တိရစ္ဆာန်ဆေးကုသိပ္ပံဒီပလိုမာသင်တန်း-သင့်အောင်မြင်မှုအတွက် ရွှေ့ချလိုက်သော ခြေလှမ်း
ဒေါက်တာခင်စန္ဒာလွင်(မွေး-ကု)
မြန်မာနိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍများကို အခြေခံသော ကျေးလက်ဗဟိုပြုစီးပွားရေးစနစ်ရှိသည့် နိုင်ငံဖြစ်ပြီး နိုင်ငံသားအားလုံး စားရေရိက္ခာဖူလုံရေးသည် အရေးပါလှပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်(၄)ရပ်ပါ “စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဆိုသည့် ဦးတည်ချက်နှင့်အညီ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
မွေးမြူရေးနှင့်အသားထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ မွေးထုတ်ပေးသည့် တိရစ္ဆာန်ဆေးကုပညာရှင်များနှင့် မွေးမြူရေးပညာရှင်များသည် တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများမှသည် နိုင်ငံတကာအဆင့်မီ စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းကြီးများအထိ ကျွမ်းကျင်ပညာရှင်များအဖြစ် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် နိုင်ငံတော်၏ အသားကဏ္ဍပိုမိုဖွံ့ဖြိုးရေးအတွက် တိရစ္ဆာန်မွေးမြူထုတ်လုပ်ရေးနှင့် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များတိုးမြှင့်ပေးနိုင်ရန် တိရစ္ဆာန်မွေးမြူရေး၊ ကျန်းမာရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာကာလတိုနှင့် ကာလရှည်သင်တန်းများပေးခြင်းကို နှစ်စဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထူးခြားမှုအဖြစ် ၂၀၂၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော တိရစ္ဆာန်ဆေးကုသိပ္ပံဒီပလိုမာ တစ်နှစ်သင်တန်းဖြစ်သည်။ မြန်မာနိုင်ငံ၏ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုများကို မြေပြင်အရောက် ပံ့ပိုးပေးနိုင်ရန်အတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်တင်းနိုင်ရန်နှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကျေးလက်ဒေသ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးများ ဆောင်ရွက်ရာတွင် မွေးမြူရေးကဏ္ဍဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ တိရစ္ဆာန်ဆေးပညာသမိုင်းကိုပြန်ကြည့်လျှင် တိရစ္ဆာန်ဆေးကုပညာရပ်သည် မြန်မာ့ရွှေနန်းရှင်များလက်ထက်ကတည်းက တည်ရှိခဲ့ခြင်းဖြစ်သည်။ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ (၁၈၅၂-၁၈၅၃) အပြီး ၁၈၇၀ ပြည့်နှစ်ဝန်းကျင်တွင် ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို စနစ်တကျအကောင်အထည်ဖော်ခဲ့သည်။ ဤဖြစ်စဉ်သည် မြန်မာနိုင်ငံသို့ ခေတ်မီတိရစ္ဆာန်ဆေးပညာစတင် ဝင်ရောက်လာခြင်းဖြစ်ကြောင်း မှတ်တမ်းဝင်ခဲ့သည်။ ၁၈၇၆ ခုနှစ် မတ် ၁ ရက်တွင် တိရစ္ဆာန်ဆေးကုဆရာဝန်ဖြစ်သည့် ဒေါက်တာဖရော့စ် (Dr. Frost) ဆိုသူက ရန်ကုန်မြို့ ပြည်လမ်းဘူတာရုံအနီးတွင် တိရစ္ဆာန်ဆေးကုသင်တန်းကျောင်းကို စတင်ဖွင့်လှစ်ခဲ့သည်။ ၁၈၉၈ ခုနှစ်တွင် တိရစ္ဆာန်ကူးစက်ရောဂါများကို ထိရောက်စွာကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံ၏ ပထမဆုံးသော တိရစ္ဆာန်ဆေးကုဌာနခွဲ (Civil Veterinary Department of Burma) ကို ဖွဲ့စည်းပေးပြီး အိန္ဒိယမှ ညွှန်ကြားရေးမှူးချုပ်က တာဝန်ယူအုပ်ချုပ်သည်။ ၁၉၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် မြန်မာနိုင်ငံ၏ ဘုရင်ခံဆာဟာ ကုတ်ဘတ္တလာက အင်းစိန်မြို့ တိရစ္ဆာန်ဆေးကုသိပ္ပံကျောင်းနှင့် သုတေသနစင်တာ "Veterinary College and Research Institute" ၏ ပင်မအဆောက်အအုံကို အုတ်မြစ်ချပေးခဲ့သည်။ ကိုလိုနီခေတ်အဆောက်အအုံအမျိုးအစားဖြစ်ပြီး အင်္ဂလိပ်အက္ခရာ (E) ပုံစံဆောက်လုပ်ထားပါသည်။ သင်တန်းများကို ဒုတိယကမ္ဘာစစ်ပြီးကာလများမှာလည်း ဆက်လက်ဖွင့်လှစ်ခဲ့သည်။ ၁၉၇၅ ခုနှစ် နိုဝင်ဘာလကုန်တွင် ၂၁ ကြိမ်မြောက်ဖွင့်လှစ်ခဲ့သော တိရစ္ဆာန် ဆေးကုသိပ္ပံသင်တန်းပြီးဆုံးပြီးနောက် တိရစ္ဆာန်ဆေးကုသိပ္ပံကျောင်းကို ပိတ်သိမ်းလိုက်သည်။ ၁၉၅၇ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် တိရစ္ဆာန်ဆေးပညာကို တက္ကသိုလ်ပညာရေးအဖြစ် သင်ကြားနိုင်ရေးအတွက် တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ်ကို ရန်ကုန်တက္ကသိုလ်၏ မဟာဌာနခွဲတစ်ခုအဖြစ် တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် “တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ်” Institute of Animal Husbandry and Veterinary Science (IAHVS) အမည်ဖြင့် သီးခြားတက္ကသိုလ်တစ်ခုအဖြစ် ဖွင့်လှစ်ကာ အင်းစိန်သို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ပျဉ်းမနားမြို့နယ် ရေဆင်းသို့ ပြောင်းရွှေ့သင်ကြားစေခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် တက္ကသိုလ်အမည်ကို “မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်” (University of Veterinary Science) ဟု ပြောင်းလဲမှည့်ခေါ်ခဲ့သည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တိရစ္ဆာန်ဆေးကုသိပ္ပံဒီပလိုမာ သင်တန်းကျောင်းကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၌ ၂၀၂၄ ခုနှစ် မေလ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းကာလမှာတစ်နှစ်ဖြစ်ပြီး သင်တန်းအမှတ်စဉ် (၁)တွင် သင်တန်းသား ၆၅ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပါသည်။
ဤသင်တန်းသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး-မွေးမြူရေးနှင့် စီးပွားရေးကို ပိုမိုအားကောင်းစေရန်အတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။ မွေးမြူရေးတိရစ္ဆာန်များ၏ ကျန်းမာရေးကိုထိရောက်စွာ စောင့်ရှောက်မှုပေးနိုင်ရန်အတွက် သင်တန်းတွင် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သော အခြေခံပညာရပ်များကို သင်ကြားလေ့ကျင့်ပေးသွားမည် ဖြစ်ပါသည်။ အဆိုပါဘာသာရပ်များမှာ-
(က) ခန္ဓာဗေဒ(Anatomy)
ခန္ဓာဗေဒ (Anatomy) ဆိုသည်မှာ တိရစ္ဆာန်များ၏ ကိုယ်တွင်း၊ ကိုယ်ပြင်ဖွဲ့စည်းပုံကို လေ့လာသင်ယူခြင်းဖြစ်ကာ ဆေးပညာ၊ ဇီဝဗေဒနှင့် ကျန်းမာရေးသိပ္ပံတို့အတွက် အခြေခံအရေးကြီးသော ဘာသာရပ်ဖြစ်ပါသည်။
(ခ) ဇီဝကမ္မဗေဒ(Physiology)
ဇီဝကမ္မဗေဒ(Physiology) ဆိုသည်မှာ သက်ရှိသတ္တဝါများ၏ လုပ်ငန်းဆောင်တာများ (Functions) နှင့် ဇီဝဖြစ်စဉ်များ (Biological Processes) ကိုလေ့လာသည့် ပညာရပ်ဖြစ်ပါသည်။ ခန္ဓာဗေဒ (Anatomy)သည် ကိုယ်တွင်းအင်္ဂါများ၏ ဖွဲ့စည်းပုံကိုလေ့လာပြီး ဇီဝကမ္မဗေဒသည် အဆိုပါကိုယ်တွင်းအင်္ဂါများ၏ လုပ်ဆောင်ချက်ကို ရှင်းလင်းပြသပေးပါသည်။
(ဂ) မွေးမြူရေးသိပ္ပံပညာ (Animal Husbandry Science)
မွေးမြူရေးသိပ္ပံပညာသည် တိရစ္ဆာန်များကို စနစ်တကျမွေးမြူခြင်း၊ မွေးမြူရေးစီမံခန့်ခွဲမှု (Livestock Management)နှင့် မျိုးပွားခြင်းဆိုင်ရာများ၊ ထုတ်လုပ်မှုများ (Animal Products) ကို သိပ္ပံနည်းကျလေ့လာသည့် ပညာရပ်ဖြစ်ပါသည်။ မွေးမြူရေးလုပ်ငန်းများ (ဥပမာ - နို့စားနွား၊ နို့စား ကျွဲ၊ ခိုင်းကျွဲနွား၊ ကြက်၊ ဝက်၊ သိုး၊ ဆိတ်)ကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် ရည်ရွယ်ပါသည်။ မွေးမြူရေးသိပ္ပံသည် စိုက်ပျိုးရေး၊ ဇီဝနည်းပညာ၊ စီးပွားရေးတို့နှင့် ဆက်စပ်နေသောပညာရပ်ဖြစ်ပြီး ကမ္ဘာ့လူဦးရေတိုးပွားလာမှုနှင့်အတူ အရေးပါလာသည့် နယ်ပယ်တစ်ခုဖြစ်ပါသည်။
(ဃ)အာဟာရဗေဒ(Nutrition Science)
အာဟာရဗေဒ (Nutrition Science) ဆိုသည်မှာ အစာအာဟာရများ၏ ဖွဲ့စည်းပုံ၊ ဇီဝကမ္မဖြစ်စဉ်များနှင့် လူနှင့်တိရစ္ဆာန်များ၏ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုများကို သိပ္ပံနည်းကျလေ့လာသည့် ဘာသာရပ်ဖြစ်ပါသည်။
(င) မေထုန်မဲ့သားစပ်ပညာ (Artificial insemination - AI)
မေထုန်မဲ့သားစပ်ပညာဆိုသည်မှာ သဘာဝအတိုင်းမဟုတ်ဘဲ နည်းပညာအကူအညီဖြင့် သားအောင်စေသော နည်းလမ်းဖြစ်ပါသည်။ မေထုန်မဲ့သားစပ်ပညာသည် မွေးမြူရေးလုပ်ငန်းကို ခေတ်မီတိုးတက်စေပြီး တိရစ္ဆာန်မျိုးကောင်းမျိုးသန့်များတိုးပွားစေကာ စီးပွားရေးအရလည်းအထောက်အကူ ဖြစ်စေပါသည်။
(စ) တိရစ္ဆာန်မျိုးပွားဗေဒပညာရပ် (Veterinary obstetrics and Theriogenology)
တိရစ္ဆာန်များ၏ မျိုးပွားမှုဆိုင်ရာ ဆေးပညာဘာသာရပ်ဖြစ်ပြီး မျိုးပွားဇီဝဗေဒ (reproductive biology) ၏ လုပ်ငန်းစဉ်များ၊ တိရစ္ဆာန်များ၏ မျိုးပွား ကျန်းမာရေး (Reproductive Health)၊ တိရစ္ဆာန်များ၏ ကိုယ်ဝန်ဆောင်ခြင်း (Gestation in Animals)၊ တိရစ္ဆာန်သားဖွားပညာ (veterinary obstetrics)၊ မွေးကင်းစတိရစ္ဆာန်ငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှု (neonatology) နှင့် မျိုးပွားစနစ်ဆိုင်ရာရောဂါများ (Reproductive System Disorders) ကို လေ့လာသည့်ဘာသာရပ် ဖြစ်ပါသည်။ တိရစ္ဆာန်မျိုးပွားဗေဒပညာရပ်သည် တိရစ္ဆာန်များ၏ မျိုးအောင်နိုင်စွမ်း(Fertility)ကို မြှင့်တင်ခြင်းဖြင့် မွေးမြူရေးလုပ်ငန်းများအတွက် အရေးပါသော ပညာရပ်တစ်ခုဖြစ်သည်။
(ဆ) အဏုဇီဝဗေဒ (General Veterinary Microbiology)
အဏုဇီဝဗေဒဆိုသည်မှာ မျက်စိဖြင့်မမြင်နိုင်သော အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သည့်သက်ရှိများ (Microorganisms)နှင့်ပတ်သက်သည့် လေ့လာမှုဘာသာရပ်ဖြစ်ပါသည်။ မွေးမြူရေးနှင့် ကုသရေးဆိုင်ရာ အဏုဇီဝဗေဒတွင် တိရစ္ဆာန်များတွင် ရောဂါဖြစ်စေသော အဏုဇီဝသက်ရှိများ၊ ၎င်းတို့၏ ဇီဝကမ္မဖြစ်စဉ်များနှင့် ကာကွယ်ကုသရေးနည်းလမ်းများကို အဓိကလေ့လာပါသည်။
(ဇ) ကပ်ပါးဗေဒ((Basic Veterinary Parasitology)
ကပ်ပါးဗေဒသည် တိရစ္ဆာန်များတွင် ကပ်ပါးပိုးမွှားများကြောင့်ဖြစ်သော ရောဂါများကိုလေ့လာသည့် ပညာရပ်ဖြစ်ပါသည်။ ဤပညာရပ်တွင် ကပ်ပါးကောင်အမျိုးအစား၊ ၎င်းတို့၏ ဘဝသံသရာ၊ ရောဂါလက္ခဏာများနှင့် ကုသကာကွယ်နည်းများကို အဓိကထည့်သွင်းလေ့လာပါသည်။
(ဈ) ရောဂါဗေဒ(Basic Veterinary Pathology)
ရောဂါဗေဒ (Veterinary Pathology)ဆိုသည်မှာ တိရစ္ဆာန်များတွင် တွေ့ရှိရသော ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်းများ (Etiology)၊ တစ်သျှူးနှင့် အင်္ဂါအစိတ်အပိုင်းများတွင် ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများ (Morphological changes)၊ ရောဂါဖြစ်စဉ် (Pathogenesis)နှင့် ရောဂါရှာဖွေခြင်းနည်းလမ်းများ (Diagnostic Methods) ကို လေ့လာသည့်ပညာရပ်ဖြစ်သည်။ တိရစ္ဆာန်ဆေးကုပညာတွင် ရောဂါဗေဒသည် ရောဂါရှာဖွေခြင်း၊ ရောဂါအမည်တပ်နိုင်ခြင်း၊ ကုသမှုနည်းလမ်းရွေးချယ်နိုင်ခြင်းနှင့် ကာကွယ်ခြင်းလုပ်ငန်းများအတွက် အခြေခံအုတ်မြစ်ဖြစ်ပါသည်။ ရောဂါများ၏ သဘောသဘာဝကို နားလည်ခြင်းဖြင့် ထိရောက်သောကုသမှုနည်းလမ်းများ ချမှတ်နိုင်ပါသည်။
(ည) ဆေးဝါးဗေဒ (Basic Veterinary Pharmacology)
Veterinary Pharmacology သည် တိရစ္ဆာန်များအတွက် ဆေးဝါးအသုံးပြုမှုကို အထူးပြုလေ့လာခြင်းဖြစ်သည်။
(ဋ) တိရစ္ဆာန်ဆေးပညာ (Basic Veterinary Medicine)
တိရစ္ဆာန်ဆေးပညာသည် တိရစ္ဆာန်များ၏ ကျန်းမာရေး၊ ရောဂါကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာပညာရပ်ဖြစ်သည်။
(ဌ) အခြေခံခွဲစိတ်ပညာ
အခြေခံခွဲစိတ်ပညာသည် တိရစ္ဆာန်များ၏ ကျန်းမာရေးနှင့်ကုသရေးအတွက် အရေးကြီးသော ခွဲစိတ်နည်းစနစ်များကို လေ့လာသင်ယူခြင်းဖြစ်ပြီး မှန်ကန်သောခွဲစိတ်နည်းလမ်းများနှင့် စနစ်ကျသော ပြုစုစောင့်ရှောက်မှုတို့ဖြင့် တိရစ္ဆာန်များ၏ အသက်ကိုကယ်တင်နိုင်ပါသည်။
(ဍ) တိရစ္ဆာန်ကူးစက်ရောဂါများ
တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများအကြောင်းကို လေ့လာသောဘာသာရပ်ဖြစ်သည်။ တိရစ္ဆာန်ကူးစက်ရောဂါများသည် ဗိုင်းရပ်စ်၊ ဗက်တီးရီးယား၊ ကပ်ပါးကောင်သို့မဟုတ် ကပ်ပါးမှိုကဲ့သို့သော ရောဂါပိုးမွှားများကြောင့်ဖြစ်ပွားနိုင်ပြီး ကမ္ဘာတစ်ဝန်းရှိ ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာပြဿနာများကို ဖြစ်စေနိုင်ပါသည်။
(ဎ) ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုပညာ
တိရစ္ဆာန်နှင့်လူသားများ၏ ကျန်းမာရေးအပြန် အလှန်ဆက်စပ်မှုကိုလေ့လာပြီး ပြည်သူလူထု၏ ကျန်းမာရေးကို ကာကွယ်မြှင့်တင်ရန် ဆောင်ရွက်သောပညာရပ်ဖြစ်ပါသည်။ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုပညာဆိုသည်မှာ တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်နိုင်သောရောဂါများ၊ အစားအသောက်ဘေးကင်းရေး၊ ဇီဝလုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းသည့်နယ်ပယ်ဖြစ်သည်။
(ဏ) တိ-ကျန်း-မွေး-ဖွံ့ဥပဒေနှင့်အမိန့်ညွှန်ကြားချက်များ
တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဥပဒေ၊ တိရစ္ဆာန်ဆေးပညာကောင်စီ၏ ဥပဒေများနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်စသည်များကိုလည်း ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ပါသည်။
စာတွေ့အခြေခံအုတ်မြစ် (Theoretical Foundation)နှင့် လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံ (Practical Exposure) ပေါင်းစပ်ကာ ကျွမ်းကျင်စွာဆောင်ရွက်နိုင်သည်အထိ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။ အဆင့်ဆင့်သင်ကြားမှုဖွဲ့စည်းပုံ (Structured Curriculum)ကို ကြည့်ခြင်းအားဖြင့် တိရစ္ဆာန်ဆေးကုပညာ ဒီပလိုမာသင်တန်းသည် အခြေခံမှ အဆင့်မြင့်အထိ လက်တွေ့အသုံးချနိုင်သောပညာရပ်များကို စနစ်တကျသင်ကြားပေးနေသည့် အစီအစဉ်ဖြစ်ပါသည်။ ဤသင်တန်းကို အောင်မြင်စွာပြီးဆုံးပါက တိရစ္ဆာန်ဆေးကုဒီပလိုမာ (Dip.V.Sc ) "Diploma in Veterinary Science" ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး တိရစ္ဆာန်မွေးမြူထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အလယ်အလတ်ကျွမ်းကျင်ပညာရှင်များဖြစ်လာစေမည် ဖြစ်ပါသည်။ အထူးသဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ဒုတိယလက်ထောက်ဦးစီးမှူးရာထူးမှ စတင်၍ တာဝန်ထမ်းဆောင်ခွင့်ရရှိမည်ဖြစ်သည်။ ဤသင်တန်းကိုရွေးချယ်ပါက တိရစ္ဆာန်ဆေးကုသရေးနယ်ပယ်တွင် ကျွမ်းကျင်စွာရပ်တည်နိုင်မည်ဖြစ်ပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာရပ်တစ်ခုကို တတ်မြောက်သွားစေမှာ မလွဲဧကန်ဖြစ်ပါသည်။
သင်တန်းပြီးဆုံးပြီးနောက်ရရှိမည့် အရည်အချင်းများ (အကျဉ်းချုပ်)
တိရစ္ဆာန်မွေးမြူရေးနှင့် ကျန်းမာရေးစီမံခန့်ခွဲမှု
- တိရစ္ဆာန်များ၏ မျိုးပွားကျန်းမာရေး (Reproductive Health)၊ တိရစ္ဆာန်သားဖွားပညာ (veterinary obstetrics)နှင့် မွေးကင်းစတိရစ္ဆာန်ငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုစီမံခန့်ခွဲမှုများကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်ခြင်း။
- မျိုးပွားနည်းပညာများအတွက် မေထုန်မဲ့သားစပ်ခြင်း (Artificial Insemination) ကို အခြေခံအားဖြင့် လုပ်ဆောင်နိုင်ခြင်း။
တိရစ္ဆာန်ရောဂါ ကာကွယ်ခြင်းနှင့် ကုသခြင်း
- အဖြစ်များသော တိရစ္ဆာန်ရောဂါများ (ဥပမာ- သားအိမ်ရောင်ခြင်း၊ မျိုးမအောင်ခြင်း၊ နို့အုံရောင်ရောဂါများ) ကို ရှာဖွေစစ်ဆေးကာကုသနိုင်ခြင်း။
- ကာကွယ်ဆေးထိုးနှံခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း။
မွေးမြူရေးလုပ်ငန်းအတွက် အထောက်အကူပြု နည်းပညာများ
- တိရစ္ဆာန်များ၏ အာဟာရ၊ နေထိုင်မှုစနစ်နှင့် မျိုးကောင်းမျိုးသန့်မွေးမြူရေးကို စီမံပေးနိုင်ခြင်း။
- ကျေးလက်ဒေသ တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုများပေးနိုင်ခြင်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် ပါဝင်ဆောင်ရွက်နိုင်ခြင်း။
- တိရစ္ဆာန်ဆေးကု အလယ်အလတ်တန်းစား ကျွမ်းကျင်သူ (Para-Veterinarian) အဖြစ် လုပ်ကိုင်နိုင်ခြင်း။
- နို့စားနွား၊ အသားစားနွား၊ ဆိတ်၊ ကြက်၊ ဝက်၊ ဘဲ အစရှိသည့် မွေးမြူရေးခြံများတွင် အကြံပေးပညာရှင်အဖြစ် ဆောင်ရွက်နိုင်ခြင်း။
တိရစ္ဆာန်ဆေးကုပညာသည် လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အရေးပါသော နယ်ပယ်တစ်ခုဖြစ်ပြီး ဤပညာရပ်ဖြင့် ဘဝတက်လမ်းများစွာ တည်ဆောက်နိုင်ပါသည်။ ကျေးလက်နေလူထုအတွက် တိရစ္ဆာန်များသည် စီးပွားရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုအရ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည်။ “တိရစ္ဆာန်ကျန်းမာရေးကောင်းမွန်မှုသည် ကျေးလက်ဒေသ၏ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကသော့ချက်တစ်ခုဖြစ်သည်” တိရစ္ဆာန်များ ကျန်းမာမှသာ နို့၊ အသား၊ အာဟာရနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်။ ကျေးလက်ဒေသများတွင် တိရစ္ဆာန် ရောဂါများအတွက် ကာကွယ်ဆေးထိုးနှံမှုနည်းပါးခြင်း၊ ကျန်းမာရေးဗဟုသုတ အားနည်းခြင်းစသည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်သည်။ တိရစ္ဆာန် ဆေးကုပညာဒီပလိုမာဖြင့် မွေးမြူရေးနှင့်ကုသရေးဌာန၏ လုပ်ငန်းများကို ဆောင်ရွက်နိုင်မည့်နည်းတူ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ခြင်းသည် လူမှုအကျိုးပြုလုပ်ငန်းဖြစ်သကဲ့သို့ မိမိ၏ အသက်မွေးဝမ်းကျောင်းပညာကိုလည်း အကျိုးရှိစွာ အသုံးချနိုင်မည်ဖြစ်သည်။ ဥပမာဆိုရသော် တိရစ္ဆာန်ဆေးကုသိပ္ပံ ဒီပလိုမာသင်တန်းတွင် မေထုန်မဲ့သားစပ်ပညာကို အထူးဘာသာရပ်အဖြစ် သင်ကြားပေးပါသည်။ မွေးမြူရေးတိရစ္ဆာန်များ၏ မျိုးရိုးဗီဇအဆင့် မြင့်မားလာကာ ထုတ်လုပ်မှုစွမ်းရည် (နို့၊ အသား) တိုးတက်စေခြင်းဖြင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် တစ်ထောင့်တစ်နေရာမှ ပါဝင်နိုင်ပါသည်။ မေထုန်မဲ့သားစပ်ပညာရပ်သည် မွေးမြူရေးလုပ်ငန်းရှင်များ၊ တောင်သူလယ်သမားများ၊ မေထုန်မဲ့သားစပ်ပညာရှင်များနှင့် နိုင်ငံတော်အတွက် များစွာအကျိုးကျေးဇူးရှိသည့် နည်းပညာတစ်ရပ်ဖြစ်ကာ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။
နိဂုံးချုပ်အားဖြင့် တိရစ္ဆာန်ဆေးကုသိပ္ပံဒီပလိုမာသင်တန်းသည် တိရစ္ဆာန်များ၏ ကျန်းမာရေးနှင့် ကုသရေးတို့ကို လေ့လာလိုသူများအတွက် အခြေခံ အခိုင်မာဆုံးလမ်းစဖြစ်ပြီး သင်တန်းသားများအား ကျေးလက်ဒေသမှသည် မြို့ပြအထိ တိရစ္ဆာန်ဆေးကုသရေးနယ်ပယ်တွင် အရည်အချင်းပြည့်ဝစွာ ပါဝင်လုပ်ကိုင်နိုင်စေမည်ဖြစ်သည်။ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ပြည်တွင်းအသားထုတ်လုပ်မှုမြင့်မားလာကာ နိုင်ငံတော်၏အသားကဏ္ဍကို ပိုမိုခိုင်မာစေပါသည်။ ထို့ပြင် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာခြင်းသည် အသားနှင့် နို့ထွက်ပစ္စည်းများ ပြည်တွင်းတွင် ဖူလုံစွာရရှိစေရုံသာမက အရည်အသွေးမြင့်မားသော မွေးမြူရေးထွက်ကုန်များကို နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့နိုင်ရန် အခွင့်အလမ်းများလည်း ဖန်တီးပေးပါသည်။ ဤသင်တန်းသည် တစ်ဦးချင်းစီ၏ အသက်မွေးဝမ်းကျောင်းမှုကိုသာမက နိုင်ငံတော်၏ စားရေရိက္ခာဖူလုံရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက်ပါ အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ပြီး အနာဂတ်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုလည်းဖြစ်ပါသည်။
တိရစ္ဆာန်ဆေးကုသိပ္ပံ ဒီပလိုမာသင်တန်းတက်ရောက်ခြင်းဖြင့် မိမိ၏ကိုယ်ပိုင်အောင်မြင်မှု၊ မွေးမြူရေးလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ့စီးပွားရေးတိုးတက်မှုတို့ကို တစ်ပြိုင်နက် ဖော်ဆောင်နိုင်ကြမည်ဖြစ်ပြီး သတ်မှတ်အရည်အချင်းပြည့်မီသည့် (သိပ္ပံဘွဲ့ရရှိပြီးသူ) စိတ်ပါဝင်စားသူ နိုင်ငံသားတိုင်း တက်ရောက်သင့်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်။ ။