မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ပွဲ တို့ဆင်နွှဲမည် . . .
ဒေါက်တာမောင်ကျော် (ပါမောက္ခချုပ် - ငြိမ်း)
၁၉၂၅ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က အထက်မြန်မာပြည်အတွက် ဥပစာကောလိပ်ကို မန္တလေးမြို့ ဗောဓိကုန်းရပ်ကွက်ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းထဲမှ တစ်ထပ်အုတ်တိုက်နီ၌ စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၄၇ ခုနှစ်တွင် ယူနီဗာစီတီကောလိပ်နှင့် ၁၉၅၈ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် သီးခြားတက္ကသိုလ်အဖြစ် ဖွင့်လှစ်ခဲ့ရာ မြန်မာနိုင်ငံတက္ကသိုလ်များအနက် မန္တလေးတက္ကသိုလ်သည် ဒုတိယသက်တမ်းအရင့်ဆုံး တက္ကသိုလ်ဖြစ်ပါသည်။
ယခုနှစ် အစပိုင်းလောက်ကတည်းက မန္တလေးတက္ကသိုလ် နှစ်တစ်ရာပြည့် အထိမ်းအမှတ်ကျင်းပရန် မန္တလေးတက္ကသိုလ်၌ ကျောင်းသားဟောင်းများနှင့် မြို့မိမြို့ဖတို့က ကြိုးပမ်းသည့်ကာလ၊ ၂ဝ၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီး၏ အဖြစ်ဆိုးကြီးတွင် မန္တလေးတက္ကသိုလ်၏ ပင်မဆောင်ကြီး မီးလောင်ပြိုကျပျက်စီးခဲ့ရခြင်းသည်လည်း ကြီးမားသောဆုံးရှုံးမှုဖြစ်ပါသည်။ ခဲလေသမျှသဲရေကျလောက်အောင် ဖြစ်ရသော်လည်း မြို့မိမြို့ဖများ၊ ကျောင်းသားဟောင်းကြီးများနှင့် တိုင်းဒေသကြီးအစိုးရက နှစ်တစ်ရာပြည့်ကို ဇူလိုင်လ ၄ ရက်နေ့က စိတ်ဓာတ်ကြံ့ခိုင်မှုအပြည့်ဖြင့် ရွှင်ရွှင်လန်းလန်းကျင်းပခဲ့သည်ကို တွေ့ရပါသည်။
ငလျင်ဒဏ်ကြောင့် မန္တလေးမြို့တစ်ဝိုက် ပြည်သူတို့၏ အိုးအိမ်စည်းစိမ်များ ပြုပြင်ထိန်းသိမ်းရခြင်းအခက်အခဲနှင့် မန္တလေးတက္ကသိုလ်ပင်မဆောင်ကြီးအား ပြန်လည်ပြုပြင်တည်ဆောက်ရသည့်အခက်အခဲတို့သည် ကြီးမားလှပါသည်။ ထို့ကြောင့် အချိန်ပေးရမည်ဖြစ်ရာ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ပထမပတ်အတွင်း မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကို မြို့မိမြို့ဖများ၊ ကျောင်းသားဟောင်းများနှင့် မျိုးဆက်သစ် ကျောင်းသားတို့၏ အမြင်များကို ပေါင်းစပ်ထင်ဟပ်စေမည့် နိုင်ငံတော်အဆင့်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း၊ အောက်တိုဘာလ ၄ ရက်နေ့တွင် ပင်မဆောင်ကြီး ပြန်လည်တည်ဆောက်ထားခြင်းကိုဖွင့်လှစ်ခြင်း၊ အောက်တိုဘာလ ၅ ရက်နေ့တွင် အာစရိယပူဇော်ပွဲကျင်းပခြင်း၊ ညနေတွင် ဂီတဆည်းဆာကျင်းပခြင်း၊ အောက်တိုဘာလ ၆ ရက်နေ့တွင် ဂီတဆည်းဆာနှင့် သီတင်းကျွတ်မီးထွန်းပွဲတော်ကျင်းပရန် စီစဉ်ထားခြင်းတို့ကို ဖြစ်မြောက်အောင် ဝိုင်းဝန်းကြိုးစားလျက်ရှိကြောင်းသိရသဖြင့် အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါသည်။
ငွေရတု၊ ရွှေရတု၊ စိန်ရတုအခမ်းအနားတို့ မည်သည် ၂၅ နှစ်ကြာတိုင်း တက္ကသိုလ်၏ အမြင့်ဆုံးပညာရေးဆောင်ရွက်ချက်များ၊ ပညာရေးပြုပြင်ပြောင်းလဲနိုင်မှုများ၊ စာပေဂီတ အနုပညာနှင့် သုတေသနကဏ္ဍ ရလဒ်အကောင်းဆုံးဆောင်ရွက်ချက်များ၊ အောင်မြင်မှုများ၊ နောင် ၂၅ နှစ်တွင် ကြိုးပမ်းအားထုတ်ရမည့် စီမံကိန်းများကို မျိုးဆက်သစ်ကျောင်းသားလူငယ်များသာမက ပြည်သူများ သို့ချပြသည့် အခမ်းအနားသဘင်ဖြစ်ပါသည်။ နိုင်ငံတော်အကြီးအကဲ၊ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ချီးမြှင့်သည့်အစဉ်အလာမို့ နိုင်ငံတော်အဆင့်ဖြစ်ပါသည်။ မန္တလေးတက္ကသိုလ် နှစ်တစ်ရာပြည့်တွင် သတိရ၊ လွမ်းစရာများက ပင်မဆောင်ကြီး၊ ရာဇတ်ခန်းမ၊ အားကစားရုံနှင့် ဓာတုဗေဒဓာတ်ခွဲခန်းတို့ဖြစ်ပါသည်။ ထို့ထက်ပို၍ တမ်းတလွမ်းရသူများကတော့ ကျွန်တော်တို့၏ ဆရာများပင်ဖြစ်ပါသည်။
ဒေါက်တာမောင်ဒီ (ဆရာဒီ) ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒုတိယဝန်ကြီး(ငြိမ်း)
၁၉၆၀ ပြည့်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်သော ကျွန်တော်က မိဘများနေရပ်နှင့် အလှမ်းမဝေးသည့် မန္တလေးတက္ကသိုလ်၌ တက်ရောက်ခဲ့ပါသည်။ ၁၉၅၈ ခုနှစ်တွင် မန္တလေးတက္ကသိုလ်က သီးခြား တက္ကသိုလ်ဖြစ်နေပါပြီ။ လန်ဒန်တက္ကသိုလ်က PhD ဘွဲ့ရ ဒေါက်တာမောင်ဒီသည် မန္တလေးတက္ကသိုလ်၌ လက်ထောက်ကထိက၊ ကထိကတာဝန်များဖြင့် ၁၉၇၁ ခုနှစ်အထိရှိနေသည့်ကာလအတွင်း ကျွန်တော်က ၁၉၆၅ ခုနှစ်၌ BSc (Hons) ဂုဏ်ထူးတန်းဘွဲ့နှင့် ၁၉၇၁ ခုနှစ်တွင် MSc ဘွဲ့နှစ်ခုကို မန္တလေးတက္ကသိုလ်မှ ရရှိခဲ့ပါသည်။
ဓာတုဗေဒပညာရပ်ကို စတင်မိတ်ဆက်ပို့ချ၊ တပည့်များ လေးစားရသူမှာ ဆရာ ဒေါက်တာမောင်ဒီဖြစ်ပါသည်။ ဆရာက သိပ္ပံအရာတွင် ကြိုးပမ်းအားထုတ်လေ့လာဆည်းပူးခဲ့သော John Dalton, Periodic Table of Elements ကို ရေးဆွဲခဲ့သည့် ရုရှားလူမျိုး D. Mendeleev နှင့် အဏုမြူဒြပ်စင်များကို ထူးထူးခြားခြားလေ့လာဆည်းပူးတွေ့ရှိခဲ့သူ ပိုလန်လူမျိုးအမျိုးသမီး Madam Curie တို့ အကြောင်းကို ထည့်သွင်းသင်ကြားပေးရာ ကျွန်တော်တို့ ကျောင်းသားများကလည်း ကြိုးပမ်းအားထုတ်ကြရမည်ဆိုသည့် အသိစိတ်များကိန်းအောင်းခဲ့ပါသည်။ နိုင်ငံအတွက် သားကောင်းရတနာများဖြစ်ရန်၊ ဘဝသစ်ဖန်တီးနိုင်ရန် တာစူခဲ့ကြပါသည်။
စကြဝဠာသည် ကျယ်ပြန့်လေသတည်း…
ဆရာ၏ လက်ချာတစ်ခု၌ “Entropy is increasing, the Universe is expanding” အင်ထရိုပီ (Entropy) က မြင့်တက်သည့်သဘောရှိသည်၊ စကြဝဠာကြီးက ကျယ်ပြန့်နေသည်၊ စကြဝဠာကြီးက ကျုံ့လာစရာအကြောင်းမရှိ၊ စကြဝဠာတစ်ခုနှင့်တစ်ခုသည် ဝေးကွာရန်သာရှိသည်။ စကြဝဠာ၏ အင်ထရိုပီသည် အမြင့်ဆုံးတန်ဖိုးဘက်သို့ ဦးတည်နေသည်၊ ဤသဘောကို သင်ကြားနေသည့်အချိန်တွင် ကျွန်တော်အပါအဝင်တပည့်များက Entropy ဆိုသည့်ဝေါဟာရကို နားလည်နိုင်စွမ်းမရှိဖြစ်ခဲ့ပါသည်၊၊
ရေမွှေးပုလင်းကို အလှပြင်ခန်းထဲ၌ဖွင့်ထားလျှင် ရနံ့သင်းသည့် ရေမွှေးမော်လီကျူးများက အလိုအလျောက်ထွက်လာပါသည်။ အလှပြင်ခန်းအတွင်း ပျံ့လွင့်သွားသည့် ရေမွှေးမော်လီကျူးများက ရေမွှေးပုလင်းထဲသို့ ပြန်လည်လာရိုးထုံးစံမရှိဆိုသည့် အဓိပ္ပာယ်ပါ။ ရေမွှေးပုလင်းထဲမှ ရနံ့သင်းသောမော်လီကျူးများက ကံစီမံသလိုတစ်ခန်းလုံးပျံ့နှံ့ သွားပြီဆိုလျှင် ရေမွှေးပုလင်းထဲ ပြန်ရောက်စရာအကြောင်းမရှိတော့ဘူးဆိုတာ အလွန်ပင်ထင်ရှားပါသည်။ ဒြပ်ပစ္စည်းတို့သည် ဓာတ်ပြောင်းလဲကြရာတွင် ပုံမှန်နေသားတကျ ကျစ်ကျစ်လျစ်လျစ်ဖွဲ့စည်းထားသည့် အနေအထားမှ အပြောကျယ်စွာ ဖြန့်ကြက်ပြောင်းလဲလေ့ရှိပါသည်။ သဘာဝတရားကြီးအရ အင်ထရိုပီမြင့်ရန် တာစူနေသော စကြဝဠာသည် ကျယ်ပြန့်လေသတည်းဆိုသည့် အဓိပ္ပာယ်ပင်။ ဤဝေါဟာရကို မြန်မာလိုဘာသာပြန်၍မရ၊ မြန်မာစာလုံးပေါင်းဖြင့်သာရေး၍ရပါသည်၊၊
တကယ်တမ်းပြန်ကြည့်လျှင် လောကဓာတ်ပညာများကို အတိမ်းအစောင်းမရှိ မျိုးစေ့ချပေးခဲ့သော ဆရာများကို အမည်နာမတပ်ရခြင်းဖြစ်ပါသည်။ ‘ဆရာစွဲ’၊ ‘ဝါဒစွဲ’ မရှိသင့်ဘူးဟု ဆိုရိုးရှိသော်လည်း ဓာတုဗေဒပညာရပ်တွင် အထင်ကရဖြစ်သည့် ဓာတ်ပြုခြင်းများ၏ အလားအလာ၊ မျှခြေ (Equilibria) တို့ကို ရှင်းရှင်းလင်းလင်း သင်ကြားပေးနိုင်ခြင်းကြောင့် ကျွန်တော်တို့ ဆရာ့ကိုစွဲလမ်းခဲ့ရပါသည်။ ဆရာကခက်ခဲသည့်အကြောင်းအရာကို လွယ်အောင်သင်ပေးနိုင်သူဖြစ်ပါသည်။ ထိုသို့နက်နဲသော သိပ္ပံဆိုင်ရာတွေ့ရှိချက်များသည် လူမှုရေးသိပ္ပံကိုထင်ဟပ်သလို ဥရောပတစ်ခွင်၌ စက်မှုထွန်းကားရန်အထိ တွန်းပို့နိုင်ခဲ့ကြောင်း သိနားလည်ခဲ့ရပါသည်။ ဆရာ၏ သင်ကြားမှုများက ဘဝသစ်ဖန်တီးနိုင်ရန် တွန်းပို့ခဲ့သည်ဟု ဂုဏ်ယူဖော်ပြရခြင်းဖြစ်ပါသည်။
ဆရာ ဒေါက်တာခင်မောင်က ဓာတုဗေဒဘာသာရပ်လက်ချာကို အင်္ဂလိပ်လိုသင်သည်။ တစ်နေရာတွင် alum ဆိုသော ဝေါဟာရပါရာ ‘ကျောက်ချဉ်’ဟု ထည့်ပြောလိုက်ပါသည်။ တပည့်များက ကျောက်ချဉ်ကို ဘယ်လိုဒြပ်ပစ္စည်းများနှင့် ဖွဲ့ထားသလဲ ပို၍သိချင်လာပါသည်။ ဆရာ၏ လက်ချာများတွင် Amylose, Amlo pectin ဆန် ဂျုံ၊ ပြောင်း၊ အာလူးထဲတွင်ပါဝင်သည့် ကစီဓာတ်များ၊ အာဟာရဓာတ်များ၊ ကာဗွန်အချင်းချင်း ချိတ်ဆက်မှုများပြောင်းခြင်းနှင့် ဓာတ်ဂုဏ်အင်များ ပြောင်းလဲကြသည်၊ ချိတ်ဆက်ဖွဲ့စည်းထားသော အကြောင်းခြင်းရာများက နောင်သောအခါမှ ပို၍ အရေးကြီးလာမှန်းသိရပါသည်။
ကျွန်တော်က ၁၉၆၀ ပြည့်နှစ်တွင် တက္ကသိုလ်ရောက်ခြင်းဖြစ်၍ ဒီယူနစ်ထရီစနစ်ကို မီခဲ့ပါသည်။ ဆေးပညာမှန်းပြီး ဘိုင်အိုဘာသာရပ်ခွဲများတွင် စမ်းပြီး တက်ရောက်ခဲ့ပါသည်။ ဘိုင်အိုထိုင်ငိုဆိုသော အသံများလည်းကြားရ၊ ခုနစ်နှစ်တာခရီးအတွက် ပညာရေး စရိတ်များလည်း ထည့်တွက်မိခြင်းကြောင့် သိပ္ပံစစ်စစ် (Pure Science) ဘက်သို့ ဦးတည်ခဲ့ပါသည်။ ဆရာဒေါက်တာမောင်ဒီ၊ ဆရာဦးကျော်မြင့် တို့၏ ဓာတုဗေဒ၊ ရူပဗေဒသင်ကြားမှုများက ဆွဲဆောင်မှုရှိခဲ့ပါသည်။
ဆရာဦးကျော်မြင့် မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)
ဆရာဦးကျော်မြင့်က အင်္ဂလိပ်လို “To every action, there is always equal and opposite reaction” အစချီသည့် Newton’s Law ကို သင်ပေး ရာ ရူပဗေဒပညာနှင့် စတင်ထိတွေ့ခွင့်ရခဲ့ပါသည်။“You see it is due to gravity the apple falls down to the ground” ဟု သင်ပေးသည့်ဆရာ။ ကျွန်တော်တို့တပည့်များက ပန်းသီးကို ထိုစဉ်ကမမြင်ဖူးသေးကြပါ။ ကျွန်တော်တို့သိသော ထန်းသီးကလည်း မှည့်လျှင် ကြွေမည်သာ၊ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသည့်စကားပုံ ကြားဖူးနေပြီ၊ ကမ္ဘာ့ဆွဲအားကြောင့် မြေခရမည်သာ၊ ကမ္ဘာ့ဆွဲအားမရှိလျှင် ထန်းသီးမှည့်ပြီး ကြွေချိန်တန်လျှင်တောင် ထန်းပင်ခေါင်ဖျား၌ ရှိနေမည်ဖြစ်ကြောင်း၊ ယူရီဂါဂါရင်သည်လည်း ဆွဲအားမဲ့ဝန်းကျင်၌ လေ့ကျင့်ပြီး ဂြိုဟ်တုထဲတွင် လိုက်ပါပျံသန်းနိုင်ပုံများအထိ အတွေးဝင်စဉ်းစားနိုင်ခဲ့ပါသည်။ ရုပ်ရည်ကချောချော၊ ဗန်ကောက်လုံချည် တရွှမ်းရွှမ်းနှင့် သပ်သပ်ရပ်ရပ်ဝတ်ဆင်ပြီး အင်္ဂလိပ်လိုသင်တာတောင် ပေါ့ပေါ့ပါးပါးမို့ ရူပဗေဒကထိက ဆရာဦးကျော်မြင့်ကို အားကျခဲ့ရပါသည်။
နေရောင်ခြည်က လျှပ်စစ်သံလိုက်ရောင်ခြည် ဖြစ်သည်ဆိုသည်ကို လွယ်လွယ်နှင့် မည်ကဲ့သို့သိနိုင် မည်နည်း။ အလင်းရောင်ထဲက အရောင်ခုနစ်မျိုး၏ တစ်ခုစီတစ်ခုစီတွင် စွမ်းအင်ထုပ် (Energy Packets, quanta) များက လှိုင်း (Wave) ကအစ မတူညီကြပါ၊ ထိုတွေ့ရှိချက်များက ဆန်းကြယ်မှုတစ်ခုအဖြစ် သိရုံ သက်သက်မဟုတ်၊ အတွင်းကျကျ နားလည်သည်နှင့် အမျှ Radio, Television နှင့် Worldwide Web စသော ဆက်သွယ်ရေးကွန်ရက်ကြီးအထိ ဖန်တီးနိုင်သည်ကို တွေ့နေရပြီဖြစ်ပါသည်။ ကမ္ဘာ့ကြီးက ရွာကြီးဖြစ်လာခြင်းမှာ ဤလောက ဓာတ်ပညာကြောင့်ပင်။
ဆရာဒေါက်တာချစ်ဆွေ …ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း)
မန္တလေးတက္ကသိုလ် တက္ကသိုလ်ပထမနှစ်စာမေးပွဲ၌ ကျွန်တော်တို့ တပည့်ကျောင်းသားများ သင်္ချာမေးခွန်းနှင့်ပတ်သက်ပြီး လွန်စွာအခက်တွေ့ခဲ့ရပါသည်။ ထိုနေ့ ညနေပိုင်းတွင် ဘိုင်အိုက ထိုင်မငိုရသော်လည်း သင်္ချာအခက်တွေ့သူမအောင်နိုင်တော့ ဘူးဟုခံယူပြီး ထိုင်မငိုတော့ဘဲ နန်းသီတာ အဆိုအက ဖျော်ဖြေရေးပွဲသို့ ချီတက်သွားကြပါသည်။
အခြေအနေကိုသိသည့် ဆရာဒေါက်တာ ချစ်ဆွေက “တပည့်တို့၊ သင်္ချာမေးခွန်းက အတော်ခက်သွားတယ်၊ ဆရာတို့မော်ဒရေးရှင်းထိုင်စဉ်းစားပေးမယ်” ဆိုပြီး အဆောင်နေကျောင်းသားများကို စာမေးပွဲဆက်လက်ဖြေရန် အားပေးခဲ့ပါသည်။ ထိုသတင်းက တစ်မုဟုတ်ချင်း ပျံ့နှံ့သွားခဲ့ပါသည်။ နန်းသီတာ ဖျော်ဖြေရေးပွဲရောက်နေသော ကျောင်းသားများကလည်း အိမ်ပြန်၊ အဆောင်ပြန်ပြီး နောက်နေ့အတွက် ညလုံးပေါက် စာကျက်ကြတော့သည်။ ဆရာက ကျောင်းသားများ၏ သောကကို အထိုက်အလျောက် ဖြေပေးခဲ့ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
