ဘေးကင်း၍ အာဟာရပြည့်ဝသော စားရေရိက္ခာများဖူလုံဖို့ စိုက်ပျိုးရေးနှင့် သစ်တောဂေဟစနစ်များ ထိန်းသိမ်းစို့
သစ်တောမောင်
ခံနိုင်ရည်ရှိသော စိုက်ပျိုးရေးအစားအစာစနစ်များနှင့် သစ်တောဂေဟစနစ်များ
စားရေရိက္ခာဖူလုံရေးသည် မိသားစုတိုင်းအတွက် အခြေခံအကျဆုံး လိုအပ်ချက်တစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံတည်ငြိမ်ရေး၊ အေးချမ်းသာယာဝပြောရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအကြီးဆုံး လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စားရေရိက္ခာအမျိုးမျိုး ထုတ်လုပ်ရေးအတွက် နေ့စဉ်ကြိုးပမ်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။
စိုက်ပျိုးရေးအစားအစာစနစ်များ (Agrifood Systems) နှင့် သစ်တောဂေဟစနစ်များ(Forest Ecosystems)သည် အစားအစာများ၊ ဇီဝလောင်စာများ၊ သစ်တောထွက်ပစ္စည်းများ၊ စွမ်းအင်၊ ဆီထွက်သီးနှံများ၊ စားရေရိက္ခာများ စသည့် ထုတ်ကုန်များထုတ်လုပ်ရုံသာမက အပန်းဖြေမှု၊ ယဉ်ကျေးမှုအပါအဝင် ဂေဟစနစ်ဝန်ဆောင်မှုအမျိုးမျိုးကို လူသားများနှင့် လူ့အဖွဲ့အစည်းအတွက် ဖြည့်ဆည်းပေးလျက်ရှိပြီး အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ “အစားအစာစနစ်”ဟူသော ဝေါဟာရတွင် အစားအစာထုတ်လုပ်ခြင်း၊ စီမံဆောင်ရွက်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် စားသုံးခြင်းတို့ ပါဝင်ပါသည်။
အစားအစာစနစ်များ မှန်ကန်ကောင်းမွန်မှသာ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ရိုးရာယဉ်ကျေးမှုဓလေ့များနှင့် ပတ်ဝန်းကျင်အပေါ်တွင် ကောင်းကျိုးသက်ရောက်မည်ဖြစ်သည်။ အစားအသောက်ဘေးကင်းရေးသည် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပြီး စားရေရိက္ခာဖူလုံမှုအတွက် အရေးပါသော အစိတ်အပိုင်းတစ်ခုသာမက အစားအသောက်ကြောင့်ဖြစ်သော ရောဂါများကို လျှော့ချရာတွင်လည်း အရေးကြီးသောအခန်းကဏ္ဍ မှ ပါဝင်ပါသည်။
ကမ္ဘာလုံးဆိုင်ရာ ဇီဝစီးပွားရေး(Global Bioeconomy)သည် ကမ္ဘာ့စီးပွားရေး၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ဖွဲ့စည်းထားရုံသာမက အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ စိုက်ပျိုးရေးအစားအစာနှင့် သစ်တောဂေဟစနစ်များသည် တစ်ခုနှင့်တစ်ခု နီးကပ်စွာချိတ်ဆက်လျက်ရှိပြီး အဆိုပါစနစ်များ၏ ကုန်ပစ္စည်းထုတ်လုပ်မှုများသည် ရေ၊ မြေဆီလွှာ၊ ဇီဝအာဟာရကြွယ်ဝမှု၊ စွမ်းအင်၊ ရာသီဥတု စသည့် သဘာဝပတ်ဝန်းကျင်အခြေအနေများအပေါ်တွင် မူတည်လျက်ရှိပါသည်။ တစ်ချိန်တည်းမှာပင် စိုက်ပျိုးရေး အစားအစာစနစ်များနှင့် သစ်တောဂေဟစနစ်များသည် မြေဆီလွှာဖွဲ့စည်းပုံနှင့် မြေဩဇာထိန်းသိမ်းခြင်း၊ ဒေသဆိုင်ရာ ဇလဗေဒထိန်းညှိခြင်းစသည့် အရေးကြီးသော အခန်းကဏ္ဍများတွင် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေနိုင်သကဲ့သို့ စနစ်တကျစီမံခန့်ခွဲနိုင်ခြင်းမရှိပါက ရေနှင့် မြေဆီလွှာညစ်ညမ်းမှုနှင့် မြေဆီလွှာနှင့် သဘာဝမြေသယံဇာတများ ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။
ယခုအခါ စိုက်ပျိုးရေးစားရေရိက္ခာများ၊ လယ်ယာထွက်ကုန်များနှင့် သစ်တောသယံဇာတများ၊ အစားအစာစနစ်နှင့် သစ်တောဂေဟစနစ်များသည် ရာသီဥတုဖောက်ပြန်ခြင်း၊ မကြုံစဖူးဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်း၊ ကျူးကျော်မျိုးစိတ်များ ဝင်ရောက်မှု၊ ရေ၊ လေနှင့် မြေဆီလွှာညစ်ညမ်းမှုနှင့် မြေအသုံးချမှုပြောင်းလဲခြင်း (ဥပမာ မြို့ပြအဖြစ်ပြောင်းလဲခြင်းအပါအဝင်) စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ရလျက်ရှိသည်။ ကမ္ဘာ့လူဦးရေတိုးပွားလာသည်နှင့်အမျှ စားရေရိက္ခာနှင့် သစ်တောထွက်ပစ္စည်းများ ဝယ်လိုအားသည် အရှိန်အဟုန်ဖြင့် မြင့်တက်လာလျက်ရှိပါသည်။ အကန့်အသတ်ဖြင့်သာရှိသော သဘာဝသယံဇာတအရင်းအမြစ်များ အပေါ်မှီခိုမှုအဆမတန်များပြားလာခြင်း၊ လိုအပ်ချက်များမြင့်တက်၍ ဝယ်လိုအားတိုးပွားလာခြင်းသည် သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးခြင်းများဖြစ်ပေါ်စေရန် ဦးတည်လျက်ရှိသဖြင့် ပိုမိုထိရောက်သော အသုံးချမှုနှင့် ကာကွယ်ထိန်းသိမ်းမှုများကို အလေးထားဆောင်ရွက်ကြရန် မီးမောင်းထိုးပြလျက်ရှိပါသည်။
ဘေးကင်းပြီး အာဟာရပြည့်ဝသည့် စားရေရိက္ခာများ
စားရေရိက္ခာဆိုသည်မှာ သက်ရှိသတ္တဝါများ ရှင်သန်ကြီးထွားနိုင်ရန်အတွက် လိုအပ်သော အာဟာရဖြစ်စေသည့် အရာများဖြစ်ပြီး လူသားတို့အသက်ရှင်မှုအတွက် စွမ်းအင်ကိုပြည့်ဝစေရန် အဓိကထောက်ပံ့သောပစ္စည်းများဖြစ်ပါသည်။ စားရေရိက္ခာများသည် လူ့ဘဝ၏ဗဟိုချက်ဖြစ်ပြီး လူသားများ၏ တည်ရှိမှုအတွက်သာမက လူသားများ၏ ယဉ်ကျေးမှုစံနှုန်းများနှင့် လူမှုဘဝနေထိုင်မှု အတွက်လည်း အခြေခံအုတ်မြစ်ဖြစ်သည်။ လူတို့နေ့စဉ်သွားလာနိုင်ရန်၊ ခန္ဓာကိုယ်ဖွံ့ဖြိုးရန်၊ ဉာဏ်ရည်ဖွံ့ဖြိုးရန်နှင့် ရောဂါဘယများအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် အဓိကလိုအပ်သော စွမ်းအင်ကို အစာအာဟာရမှ ရရှိနိုင်မည်ဖြစ်ပါသည်။ အစားအစာများ၊ စားရေရိက္ခာများသည် လူသားတစ်ဦး၏ လူနေမှုဘဝတွင် အခြေခံအကျဆုံး လိုအပ်ချက်လည်းဖြစ်ပါသည်။
မြေထု၊ ရေထုတွင်ထွက်ရှိသော သဘာဝပေါက်ပင်နှင့် ရေထွက်ပစ္စည်းများ၊ လူသားများစီမံ လုပ်ဆောင်သော လယ်ယာထွက်ကုန်အစုအဝေးများ၊ မွေးမြူရေးအင်အားစုများသည် စားရေရိက္ခာ၏ ထုတ်ကုန်များဖြစ်ကြသည်။ အပင်အမျိုးမျိုးမှအစေ့အဆန်များ၊ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ အဆီများနှင့် တိရစ္ဆာန်များမှ အသားနှင့်အဆီ စသည့် စားရေရိက္ခာတို့ကိုရရှိပါသည်။ မြေထု၊ ရေထုတွင် ထွက်ရှိသော သဘာဝပေါက်ပင်နှင့် ရေထွက်ပစ္စည်းများ၊ လူသားများစီမံလုပ်ဆောင်သော လယ်ယာထွက်ကုန်အစုအဝေးများ မွေးမြူရေးအင်အားစုများသည် စားရေရိက္ခာ၏ ထုတ်ကုန်များဖြစ်ကြပါသည်။ စားရေရိက္ခာသည် လူသားတို့အသက်ရှင်မှုအတွက် စွမ်းအင်ကိုပြည့်ဝစေရန် အဓိကထောက်ပံ့သောပစ္စည်းများဖြစ်ပါသည်။
ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင် ၂ သည် “ဆာလောင် မွတ်သိပ်မှုလုံးဝမရှိ” ရန်ဖြစ်ပြီး “ငတ်မွတ်မှုရပ်တန့်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် ပိုမိုကောင်းမွန်သော အာဟာရရရှိရန်နှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကို မြှင့်တင်ရန်”ဖြစ်သည်။ ၂၀၃၀ ပြည့်နှစ်တွင် ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုပုံစံအားလုံးကို အဆုံးသတ်ရန် ရည်မှန်းထားပြီး လူသားအားလုံးအထူးသဖြင့် ကလေးငယ်များ တစ်နှစ်ပတ်လုံးအာဟာရပြည့်ဝပြီး လုံလောက်သော အစားအစာရရှိကြောင်း သေချာစေရန် ချမှတ်ထားသည့် ရည်မှန်းချက်လည်းဖြစ်ပါသည်။
အစားအစာဖူလုံရုံသာမက ဘေးကင်းပြီး အာဟာရပြည့်ဝသောအစားအစာ၊ အရည်အသွေးပြည့်ဝသော အစားအစာလုံလောက်စွာရရှိရေးသည် အလွန်အရေးကြီးသည်။ အစားအသောက်ကြောင့်ဖြစ်သော ရောဂါအမျိုးပေါင်း ၂၀၀ ခန့်ကြောင့် နှစ်စဉ်သန်း ၆၀၀ ဖျားနာကြပြီး နှစ်စဉ်သေဆုံးမှု ၄၂၀၀၀၀ ကျော်ရှိကြောင်း သိရှိရသည်။၂၀၁၉ ခုနှစ် တွင် ကမ္ဘာပေါ်ရှိ ခန့်မှန်းခြေလူပေါင်း နှစ်ဘီလီယံခန့်သည် ဘေးကင်းသော၊ အာဟာရပြည့်ဝပြီး လုံလောက်သောအစားအစာကို ပုံမှန်လက်လှမ်းမီနိုင်ခြင်းမရှိကြောင်း သိရှိရပြီး အဆိုပါအတိုင်း ဆက်လက်ဖြစ်ပေါ်နေပါက ငတ်မွတ်မှုဒဏ်ခံရသော လူဦးရေသည် ၂၀၃၀ ပြည့်နှစ်တွင် သန်း ၈၄၀ သို့မဟုတ် ကမ္ဘာ့လူဦးရေ၏ ၉ ဒသမ ၈ ရာခိုင်နှုန်း ကျော်သွားမည်ဖြစ်သည်။
သစ်တောဂေဟစနစ်ဝန်ဆောင်မှုများ
သစ်တောအခြေခံ စိုက်ပျိုးရေးစားရေရိက္ခာစနစ်များနှင့် အစားအစာစနစ်များသည် စားရေရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝစေရေးနှင့် ပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေးတို့ကို ပေါင်းစည်းထားသည့်စနစ်များဖြစ်ပါသည်။ သစ်တောအခြေခံစိုက်ပျိုးရေးအစားအစာစနစ်များ (Forests-based agrifood systems) သည် သဘာဝဂေဟစနစ်များနှင့် လူသားများ၏ ခံနိုင်ရည်အားကို ကောင်းမွန်စေပြီး ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးကို အထောက်အကူပြုစေပါသည်။ ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော သစ်တောစီမံအုပ်ချုပ်မှုစနစ်၊ စိုက်ပျိုးရေးစနစ်နှင့် အာဟာရဆိုင်ရာအလေ့အကျင့်ကောင်းများကို ကျယ်ပြန့်စွာကျင့်သုံးခြင်းဖြင့် ပျက်စီးယိုယွင်းနေသော မြေဆီလွှာများကို ပြန်လည်ထိန်းသိမ်းမည်ဖြစ်ပါသည်။
သစ်တောများက အထောက်အပံ့ပြုသော ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများသည် စားရေရိက္ခာထုတ်လုပ်မှု တိုးတက်စေရေးအတွက်သာမက ငွေကြေးဖြင့် တန်ဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူး အမျိုးမျိုးပံ့ပိုးလျက်ရှိသောကြောင့် သက်ရှိလောကအတွက် အဖိုးတန်လှသည်။ သစ်တောများမှ (က) ထောက်ပံ့မှုဆိုင်ရာဝန်ဆောင်မှု (Provisional Services)၊ ဥပမာသစ်နှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ စားရေရိက္ခာ၊ ရေကောင်းရေသန့်ရရှိစေခြင်း စသည့်ဝန်ဆောင်မှုလုပ်ငန်းများ၊ (ခ) ပတ်ဝန်းကျင်ထိန်းညှိမှုဆိုင်ရာ ဝန်ဆောင်မှု (Regulating Services)၊ ဥပမာ ရာသီဥတုပြောင်းလဲမှုကိုထိန်းညှိခြင်း၊ လေထုအတွင်းမှ ကာဗွန်စုပ်ယူသိုလှောင်ခြင်းဆိုင်ရာ ဝန်ဆောင်မှု၊ ရေ၊လေ သန့်စင်မှုလုပ်ငန်းများ၊ မြေတိုက်စားမှု မြေပြိုမှုများမှကာကွယ်ခြင်း၊ ဝတ်မှုန်ကူးခြင်းနှင့် ပိုးမွှားကျရောက်မှုများမှ ကာကွယ်ခြင်း စသည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ (ဂ) ယဉ်ကျေးမှုနှင့် စိတ်ပိုင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ (Cultural and Spiritual Spirit)၊ ဥပမာအပန်းဖြေမှု၊ အလှအပနှင့် မျက်စိပသာဒဆိုင်ရာဝန်ဆောင်မှု၊ ယုံကြည်ကိုးကွယ်မှု၊ ရိုးရာဓလေ့ဆိုင်ရာဝန်ဆောင်မှုများနှင့် (ဃ) ဝန်ဆောင်မှုလုပ်ငန်းများအား အထောက်အကူပေးသည့်လုပ်ငန်းများ (Suppor-ting Services)၊ ဥပမာမြေဆီလွှာဖြစ်ပေါ်လာမှု ဖြစ်စဉ်အဆင့်ဆင့်အပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများကို ချိတ်ဆက်ပေါင်းစပ်ထောက်ပံ့ပေးသည့် ဝန်ဆောင်မှုများကို သစ်တောများက ပံ့ပိုးထောက်ပံ့ပေးလျက်ရှိပါသည်။
ကောင်းမွန်သောဂေဟစနစ်နှင့် ဘေးကင်းသော စားရေရိက္ခာများ
တည်ငြိမ်ကောင်းမွန်သော ဂေဟစနစ်များသည် အပင်များနှင့် တိရစ္ဆာန်များ ရှင်သန်ကြီးထွားရန်အတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ စားရေရိက္ခာထုတ်လုပ်သည့်နည်းလမ်းနှင့် အစားအစာများသည် သဘာဝပတ်ဝန်းကျင်နှင့် နက်ရှိုင်းစွာဆက်စပ်နေပါသည်။ ဂေဟစနစ်တည်ငြိမ်ပြီး ရာသီဥတုမျှတကောင်းမွန်မှသာ စားရေရိက္ခာထုတ်လုပ်မှုဖြစ်ထွန်းအောင်မြင်နိုင်သည်။ ရေရှည်မတည်တံ့နိုင်သော အစားအစာထုတ်လုပ်မှုနှင့် စားသုံးမှုအလေ့အထများ ကျယ်ပြန့်လာပြီး အစားအစာစနစ်များ ပျက်စီးလာသောအခါ အကျိုးဆက်အနေဖြင့် ကျန်းမာရေးဆိုင်ရာပြဿနာများ ဖြစ်ပေါ်လာရပါသည်။
အစားအစာအရင်းအမြစ်များဖြစ်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် စနစ်တကျဆောင်ရွက်နိုင်ခြင်းမရှိပါက စားရေရိက္ခာထုတ်လုပ်ရေးကို ထိခိုက်စေရုံသာမက မြေထု၊ ရေထု၊ လေထုညစ်ညမ်းခြင်း၊ ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်း၊ သဘာဝပတ်ဝန်းကျင်ယိုယွင်းခြင်း၊ မိုးခေါင်ခြင်း၊ မြေပြိုခြင်းနှင့် ရေလွှမ်းမိုးခြင်းကဲ့သို့သော ဘေးအန္တရာယ်များကျရောက်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးခြင်း စသည့် ဆိုးကျိုးများစွာဖြစ်လာစေနိုင်ပါသည်။
သဘာဝဂေဟစနစ်များသည် စားရေရိက္ခာများ တိုက်ရိုက်ထုတ်လုပ်ပေးသည့် အရင်းအမြစ်များဖြစ်ပြီး ဝတ်မှုန်ကူးခြင်း၊ မြေဆီလွှာဖွဲ့စည်းခြင်း၊ အာဟာရစက်ဝန်းလည်ပတ်ခြင်းနှင့် ရေထိန်းညှိခြင်း စသည့် ဂေဟစနစ်ဝန်ဆောင်မှုများကို ပံ့ပိုးပေးသကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းများ၊ စားရေရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်စုံကြွယ်ဝစေရေးအတွက် ပံ့ပိုးပေးပါသည်။ ရေရှည်တွင် သဘာဝနှင့် လိုက်လျောညီထွေရှိသော ခံနိုင်ရည်ရှိသည့် အစားအစာစနစ်များ၊ စားရေရိက္ခာထုတ်လုပ်မှုပုံစံများသာလျှင် လူသားများအတွက် ကျန်းမာ၊ ဘေးကင်းပြီး ယုံကြည်စိတ်ချရသော အစားအစာအရင်းအမြစ်ကို ထုတ်လုပ်ပေးစွမ်းနိုင်မည်ဖြစ်ပါ သည်။ ထို့ကြောင့် လက်ရှိနှင့် အနာဂတ်မျိုးဆက်များ၏ ကောင်းကျိုးချမ်းသာအတွက်၊ စားရေရိက္ခာ ပြည့်စုံဖူလုံစေရေးအတွက် သစ်ပင်သစ်တောများ၊ ဂေဟစနစ်များ၊ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် အလွန်အရေးကြီးပါသည်။
အပြည်ပြည်ဆိုင်ရာသစ်တောများနေ့
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက ပြည်သူများအကြား သစ်ပင်သစ်တောထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားစေရန်၊ သစ်တောများ၏ အရေးပါသည့်အခန်းကဏ္ဍကို ပိုမိုနားလည်လာစေရန်၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင်လာစေရန်နှင့် သစ်ပင်သစ်တောများကို ပိုမိုချစ်ခင်မြတ်နိုးတတ်စေရန် ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဆုံးဖြတ်ချက်အမှတ် A/C.2/67/L.4 ဖြင့် မတ်လ ၂၁ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာသစ်တောများနေ့” (International Day of Forests) အဖြစ် သတ်မှတ်ကြေညာခဲ့သည်။ ၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ (International Day of Forests) ၏ ဆောင်ပုဒ်မှာ “သစ်တောများနှင့် စားရေရိက္ခာများ” (Forests and Foods) ဖြစ်သည်။ သစ်ပင်သစ်တောများသည် စားရေရိက္ခာဖူလုံခြင်း၊ လုံခြုံစိတ်ချရခြင်း၊ အာဟာရပြည့်ဝစေခြင်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် အလွန်အရေးပါသော အခန်းကဏ္ဍများမှပါဝင်နေခြင်းကို မီးမောင်းထိုးပြသည့်အနေဖြင့် အဆိုပါဆောင်ပုဒ်ကို သတ်မှတ်ထားခြင်းဖြစ်သည်။
ယခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့တွင် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)က ထုတ်ပြန်ထားသော သစ်တောများနှင့် စားရေရိက္ခာဆက်စပ်နေသည့် အဓိကသတင်းစကားများ မျှဝေထားသည်ကို အောက်ပါအတိုင်း တွေ့နိုင်ပါသည်-
ရာသီဥတုပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပွားမှု၊ ပဋိပက္ခများဖြစ်ပွားမှု၊ စီးပွားရေးကျဆင်းမှု၊ မညီမျှမှုနှင့် ကပ်ရောဂါဖြစ်ပွားမှုတို့ကြောင့် ကမ္ဘာပေါ်ရှိ လူပေါင်း ၇၃၃ သန်းခန့်သည် ငတ်မွတ်မှုနှင့် ရင်ဆိုင်ရလျက်ရှိပါသည်။ ခန့်မှန်းခြေအားဖြင့် လူပေါင်း ၈၁၅ သန်းသည် အာဟာရချို့တဲ့လျက်ရှိပြီး တစ်နေ့လျှင် ကလေး ၁၆၀၀၀ ကျော်သည် ငတ်မွတ်ခေါင်းပါးခြင်းကြောင့် သေဆုံးနေကြောင်း၊
သစ်တောများသည် လူသန်းပေါင်းများစွာအတွက် စားရေရိက္ခာ၊ ဆေးဝါးနှင့် အသက်မွေးဝမ်းကျောင်းများကိုပံ့ပိုးပေးကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ လူငါးဘီလီယံကျော်သည် သစ်တောနှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများကို အစားအစာ၊ ဆေးဝါးနှင့် အသက်မွေးဝမ်းကျောင်းအတွက် အသုံးပြုကြလျက်ရှိကြောင်း၊ နောက်ဆုံးပေါ်ဆေးဝါးများ၏ ၂၅ ရာခိုင်နှုန်းကျော်သည် အပူပိုင်းသစ်တောများမှရရှိကြောင်း၊
အပူပိုင်းသစ်တောများသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံနှင့်ညီမျှသော စိုက်ပျိုးရေးအတွက် ဝတ်မှုန်ကူးခြင်းကို ကူညီထောက်ပံ့ပေးကြောင်း၊ ကမ္ဘာ့စားရေရိက္ခာ၏ သုံးပုံတစ်ပုံခန့်ကို တစ်နိုင်တစ်ပိုင် လယ်ယာလုပ်ကိုင်သူများက ထုတ်လုပ်ပေးကြောင်း၊
သစ်တောများနှင့် သစ်ပင်များသည် အစေ့အဆန်များ၊ သစ်သီးများ၊ အစေ့များ၊ အမြစ်များ၊ ဥများ၊ အရွက်များ၊ မှိုများ၊ ပျားရည်၊ တောရိုင်းအသားများနှင့် အင်းဆက်ပိုးမွှားများကြွယ်ဝသော အရင်းအမြစ်များဖြစ်ပြီး လူတို့၏ အစားအသောက်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရများကို ပံ့ပိုးပေးလျက်ရှိကြောင်း၊
သစ်တောများမှ တောရိုင်းတိရစ္ဆာန်အသားများသည် ပရိုတင်းနှင့် အဏုအာဟာရဓာတ်များ၏ မရှိမဖြစ်လိုအပ်သော အရင်းအမြစ်တစ်ခုဖြစ်ကြောင်း၊ အထူးသဖြင့် အပူပိုင်းဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဌာနေတိုင်းရင်းသားများနှင့် ကျေးလက်နေပြည်သူများအတွက် အရေးကြီးသော ပရိုတင်းအရင်းအမြစ်တစ်ခုဖြစ်ကြောင်း၊ တောရိုင်းတိရစ္ဆာန်မျိုးစိတ်ပေါင်း ၃၂၀၀ ကျော်ကို အစာအဖြစ် အသုံးပြုကြကြောင်း၊
ပုံမှန်စားရေရိက္ခာအရင်းအမြစ်များ မရရှိနိုင်သောကာလများ၊ ကိုဗစ်-၁၉ ကဲ့သို့သော ကပ်ရောဂါကျရောက်သော ကာလများ၊ အကျပ်အတည်းကာလများတွင် သစ်တောများသည် စားရေရိက္ခာဘေးကင်းရေးနှင့် အစားအစာရရှိရေးအတွက် အရေးပါသော အရင်းအမြစ်တစ်ခုအဖြစ် ပံ့ပိုးကြောင်း၊
လူဦးရေ နှစ်ဘီလီယံကျော်သည် အစားအစာချက်ပြုတ်ရန်အတွက် သစ်သားနှင့် အခြားရိုးရာလောင်စာများကို မှီခိုအားထားနေရပြီး အဆိုပါလောင်စာများကို သစ်တောများမှရရှိကြောင်း၊
အပူပိုင်းသစ်တောများသည် လူများအတွက် ကျန်းမာရေးဂရုစိုက်မှုအဖြစ် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၀၈ သန်းနှင့်ညီမျှသည့် ဆေးဖက်ဝင်အပင်များကို ထောက်ပံ့ပေးကြောင်း၊
ကမ္ဘာ့သစ်တောဧရိယာ ဟက်တာသန်းပေါင်း ၃၃၀ သည် မြေဆီလွှာ ထိန်းသိမ်းခြင်း၊ ရေဝေရေလဲထိန်းသိမ်းခြင်း၊ ရေခဲတောင်ပြိုကျမှုမှ တားဆီးကာကွယ်ခြင်း၊ သဲကန္တာရဖြစ်ထွန်းမှုမှ ကာကွယ်တားဆီးခြင်းနှင့် ကမ်းရိုးတန်းဒေသများတွင် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်တားဆီးပေးကြောင်း၊
သစ်တောပြုန်းတီးသော ရေဝေရေလဲများသည် ကမ္ဘာ့မြို့ကြီးများ၏ ၈၅ ရာခိုင်နှုန်းကျော်အတွက် ရေချိုကိုထောက်ပံ့ပေးပြီး ရေရှည်တည်တံ့သော သစ်တောစီမံခန့်ခွဲမှုသည် မြို့ပြကြီးများတွင် နေထိုင်သူ ၁ ဒသမ ၇ ဘီလီယံကျော်အတွက် ရေအရည်အသွေးကိုမြှင့်တင်ပေးနိုင်ကာ ၎င်းတို့၏ စားရေရိက္ခာနှင့် ရေဖူလုံမှုကိုအထောက်အကူပြုကြောင်း၊
သစ်တောများမှ ထုတ်လုပ်ပေးသော စွမ်းအင်သည်ဆိုလာ၊ ရေအားလျှပ်စစ်(သို့မဟုတ်) လေအားလျှပ်စစ်တို့မှ ထုတ်လုပ်ပေးသော စွမ်းအင်ထက်ပိုမိုပြီး ကမ္ဘာ့ပြန်ပြည့်မြဲစွမ်းအင် ထုတ်လုပ်မှုစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ဖော်ပြထားပါသည်။
ဘေးကင်း၍ အာဟာရပြည့်ဝသော စားရေရိက္ခာများ ဖူလုံဖို့၊ စိုက်ပျိုးရေးနှင့် သစ်တောဂေဟစနစ်များ ထိန်းသိမ်းစို့
ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင် ၁၅ တွင် ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်ကို ထိန်းသိမ်းကာကွယ်ပြီး စဉ်ဆက်မပြတ်အသုံးပြုနိုင်ရေး၊ သစ်တောများ ထာဝစဉ်တည်တံ့စေရန် စီမံအုပ်ချုပ်ရေးကို ရည်မှန်းချက်ပန်းတိုင်အဖြစ် သတ်မှတ်ထားပါသည်။ လူ့အဖွဲ့အစည်းတစ်ခု စားရေရိက္ခာဖူလုံစွာထုတ်လုပ်နိုင်ရေးအတွက် သဘာဝအခြေခံအရင်းအနှီးများဖြစ်သည့် မြေသယံဇာတ၊ ရေအရင်းအမြစ်၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ တော၊ တောင်၊ ပင်လယ်ကမ်းရိုးတန်းတို့သည် အရေးကြီးသော သဘာဝအခြေခံအရင်း အမြစ်များဖြစ်ပါသည်။ ကျန်းမာကြံ့ခိုင်သော၊ သဟဇာတမျှတသော သစ်တောဂေဟစနစ်များသည် ဂေဟစနစ်ဝန်ဆောင်မှု အကျိုးကျေးဇူးများစွာကို ထောက်ပံ့နိုင်ပြီး နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ဦးစားပေးလုပ်ငန်းများကို အောင်မြင်ရန်ပံ့ပိုးနိုင်သဖြင့် သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များကို ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းရန်လိုအပ်ပါသည်။
သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း(Agroforestry) ကဲ့သို့သော မြေအသုံးချမှုနည်းစနစ်များသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ပေါင်းစုဆောင်ရွက်နိုင်သည့် သဘာဝကိုအခြေခံသော ဖြေရှင်းခြင်းနည်းလမ်းများ (Nature-based solutions)၊ စိုက်ပျိုးမွေးမြူရေး အလေ့အကျင့်ကောင်းများဖြစ်သဖြင့် အထူးအလေးထား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက အကျိုးကျေးဇူးများစွာရနိုင်မည်ဖြစ်သည်။
စိုက်ပျိုးရေးအစားအစာစနစ်များ (Agrifood Systems) နှင့် သစ်တောဂေဟစနစ်များ (Forest Ecosystems) ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမိုရင်းနှီးမြှုပ်နှံခြင်း၊ သုတေသနနှင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများ စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်ခြင်း၊ ပညာပေးခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ အစိုးရများ၊ ပုဂ္ဂလိကကဏ္ဍ၊ ပညာရေးနှင့် သုတေသနအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် ဆက်စပ်ပတ်သက်သူများအားလုံး ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သစ်တောသယံဇာတများ ထာဝစဉ်တည်တံ့ပြီး စားရေရိက္ခာဖူလုံကာ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ပါကြောင်း မတ်လ ၂၁ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ (၂၀၂၅) အား ဂုဏ်ပြုတင်ပြအပ်ပါသည်။ ။