Skip to main content

သီးနှံစိုက်ပျိုးမှုအပေါ် ၂၀၁၅ ခုနှစ် ရေကြီးနစ်မြုပ်မှု၏ အကျိုးသက်ရောက်မှု

သိင်္ဂီမြင့် (ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်)

စိုက်ပျိုးရေးနိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ် ကျရောက်မှုများကြောင့် စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှုများအပေါ်တွင် ထိခိုက်ပျက်စီးမှု များပြားပါသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော ဆိုင်ကလုန်းမုန်တိုင်းရာဂီကြောင့် ၂၀၂၄ မိုးစပါးကိုထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ လွန်ခဲ့သော ၁၀ နှစ် ၂၀၁၅ ခုနှစ် ဆိုင်ကလုန်းမုန်တိုင်း ကိုမန် တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့သော ရေလွှမ်းမိုးမှု၏ ကျေးလက်နေအိမ်ထောင်စုများ၏ လူနေမှုဘဝကို ထိခိုက်မှုများအား လေ့လာခဲ့သော သုတေသနရလဒ်များကို ပြန်၍လေ့လာကြည့်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ရေလွှမ်းမိုးမှုသည် မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၂ ခုတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ပါသည် (UNICEF, 2025)။ ထိုရေလွှမ်းမိုးမှုသည် အဓိကဆန်စပါးစိုက်ပျိုးသော ဒေသများဖြစ်သည့် ဧရာဝတီ၊ ပဲခူးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ကို ဆိုးရွားစွာ ထိခိုက်စေခဲ့ပြီး ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတွင်လည်း ပျက်စီးဆုံးရှုံးမှုများခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ရေလွှမ်းမိုးမှုအများစုသည် မိုးလယ်ကာလဖြစ်

၂၀၁၅ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးသည် ဒုတိယအဆိုးရွားဆုံး ပျက်စီးဆုံးရှုံးသည့်ဒေသဖြစ်ခဲ့ပြီး စုစုပေါင်း သီးနှံစိုက်ပျိုးသည့် ဧရိယာဟက်တာပေါင်း ၁၆၇၉၄၂၃ တွင် ရေနစ်မြုပ်မှု ဧရိယာဟက်တာပေါင်း ၈၉၈၈၀ ရှိခဲ့ပြီး ပြန်လည်စိုက်ပျိုးနိုင်သော ဧရိယာဟက်တာ ၂၅၀၃၅၊ ပျက်စီးသောသီးနှံ စိုက်ဧရိယာဟက်တာ ၃၀၂၁၉ နှင့် လုံးဝပြန်လည်စိုက်ပျိုး၍မရသော သီးနှံစိုက် ဧရိယာဟက်တာ ၃၄၆၂၇ ရှိခဲ့ပါသည် (FAO&WFP, 2015)။ မြန်မာနိုင်ငံတွင် ရေလွှမ်းမိုးမှုအများစုသည် မိုးလယ်ကာလ (ဇွန်မှ ဩဂုတ်လအတွင်း) ဖြစ်ပွားလေ့ရှိပြီး အဓိကပျက်စီးဆုံးရှုံးမှုသည် မိုးစပါးစိုက်ပျိုးမှုကို ထိခိုက်စေလျက်ရှိပါသည်။

ထိုသို့ ရေကြီးနစ်မြုပ်မှု၏ အကျိုးဆက်ကို အဓိကခံစားရသူများမှာ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးကြသော ကျေးလက်နေပြည်သူများ ဖြစ်ပါသည်။ ရေကြီးနစ်မြုပ်မှုသည် ကျေးလက်နေပြည်သူများ၏ ဝင်ငွေ၊ အသက်အိုးအိမ်စည်းစိမ်နှင့် သီးနှံစိုက်ပျိုးရေးနှင့်ပတ်သက်သော ပိုင်ဆိုင်မှုများကိုလည်း ထိခိုက်စေသည်မှာ သိသာထင်ရှားပါသည်။ သီးနှံစိုက်ပျိုးရေးနှင့်ပတ်သက်၍ စိုက်ပျိုးထားသော သီးနှံစိုက်ခင်းများ ပျက်စီးခြင်း၊ သိမ်းဆည်းထားသော မျိုးစေ့များ ဆုံးရှုံးခြင်း၊ မွေးမြူထားသော တိရစ္ဆာန် များ သေဆုံးခြင်း၊ မိသားစု၏ စားရေရိက္ခာပျက်စီးခြင်း အစရှိသည်ဖြင့် ရင်ဆိုင်ကြရပါသည်။ ထို့ပြင် ကျေးရွာလူထုအနေဖြင့် စာသင်ကျောင်းများ၊ ဆေးပေးခန်းများ၊ ဘုန်းကြီးကျောင်းများ၊ ကျေးလက်လမ်းတံတားများအစရှိသော အဆောက်အအုံများ ပျက်စီးမှုကိုလည်း ရင်ဆိုင်ဖြေရှင်းကြရပါသည်။

သုတေသနကို ၂၀၁၆ ခုနှစ်တွင် ဆောင်ရွက်

၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်သော ရေလွှမ်းမိုးမှုသည် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ပြင်းထန်စွာ ပျက်စီးဆုံးရှုံးမှုရှိခဲ့သဖြင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် စိုက်ပျိုးစီးပွားပညာဌာနမှ မဟာသိပ္ပံကျောင်းသူ မစန်းစန်းမြင့်သည်  “စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ လယ်သမားအိမ်ထောင်စုများ၏ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ခဲ့သည့် သီးနှံစိုက်ပျိုးမှုနှင့် ဆုံးရှုံးမှုများကိုဖြေရှင်းသော နည်းလမ်းများအား လေ့လာခြင်း” သုတေသနကို ၂၀၁၆ ခုနှစ်တွင် ဆောင်ရွက်ခဲ့ပါသည်။

၎င်းသုတေသနကို ကန့်ဘလူမြို့နယ်ရှိ ရေကြီးနစ်မြုပ်မှုခံရသော တောင်သူ ၁၃၅ ဦးအား တစ်ဦးချင်း တွေ့ဆုံမေးမြန်းခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးမေးမြန်းခြင်းစသည့် နည်းလမ်းများဖြင့် လေ့လာခဲ့ခြင်းဖြစ်ပါသည်။ ၎င်းသုတေသနမှ ရေကြီးနစ်မြုပ်မှုကို ခံစားရသော လယ်သမား အိမ်ထောင်စုများ၏ သီးနှံဆုံးရှုံးမှုများနှင့် အခြားအခက်အခဲများ၊ ရေကြီးနစ်မြုပ်မှုဒဏ်ကို ခံစားရပြီးနောက် ရင်ဆိုင်ရသော အခက်အခဲများကို ဖြေရှင်းသည့် နည်းလမ်းများနှင့် ထိခိုက်ပျက်စီးသော မိုးစပါးစိုက်ပျိုးမှုနှင့် နောက်တစ်နှစ်တွင် စိုက်ပျိုးသော မိုးစပါးစိုက်ပျိုးမှု၏ အကျိုး အမြတ်ပေါ်လွှမ်းမိုးသော အချက်များကို လေ့လာဖော်ထုတ်ခဲ့ပါသည်။

သဘာဝဘေးသတင်းများရရှိရန် မိုဘိုင်းဖုန်းများ သုံးစွဲလာ

လေ့လာခဲ့သော နမူနာတောင်သူများသည် ပျမ်းမျှ အသက် ၅၀ ဝန်းကျင်ရှိကြပြီး လယ်ယာလုပ်ငန်းအတွေ့အကြုံ (၂၆) နှစ်ခန့် ရှိကြပါသည်။ နမူနာတောင်သူများ၏ ပညာအဆင့်အတန်းမှာ မူလတန်းထက် အနည်းငယ်သာလွန်ကြပါသည်။ နမူနာတောင်သူများသည် ရေကြီးနစ်မြုပ်မှုခံစားရပြီး နောက်ပိုင်းတွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သော သတင်းအချက်အလက်များကို လျင်မြန်လွယ်ကူစွာ ရရှိလိုသောကြောင့် မိုဘိုင်းဖုန်းများ ပိုမိုသုံးစွဲလာကြောင်း တွေ့ရှိရပါသည်။ နမူနာအိမ်ထောင်စုများ၏ လယ်ယာသုံးပစ္စည်းကိရိယာများနှင့် အိမ်မွေးတိရစ္ဆာန် ပိုင်ဆိုင်မှုတို့သည် သိသာစွာ လျော့နည်းလာခဲ့ကြောင်း တွေ့ရှိရပါသည်။ ထိုသို့ လျော့နည်းရခြင်းအကြောင်းအရင်းများမှာ လယ်ယာသုံးပစ္စည်းများနှင့်် မွေးမြူထားသော တိရစ္ဆာန်များသည် ရေကြီးစဉ် မျောပါသွားခြင်းနှင့် ရေကြီးနစ်မြုပ်မှုဖြစ်ပြီးနောက် စားဝတ်နေရေးအခက်အခဲများကို ဖြေရှင်းရန် ရောင်းချခဲ့ခြင်းတို့ကြောင့် ဖြစ်ပါသည်။

ရေကြီးနစ်မြုပ်မှု ခံစားရသော တောင်သူများ၏ အဓိကစိုက်ပျိုးသော သီးနှံများတွင် မိုးစပါး၏ အထွက်နှုန်း သည် ၅၂ ရာခိုင်နှုန်း၊ ကြံသီးနှံ၏ အထွက်နှုန်းသည် ၇၂ ရာခိုင်နှုန်း၊ နှံစားပြောင်း၏ အထွက်နှုန်းသည် ၆၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး မိသားစုဝင်ငွေရရှိမှု လွန်စွာလျော့နည်းခဲ့ပါသည်။ ရေကြီးနစ်မြုပ်မှုဒဏ်ကို ခံစားရသော တောင်သူများ၏ အခက်အခဲကို ဖြေရှင်းသော နည်းလမ်းများမှာ အိမ်အသုံးစရိတ်ကို လျှော့ချခြင်း၊ ငွေချေးယူခြင်း၊ အိမ်ပိုင်ပစ္စည်းနှင့် မွေးမြူထားသော တိရစ္ဆာန်များ ရောင်းချခြင်းအစရှိသည့် နည်းလမ်းများဖြင့် ဖြေရှင်းခဲ့ကြပါသည်။

အထွက်နှုန်းနှင့် ရရှိသောဝင်ငွေ သိသာစွာကွာခြား

ရေကြီးနစ်မြှုပ်မှု မဖြစ်ခင်နှင့် ဖြစ်ပြီးနောက် စိုက်ပျိုးသောမိုးစပါး၏ အကျိုးအမြတ်ကို လေ့လာရာတွင် အထွက်နှုန်းနှင့် ရရှိသောဝင်ငွေသည် သိသာစွာ ကွာခြားမှုဖြစ်ခဲ့ကြောင်း တွေ့ရှိရပါသည်။ မိုးစပါးအထွက်နှင့် အကျိုးအမြတ်ရရှိမှုကို သိသာစွာကွာခြားမှုသည် မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုတွင် မိသားစုလုပ်အားများ ပါဝင်လုပ်ကိုင်ခြင်းနှင့် လယ်ယာမဟုတ်သောလုပ်ငန်းများမှ ရရှိသောဝင်ငွေကို မိုးစပါးစိုက်ပျိုးမှုတွင် ငွေကြေးရင်းနှီးမြှုပ်နှံခြင်းတို့ကြောင့် ဖြစ်ကြောင်း လေ့လာတွေ့ရှိ ရပါသည်။

သဘာဝဘေးသတင်းများ ပြည်သူများရရှိစေရန် ဆောင်ရွက်ခြင်းသည် အဓိကဖြစ်

သုတေသနတွေ့ရှိချက်များအပေါ် အခြေခံ၍ သဘာဝဘေးအန္တရာယ်ကျရောက်ပါက ရင်ဆိုင်ကျော်လွှားနိုင်စေရန် ဖြစ်ပေါ်နိုင်သော သဘာဝဘေးအန္တရာယ်အား ကြိုတင်သတိပေးသည့် သတင်းအချက်အလက်များကို ကျေးလက်နေပြည်သူများရရှိစေရန် အထူးအလေးပေး ဆောင်ရွက်ခြင်းသည် အဓိကဖြစ်ကြောင်း တွေ့ရှိရပါသည်။ တောင်သူများအတွက် သဘာဝဘေးအန္တရာယ် ခံနိုင်ရည်ရှိသော သီးနှံမျိုးများ၊ မြေဆီလွှာထိန်းသိမ်းမှု အလေ့အကျင့်ကောင်းများ၊ ရေသွင်းရေထုတ်လွယ်ကူစေသည့် မြေယာဖော်ဆောင်မှုများ၊ ခေတ်မီတိုးတက်၍ ရေရှည်တည်တံ့မှုကို ဖော်ဆောင်နိုင်သော စိုက်ပျိုးနည်းစနစ်များသည် အလွန်အရေးကြီးပါသည်။

တောင်သူများ၏ လူနေမှုဘဝနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရန် လယ်ယာပြင်ပဝင်ငွေရရှိစေသော အလုပ်အကိုင်အခွင့်အလမ်းများ၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော လမ်းတံတားများ၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် မိုဘိုင်းဖုန်းများမှတစ်ဆင့် အလွယ်တကူ ရရှိနိုင်ပြီး ကျေးလက်နေပြည်သူများ စိတ်ဝင်စားသတိပြုမိစေနိုင်သည့် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်သော သတင်းအချက်အလက်များနှင့် ထိုသတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးနိုင်သည့် အစီအစဉ်များစသည့်အချက်များသည် ကျေးလက်နေပြည်သူများ ရင်ဆိုင်ရသည့် ဆုံးရှုံးမှုများကို လျော့ပါးသက်သာစေနိုင်ကြောင်း သုတေသနတွေ့ရှိမှုကို အခြေခံ၍ ရေးသားတင်ပြအပ်ပါသည်။ ။