Skip to main content

တစ်ချိန်က တပ်မတော်နေ့ စာပေအနုပညာပြိုင်ပွဲများ

ကို(တက္ကသိုလ်)

တပ်မတော်နေ့နီးကပ်လာတိုင်း တစ်ချိန်ကတပ်မတော်နေ့လုပ်ငန်းတွင် ပါဝင်ခဲ့ရပုံကို ပြန်လည်သတိရမြဲဖြစ်သည်။ ထိုလုပ်ငန်းမှာ တပ်မတော်နေ့ စာပေနှင့်အနုပညာပြိုင်ပွဲလုပ်ငန်းဖြစ်သည်။ ၂၀၀၁ ခုနှစ် (၅၆) နှစ်မြောက် တပ်မတော်နေ့ပြိုင်ပွဲမှစ၍ နေပြည်တော်မပြောင်းရွှေ့မီ ၂၀၀၄ ခုနှစ် (၅၉) နှစ်မြောက် တပ်မတော်နေ့ပြိုင်ပွဲအထိ ကျွန်တော်ပါဝင်ခဲ့ပုံကို မှတ်မိနေသေးတော့သည်။

ထိုစဉ်က တပ်မတော်နေ့ဆိုင်ရာပြိုင်ပွဲများကို စစ်ဦးစီးအရာရှိချုပ်(လေ)က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ‘စာပေအနုပညာပြိုင်ပွဲ ကော်မတီ က ကြီးကြပ်သည်။ ကော်မတီ၏လက်‌အောက်တွင် လုပ်ငန်းကော်မတီသုံးခုရှိ၏။ ၎င်းတို့မှာ အထက်တွင်ဆိုခဲ့သော ‘ကဗျာနှင့် အနုပညာပြိုင်ပွဲကျင်းပ ရေးလုပ်ငန်းကော်မတီ၊ ‘ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီနှင့် ‘စာပေနှင့် ဓာတ်ပုံပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီတို့ဖြစ်ကြ၏။

စာပေနှင့်ဓာတ်ပုံပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီက ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါးနှင့် ဓာတ်ပုံပြိုင်ပွဲများကို ကျင်းပပေးသည်။ လုပ်ငန်းကော်မတီ၏ဥက္ကဋ္ဌမှာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိန်းစိန် ဖြစ်၏။

ကဗျာ၊ စာစီစာကုံးကျင်းပရေးလုပ်ငန်း ကော်မတီသည် ကျောင်းသူ ကျောင်းသားတို့၏ ကဗျာပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို အတန်းခွဲ၍ကျင်းပပေးသည်။ ဥက္ကဋ္ဌမှာ ပညာရေးဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် စိုးဝင်းမောင်ဖြစ်သည်။

ကျွန်တော်ပါဝင်သော ကဗျာနှင့် အနုပညာပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၏ဥက္ကဋ္ဌမှာ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးညွန့်(ထီလာစစ်သူ)ဖြစ်ပါသည်။ ဤလုပ်ငန်းကော်မတီ၏လက်အောက်တွင် ‘ကဗျာပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီ၊ ‘ပန်းချီ၊ ပန်းပုပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီ၊ ‘စစ်ချီစစ်ရေးတေးကျင်းပရေးဆပ်ကော်မတီနှင့် ‘ပြခန်းခင်းကျင်းပြသရေးဆပ်ကော်မတီဟူ၍ ဆပ်ကော်မတီလေးခု ဖွဲ့စည်းထားလေသည်။

ကဗျာပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီ၏ ဥက္ကဋ္ဌမှာ ဂီတစာဆို ဦးမောင်မောင်လတ် (ကဗျာဆရာ- နောင်) ဖြစ်သည်။ ပန်းချီ၊ ပန်းပုဥက္ကဋ္ဌမှာ ယဉ်ကျေးမှုတက္ကသိုလ် (ရန်ကုန်) ပါချုပ် ဦးတင်စိုး၊ စစ်ချီစစ်ရေးတေး ဥက္ကဋ္ဌမှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး (ရေဒီယို) ဦးကိုကိုထွေး၊ ယင်းဆပ်ကော်မတီသုံးခု၏ အနုပညာပစ္စည်းများကို ခင်းကျင်းပြသပေးရသော ဆပ်ကော်မတီဥက္ကဋ္ဌမှာ ညွှန်ကြားရေးမှူးချုပ် (ပြတိုက်) ဦးမြင့်သိန်းဆွေတို့ ဖြစ်ကြ၏။

ကျွန်တော်က ကဗျာပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီတွင် အဖွဲ့ဝင်ဖြစ်ပြီး ဆရာနောင်၊ ဆရာညွန့်ဝေ(ကသာ)၊ ဆရာပျဉ်းမနား မောင်နီသင်း၊ ဆရာမြင်းမူမောင်နိုင်မိုး၊ ဆရာမောင်ကြင်နွယ်၊ ဆရာမောင်သော်မော်၊ ဆရာမ ချိုမြနွယ်တို့နှင့်အတူ ပြိုင်ပွဲဝင်ကဗျာတို၊ ကဗျာရှည်များကို ဖတ်ရှုအကဲဖြတ်ပေးရသည်။

ကဗျာဆုရွေးချယ်ပုံစနစ်မှာ အကြောင်းအရာ၊ တင်ပြပုံ၊ ရေးဖွဲ့ပုံဟူသောအချက်သုံးချက်ကို အဓိကထားကြည့်သည်။ မြန်မာကဗျာစပ်ထုံးစပ်နည်းနှင့် ညီညွတ်စွာရေးဖွဲ့ရသည်။ အကြောင်းအရာအားဖြင့် တပ်မတော်နှင့်သက်ဆိုင်သောအကြောင်းအရာ၊ တိုင်းပြုပြည်ပြုအကြောင်းအရာ၊ တိုင်းရင်းသားသွေးစည်းညီညွတ်မှုအကြောင်းအရာများဖြစ်သောကြောင့် မျိုးချစ်စိတ်နှင့် ဇာတိမာန်တက်ကြွစေသည်။ အစဉ်အလာစပ်ထုံးစပ်နည်းကို လေ့လာရေးဖွဲ့ကြရသဖြင့် စာပေယဉ်ကျေးမှုအမွေအနှစ်ကို စောင့်ထိန်းရာရောက်သည်။ ကဗျာကလောင်သစ်များကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ပြိုင်ပွဲဝင်တို့အနေဖြင့် အကြောင်းအရာ ကုန်ကြမ်းရှာဖွေရာမှ နိုင်ငံ့သမိုင်း၊ တပ်မတော်သမိုင်း၊ လွတ်လပ်ရေးသမိုင်းနှင့် သမိုင်းဝင်တိုက်ပွဲများ၊ တရားသောစစ်ပွဲများအကြောင်း ဗဟုသုတရရှိစေသည်။ တပ်မတော်နှင့်ပြည်သူကို ရင်းနှီးနွေးထွေးစေသည်။ ဤသည်တို့မှာ တပ်မတော်နေ့ ကဗျာပြိုင်ပွဲက ရယူပေးခဲ့သော အကျိုးကျေးဇူးများပင်။

မော်ကွန်းကဗျာရှည်ကြီးများ အားရဖွယ်ကောင်း

ပြိုင်ပွဲဝင်တွေ လူမျိုးလူတန်းစားစုံသည်။ တိုင်းရင်းသားတွေ၊ ကျောင်းသူကျောင်းသားတွေ၊ ဆရာဝန်၊ ဈေးသည်၊ စစ်သား၊ ရဲတပ်ဖွဲ့ဝင်၊ အလုပ်သမားတွေသာမက သံဃာတော်အချို့ပင် ယှဉ်ပြိုင်၏။ ၎င်းတို့၏ လက်ရာတွေကလည်း ရေးဖွဲ့ပုံစုံလှသည်။ လေးလုံးစပ်လင်္ကာ၊ တျာချင်း၊ ဒွေးချိုး၊ လေးချိုး၊ လေးချိုးကြီး၊ ကာချင်းစသည်ဖြင့် အကြောင်းအရာနှင့်ဆီလျော်သော ကဗျာပုံသဏ္ဌာန်ကို ရွေးချယ်စပ်ဆိုကြသည်။ အားလုံးကောင်းသည်ဟုတော့မဆိုပါ။ ကာရန်လွတ်သော၊ အကြောင်းအရာအားပျော့သော ကဗျာတွေပါသကဲ့သို့ အံ့ဩချီးမွမ်းလောက်သည့် လက်ရာကောင်းများကိုလည်း တွေ့ရလေသည်။ အထူးသဖြင့် စစ်ပွဲအကြောင်း၊ ဘုရင်(မင်း)အကြောင်းရေးဖွဲ့သော မော်ကွန်းကဗျာရှည်ကြီးများမှာ အားရဖွယ်ကောင်းလှသည်။

ကဗျာဆပ်ကော်မတီသည် ပြိုင်ပွဲကျင်းပပေးရုံသာမကဘဲ ပြိုင်ပွဲကို လူသိများအောင်၊ ပါဝင်ယှဉ်ပြိုင်ချင်အောင် ပညာပေးစည်းရုံးသော လုပ်ငန်းတစ်ခုကို ကြိုတင်လုပ်ဆောင်ရသည်။ ဆပ်ကော်မတီအဖွဲ့ဝင်တွေ လူခွဲ၍ မြန်မာ့ရုပ်မြင်သံကြားနှင့်မြဝတီရုပ်မြင်သံကြားတို့မှတစ်ဆင့် ကဗျာပြိုင်ပွဲအကြောင်း သိကောင်းစရာများကို ပညာပေးထုတ်လွှင့်ပေးခဲ့သည်။ ဤ Informative Talk အစီအစဉ်ကို မြန်မာနိုင်ငံစာနယ်ဇင်း(ဗဟို)က ပါဝင်ကူညီခဲ့သည်။ ထို့အပြင် မဂ္ဂဇင်း၊ သတင်းစာများတွင် ဆောင်းပါးရေးခြင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၏ မြို့နယ်ပြန်ကြားရေးရုံးနှင့်ပြည်သူ့ဆက်ဆံရေးရုံးများတွင် ကြော်ငြာကပ်ခြင်းနည်းလမ်းများကိုပါ အသုံးပြုခဲ့သည်။ အရာထင်ပါသည်။ ဥပမာ (၅၆)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ကဗျာပြိုင်ပွဲတွင် အဆင့်(၁)၊ အဆင့်(၂)တို့မှ ကဗျာတို/ရှည် စုစုပေါင်း ၁၈၈ ပုဒ် ယှဉ်ပြိုင်ခဲ့၏။ နောက်နှစ်တွင် ကဗျာတို/ရှည် စုစုပေါင်း ၂၃၉ ပုဒ် ရှိသဖြင့် ၅၁ ပုဒ် တိုးလာပါသည်။

ကျွန်တော်သည် ၂၀၀၃ ခုနှစ်တွင် ကဗျာပြိုင်ပွဲဆပ်ကော်မတီဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ကဗျာနှင့် အနုပညာပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ရသောကြောင့် ကဗျာပြိုင်ပွဲတစ်ခုသာမကတော့ဘဲ လုပ်ငန်းအားလုံးနှင့် သက်ဆိုင်လာပါတော့သည်။

ပန်းပုတွင် ဖဲ့ခွာထုဆစ်ရသော သစ်သားပန်းပုနှင့် ဖို့မံရသော ပလပ်စတာပန်းပုဟူ၍ နှစ်မျိုးရှိသည်။ သစ်ကိုသစ်တောဝန်ကြီးဌာန (ထိုစဉ်က အခေါ်အဝေါ်)က ရောင်းချပေးသည်။ သစ်တစ်တန်လျှင် ၃၆ လက်မထက်မမြင့်၊ အောက်ခြေ ၂၄ လက်မထက်မကြီးသော ရုပ်တုနှစ်ခုနှုန်းထွက်ရန် သတ်မှတ်ပေးထားသည်။ ဒါးပိန်၊ ပဲခူး၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ အရှေ့ပိုင်း၊ မြောက်ပိုင်း၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သာကေတ၊ ဒဂုံဆိပ်ကမ်းမြို့နယ်တို့မှ ပန်းပုပညာရှင်များအပြင် ယဉ်ကျေးမှုတက္ကသိုလ်မှ ပန်းပုအထူးပြု ကျောင်းသားများလည်း ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ပန်းချီနှင့်ပန်းပုတွင် ‘ပြပွဲတင်နှင့် ‘ပြိုင်ပွဲဝင်ဟု နှစ်မျိုးရှိ၏။ ပြိုင်ပွဲဝင်ဆိုတာကတော့ ရှင်းပါသည်။ ဆုအတွက်ယှဉ်ပြိုင်သော ပန်းပုရုပ်နှင့်ပန်းချီကားဖြစ်သည်။ ပြပွဲတင်မှာ ဆုအတွက်မဟုတ်ဘဲ တပ်မတော်နေ့အထိမ်းအမှတ်ပြပွဲကြီးကို ဂုဏ်ပြုသောအားဖြင့် တင်ပြထားသော ပန်းချီ၊ ပန်းပုတွေဖြစ်ကြသည်။ ပန်းချီဆိုလျှင် ဆီဆေးလက်ရာသန့် ရောင်းတမ်းကားချပ်တွေဖြစ်၏။ ပန်းပုတွင် လူအရွယ်အစားတမျှ (Life Size) ရုပ်တု ခံ့ခံ့ညားညားတွေ ဖြစ်ပါ၏။

ပန်းချီနှင့်ပတ်သက်၍ မှတ်တမ်းတင်စရာတစ်ခုမှာ ကျွန်တော့်စိတ်ထင် (၅၇)နှစ်မြောက် လောက်မှစပြီး Centre Piece ခေါ် ဗဟိုပြကွက် ပန်းချီကားချပ်ကြီး ပါဝင်လာခြင်းဖြစ်၏။ တပ်မတော်ခန်းမဝင်ပေါက်၏ တည့်တည့်နံရံတွင် ချိတ်သည်။ အရွယ်အစားမှာ ၁၂ ပေ x ၆ ပေ ဖြစ်၏။ အကြောင်းအရာမှာ ဂန္ထဝင်တိုက်ပွဲတွေ၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေဖြစ်သည်။ ဤဗဟိုပြကွက် ပန်းချီကားချပ်ကို ရိုးရာပန်းချီပညာရှင်အစည်းအရုံးမှ ပန်းချီဆရာကြီးများနှင့်ယဉ်ကျေးမှုတက္ကသိုလ်မှ ပန်းချီနည်းပြ၊ ကထိကများက ရေးဆွဲကြသည်။ ကျွန်တော်မှတ်မိသမျှ မှတ်တမ်းတင်ရပါလျှင် ဦးသန့်ဇင်၊ ဦးစောလှိုင်၊ ဦးသောင်းဟန်၊ ဦးသစ်လွင်ဦး၊ ဦးစိုးမြင့်၊ ဦးမြင့်ဦးတို့ဖြစ်ကြ၏။

တေးသီချင်းတွင်လည်း ‘ဂုဏ်ပြုတေးဟူ၍ ရှိပါသေးသည်။ ဤတေးသီချင်းတွေသည် ဆုအတွက် ပြိုင်ပွဲဝင်သော စစ်ချီတေး၊ စစ်ရေးတေးတွေမဟုတ်ချေ။ တပ်မတော်နေ့ကို ဂုဏ်ပြုရေးဖွဲ့သော အထူးသီချင်းတွေဖြစ်သည်။ ဤတေးအတွက် ဂီတပညာရှင် ၂၀ ကျော်ခန့်ကိုဖိတ်ပြီး ဘယ်သူက စစ်ချီတေးရေးမည်၊ ဘယ်ဝါက စစ်ရေးတေးရေးမည်ဟု ညှိနှိုင်းခွဲဝေပေးရသည်။ ကျွန်တော် မှတ်မိသော ဂုဏ်ပြုတေးတေးပြုစာဆိုများမှာ ဗိုလ်ကလေးတင့်အောင်၊ ဂီတလုလင်မောင်ကိုကို၊ မောင်မောင်လတ်၊ အေဝမ်းစိုးမြင့်၊ ကိုလေးညွန့်၊ စန္ဒရားချစ်ဆွေ၊ ဟင်္သာတမြင့်ငွေ၊ အကော်ဒီယံအုန်းကျော်၊ ပန်တျာချစ်လှိုင်၊ ဝဏ္ဏကျော်ထင် စိန်မြမောင်၊ ကိုညွန့်ဝေ၊ စန္ဒရားချစ်မောင်၊ စန္ဒရား တင်ဝင်းလှိုင်တို့ ဖြစ်ကြသည်။

ပြကွက်မထပ်အောင် ဖန်တီးရ

နောက်ဆုံးဆပ်ကော်မတီမှာ ပြခန်းခင်းကျင်းရေးဖြစ်သည်။ ပြိုင်ပွဲကျင်းပပေးရသော ဆပ်ကော်မတီများထံမှ ဆုရလက်ရာများ၊ ဆုရပြိုင်ပွဲဝင်တို့၏ ဓာတ်ပုံနှင့် ကိုယ်ရေးအကျဉ်းများကို လက်ခံရယူ၍ ပရိသတ်စိတ်ဝင်စားအောင် ခင်းကျင်းပြသရသည်။ ပြောတော့အလွယ်ကလေးပါ။ သို့သော် သူ့အလုပ်မှာအတော်လက်ဝင်၏။ ဆွဲဆောင်မှုရှိအောင် ကြံရဖန်ရသည်။ တစ်နှစ်နှင့်တစ်နှစ် ပြကွက်မထပ်အောင် ဖန်တီးရသည်။

တင်ပြပါ ဆပ်ကော်မတီလေးခုအပြင် ကဗျာနှင့် အနုပညာပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီတွင် အထူးတာဝန်တစ်ရပ်ရှိနေပါသေးသည်။ ထိုတာဝန်ကား လုပ်ငန်းကော်မတီသုံးခုစလုံးမှ ဆုရကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီ၊ ပန်းပုအရုပ်များကို စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေရောင်းချပေးရခြင်းပင်တည်း။ ဒါတင်မက ဘာသာပြန်စာအုပ်ပါ ထုတ်ဝေရခြင်းပင်တည်း။

စာအုပ်အမျိုးအစားလေးခု ထွက်လာပါသည်။ (၁) ကဗျာ-တေးသီချင်းစာအုပ်၊ (၂) ကဗျာ-စာစီစာကုံးစာအုပ်၊ (၃) ပန်းချီ၊ ပန်းပုစာအုပ်၊ (၄) ဘာသာပြန်စာအုပ်တို့ဖြစ်သည်။

သို့ဖြစ်ရာ ကျွန်တော်တို့လုပ်ငန်းကော်မတီသည် အခြားလုပ်ငန်းကော်မတီနှစ်ခုမှ ဆုရစာမူတွေကို လက်ခံရယူရသည်။ ဘာသာပြန်ဆရာတွေထံ ပို့ပေးရသည်။ အချိန်မီဘာသာပြန်ပြီးဖို့ နှိုးဆော်ရသည်။ ဘာသာပြန်ပြီးစာမူများကို တက္ကသိုလ် ပုံနှိပ်တိုက်နှင့် ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်တိုက်သို့ ပို့ပေးရသည်။ စက္ကူလျှောက်ရန် စီစဉ်ပေးရသည်။ အဖုံးအတွက်ပန်းချီအပ်ရသည်။ စာအုပ်ဖြစ်သောအခါ ဖြန့်ဝေရသည်။ ထိုအလုပ်က နှစ်လုံးပေါက်သည်။ ပြိုင်ပွဲအလုပ်က ခဏအတွင်းပြီးပြတ်သည်။ ပုံနှိပ်ထုတ်ဝေဖြန့်ချိရေးကတော့ နောက်နှစ်ကူးသည်။ တစ်နှစ်စာမပြတ်ခင် နောက်တစ်နှစ်စာ စကိုင်နေရပြီ။

ကျွန်တော်တို့ လုပ်ငန်းကော်မတီတာဝန်အားလုံးပြီးဆုံးအောင် ထမ်းဆောင်နိုင်ခဲ့ကြသည်မှာ ဆပ်ကော်မတီဝင်တွေကြောင့် တစ်ခုတည်းသောမဟုတ် နောက်ကွယ်မှ နှစ်လုံးပေါက်လုပ်အားပေးခဲ့ကြသော ယဉ်‌ကျေးမှုဝန်ကြီးဌာနရုံးအဖွဲ့၏ စွမ်းဆောင်မှုကိုလည်း အသိအမှတ်ပြုရပေမည်။ ရုံးအဖွဲ့မှူး ဦးခင်မောင်ဝင်း၊ ဦးအောင်ကြည်မြင့်၊ ဒေါ်ခင်စိုးမြင့်၊ ဦးကျော်ဆန်းဦး၊ ဦးကျော်သီဟ၊ ဒေါ်တင်တင်ဌေးနှင့် ဒေါ်မေဝင်းမော်တို့သည် ကဗျာနှင့် အနုပညာပြိုင်ပွဲ လုပ်ငန်းကော်မတီ၏ အမာခံအင်အားတွေဖြစ်ကြသည်။

ကျွန်တော်အနေဖြင့် တပ်မတော်အတွက် ကိုယ်ကျွမ်းကျင်ရာအလုပ်ဖြင့် ကျေးဇူးဆပ်ခွင့်ရခဲ့ သောကြောင့်ဝမ်းသာပီတိဖြစ်ရသလို ဂုဏ်လည်းယူရပါသည်။ တစ်ခေတ်တစ်ချိန်က တောက်ပခဲ့ဖူးသော တပ်မတော်နေ့အထိမ်းအမှတ် အနုပညာပြိုင်ပွဲလုပ်ငန်းကော်မတီများကို ဤဆောင်းပါးဖြင့် မှတ်တမ်းတင်ဂုဏ်ပြုလိုက်ရပါသည်။ ။