Skip to main content

တစ်မျိုးသားလုံးကျန်းမာရေး တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ပေး

နေနေနိုင်ရည်၊ မိုးမိုးသန်း(တိုင်းရင်းဆေးပညာဦးစီးဌာန)

မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို ၂၀၀၀ ပြည့်နှစ်မှစတင်ပြီး နိုင်ငံတော်အဆင့် နှစ်စဉ်မပျက် အောင်မြင်စွာကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၂၄) ကြိမ်မြောက် ကျင်းပနိုင်တော့မည်ဖြစ်ပါသည်။ ယခုကဲ့သို့ အောင်မြင်စွာကျင်းပနိုင်ခြင်းမှာ နိုင်ငံတော်အစိုးရ၏ အားပေးချီးမြှောက်မှုနှင့်အတူ တိုင်းရင်းဆေး သမားတော်ကြီးများအားလုံး၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကြောင့်လည်း ဖြစ်ပါသည်။

ပြည်သူလူထု၏ ကျန်းမာရေးကို တိုင်းရင်းဆေးပညာဖြင့် အထောက်အကူပြုနိုင်ရန် အလွှာစုံမှပညာရှင်များပါဝင်သော (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)တွင် ကျင်းပသွားမည်ဖြစ်ပါသည်။

ထိုကဲ့သို့ မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံကျင်းပရာတွင် တိုင်းရင်းဆေးသမားတော် များသာမက နှီးနွှယ်ပညာရှင်များပါပါဝင်ပြီး အတွေ့အကြုံ၊ အတွေးအမြင်များကို ဖလှယ်ကြခြင်း ဖြင့် မြန်မာ့တိုင်းရင်းဆေးပညာအဆင့်အတန်း ပိုမိုမြင့်မားစေရန် အထောက်အကူကောင်းများလည်း ရရှိနိုင်ကြမည်ဖြစ်ပါသည်။ ယနေ့ခေတ်ကာလသည် မြန်မာ့တိုင်းရင်းဆေးပညာကို နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုနှင့်အတူ တိုင်းရင်းဆေးသမားတော်ကြီးများ၏ ဂိုဏ်းဂဏစိတ်ထားကင်းရှင်းစွာ တိုင်းရင်းဆေးပညာအကျိုး ရှေးရှုကြိုးပမ်းဆောင်ရွက်မှုနှင့် ပြည်သူများ၏ မြန်မာ့တိုင်းရင်းဆေးအပေါ် ယုံကြည်ကိုးစားအားပေးမှုတို့ အပြန်အလှန်ပေါင်းစည်းအကျိုးပြုလျက် မြန်မာ့တိုင်းရင်းဆေးပညာ ထွန်းတောက်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းသွားနိုင်မည့် အခြေအနေကောင်းများရှိနေပြီဖြစ်ပါသည်။

တိုင်းရင်းဆေးဆရာကြီးများ၏ အရည်အသွေးကို ပိုမိုလက်ခံလာကြ

ပြည်သူလူထုအများစုက မိမိတို့၏ ကျန်းမာရေးအတွက် မြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဝါးများကို အလေးထားအားကိုးအားထားပြုနေကြချိန် ဖြစ်ပါသည်။ အထူးသဖြင့် စနစ်တကျသင်ယူကာ အတွေ့အကြုံများ၍ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သော တိုင်းရင်းဆေးဆရာကြီးများ၏ အရည်အသွေးကို ပိုမိုလက်ခံလာကြပြီဖြစ်ပါသည်။ ဤကဲ့သို့အခြေအနေတွင် မြန်မာ့တိုင်းရင်းဆေး ဆရာကြီးများဘက်က မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှုကို ပို၍ပို၍ကောင်းမွန်အောင် လုပ်ဆောင်ကြ ပြီး မိမိတို့၏ အရည်အသွေးနှင့် ဂုဏ်သိက္ခာကို ပိုမိုတိုးတက်သထက်တိုးတက်အောင် ကြံဆောင်နေကြသည်မှာလည်း ဂုဏ်ယူဖွယ်ဖြစ်ပါသည်။

ထို့ပြင် မြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဝါးများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပေးနိုင်သည့် နှီးနွှယ်ပညာရှင်များ၊ ဆေးဝါးဗေဒ၊ ဓာတုဗေဒ၊ ရုက္ခဗေဒ၊ ဇီဝဓာတုဗေဒ အစရှိသော ကျွမ်းကျင်မှုဆိုင်ရာပညာရှင်များနှင့်လည်း ပူးပေါင်းဆောင်ရွက်နေကြချိန်ဖြစ်ပါသည်။ ဤကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို စည်းလုံး ညီညွတ်စွာ ကျင်းပမည်ဖြစ်ပါသည်။

(၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များမှာ မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ရောဂါရှာဖွေကုသမှု နည်းစနစ်များ ပိုမိုတိုးတက်ကောင်းမွန်လာနိုင်စေရန်၊ ပြည်သူလူထုအနေဖြင့် ပတ်ဝန်းကျင်ရှိ အပင်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ၏ ဆေးဖက်ဝင်ပုံကို သိရှိနိုင်စေရန်၊ တိုင်းရင်းဆေးပညာဖြင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန်၊ ရိုးရာတိုင်းရင်းဆေးပညာ နည်းစနစ်များကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင် နိုင်ရန်တို့ဖြစ်ပါသည်။

(၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲတွင် ညီလာခံ၏ အဓိကအသက်သွေးကြောလုပ်ငန်းဖြစ်သည့် တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောအချက်များကို အဆိုပြုတင်သွင်း ဆွေးနွေးကြမည်ဖြစ်ပါသည်။ ထိုအဆိုပြုချက်များသည် တိုင်းရင်းဆေးလောကနှင့် တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူဖြစ်စေမည့် အရေးကြီးသော အဆိုပြုချက်များဖြစ်မည်ဟု ယုံကြည်ပါသည်။

ယင်းတို့ကိုဖော်ပြရလျှင် မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ရောဂါရှာဖွေကုသမှုနည်းစနစ်များ၊ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် ပညာရပ်ဆိုင်ရာလက်တွေ့သင်တန်းများ၊ ဆွေးနွေးပွဲများ တိုးမြှင့်ဆောင်ရွက်ရန်၊ မိမိတို့ပတ်ဝန်းကျင်ရှိအပင်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ၏ ဆေးဖက်ဝင် ပုံများကို သိရှိနားလည်စေရန်နှင့် မိသားစုကျန်းမာရေးကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် တိုင်းရင်းဆေးအသိပညာပေးခြင်းကို ဆောင်ရွက်ရန်၊ ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များတွင် တိုင်းရင်းဆေးပညာ၏ အခန်းကဏ္ဍ ပိုမိုမြှင့်တင်နိုင်ရေ ကြိုးပမ်းဆောင်ရွက်ရန်၊ ကျမ်းဂန်လာတိုင်းရင်းဆေးဖုံများ၏ ရောဂါကုသရာတွင် ထိရောက်မှုကို သိပ္ပံနည်းကျဖော်ထုတ်ဆောင်ရွက်ရန်၊ မူပိုင်ခွင့်ရရှိနိုင်ရေး ဆောင်ရွက်ရန်တို့နှင့်ပတ်သက်၍ အဆိုပြုချက်များ တင်သွင်းခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်ကြမည် ဖြစ်ပါသည်။

လက်ဆင့်ကမ်းအမွေအနှစ်များထားနိုင်ရန် ပူးပေါင်းပါဝင်သွားကြမည်

နှီးနှောဖလှယ်ပွဲနေ့တွင် ရိုးရာတိုင်းရင်းဆေးကုထုံးနည်းစနစ်များနှင့် ဆေးဝါးများအား လက်တွေ့အသုံးချနိုင်ရေးအတွက် စနစ်တကျ ပြန်လည်ဖော်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကျင်းပမည်ဖြစ်ရာ မြန်မာ့တိုင်းရင်းဆေး သမားတော်ကြီးများက စေတနာ၊ ပညာ၊ ဝါယမ အားစိုက်မှုများဖြင့် နှီးနှောဆွေးနွေးကြပြီး မျိုးဆက်သစ်လူငယ်များ အတွက် လက်ဆင့်ကမ်းအမွေအနှစ်များထားနိုင်ရန် ပူးပေါင်းပါဝင်သွားကြမည်ဖြစ်ပါသည်။ ထို့ပြင်ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာန၏ ဆောင်ရွက်ချက်ပြခန်းနှင့် မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများ၏ တိုင်းရင်းဆေးဝါးပြခန်းများကိုလည်း ခမ်းနားစွာစိတ်ဝင်စားဖွယ် ပြသထားမည်ဖြစ်ပါသည်။

(၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမား တော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကြီးသည် ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဆက်စပ်နေသည့် ဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုများကြောင့် အောင်မြင်စွာကျင်းပနိုင်မည့် နိုင်ငံတော်အဆင့် ညီလာခံကြီးပင် ဖြစ်ပါသည်။ (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲသို့ မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးပညာ အကြံပေးအဖွဲ့ဝင်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းဆေးညီလာခံ ကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပမှ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် နှီးနွှယ်ပညာရှင်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးကြမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကျင်းပရာတွင် မြန်မာ့ တိုင်းရင်းဆေးပညာလောက၏ အသွင်သဏ္ဌာန်နှင့် အနှစ်သာရများ ဖွံ့ဖြိုးတိုးတက်လာစေရန် မြန်မာ့ တိုင်းရင်းဆေးပညာရှင်များနှင့် သက်ဆိုင်ရာကဏ္ဍ အသီးသီးမှပညာရှင်များက ပူးပေါင်းပါဝင် ဆောင်ရွက်ကြသောကြောင့် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကြီးသည် မြန်မာ့တိုင်းရင်း ဆေးသမားတော်များ၏ စည်းလုံးညီညွတ်မှုကိုပြသသည့် ပြယုဂ်တစ်ခုဖြစ်သည်နှင့်အညီ တိုင်းရင်းဆေးလောက ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံသစ်ဉာဏ်သစ်များ၊ အတွေးအခေါ်သစ်များ ဖော်ဆောင်ပေးမည့် ညီလာခံတစ်ရပ်အဖြစ် မြင်တွေ့ရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက် ရပါသည်။ ။