အတိတ်ကိုသင်ခန်းစာယူကာ အနာဂတ်ကိုထုဆစ်ကြသည့်အခါ…
ခင်ရတနာ
စက်တင်ဘာ ၃ ရက် (ဗုဒ္ဓဟူးနေ့)နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြို့တော်ပေကျင်းမြို့ တီယန်မင်ရင်ပြင်၌ အနီရောင်နိုင်ငံတော်အလံတို့ တလွင့်လွင့်တောက်ပလျက်ရှိသည်။ သောင်းနှင့်ချီသည့် ဧည့်ပရိသတ်များက စတင်တော့မည့် အခမ်းအနားအတွက် စိတ်လှုပ်ရှားလျက်ရှိသည်။
ထိုနေ့သည် တရုတ်နိုင်ငံအတွက် သမိုင်းဝင်နေ့တစ်ရက်ဖြစ်ပြီး တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်းနှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား ကျင်းပခြင်းဖြစ်သည်။
အခမ်းအနားသို့ နိုင်ငံပေါင်း ၂၆ နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်အကြီးအကဲများ တက်ရောက်ကာ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြပြီးနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်ကတစ်ဦးချင်းကို ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ဗိုလ်ရှုစင်မြင့်သို့ အတူတကွတက်ရောက်နေရာယူကြသည်။ မကြာမီ အခမ်းအနားကို စတင်သည်။
အခမ်းအနားအတွင်း တရုတ်သမ္မတက မိန့်ခွန်းပြောကြားရာ “ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲတွင် ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံတစ်ဝန်းလုံးမှ ရဲဘော်ဟောင်း၊ မျိုးချစ်ပုဂ္ဂိုလ်အပေါင်းတို့နှင့် စစ်ပွဲအောင်နိုင်ခဲ့ခြင်းအတွက် စွမ်းဆောင်ရည်ကိုပြသခဲ့ကြသော ပြည်တွင်းပြည်ပရှိ သွေးချင်းသားရင်းအပေါင်းတို့ကို များစွာဂါရဝပြုလေးစားကြောင်းနှင့် တိုက်ပွဲကာလအတွင်း တရုတ်ပြည်သူတို့ကို ကူညီထောက်ပံ့မှုများပေးခဲ့သည့် နိုင်ငံတကာအစိုးရများနှင့် ချစ်ကြည်ရေးပုဂ္ဂိုလ်အပေါင်းတို့ကို ကျေးဇူးတင်ရှိကြောင်း၊ တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ ဧည့်သည်တော်အပေါင်းတို့အားလည်း လှိုက်လှဲစွာကြိုဆိုကြောင်း”ထည့်သွင်းပြောကြားသည်။
ထို့နောက် သမ္မတက စစ်ရေးပြဂုဏ်ပြုတပ်ဖွဲ့ဝင်များအား ကြည့်ရှုစစ်ဆေးပြီး စစ်ရေးပြအစီအစဉ်များ ပြုလုပ်သည်။
ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်များ စစ်ရေးပြအခမ်းအနားတွင် ပြည်သူများနှင့် နိုင်ငံတကာမှ စောင့်ကြည့် လေ့လာသူများကားမြင့်မားသည့် ပစ်အားနှင့်ခေတ်မီသည့် သံချပ်ကာစနစ်ပါ Type 99၊ Type 100 တင့်ကားသစ်များ၊ တရုတ်နိုင်ငံ၏ ခေတ်မီလေကြောင်းနည်းပညာကို ကိုယ်စားပြုသည့် ဆန်းသစ်သည့်ဒီဇိုင်းနှင့် မြန်နှုန်းမြင့်တိုက်လေယာဉ်များ၊ မဟာဗျူဟာမြောက်အရေးပါမှုနှင့် တိကျမှုတို့ရှိသည့် ပဲ့ထိန်းဒုံးကျည်နှင့် ခရုဇ်ဒုံးကျည်၊ စောင့်ကြည့်ထောက်လှမ်းခြင်းနှင့် တန်ပြန်တိုက်ခိုက်ရေး ဒရုန်းများအပြင် မောင်းသူမဲ့ယာဉ်များ၊ ခေတ်သစ်အီလက်ထရောနစ်စစ်ဆင်ရေးနည်းပညာများ စသည်ဖြင့် များပြားလှသည့် ခေတ်မီလက်နက်များကြောင့် အထူးပင်ရင်သပ်ရှုမောကြရသည်။
ထို့ပြင် ထိုနေ့တွင် တရုတ်သည် ကြည်း၊ ရေ၊ လေကိုယ်စားပြု မဟာဗျူဟာမြောက်တပ်ဖွဲ့များကို နျူကလီယားသုံးခုပေါင်းစည်းတပ်ဖွဲ့ (Nuclear Triad) အဖြစ် ပထမဆုံးအကြိမ် ထည့်သွင်းပြသခဲ့ သည်။ ထိုပေါင်းစည်းအဖွဲ့တွင် ဝေဟင်မှပစ်ခတ်နိုင်သည့် တာဝေးပစ်ဒုံးကျည် JingLei-1 အမျိုးအစား၊ ရေငုပ်သင်္ဘောမှ ပစ်ခတ်နိုင်သော တိုက်ချင်းပစ်ဒုံးကျည် Ju Lang-3 အမျိုးအစားနှင့် မြေပြင်အခြေစိုက်တိုက်ချင်းပစ်ဒုံးကျည် Dong Feng-61 နှင့် Dong Feng -31 အမျိုးအစားတို့လည်း ပါဝင်သည်။
သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံ့ခေါင်းဆောင်များဖြစ်ကြသည့် ရုရှားသမ္မတဗလာဒီမာပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်၊ အာမေးနီးယားဝန်ကြီးချုပ် နီးကိုးလ်ပါရှီယန်၊ အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ်အလီယက်ဗ်၊ ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို၊ ကမ္ဘောဒီးယားဘုရင် နုရောတ္တမ သီဟာမိုနီ၊ ကျူးဘားသမ္မတ မင်ဂူရယ်ဒီရေ့၊ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တို၊ အီရန်သမ္မတ မာဆက်ပီဇီရှ်ကီရန်၊ ကာဇက်စတန်သမ္မတ ကတ်ခ်ဆန်ဂျိုးမာ့တ်တိုးကာရာ့ဖ်၊ ကာဂျစ်စတန်သမ္မတ ဆာဒေရာဂျာဗာရော့ဗ်၊ လာအိုသမ္မတ သောင်လွန်းဆီဆိုလစ်၊ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်၊ မော်လဒိုက်သမ္မတ မိုဟာမက်မူအီဇူ၊ မွန်ဂိုလီးယားသမ္မတ ယုခါနာခါရယ်ဆာ့၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်၊ နီပေါဝန်ကြီးချုပ် ကေပီရှားမားအိုလီ၊ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ရှာရစ်ဖ်၊ ကွန်ဂိုနိုင်ငံသမ္မတ ဒဲနစ်ဆာဆို အန်ဂဲဆို၊ ဆားဘီးယားသမ္မတ အလက်ဇန္ဒား ဗူးဆစ်ယူ၊ ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကို၊ တာဂျစ်ကစ္စတန်သမ္မတ အီမိုမာလီရက်ခ်မွန်၊ တာ့ခ်မင်နစ္စတန် သမ္မတ ဆာဒါဘာဒီမူခါမက်ဒေါ့၊ ဗီယက်နမ်သမ္မတ လုယောင်ကွေးယန်နှင့် ဇင်ဘာဘွေ သမ္မတ အမ်မာဆန် အမ်နန်ဂါဂွါ စသည့်နိုင်ငံ့ ခေါင်းဆောင် ၂၆ ဦးတို့ အခမ်းအနား တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံ့ခေါင်းဆောင်များအပြင် တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီး များ၊ စစ်သံမှူးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ရုရှား၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါစသည့်နိုင်ငံပေါင်း ၁၄ နိုင်ငံမှ မိတ်ဆွေများနှင့် ခုခံတော်လှန်စစ်တွင် ပါဝင်ခဲ့ကြသူ များ၏ ကျန်ရစ်သူမိသားစု ၅၀ တို့သည်လည်း အခမ်းအနားသို့ ပါဝင်တက်ရောက်ခွင့်ရသည်။ ထို့ပြင် နိုင်ငံ့တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ နိုင်ငံတကာ သတင်းထောက်များ၊ နိုင်ငံရေးနှင့် သမိုင်းကျွမ်းကျင်သူများ၊ ပြည်သူများစသည်ဖြင့် အလွှာအသီးသီးမှ ပြည်သူများကိုလည်း အခမ်းအနားအတွင်း မြင်တွေ့ရသည်။
ဆင်ဟွာသတင်းဌာန၏ ဖော်ပြမှုအရ စစ်ရေးပြအခမ်းအနားတွင် စစ်မှုထမ်းပေါင်းတစ်သောင်းကျော်၊ လေယာဉ်ပေါင်း ၁၀၀ ကျော်၊ မြေပြင် လက်နက်ရာပေါင်းများစွာကို စစ်ကာလကွပ်ကဲမှု စနစ်အတိုင်း ပုံစံအမျိုးမျိုးဖြင့် ပြသကြောင်း သိရှိရပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ ပြည်တွင်းထုတ်ခေတ်မီလက်နက်များကို ဖွင့်ဟပြခဲ့ခြင်းလည်းဖြစ်သည်။
၁၉၄၅ ခုနှစ်မှသည် ၂၀၂၅ ဆီသို့
အတိတ်ဆီသို့ ပြန်ပြောင်းသတိပြုကြမည်ဆိုလျှင် လွန်ခဲ့သည့်နှစ် ၈၀ ကျော်ကာလ ၁၉၃၇ ခုနှစ်မှ အစပြု၍ ဖက်ဆစ်တို့က တရုတ်နိုင်ငံအား ရှစ်နှစ်တာသိမ်းပိုက်အုပ်ချုပ်ခဲ့သည်။ တရုတ်သမိုင်းတွင် အဆုံးရှုံးဆုံးနှင့် အသက်သွေးချွေးပေါင်းများစွာ စတေးခဲ့ရသည့်ကာလများဖြစ်ခဲ့ရသည်။ ၁၉၃၁ ခုနှစ်တွင် ဂျပန်တပ်များက တရုတ်မြောက်ပိုင်းကို စတင်နေရာယူလာခဲ့ပြီး ၁၉၃၇ ခုနှစ် မာကိုပိုလို တံတားဖြစ်စဉ်မှစ၍ ပေကျင်း၊ ရှန်ဟိုင်း၊ နန်ကျင်း စသည့်မြို့ကြီးများကို ဖက်ဆစ်တို့က နေရာယူသိမ်းပိုက်လိုက်သည်။ ယင်းနှစ် ဒီဇင်ဘာ ၁၃ ရက် သည် တရုတ်ပြည်သူများအဖို့ မမေ့နိုင်သည့် သမိုင်းအတိတ်ဆိုးကြီးဖြစ်သည့် နန်ကျင်းလူသတ်မှုကို ယနေ့တိုင်နာကျင်နေကြဆဲဖြစ်သည်။
ထိုနေ့တွင် တရုတ်မြို့တော်ဖြစ်ခဲ့သည့် နန်ကျင်းကို ဂျပန်တပ်တို့က ကျူးကျော်ခဲ့ပြီးနောက် သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မပြုကျင့်မှု၊ မီးရှို့မှုနှင့် လုယက်မှုများ ကြုံခဲ့ရပြီး အရပ်သားနှင့် စစ်သားသုံးသိန်းခန့်သေဆုံးခဲ့ရပြီး အမျိုးသမီးသောင်းနှင့်ချီ၍ အဓမ္မပြုကျင့်ခံခဲ့ရသည့် နာကျင်ဖွယ် အတိတ်ဆိုးမှာ တရုတ်ပြည်သူများအဖို့ ဝမ်းနည်းဖွယ်အချိန်အခါပင်ဖြစ်ခဲ့သည်။ သို့သော် မှန်ကန်သောခေါင်းဆောင်မှု၊ တပ်မတော်၊ ပြည်သူနှင့် ကျောင်းသားများအားလုံး စုပေါင်းအနစ်နာခံ ဆက်လက်တိုက်ခိုက်ခဲ့ကြသည့် စွမ်းအားနှင့် မဟာမိတ်နိုင်ငံများ၏ ပူးပေါင်းမှုများကြောင့် ဖက်ဆစ်တို့ကို အမြစ်ဖြုတ်နိုင်ခဲ့သည့်အပြင် ဒုတိယကမ္ဘာစစ်ကမ္ဘာ့အရှေ့ခြမ်းဖက်ဆစ်ရန်ကို တွန်းလှန်နိုင်ခဲ့ခြင်း၏ အမှတ်သင်္ကေတအဖြစ် ၁၉၄၅ ခုနှစ် စက်တင်ဘာ လ ၃ ရက်နေ့ကို ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနေ့အဖြစ် သတ်မှတ်ခဲ့ရခြင်းဖြစ်သည်။
ငြိမ်းချမ်းခြင်းသည် ဖွံ့ဖြိုးမှု၏အစ
ကမ္ဘာတစ်ဝန်းရှိ စစ်မြေပြင်တို့တွင် သုံးမိနစ်လျှင် လူတစ်ဦးခန့်သေဆုံးနေရသည်ဟု ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ စစ်ပွဲများကြောင့် စတေးခဲ့ရသည့် လူ့အသက်များစွာတို့မှာ ငြိမ်းချမ်းရေးအတွက် အလေးနက်ဆုံးသက်သေများပင်ဖြစ်သည်။ မငြိမ်းချမ်းသည့်အခါ ရှင်သန်ရပ်တည်ရန် မျှော်လင့်ချက်မဲ့ရပြီး လူသားတို့၏ အနာဂတ်၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အောင်မြင်မှု၊ လူသားဆန်မှုတို့ အားလုံးဆိတ်သုဉ်းခဲ့ရသည်။ ယခုအခါ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့သည်မှာ နှစ်ပေါင်း ၈၀ ပင်ရှိလာခဲ့ပြီ။ သို့သော် ကမ္ဘာကြီးပေါ်၌ စစ်ပွဲတို့ မချုပ်ငြိမ်းနိုင်သေးသည်ကို မြင်တွေ့ရသည်။
သို့သော် တရုတ်နိုင်ငံကား မှန်ကန်သည့် ဦးဆောင်မှု၊ တည့်မတ်သည့် ရည်မှန်းချက်များကို ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ခဲ့မှုကို ယနေ့သက်သေပြလိုက်ခြင်း ပင်ဖြစ်ကြောင်း သတင်းမီဒီယာများက ရေးသားကြသည်။ တံခါးဖွင့်ဝါဒ ကျင့်သုံးလာချိန်မှစတင်ကာ တရုတ်နိုင်ငံသည် ငြိမ်းချမ်းသောလူမှုဘဝဝန်းကျင်ကို တည်ဆောက်နိုင်ခဲ့ပြီး လက်နက်အင်အား၊ ဓန အင်အား၊ ပညာရှင်အင်အားစသည်ဖြင့် တစ်ဟုန်ထိုးမြင့်တက်လာခဲ့သည်။ ယင်းအခြေခံကား နိုင်ငံတစ်ဝန်းငြိမ်းချမ်းခြင်း၏ အသီးအပွင့် ဖွံ့ဖြိုးတိုးတက်မှုပင်ဖြစ်သည်။
၁၉၇၈ ခုနှစ်က တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှုစုစုပေါင်းတန်ဖိုး ဂျီဒီပီသည် ၃၆၇ ဒသမ ၉ ဘီလီယံသာရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ယွမ် ၁၃၄ ဒသမ ၉ ထရီလီယံအထိ မြင့်တက်လာနိုင်ခဲ့သည်။ လူတစ်ဦးချင်းစီ၏ ပျမ်းမျှဂျီဒီပီသည် ယွမ် ၉၅၀၀၀ ကျော်ရှိလာခဲ့သည်။ ယင်းအောင်မြင်မှုသည် တရုတ်ပြည်သူများအတွက်သာ အကျိုးပြုခဲ့စေရုံသာမက ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း များစွာအထောက်အကူဖြစ်စေခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်၌ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်စေခြင်းဟူသည့် သဘောတရားကိုအခြေခံ၍ လက်တွေ့ကျင့်သုံးခဲ့သည်ကို မြင်တွေ့ရသည်။
တရုတ်နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်စေလွှတ်မှု အများဆုံးနိုင်ငံတစ်ခုလည်းဖြစ်သည့်အပြင် ဆွေးနွေးညှိနှိုင်းခြင်းကိုအားပေးခြင်း၊ အပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲများရပ်စဲရေးတို့တွင် တရုတ်နိုင်ငံက ကြားဝင်တိုက်တွန်းခဲ့ခြင်းများလည်း ရှိခဲ့သည်။
ဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၁၅၀ ကျော်၊ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၃၀ ကျော်နှင့် စီမံကိန်း ၃၀၀၀ ကျော် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အလုပ်အကိုင်လေးသိန်းကျော် ဖန်တီးပေးခြင်းစသည်တို့မှာ ဖွံ့ဖြိုးတိုးတက်မှုမျှဝေခြင်းဖြစ်ပြီး လူတိုင်းငြိမ်းချမ်းရေး အကျိုးခံစားနိုင်ရေးအတွက် တရုတ်နိုင်ငံ၏ မျက်မှောက်ခေတ်အဓိပ္ပာယ်ဖွင့်ဆိုချက်ပင်ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ဒုတိယအကြီးဆုံးသွင်းကုန်ဈေးကွက်အဖြစ် ၁၄ နှစ် ဆက်တိုက်ရပ်တည်ခြင်း၊ ကမ္ဘာကြီး၏ အာဏာဝင်ရိုးဧကကမ္ဘာမှသည် ဗဟုကမ္ဘာဆီသို့ လွတ်လပ်စွာ ဦးတည်ခြင်းကိုလည်း ပံ့ပိုးကူညီပေးလျက်ရှိသည်ကို BRICS နှင့် SCO အဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ အောင်မြင်ခြင်းတို့ဖြင့် မြင်တွေ့ရနိုင်သည်။
အိမ်နီးချင်းဆွေမျိုးပေါက်ဖော်ဆက်ဆံရေး
မြန်မာနှင့် တရုတ်တို့၏ အေးအတူပူအမျှ အိမ်နီးချင်းကောင်းဆက်ဆံရေးမှာ နှစ်ပေါင်း ထောင်ချီရှိခဲ့ပြီဖြစ်ပါသည်။ ထို့အတူ သံတမန်ဆက်ဆံခြင်းပင် စိန်ရတုတိုင်ခဲ့ပြီဖြစ်သည်။ စက်တင်ဘာ ၃ ရက်က တရုတ်နိုင်ငံ၌ကျင်းပသည့် ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်းနေ့အထိမ်းအမှတ် နှစ်(၈၀)ပြည့် အခမ်းအနားကြီးသို့ မိမိတို့ နိုင်ငံယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သည်။
အဆိုပါခရီးစဉ်အတွင်း တရုတ်နိုင်ငံသမ္မတနှင့်တွေ့ဆုံရာ၌ ရွေးကောက်ပွဲအတွက် အကူအညီများ ပေးအပ်ရန်အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဆက်လက်ကူညီရပ်တည်မည်ဖြစ်ကြောင်းနှင့် အသိအမှတ်ပြုမှုရရှိခဲ့ကြောင်း သိရှိရပြီး ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံသမ္မတ၊ ရုရှားနိုင်ငံသမ္မတ၊ လာအိုနိုင်ငံသမ္မတနှင့် မလေးရှားဝန်ကြီးချုပ် တို့အပါအဝင် အခြားနိုင်ငံ့ခေါင်းဆောင်များနှင့် ရွေးကောက်ပွဲဆိုင်ရာအပါအဝင် အခြားသော ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် များစွာအကျိုးဖြစ်ထွန်းစေခဲ့သည့် ခရီးစဉ်ပင်ဖြစ်သည်။
ထို့ပြင် ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနေ့ အထိမ်းအမှတ် နှစ်(၈၀)ပြည့်အခမ်းအနားကြီးသည် မြန်မာနိုင်ငံအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် နိုင်ငံတကာဆက်ဆံရေးအပေါ် ကောင်းမွန်သည့် အကျိုးသက်ရောက်မှုကို ပေးစွမ်းသည့်အပြင် တရုတ်နိုင်ငံနှင့် နီးကပ်ရင်းနှီးသည့်ဆက်ဆံရေးအတွက် နိုင်ငံတကာ၏ အာရုံစူးစိုက်မှုကို ရရှိစေခဲ့သည်ဟု သုံးသပ်ရှုမြင်နိုင်ပြီး နိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာပင်ဖြစ်သည်။
ငြိမ်းချမ်းရေးငှက်ငယ်များ လွတ်လပ်စွာပျံသန်း
တရုတ်နိုင်ငံ၌ စက်တင်ဘာ ၃ ရက်က ကျင်းပသည့် ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်းနေ့ အထိမ်းအမှတ်နှစ် (၈၀) ပြည့်အခမ်းအနားသည် စုစုပေါင်း မိနစ် ၇၀ ခန့်သာကြာမြင့်သည်။ များပြားလှသည့် ပြည်သူများကား တီယန်မင်ရင်ပြင်၌ ဝမ်းသာဂုဏ်ယူမှုများဖြင့် ဝမ်းပန်းတသာလက်ခုပ်တီးကြ၏။ နိုင်ငံတော်အလံနှင့် နှစ်(၈၀)ပြည့် အခမ်းအနားအထိမ်းအမှတ် အလံငယ်များကို ဝှေ့ယမ်းကာ ချီးကျူးဂုဏ်ပြုကြ၏။ စစ်ချီတေးသံများအကြား စီတန်းထွက်ပေါ်လာနေသည့် ခေတ်မီတပ်မတော်နှင့် စစ်လက်နက်ပစ္စည်းများအား တစ်ခဲနက်ကြိုဆိုကြသည်။ တရုတ်နိုင်ငံ၏ မှန်ကန်သော ဦးဆောင်မှုနှင့်ကောင်းမွန်သော ပြည်သူတို့၏ သရုပ်ကို နိုင်ငံတကာသတင်းမီဒီယာတို့ မြင်တွေ့ကြရသည်။
အခမ်းအနားတွင် တူညီဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသား အမျိုးသမီးငယ်များက လူပရိသတ်သောင်းချီကို နေရာချထားပေးသည်။ ချိုသာသော မျက်နှာထား၊ ငယ်ရွယ်နုပျိုသည့် အလှတရားနှင့် ယဉ်ကျေးသောအမူအရာများကြောင့် နိုင်ငံတကာသတင်းထောက်များ သတင်းယူမဆုံး။ အများစုက ကျောင်းသား ကျောင်းသူများဖြစ်ကြပြီး နိုင်ငံတော်ပွဲကြီးတွင် တစ်တပ်တစ်အား ပါဝင်အားဖြည့်နေကြသည်။ အခမ်းအနားအပြီးတွင် ခိုဖြူအကောင်ရေ ရှစ်သောင်းအား ငြိမ်းချမ်းခြင်းအထိမ်းအမှတ်အဖြစ် တစ်ပြိုင်နက်လွှတ်လိုက်ရာ တီယန်မင်ရင်ပြင်အထက် ကောင်းကင်ပေါ်သို့ တစ်ရှိန်ထိုးပျံသန်းကြသည်။ ထို့အတူ ရှစ်သောင်းသော မိုးပျံပူဖောင်းများမှာလည်း ကောင်းကင်သို့ တဖြည်းဖြည်းမြင့်တက်သွားရာ တီယန်မင်ရင်ပြင်အထက် ကောင်းကင်နှင့်အပြည့် တည်ရှိနေတော့သည်။
ပြီးဆုံးခဲ့သော အရာတို့သည် မည်သို့သောအခြေအနေ၊ အချိန်အခါရောက်သည်ဖြစ်စေပြန်လည်၍ မရနိုင်တော့ပြီ။ ကောင်းမွန်သော ရွှေရောင်အတိတ်တို့သည် ပြန်လည်ဖမ်းဆုပ်၍ မရနိုင်သကဲ့သို့ ဆိုးရွားသောအတိတ်သမိုင်းတို့သည် အနာဂတ်သို့လိုက်မလာနိုင်ပေ။ မကြုံစဖူးပြောင်းလဲနေသည့် မျက်မှောက်ခေတ်တွင် သမိုင်းသည် အတုယူစရာ၊ သင်ခန်းစာယူစရာများနှင့် ပြည့်နှက်၍နေသည်။ တိုးတက်ဖွံ့ဖြိုးသထက် ဖွံ့ဖြိုးလာနေသည့် တရုတ်နိုင်ငံသည် အတိတ်ကို သင်ခန်းစာယူကာ အင်အားကို အပြည့်တည်ဆောက်သည့်အပြင် ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးအမြင်ကို ကိုယ်တိုင်လက်တွေ့ကျင့်သုံးနိုင်ခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာအရပ်ရပ်က နိုင်ငံများနှင့်အတူ ငြိမ်းချမ်းသည့် ကမ္ဘာလောကကြီးကို ထာဝရအလှ ဆင်ဖန်တီးတည်ဆောက်နိုင်ပါစေဟုသာ။ ။
