Skip to main content

ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေး

ဝ ထ က လ သ(နတလ)

အမြစ်မဲ့ အပင်က မသီးမပွင့်နိုင်သလို၊ ငြိမ်းချမ်းမှုမဲ့သောမြေ၌ ဖွံ့ဖြိုးမှုမရှိနိုင်။ တည်ငြိမ်သော ငြိမ်းချမ်းမှုများကသာ ဖွံ့ဖြိုးရေးသစ်ပင်များ၊ ပန်းခင်းများကို ရှင်သန်ဖူးပွင့် မွှေးပျံ့စေနိုင်ပါသည်။

ငြိမ်းချမ်းရေးသည် ဖွံ့ဖြိုးရေးအတွက် “မြေဆီလွှာဖြစ်ပါသည်။ ငြိမ်းချမ်းမှုမရှိလျှင် ဖွံ့ဖြိုးရေးသည် အမြစ်တွယ်၍မရနိုင်ပါ။ စစ်ပွဲများ၊ ပဋိပက္ခများ၊ လုံခြုံရေး မတည်ငြိမ်မှုများသည် ငြိမ်းချမ်းရေးကို ထိခိုက်စေပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းမြှုပ်နှံမှုများ၊ ပညာရေး၊ ကျန်းမာရေးစနစ်များကို နှောင့်ယှက်ဖျက်ဆီးတတ်သည့် တောမီးအလား၊ လေပြင်းမုန်တိုင်းပမာ သဏ္ဌာန်တူပါသည်။

ထို့အတူ တည်ငြိမ်မှုသည်လည်း ဖွံ့ဖြိုးရေး၏ “အုတ်မြစ်ဟု ဆိုရပါမည်။ တည်ငြိမ်မှုဆိုသည်မှာ နိုင်ငံရေးတည်ငြိမ်ခြင်း၊ ဥပဒေစိုးမိုးမှုရှိခြင်းတို့ဖြစ်သည်။ ဤအခြေခံမရှိလျှင်လည်း ဖွံ့ဖြိုးရေးစီမံကိန်းများသည် ရေရှည်မတည်တံ့နိုင်ပါ။ ဥပဒေစိုးမိုးမှုရှိမှသာလျှင် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို ဒေသမရွေးရဲရဲတင်းတင်း ရင်းနှီးမြှုပ်နှံကြပါလိမ့်မည်။ ပဋိပက္ခဒေသများတွင် မည်သည့်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုမျှ တည်ဆောက်ပေးရန်မဖြစ်နိုင်ပါ။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများစွာ နှောင့်နှေးခဲ့ရသည့် ခိုင်မာသော သာဓကများစွာရှိခဲ့ပါသည်။ ရှိနေဆဲလည်းဖြစ်သည်။

ဒေသတစ်ခုဖွံ့ဖြိုးရေးဟူသည် ထိုဒေသရှိ လူ့အဖွဲ့အစည်းများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်နှင့် နည်းပညာဆိုင်ရာအစိတ်အပိုင်းများကို ဟန်ချက်ညီစွာ မြှင့်တင်ပေးခြင်းပင်ဖြစ်သည်။ အလုပ်အကိုင်ရှားပါးမှု၊ ပညာရည်နိမ့်ပါးမှု၊ ဆင်းရဲမွဲတေမှု၊ လူတန်းစားမညီမျှမှု၊ ဆက်သွယ်ရေးကောင်းမွန်မှုမရှိခြင်းတို့က ပဋိပက္ခများကိုဖြစ်ပေါ်စေပါသည်။ ဖွံ့ဖြိုးမှုမရှိခြင်းသည် ပဋိပက္ခများ၏ အမြစ်တွယ်ရာအကြောင်းရင်းလည်းဖြစ်ပါသည်။

ဒေသဖွံ့ဖြိုးရေးသည် ဒေသတည်ငြိမ်မှုအတွက် အရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်သည်။ ဒေသတစ်ခုတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လမ်းများ၊ တံတားများ၊ စွမ်းအင်ရရှိရေးလုပ်ငန်းများ၊ ရေပေးဝေရေးလုပ်ငန်းများကဲ့သို့သော အခြေခံအဆောက်အအုံများ (Infrastructure)ကို စနစ်တကျ တည်ဆောက်ချဲ့ထွင်ပေးခြင်းဖြင့် စတင်နိုင်ပါသည်။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်လာပါက ဒေသအတွင်း နိုင်ငံသားများအကြား ငြိမ်းချမ်းရေးကိုရရှိစေသည်။ ဆက်လက်၍ ဒေသတည်ငြိမ်မှုကိုလည်း ရရှိလာမည်ဖြစ်ပါသည်။

ထို့ကြောင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးရေးတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန်အကျိုးပြုနေကြပါသည်။ တစ်ခုပျက်လျှင် အားလုံးပျက်သုဉ်းပေလိမ့်မည်။ ဆိုရလျှင် ဖွံ့ဖြိုးရေးသည် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ပြန်လည်အားဖြည့်ပေးနိုင်သော “စွမ်းအင်ပင်ဖြစ်၏။ ငြိမ်းချမ်းမှုနှင့် ဒေသတွင်းတည်ငြိမ်လာပါကလည်း ဖွံ့ဖြိုးရေးလုပ်ငန်းများသည်လည်း ပိုမိုအောင်မြင်လာပေလိမ့်မည်။ တစ်နည်းအားဖြင့် ဖွံ့ဖြိုးရေးသည်တည်ငြိမ်ရေးကို မြှင့်တင်ပေးကာ ပဋိပက္ခတို့ကိုလည်း လျော့ပါးစေပါသည်။ ၎င်းတို့ကိုအခြေခံကာ နိုင်ငံ၏စီးပွားရေးသည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာပေလိမ့်မည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများကား အချိန်ကာလအတော်ကြာမြင့်ခဲ့ပါသည်။ အစိုးရအဆက်ဆက်သည် ငြိမ်းချမ်းရေးကို ဖော်ဆောင်ခဲ့ကြသည်။ အောင်မြင်မှုများလည်းရရှိခဲ့သည်။ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားသည်များလည်း ရှိခဲ့ပါသည်။

တပ်မတော်အစိုးရလက်ထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့ရာ ၁၉၈၉ ခုနှစ်မှ ၁၉၉၇ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ဖွဲ့ပြီးတစ်ဖွဲ့ ငြိမ်းချမ်းရေးရယူနိုင်ခဲ့ရုံသာမက လက်နက်နှင့် ငြိမ်းချမ်းရေးအပြီးတိုင် လဲလှယ်ခဲ့ကြသည့် အဖွဲ့အစည်းများလည်း ရှိခဲ့ပါသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) သည် လွယ်လင့်တကူဖြစ်ပေါ်လာခြင်းတော့မဟုတ်ခဲ့။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ဖိတ်ခေါ်သည့်နေ့မှစပြီး NCA စာချုပ်ရရှိသည်အထိ ရက်ပေါင်း ၁၄၅၀ မျှကြာမြင့်ခဲ့ပါသည်။ ထိုကာလအတွင်းအစည်းအဝေးများ၊ တွေ့ဆုံညှိနှိုင်းမှုများ စုစုပေါင်းအကြိမ် ၅၀၀၀ ကျော်အထိ ပြုလုပ်ခဲ့ရပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆက်လက်ဖော်ဆောင်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် “နိုင်ငံတော်ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်စေရေးအတွက် NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်ဟု လုပ်ငန်းစဉ်တစ်ရပ်ချမှတ်ခဲ့ပါသည်။ နိုင်ငံရေးဦးတည်ချက်တွင်လည်း “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါအတိုင်းအလေးထားလုပ်ဆောင်ရေးဟု ဦးတည်ချက်ချမှတ်ခဲ့ပါသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန (National Solidarity and Peacemaking Center) ၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီများအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များ၊ ငြိမ်းချမ်းရေးသက်ဆိုင်သည့် အခြားအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ဤကော်မတီ၏ရည်မှန်းချက်မှာ တိုင်းရင်းသားများနှင့် အတူတကွနေထိုင်ခြင်း၊ စည်းလုံးညီညွတ်မှုနှင့် တည်ငြိမ်သော နိုင်ငံတော်တည်ဆောက်ရန်ပင်ဖြစ်သည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် မျှတမှု၊ အပြန်အလှန်ယုံကြည်မှုနှင့် မတူကွဲပြားချက်များအပေါ် လေးစားမှုတို့ကို အခြေခံတည်ဆောက်ရပါသည်။

ငြိမ်းချမ်းရေးမှ ဖွံ့ဖြိုးရေးလမ်းကြောင်းသို့

ဒေသများ ငြိမ်းချမ်းပြီဆိုသည်နှင့် တစ်ပြိုင်တည်းကပ်ပါလာသည်က ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်ပေးနိုင်ခြင်းပင်ဖြစ်သည်။ မငြိမ်းချမ်းသော နယ်မြေအများစုမှာနယ်စပ်ဒေသများ၌ ဖြစ်ပါသည်။ ထိုဒေသများ၏ အနာဂတ်ကိုပုံဖော်နိုင်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ၁၉၈၉ ခုနှစ် မေလ ၂၅ ရက်နေ့တွင် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီကို အဖွဲ့ဝင်ငါးဦး၊ ၁၉၈၉ ခုနှစ် မေလ ၃၁ ရက်နေ့တွင် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီကို အဖွဲ့ဝင် ၁၇ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။

ဖွံ့ဖြိုးတိုးတက်မှုဟုဆိုလျှင် ရုပ်ပိုင်းဆိုင်ရာနှင့်ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ သို့တည်းမဟုတ် အသိဉာဏ်ပိုင်းဆိုင်ရာဖြစ်စဉ်ဟု အကြမ်းဖျင်းအဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် ထိုစဉ်က ပန်ဆန်း၊ မိုင်းလား၊ လောက်ကိုင်၊ မိုင်းမော၊ ဝိန်းကောင်ဒေသများတွင် လုပ်ငန်းကော်မတီဝန်ထမ်းများက ဖွံ့ဖြိုးရေးရုံးများဖွင့်လျက် လမ်းပန်းဆက်သွယ်ရေး၊ ပြန်ကြားရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသော လုပ်ငန်းများကို အကောင်အထည်ဖော် စတင်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုထိရောက် မြန်ဆန်စွာဆောင်ရွက်ပေးနိုင်ရန်အတွက် ၁၉၉၂ ခုနှစ်အတွင်း “နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့သည်။ ထိုမှတစ်ဆင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာနအဖြစ် အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြင့် မြန်မာနိုင်ငံတစ်နံတစ်လျား နိုင်ငံသားတို့၏ အိပ်မက်များကို လက်တွေ့ဘဝသို့ ပို့ဆောင်ပေးနိုင်ခဲ့ပေပြီ။

ယနေ့အချိန်ကာလတွင် ဖွံ့ဖြိုးရေးရလဒ်များအဖြစ် နယ်စပ်ဒေသတစ်လျှောက် လမ်းတံတားများ၊ ကျန်းမာရေး၊ ပညာရေးစသော အခြေခံအဆောက်အဦများ၊ စိုက်ပျိုးရေး၊ ဆက်သွယ်ရေး၊ စွမ်းအင်၊ ပြည်သူ့ဆက်ဆံရေးစသည်ဖြင့် ငြင်း၍မရနိုင်သော အထောက်အထားများစွာက မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများဖွံ့ဖြိုးရေးသမိုင်းကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံတော်အစိုးရ၏ စေတနာ၊ တစ်နည်းအားဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနများ၏ စွမ်းဆောင်ရည်ကို ဖော်ညွှန်းနေပါသည်။

နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ ပညာရေးအတွက် ယခင်က စာသင်ကျောင်းမရှိသောနေရာများတွင် စာသင်ကျောင်းများ ဖွင့်လှစ်ပေးခြင်း၊ ဆရာ ဆရာမများ စေလွှတ်ခြင်း စသည့် လိုအပ်နေသော ပညာရေးကွက်လပ်များကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။

နယ်စပ်ဒေသများ၌ စာသင်ကျောင်း အစောဆုံးဖွင့်လှစ်ပေးနိုင်ခဲ့သည့် မြို့ရွာများမှာ ကိုးကန့်ဒေသတွင် လောက်ကိုင်၊ ချင်းရွှေဟော်၊ ဆီအော၊ ပါစင်ကျော်၊ တာရွှေထန်၊ နမ့်ထော်၊ ကျိုင်းတုံ အရှေ့ဒေသတွင် မိုင်းမ၊ မိုင်းလား၊ ဆန်တောက်၊ ဆီလူး၊ မိုင်းဝ၊ မိုင်းဟဲ၊ ဝမ်စလောင်း၊ ကောင်းလန်...စသည်ဖြင့် များစွာဖွင့်လှစ်ပေးခဲ့သည်။

နယ်စပ်ရေးရာဝန်ကြီးဌာန တစ်ခုတည်းမှာပင် အဆင့်မြင့်ပညာကဏ္ဍတွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)၊ အခြေခံပညာရပ်များအတွက် လူငယ်သင်တန်းကျောင်း ၄၅ ကျောင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များအတွက် စက်မှုလက်မှုသင်တန်းကျောင်းကိုးကျောင်း၊ အိမ်တွင်းမှုသင်တန်းကျောင်း ၄၆ ကျောင်းတို့ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး တိုင်းရင်းသားတို့၏ လူ့စွမ်းအားအရင်းအမြစ်များကို မြေတောင်မြှောက်ပေးနိုင်ခဲ့ပါသည်။

ထိုဖွံ့ဖြိုးတိုးတက်မှုများသည် နယ်မြေဒေသများတည်ငြိမ်အေးချမ်းသောကြောင့်၊ တစ်နည်းအားဖြင့် “ငြိမ်းချမ်းရေး၏ အဓိပ္ပာယ်ကို ပီပီပြင်ပြင်ဖွင့်ဆို နိုင်သောကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် အသိဉာဏ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုဖြစ်စဉ်များကို စဉ်ဆက်မပြတ် မောင်းနှင်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ အခြေခံကားငြိမ်းချမ်းခြင်းပင်ဖြစ်ပါသည်။

ထို့ကြောင့် ဒေသများ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးကို ပုံဖော်နိုင်ရန်အတွက် “ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးရေး ဤသုံးချက်ကို ဟန်ချက်ညီညီ ဆောင်ရွက်ကြရပေသည်။

ဖွံ့ဖြိုးရေးအတွက် စိန်ခေါ်မှုများ

ထိုသို့ နယ်စပ်ဒေသများ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများလည်း ရှိခဲ့သည်။

လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုဖြစ်သော နယ်စပ်ဒေသများ၏ လက်နက်ကိုင်ပဋိပက္ခများ (Conflicts)ကြောင့် ဆက်သွယ်ရေးလမ်းကြောင်းများမလုံခြုံခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများ နှောင့်နှေးခြင်း၊ ရပ်ဆိုင်းရခြင်း၊ စီမံကိန်းဖျက်သိမ်းရခြင်းများလည်းရှိသည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများအနေဖြင့် နယ်စပ်ဒေသများ၏ သဘာဝသည် (Remote Locations) မြို့ကြီးများနှင့်ဝေးကွာသည့် တောင်တန်းဒေသများ၊ ရာသီဥတုနှင့်ဆက်သွယ်ရေး ကန့်သတ်ချက်ရှိသည့် နယ်စပ်ဒေသများဖြစ်ကြသည်။ ထို့ကြောင့် လုပ်ငန်းခွင်သို့တည်ဆောက်ရေး ပစ္စည်းများအချိန်မီရောက်ရှိရန် ခက်ခဲခြင်း၊ သဘာဝတောတောင်များကြောင့် သတ်မှတ်ပုံစံအတိုင်း အကောင်အထည်ဖော်ပေးရန်ခက်ခဲခြင်းနှင့် မြေပြို/ တောင်ပြိုခြင်း၊ မြစ်ရေလွှမ်းမိုးခြင်း စသည့် သဘာဝဘေးအန္တရာယ်များ (Natural Disasters) များကိုလည်း နှစ်စဉ်ကြုံတွေ့ရပါသည်။

နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုံခြုံရေးမကောင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံရသည့်ပမာဏ ပိုမိုကြီးမားခြင်း၊ ဒေသခံအလုပ်သမားရှားပါးခြင်းတို့သည်လည်း စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စိန်ခေါ်မှုများပင်ဖြစ်သည်။

ထို့အပြင် ဒေသအလိုက် ဘာသာစကား၊ ကိုးကွယ်မှုဆိုင်ရာ၊ ယဉ်ကျေးမှုများကွဲပြားမှု၊ တူညီမှုမရှိခြင်း(Ethnic Diversity)တို့သည်လည်း “လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ စိန်ခေါ်မှုများဖြစ်ပါသည်။

ထို့ကြောင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရာတွင် ဒေသခံများ၏ လိုအပ်ချက်ကို နားထောင်လျက် ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရပါသည်။ ဒေသခံများသည် ဖွံ့ဖြိုးရေးလုပ်ငန်းများ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။ ဒေသခံများပါဝင်မှုမရှိဘဲ စီမံကိန်းများ ရေရှည်တည်တံ့နိုင်မည်မဟုတ်ပါ။ ဒေသခံများ၏ ပူးပေါင်းပါဝင်မှုသည် ဖွံ့ဖြိုးရေးအောင်မြင်မှု၏ အဓိကသော့ချက်ဖြစ်ပါသည်။ ထို့ကြောင့် ဒေသခံများ၏ ပူးပေါင်းမှု(Community Participation) သည် အလွန်အရေးပါလှပါသည်။

တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေး

ပြည်ထောင်စု၏အဓိပ္ပာယ်သည် အလွန်လေးနက်လှပါသည်။ တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာ တိုင်း/ပြည်နယ်များ၊ ဒေသများက နိုင်ငံတော်ကြီး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ပါသည်။ ထိုတိုင်း/ပြည်နယ်၊ ဒေသများတွင်ရှိသော တိုင်းရင်းသားများကလည်း အခြားသော တိုင်းရင်းသားများရှိရာ တိုင်း/ပြည်နယ်၊ ဒေသများသို့ သွားရောက်အခြေချပြီး လွတ်လပ်စွာ နေထိုင်လျက်ရှိကြသည်။ ထိုမှတစ်ဆင့် သွေးချင်းလည်း ပိုမိုနီးစပ်သွားရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအချင်းချင်းအကြားတွင်လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တစ်ခုချင်းစီအတွင်းတွင်လည်းကောင်း၊ ကျေးလက်နှင့်မြို့ပြအကြားတွင်လည်းကောင်း လူနေမှုစနစ်ကွာဟနေမှုများကို အတတ်နိုင်ဆုံးလျှော့ချပြီး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးကြရမည်ဖြစ်ပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးရည်မှန်းချက်အဖြစ် ချမှတ်အကောင်အထည်ဖော်လျက်ရှိပါသည်။ တိုင်းပြည် သာယာဝပြောရေးအတွက် တိုင်းပြည်အေးချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတွင် တိုင်းရင်း သားပြည်သူများ၏ပူးပေါင်းပါဝင်မှုက ပဓာနကျသကဲ့သို့ တိုင်းရင်းသားခေါင်းဆောင်များ၏ ပြည်ထောင်စု အကျိုးရှေးရှုမှုကလည်း အခရာကျပါသည်။

ပြည်တွင်း ပြည်ပအဖျက်အမှောင့်၊ အနှောင့်အယှက်များစွာတို့က မငြိမ်းသည့်မီးသဖွယ် အရှိန်ပြင်းပြင်း တောက်လောင်၍လည်းကောင်း၊ တအုံနွေးနွေး လောင်ကျွမ်း၍လည်းကောင်း ခေတ်တိုင်းခေတ်တိုင်းမှာ ပြည်ထောင်စုကြီး တစ်စစီပြိုကွဲသွားနိုင်လောက်သည်အထိ အန္တရာယ်အမျိုးမျိုးပြုခဲ့ကြပါသည်။ လက်ရှိကာလ၌လည်း တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ခိုင်ခိုင်မြဲမြဲလက်ချင်းတွဲလျက် ပြည်ထောင်စုကြီးကို ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးရေးတို့ဖြင့် ကာကွယ်စောင့်ရှောက်ကြရဦးမည်ဖြစ်ပါသည်။

ဟန်ချက်ညီညီလက်တွဲ နိုင်ငံတော်သည် “သစ်ပင်ငြိမ်းချမ်းမှုသည် “ရေကြည်တည်ငြိမ်မှုသည် “မြေကြီးဖွံ့ဖြိုးရေးသည်သစ်ပင်၏ အသီးအပွင့်...။ ။

ဖွံ့ဖြိုးရေးသည် မပြီးဆုံးနိုင်သော ခရီးတစ်ခုဖြစ်သည်။ ယနေ့အားထုတ်မှုတိုင်းသည် မနက်ဖြန်အတွက် မျိုးစေ့ချခြင်းပင်။

ငြိမ်းချမ်းခြင်း၊ မငြိမ်းချမ်းခြင်း၊ အဖျက်လုပ်ငန်းထူပြောခြင်း၊ မထူပြောခြင်းအပေါ်မူတည်ပြီး ဒေသများဖွံ့ဖြိုးတိုးတက်မှု အနိမ့်၊ အမြင့်၊ အနှေး၊ အမြန် ကွာဟချက်ရှိကောင်းရှိနိုင်ပါသည်။ ဒေသအားလုံးဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ဟန်ချက်ညီညီ လက်တွဲမှုဖြင့်သာ ကြယ်စုတန်းများကဲ့သို့ လင်းလက်တောက်ပလာနိုင်ပါမည်။

ငြိမ်းချမ်းရေးမရှိလျှင် နိုင်ငံတော်တည်ဆောက်ရေး (State Building)၊ တိုင်းပြည်တည်ဆောက်ရေး (Nation Building) တို့ကို ပြည့်ပြည့်ဝဝဆောင်ရွက်နိုင်ခြင်းမရှိနိုင်ပါ။ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ကာ တရားဥပဒေစိုးမိုးသော နိုင်ငံတော်ကြီး တည်ဆောက်နိုင်ရန် ပြည်ထောင်စုတိုင်းရင်းသားအားလုံးအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပါဝင်ကာ လက်တွဲပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။