နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၈) နှစ် သမိုင်းမှတ်တိုင်မော်ကွန်း
ဇေယျာမျိုးမြင့် (MoFA)
“မတ်လ” တစ်နည်းအားဖြင့် မြန်မာနှစ် တပေါင်းလအခါသမယ၏ နွေရာသီလေပြည်လေးများသည် ငြိမ်းချမ်းသောအသွင်ကိုဆောင်လျက် တသုန်သုန်ဆော်သွေးတိုက်ခတ်နေပါသည်။ “တပေါင်းသာခေါင်လများနောင်” ဆိုစကားနှင့်အညီ ပတ်ဝန်းကျင်တစ်ခွင်မှာ သာယာလှပ၊ ကြည်လင်ငြိမ်းချမ်းခြင်းတို့ဖြင့် တင့်တယ်လျက်ရှိပါသည်။ နေပြည်တော်ရှိ ရုံးအမှတ်(၉) အမည်နာမခေါ်တွင်သည့် ထည်ဝါသော ရုံးအဆောက်အအုံကြီးရှေ့ရှိ မြန်မာနိုင်ငံအလံသည် တိမ်အပြာနုရောင်၊ တိမ်မီးခိုးရောင်ဖျော့ဖျော့နှင့် အဖြူရောင် တိမ်စိုင်တိမ်လိပ်များနှင့်အပြိုင် မိုးကောင်းကင်ယံတွင် ငွားငွားစွင့်စွင့် ဝင့်ဝင့်ကြွားကြွား လွင့်ပျံနေပါသည်။ ထိုကျက်သရေရှိလှသည့် အဆောက်အအုံသည်ကား မြန်မာနိုင်ငံ၏ အထင်ကရနိုင်ငံခြားရေးဝန်ကြီးဌာနပင် ဖြစ်ပါသည်။
စတင်အုတ်မြစ်တည်ခဲ့သည့် သမိုင်းမှတ်တိုင်များ
လွတ်လပ်ရေးမရမီ တစ်နှစ်ခန့်အလို ၁၉၄၇ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် စတင်မော်ကွန်းတင်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန သမိုင်းစာမျက်နှာများသည် “Diplomacy is the first line of defense” ဆိုသော စကားရပ်နှင့်အညီ မြန်မာနိုင်ငံ၏ ဖြတ်သန်းခဲ့ရသော ခရီး လမ်းတစ်လျှောက်တွင် အရေးပါသော တစ်ထောင့်တစ်နေရာမှ အစဉ်အမြဲပါဝင်ခဲ့၊ ပါဝင်လျက်၊ ပါဝင်သွားမည်မှာ မငြင်းဆန်နိုင်သော အမှန်တရားပင်ဖြစ်ပါသည်။
သမိုင်းစာမျက်နှာများကို လွမ်းမောဖွယ်အဖြစ် လှန်လှောကြည့်မိပါက လွတ်လပ်ရေးရပြီးချိန်တွင် မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာများကို ဆောင်ရွက်သွားရန်ဟူသော ရည်ရွယ် ချက်ဖြင့် နိုင်ငံခြားရေးဌာနကို “Department of Foreign Service” အဖြစ် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ စတင်ထူထောင်စဉ်က အတွင်းဝန် တာဝန်ဖြင့် အရာထမ်းတစ်ဦး၊ အမှုထမ်းရှစ်ဦး စုစုပေါင်းဝန်ထမ်းအင်အား ကိုးဦးသာရှိခဲ့ပါသည်။ အခြေအနေအရ နည်းပါးသောအင်အားဖြင့် စတင်ခဲ့ရသော်လည်းခိုင်မာသည့် အခြေခံအုတ်မြစ်ဖြစ်ပါသည်။
လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ၁၉၄၈ ခုနှစ် မေလ ၄ ရက်နေ့တွင် နိုင်ငံခြားရေးရုံး “Foreign Office” ဟု အမည်ပြောင်းလဲခဲ့ပြီး အတွင်းဝန်ရာထူးကိုလည်း အမြဲတမ်းအတွင်းဝန်အဖြစ် ပြောင်းလဲသုံးစွဲခဲ့ကြပါ သည်။ လက်ရှိသုံးစွဲနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန “Ministry of Foreign Affairs” (MOFA) အမည်ကို ၁၉၆၇ ခုနှစ် မေလ ၂၅ ရက်နေ့တွင် စတင်သုံးစွဲခဲ့သည်မှာ ယနေ့တိုင်ခဲ့ပြီ ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ
နိုင်ငံခြားရေးမူဝါဒဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးစွမ်းအားများကို စီမံခန့်ခွဲ၍ နိုင်ငံအကျိုးကို ဖော်ဆောင်သည့် အမျိုးသားရေးမဟာဗျူဟာ၏ တစ်စိတ်တစ်ဒေသဖြစ်ပါသည်။ အနှစ်သာရသည် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ဖော်ဆောင်ခြင်းဖြစ်ပါသည်။ အမျိုးသားလုံခြုံရေး၊ အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတပြီး တည်ငြိမ်အေးချမ်းသည့် ကမ္ဘာ့ပတ်ဝန်းကျင် တိုးတက်ဖြစ်ထွန်းရေးကို ဦးတည်ချက်ထားရှိကြပါသည်။ လွတ်လပ်မှု၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများကို အလေးထားမှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးထားမှု စသည်တို့ကို တန်ဖိုးထားဖော်ဆောင်သည့် မူဝါဒဖြစ်ပါသည်။
မြန်မာ့နိုင်ငံခြားရေးမူဝါဒသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်အပေါ်ရပ်တည်၍ တန်းတူရည်တူရှိမှု၊ ကမ္ဘာ့ရေးရာများတွင် ဘက်မလိုက်မှု၊ ချစ်ကြည်ရင်းနှီးစွာ မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံမှု၊ ကုလသမဂ္ဂအဖွဲ့ကြီးအား အားပေးထောက်ခံမှု၊ ပူးပေါင်းဆောင်ရွက်ရေးကို အကျိုးတူမှု၊ ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးအတွက် အကျိုးရှိမည့် နှောင်ကြိုးမပါသော ပြင်ပအကူအညီ ထောက်ပံ့မှုများကို ရယူဆောင်ရွက်သွားရေး စသည့်အခြေခံမူများနှင့်အညီ ကျင့်သုံးခြင်းဖြစ်ကြောင်း ထင်ထင်ရှားရှားတွေ့မြင်နိုင်ပါသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည်လည်း ဖြတ်သန်းခဲ့ရသည့် နိုင်ငံသမိုင်းကြောင်း တိုးတက်ဖြစ်ထွန်းမှုများနှင့်အတူ အဆင့်ဆင့် ပြောင်းလဲခဲ့ကြောင်း တွေ့ရှိနိုင်ပါသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရရှိချိန်တွင် အင်အားကြီးအုပ်စုများအကြား ရှောင်ရှားလိုသည့် “အပြုသဘောထားသည့် ကြားနေဝါဒ” (Positive Neutrality) ဖြင့် ရပ်တည်ခဲ့သည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တော်လှန်ရေးကောင်စီအစိုးရလက်ထက် ကာလများတွင် “ Positive Neutrality ” ကို ဆက်လက်ကျင့်သုံးခဲ့ကြသည်ကို တွေ့ရှိရပါသည်။ ၁၉၇၁ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ပထမအကြိမ် ပါတီ ညီလာခံမှ “လွတ်လပ်သည့် နိုင်ငံခြားရေးဝါဒ” (Independent Foreign Policy) ကိုလည်းကောင်း၊ ၁၉၈၁ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ စတုတ္ထအကြိမ် ပါတီညီလာခံမှ “လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးဝါဒ” (Independent and Active Foreign Policy) ကိုလည်းကောင်း၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီ၏ အမိန့်ကြေညာချက် (၃/၈၈) ဖြင့် “လွတ်လပ်၍တက်ကြွသော နိုင်ငံခြားရေးဝါဒ”ကို ပြန်လည်အတည်ပြု၍လည်းကောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ (ပုဒ်မ ၄၁ အရ) “လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက် သော နိုင်ငံခြားရေးမူဝါဒ” (Independent, Active and Non-aligned Foreign Policy) အဖြစ်လည်းကောင်း၊ ခေတ်အဆက်ဆက် အဆင့်ဆင့် တိုးတက်ပြောင်းလဲခဲ့သော်လည်း အခြေခံအနှစ်သာရဖြစ်သော လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့မှု၊ နိုင်ငံတော်လုံခြုံရေး၊ စည်းလုံးညီညွတ်ရေး၊ ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်ရေးနှင့် ငြိမ်းချမ်းရေးတို့သည် ပြောင်းလဲမှုမရှိဘဲ အမျိုးသားရေး အကျိုးစီးပွားကို တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်း ဖြစ်ပါသည်။
မျက်မှောက်ခေတ် မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒအပေါ်ရပ်တည်၍ နိုင်ငံတကာဆက်ဆံရေးကို နှစ်နိုင်ငံဆက်ဆံရေး (Bilateral relations)၊ ဒေသတွင်း နိုင်ငံများနှင့် ပေါင်းစပ်ရေး (Regional integration) နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး (Multilateralism) စသည့် နယ်ပယ်များတွင် ကျင့်သုံးလျက်ရှိပြီး မိတ်ဝတ်မပျက်သည့် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးကို ထူထောင်လျက်ရှိပါသည်။
မျက်မှောက်ကာလမော်ကွန်း
နိုင်ငံခြားရေးဝန်ကြီးဌာန စတင်တည်ထောင်ပြီးချိန်မှ ခေတ်အဆက်ဆက်များတွင် သမိုင်းပေးတာဝန်များကို အောင်မြင်စွာ မော်ကွန်းတင်နိုင်စေရန် လက်ဆင့်ကမ်းတာဝန်ယူသူများအဖြစ် ၇၈ နှစ်တာ ကာလအတွင်း နိုင်ငံခြားရေးဝန်ကြီး ၂၅ ဦး (ဦးနု၊ ဦးစဝ်ခွန်ချိုနှင့် ဦးဝဏ္ဏမောင်လွင်တို့သည် နှစ်ကြိမ်စီတာဝန်ထမ်းဆောင်ခဲ့ပါသည်) နှင့် ဒုတိယဝန်ကြီး ၁၈ ဦးတို့က ထမ်းဆောင်ခဲ့ကြပါသည်။ လက်ရှိကာလတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ၏ ဦးဆောင်မှု၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ဦးကိုကိုကျော်တို့၏ တက်ညီလက်ညီ ပူးပေါင်းအကောင်အထည်ဖော်မှုတို့ဖြင့် ပြည်တွင်းပြည်ပရှိ ဝန်ထမ်းထောင်ကျော်အင်အားတို့သည် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို အားသွန်ခွန်စိုက် ထမ်းဆောင်လျက်ရှိပါသည်။ အင်အား၏သုံးပုံနှစ်ပုံမှာ မြန်မာနိုင်ငံရှိ ရုံးဌာနချုပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိပြီး သုံးပုံတစ်ပုံမှာ ကမ္ဘာတစ်လွှားရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ကောင်စစ်ဝန်ချုပ်ရုံးများတွင် အသီးသီးကာလအလိုက် အလှည့်ကျတာဝန်ထမ်းဆောင် လျက်ရှိပါသည်။
လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ရာတွင် ကမ္ဘာ့နိုင်ငံများနှင့် သံတမန်ဆက်ဆံမှုတိုးမြှင့်ရေးသည် အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုပူးပေါင်း ဆောင်ရွက် နိုင်ရန်နှင့် သံတမန်ရေးရာများတွင် ထုံးတမ်းအစဉ်အလာအရ အပြန်အလှန် အသိအမှတ်ပြုဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ နှစ်နိုင်ငံဆက်ဆံရေးအရ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် မြန်မာသံရုံး ၃၇ ရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံး သုံးရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ၁၁ ရုံး စုစုပေါင်း ၅၁ ရုံး ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံရှိ ချုံချင့်မြို့၊ ၂၀၂၃ ခုနှစ်တွင် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ယူအေအီး)ရှိ ဒူဘိုင်းမြို့၊ ဘယ်လာရုစ်သမ္မတနိုင်ငံရှိ မင့်စ်မြို့၊ ရုရှားနိုင်ငံ နိုဗိုစီဗစ်နှင့် စိန့်ပီတာ စဘတ်မြို့များတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ ပါသည်။ ၂၀၂၄ ခုနှစ်တွင် ဗာတီကန်နိုင်ငံနှင့် ယူအေအီးနိုင်ငံတို့မှ မြန်မာနိုင်ငံတွင် သံရုံးသစ်များ လာရောက်ဖွင့်လှစ်ခဲ့ပါသည်။ ယခုနှစ် အတွင်း အီသီယိုးပီးယားနိုင်ငံ အဒစ္စအဘာဘာမြို့နှင့် အာရပ်စော်ဘွား များပြည်ထောင်စုနိုင်ငံ (ယူအေအီး)၊ အဘူဒါဘီမြို့တို့တွင် မြန်မာသံရုံးအသစ်များ ဖွင့်လှစ်သွားနိုင်ရေးအတွက်ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ကာတာနိုင်ငံဒိုဟာမြို့တွင်လည်း မြန်မာသံရုံးအသစ်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
မှတ်တမ်းများအရ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၆ နိုင်ငံနှင့် သံတမန်ဆက်ဆံရေးထူထောင်ထားရှိပြီး ကမ္ဘာ့နိုင်ငံ ၄၆ နိုင်ငံမှ သံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံး ၅၀ ကို မြန်မာနိုင်ငံတွင် လက်ခံဖွင့်လှစ်ထားရှိပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် နိုင်ငံတကာဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ မှုများအနေဖြင့် ၆-၃-၂၀၂၃ ရက်တွင် ဂီနီဘစ်ဆောနိုင်ငံနှင့် သံတမန်ဆက်ဆံရေး တိုးချဲ့ထူထောင်ခဲ့ပြီး ယူဂန္ဓာ၊ နမီးဘီးယား၊ မိုဇမ်းဘစ်နိုင်ငံများနှင့် သံတမန်ဆက်ဆံရေး ထပ်မံတိုးချဲ့ထူထောင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အစိုးရ သက်တမ်းကာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပြည်ပနိုင်ငံများမှ သံအမတ်ကြီး ၂၁ ဦး၏ သံအမတ်ခန့်အပ်လွှာများအား အခမ်းအနားဖြင့် လက်ခံပေးခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်ပေးမှုများဖြင့် နိုင်ငံတကာအစည်းအဝေးများ ပါဝင်တက်ရောက်မှုများ၊ ခရီးစဉ်သွားရောက်မှုများအနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ မကြာသေးမီ ရက်ပိုင်းဆီကသွားရောက်ခဲ့သော ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်များသည် အထင်ကရဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်တွင် ASEAN ထိပ်သီးအစည်းအဝေး၊ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့အရှေ့ဖျား စီးပွားရေးဖိုရမ်၊ ၂၀၂၄ ခုနှစ်တွင် GMS ထိပ်သီးအစည်းအဝေး၊ ACMECS ထိပ်သီးအစည်းအဝေး၊ CLMV ထိပ်သီးအစည်းအဝေးများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် GMS ထိပ်သီးအစည်းအဝေး၊ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တွင် MLC ထိပ်သီးအစည်းအဝေးများတွင် Video conferencing စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် BIMSTECS ထိပ်သီးအစည်း အဝေး၊ ၂၀၂၄ ခုနှစ်တွင် NAM ထိပ်သီးအစည်းအဝေးနှင့် ACD ထိပ်သီးအစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးက တက်ရောက်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ခုနှစ် ASEAN ထိပ်သီးအစည်းအဝေးများသို့ အမြဲတမ်းအတွင်းဝန်က တက်ရောက်ခဲ့ပါသည်။
လက်ရှိကာလ နိုင်ငံတကာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် ကုလသမဂ္ဂ အေဂျင်စီ ၁၆ ခုနှင့် INGO ၂၁၆ ဖွဲ့မှ နိုင်ငံခြား သားဝန်ထမ်းများနှင့် ဒေသခန့်ဝန်ထမ်းများဖြင့် နိုင်ငံအနှံ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တစ်နှစ်လျှင်နှစ်ကြိမ် ကုလသမဂ္ဂကိုယ်စားလှယ်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးမှုပြုလုပ်ပြီး စီမံကိန်းဒေသများသို့လည်း ခရီးစဉ်များ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါသည်။
ICRC, UNOCHA, UNHCR, UNOPS, UNODC, IFRC, UNDSS, UNEDG, UNICEF, IOM, UNFPA တို့မှ အဆင့်မြင့်အရာရှိကြီးများ မြန်မာနိုင်ငံသို့ လာရောက်တွေ့ဆုံ ဆွေးနွေးပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရီးစဉ်များနှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ခရီးစဉ်များကိုလည်း လက်ခံဆောင်ရွက်ပေးခဲ့ပါသည်။
အာဆီယံ AHA ၏ ပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက်အားလုံးကို ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၂၀၂၁-၂၀၂၃ ပထမအဆင့်တွင် နေပြည်တော်နှင့် ပြည်နယ်/ တိုင်းဒေသကြီးများရှိ ဆေးရုံကြီးများသို့ အမေရိကန် ဒေါ်လာ ၁၅ သန်းဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေးဆေးဝါးအကူအညီများ လက်ခံဖြန့်ဝေနိုင်ခဲ့ကာ ၂၀၂၃-၂၀၂၅ ဒုတိယအဆင့်တွင် စစ်ကိုင်း၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ ဆီဆိုင်၊ မောက်မိုင်၊ ညောင်ရွှေ၊ မုံရွာ၊ ရွှေဘို၊ ကျောက်ထု၊ ထီးလင်း၊ မော်လမြိုင်၊ ချောင်းဆုံ၊ ဘားအံ၊ ကော့ကရိတ်၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ကျိုက်ထို၊ ဘီးလင်း၊ လွိုင်လင်မြို့နယ်များတွင် အမေရိကန်ဒေါ်လာ လေးသန်းကျော်တန်ဖိုးရှိ အစားအသောက်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ဖြန့်ဝေပေးခဲ့ပြီး AHA monitoring Team ဖြင့်လည်း လက်ရှိအချိန်အထိ ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။
ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအနေဖြင့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ငါးနိုင်ငံတွင် လူဦးရေ သန်း ၃၂၀၀ ကျော် နေထိုင်ပြီး လူမျိုး၊ ဘာသာ၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးစနစ် မတူကွဲပြားသည့်အတွက် ဖြစ်ပေါ်နေသော စိန်ခေါ်မှုများအား နီးကပ်သောဆက်ဆံမှုနှင့် ဖြေရှင်းကျော်လွန်နိုင်ရန် အထူးအလေးထား ဆောင်ရွက်လျက်ရှိ ပါသည်။
ဒေသတွင်း ထိပ်သီးအစည်းအဝေးများ၊ ဝန်ကြီးအဆင့် အစည်းအဝေးများနှင့် အလွတ်သဘောအစည်းအဝေးများတွင် ပိုမိုထိတွေ့ ဆက်ဆံဆွေးနွေးနိုင်ခြင်းကြောင့် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးကို အဓိကစိန်ခေါ်နေသည့် မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှု၊ လက်နက်မှောင်ခိုမှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြင့်တက်လာပြီး မြန်မာ့နိုင်ငံအရေးကို မြန်မာကိုယ်တိုင်ဦးဆောင်သည့် မြန်မာ့၏ ကိုယ်ပိုင်အစီအမံဖြင့်သာ ဆောင်ရွက်ရမည်ကို နိုင်ငံတကာမှ သိရှိလက်ခံလာခဲ့သလို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ရွှေ့ပြောင်းလူအုပ်စုများ ကိစ္စကိုလည်း ပြင်ပစွက်ဖက်မှုမပါဘဲ နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်ရေး သဘောထားရရှိခဲ့ပါသည်။
ဒေသတွင်းနိုင်ငံများမှ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများအား အခါအားလျော်စွာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်နေသော နိုင်ငံများမှ နိုင်ငံခြားသားများအား ရှာဖွေကယ်ဆယ်ဖမ်းဆီး၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးခြင်းများ ပြုလုပ်ပေးခဲ့ခြင်း၊ မြန်မာနိုင်ငံမှ အိမ်နီးချင်းနိုင်ငံများသို့ ရောက်ရှိသွားသူများအား သံတမန်လမ်းကြောင်းမှညှိနှိုင်း၍ ပြန်လည်လွှဲပြောင်းနိုင်ခဲ့ခြင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင်ရောက်ရှိနေပြီး မမျှော်လင့်ဘဲ အခက်အခဲများကြုံတွေ့ခဲ့ရသော မြန်မာနိုင်ငံသားများအား လိုအပ်သည့်အကူအညီများပေးအပ်နိုင်ရေး၊ လိုအပ်ပါက အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးတို့ကိုလည်း မြန်မာသံရုံး၊ မြန်မာအဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများက အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ကူညီဆောင်ရွက်ပေးမှုများမှာလည်း သိသာထင်ရှားသော သံတမန်ရေးရာ ဆောင်ရွက်ချက်များဖြစ်ပါသည်။
နိဂုံး
နိဂုံးချုပ်အနေဖြင့် ထင်ရှားပေါ်လွင်သည့် အစဉ်အလာကောင်းများရှိသော မြန်မာသံတမန်လောကတွင် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကိုဖော်ဆောင်ရန် စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းသံတမန်များအနေဖြင့် ဘိုးဘေးဘီဘင် အဆက်ဆက် လက်ဆင့်ကမ်းစွမ်းဆောင်ခဲ့မှုကြောင့် တည်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး လာမည့်နှစ်ပေါင်းများစွာ တိုင်ဆက်လက်တည်တံ့ခိုင်မြဲရန်နှင့် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် သစ္စာရှိရှိတာဝန်သိသိ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြမည်မှာ သမိုင်းပေးတာဝန်ဖြစ်ပါကြောင်း ဖော်ပြလျက် ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့အား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
(၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့အား ဂုဏ်ပြုသော အားဖြင့် ယခုဆောင်းပါးကို အမှတ်တရအဖြစ် ရေးသားသီကုံးတင်ပြအပ်ပါသည်)
ကိုးကား
- မြန်မာ့အလင်း၊ ကြေမုံနှင့် မြဝတီသတင်းစာများတွင် ဖော်ပြခဲ့သည့် သတင်းအချက်အလက်များနှင့် ဆောင်းပါးများ
- နိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင်သတင်းထုတ်ပြန်ချက်များနှင့် မှတ်တမ်းများ