complaint Mechanism Center များ၊ မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများ၊ ရွှေ့ပြောင်းအလုပ်သမားထောက်ပံ့ကူညီရေးဗဟိုဌာနများ (MRC)၊ အလုပ်သမားသံအရာရှိရုံးများနှင့် ဝန်ကြီးဌာနသို့ အလုပ်သမားရေးရာတိုင်ကြားမှုများအပေါ် လက်ခံဖြေရှင်းလျက်ရှိရာ ယခုနှစ် ဇန်နဝါရီလအတွင်း စုစုပေါင်းတရားစွဲဆိုမှု ခြောက်မှုအတွက် လူပေါင်း ၁၂ ဦးကို စွဲချက်တင်နိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရှိရသည်။
နှစ်လအတွင်း လူဦးရေ ၄၀၀ ကျော် ပြန်လည်ကြိုဆိုလက်ခံခဲ့
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိဖမ်းဆီးခံရ သည့် မြန်မာအလုပ်သမားများကို သက်ဆိုင်ရာနယ်စပ်ဂိတ်များ၌ ကော်မတီများဖွဲ့စည်းကာ စနစ်တကျပြန်လည်လက်ခံခဲ့ရာတွင် အမျိုးသား ၂၀၃ ဦးနှင့် အမျိုးသမီး လေးဦး စုစုပေါင်း ၂၀၇ ဦးအထိ ပြန်လည်ကြိုဆိုလက်ခံပေးနိုင်ခဲ့သည်။ ထို့အတူ ဇန်နဝါရီလအတွင်း အမျိုးသား ၁၂၇ ဦး၊ အမျိုးသမီး ၂၇ ဦးကိုလည်း ပြန်လည်လွှဲပြောင်းလက်ခံနိုင်ခဲ့ခြင်းဖြင့် ၂၀၂၅ ခုနှစ် ပထမနှစ်လအတွင်း လူဦးရေ စုစုပေါင်း ၃၄၁ ဦးကို ပြန်လည်ကြိုဆိုလက်ခံပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ မြင့်မားစေရေးအတွက် ၁၉၅၉ ခုနှစ်၊ အလုပ်ခန့်ထားမှု ကန့်သတ်ရေးအက်ဥပဒေနှင့်အညီ အလုပ် ရှာဖွေသူများ၏ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုနှင့် အလုပ်လုပ်ကိုင်နိုင်စွမ်းပေါ်မူတည်၍ အလုပ်ရှင်များ၏ လိုအပ်ချက်အရ သင့်လျော်သူများကို ရွေးချယ်ခန့်အပ်နိုင်ရန် စည်းကြပ်ဆောင်ရွက်လျက်ရှိပြီး တည်ဆဲအလုပ်သမားဥပဒေများတွင် သန်စွမ်းသူ၊ မသန်စွမ်းသူ၊ ကျား၊ မ ခွဲခြားမှုမရှိဘဲ မြို့ပြကျေးလက်မကျန် အလုပ်အကိုင်နေရာချထားရေး၊ လုပ်ငန်းခွင် အေးချမ်းသာယာရေးတို့ကို အလေးထားဆောင်ရွက်ပေးခဲ့သည်။
အလုပ်သမားမှတ်ပုံတင်ခြင်းဖြင့် အလုပ်အကိုင်ရှာဖွေရလွယ်ကူနိုင်
အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုတွင် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး ၈၉ ရုံး၊ အထူးစီးပွားရေးဇုန်ရုံး သုံးရုံး ဖွင့်လှစ်၍ ဥပဒေနှင့်အညီ အလုပ်သမားရှာဖွေသူများအား အလုပ်သမားမှတ်ပုံတင်ပေးခြင်း၊ အစိုးရဌာန၊ အလုပ်သမား ငါးဦးနှင့်အထက်ရှိသော သမဝါယမ၊ ဖက်စပ်နှင့် ပုဂ္ဂလိကလုပ်ငန်းများထံမှ အမှာစာများ လက်ခံခြင်း၊ အမှာစာအရ သင့်တော်သည့် မှတ်ပုံတင်အလုပ်သမားများအား စုဆောင်းပေးပို့ခြင်း၊ အလုပ်ရှင်များမှ ရွေးချယ်ထားသူများကို အလုပ်ခန့်အပ်နိုင်ရန် အလုပ်ခန့်ထားရေးကတ်ပြား (အလလခ ပုံစံ-၇) ထုတ်ပေးခြင်းများကို ပြုလုပ် ခဲ့သည်။
ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများသည် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် အလုပ် ရှာဖွေသူများအနေဖြင့် အလုပ်သမားမှတ်ပုံတင်နိုင်ပြီး ယင်းကဲ့သို့ အလုပ်သမားမှတ်ပုံတင်ထားသော အလုပ်ရှာဖွေသူများအတွက် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများအနေဖြင့် အလုပ်ရှင်များထံမှ အမှာစာများလက်ခံ၍ ၎င်းတို့၏ ကျွမ်းကျင်မှုအလိုက် အလုပ်ရရှိရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိသဖြင့် ပြည်တွင်း ပြည်ပအလုပ်လုပ်ကိုင်လိုသူများအားလုံး အလုပ်သမားမှတ်ပုံတင်ရယူထားခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေရာတွင် ပိုမိုလွယ်ကူနိုင်မည်ဖြစ်ကြောင်း သိရှိ ရသည်။
နိုင်ငံခြားသားအလုပ်သမားများ အေးချမ်းစွာ အလုပ်လုပ်ကိုင်
ထို့အတူ မြန်မာနိုင်ငံအတွင်း ပြည်ပမှ လာရောက်အလုပ်လုပ်ကိုင်သည့် နိုင်ငံခြားသား အလုပ်သမားများကိုလည်း စနစ်တကျ မှတ်ပုံတင်ပေးခြင်း၊ သက်သေခံကတ်ပြား ထုတ်ပေးခြင်းနှင့် သက်တမ်းတိုးခြင်းများကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံခြားသား အလုပ်သမားများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ခွင့်ပြုမိန့်ဖြင့် လုပ်ကိုင်လျက်ရှိသော ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် နိုင်ငံခြားသား အကြီးတန်းစီမံခန့်ခွဲသူများနှင့် ကျွမ်းကျင်ပညာရှင်များ၏ အလုပ်လုပ်ကိုင်ခွင့်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေး လျက်ရှိပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဌာနဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့တွင် အလုပ်သမားဝန်ကြီးဌာနသည် အဖွဲ့ဝင်အဖြစ် ပါဝင်၍လည်းကောင်း၊ သီလဝါနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်များတွင် လာရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြားသားအလုပ်သမားများအား ၂၀၁၄ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေပုဒ်မ ၇၇ အရ နိုင်ငံခြားသား အလုပ်သမားမှတ်ပုံတင်ခြင်း၊ သက်သေခံကတ်ပြားထုတ်ပေးခြင်း၊ သက်တမ်းတိုးခြင်းတို့ကို အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီတွင် အလုပ်သမားဝန်ကြီးဌာနသည် အဖွဲ့ဝင်အဖြစ် ပါဝင်၍လည်းကောင်း ပြုလုပ်ပေးလျက်ရှိသဖြင့် နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် မိမိတို့ နိုင်ငံအတွင်း စနစ်တကျ လာရောက်လုပ်ကိုင်လျက်ရှိကြသည်ကို မြင်တွေ့ရသည်။
အစိုးရနှင့်ပြည်သူ လက်တွဲညီစွာတိုက်ဖျက်
လူကုန်ကူးမှုသည် ကမ္ဘာလုံးဆိုင်ရာ ကျယ်ပြန့်သည့် ပြဿနာတစ်ရပ်ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံတည်း၊ မြို့တစ်မြို့တည်း၊ အဖွဲ့အစည်းတစ်ခုတည်းက ဆောင်ရွက်လုပ်ကိုင်ရန်မဖြစ်နိုင်ဘဲ နိုင်ငံအချင်းချင်း၊ အစိုးရအချင်းချင်း၊ ပုဂ္ဂလိက၊ အရပ်ဘက်အဖွဲ့အစည်းများအားလုံး စုစည်းညီညွတ်စွာ တိုက်ဖျက်ကြရမည့် ပြဿနာတစ်ရပ်ဖြစ်ပါသည်။
ဘေးကင်းလုံခြုံမှုရှိသည့် လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်နိုင်စေရန်အတွက်အပြင် မိမိတို့နိုင်ငံသည် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကိုလည်း အစိုးရဘက်အနေဖြင့် ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံမှ စဉ်းစားအဖြေရှာကာ ဆောင်ရွက်သည့်နည်းတူ ပြည်သူများကလည်း အလုပ်သမား ဥပဒေများကို လေ့လာခြင်း၊ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ခြင်း၊ လူကုန်ကူးခြင်းဖြစ်စဉ်များ ဖော်ထုတ်သတင်းပေးခြင်း၊ အသိပညာများ မျှဝေခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း။ ။