Skip to main content

နိုင်ငံ့စီးပွားမြှင့်တင်မှု သမဝါယမအစပြု

စွမ်းမြင့်မိုရ် (စေရာ)

၁၉၀၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတင်ပေါ်ပေါက်ခဲ့သည့် သမဝါယမလုပ်ငန်းစနစ်သည် ယခုအခါ သမဝါယမဦးစီးဌာန၏ ဦးဆောင်မှုအောက်တွင် (၁၂၁)နှစ်မြောက် အထိမ်းအမှတ်သို့ ဂုဏ်ယူဝင့်ကြွားစွာ ရောက်ရှိခဲ့ပြီဖြစ်သည်။ မြန်မာအဘိဓာန် အရ “ အများစုပေါင်း၍ လုပ်ကိုင်ကာ တရားသဖြင့်ရသည့် အကျိုးအမြတ်ကို မျှတစွာခံစားသည့် လုပ်ငန်း” ဟု အဓိပ္ပာယ်ဖွင့်ဆိုသော ဤလုပ်ငန်းစဉ်သည် နှစ်ပေါင်း ၁၀၀ ကျော်ကြာတိုင်းပြည်၏ စီးပွားရေးအခြေခံကို ခိုင်မာအောင် အားဖြည့်ပေးခဲ့ သည်။ သမဝါယမ၏ အနှစ်သာရကို F.W Raiffeisen က “အများအကျိုးကို တစ်ဦးစီကဆောင်ရွက်၍ တစ်ဦးစီအတွက် အများကဆောင်ရွက်သည်”(One for all – All for One) ဟူသော ဆောင်ပုဒ်ဖြင့် တန်ဖိုးထားဖော်ညွှန်းခဲ့သကဲ့သို့ ကျွန်ုပ်တို့နိုင်ငံ၏ သမဝါယမဦးစီးဌာနသည်လည်း ထိုမူအတိုင်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

သမဝါယမ၏ ခိုင်မာသောမူဘောင်နှင့် ဒီမိုကရေစီကျင့်စဉ်

သမဝါယမဟူသည် လုပ်ငန်းတစ်ခုခုကို လူအများစုပေါင်းဆောင်ရွက်ရာ၌ ပါဝင်သူတိုင်းသည် ရေသာခိုလှေကြုံမလိုက်ဘဲ မိမိ၏ကာယ၊ ဉာဏလုပ်အားများကို ညီတူညီမျှ ပူးပေါင်း ဆောင်ရွက်ခြင်းကို ဆိုလိုသည်။ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် သမဝါယမအသင်းဥပဒေသည် ကမ္ဘာ့သမဝါယမများ နှင့် ရင်ပေါင်တန်းနိုင်ရန် ဈေးကွက်စီးပွားရေးစနစ် နှင့် လိုက်လျောညီထွေရှိခဲ့ပြီး အသင်း၏လုပ်ငန်းများကိုလည်း အများ၏ဆန္ဒဖြင့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်ပေးထားသည်။

ထို့အပြင် သမဝါယမအသင်း၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းသည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးဖြစ်ပြီး ကိစ္စအဝဝကို အပြီးသတ်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

အသင်းပိုင်ရင်းနှီးပစ္စည်းများသည် ပြည်သူပိုင်၊ အစိုးရပိုင်မဟုတ်တော့ဘဲ ယင်းအသင်းတို့တွင် ပါဝင်နေသူများသာ ပိုင်ဆိုင်သည်။

သမဝါယမကျင့်ဝတ် လေးရပ်ဖြစ်သော ရိုးသားခြင်း၊ ပွင့်လင်းခြင်း၊ လူမှုရေး စိတ်ဓာတ်ရှိခြင်းနှင့် အများအကျိုးကို အလေးထားခြင်းဟူသော မူဘောင်တို့ သည် ICA အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်၏ စည်းမျဉ်းများနှင့် ကိုက်ညီနေသည်။

ဤသို့ဖြင့် သမဝါယမအသင်းသည် တန်းတူညီမျှမှုနှင့် သာတူညီမျှမှုကို ရှေ့တန်းတင်ထားသော၊ အများဆန္ဒဖြင့် စီမံခန့်ခွဲသည့် ဒီမိုကရေစီစံနှုန်းများ ဖြင့် ကိုက်ညီသည့် အဖွဲ့အစည်းဖြစ်ကြောင်း သက်သေပြလျက်ရှိသည်။

ထို့အပြင် သမဝါယမဦးစီးဌာနသည် ဤမူများအတိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမှုလျှော့ချရေးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကပင်မကျောရိုးသဖွယ် စုပေါင်းလုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ၊ အများဆန္ဒဖြင့် စီမံခန့်ခွဲသည့် ဒီမိုကရေစီကျင့်စဉ်များကို တိုးပွားရရှိစေရန် ဦးဆောင်နေပါသည်။

လက်ရှိလုပ်ငန်းများမှ စီးပွားရေးခွန်အားဖော်ဆောင်ခြင်း

သမဝါယမဦးစီးဌာနသည် နိုင်ငံ့စီးပွားရေးနှင့် လူမှုရေးအဆင့်အတန်းမြင့်မားစေရန် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် ထိရောက်သော ရည်မှန်းချက် မစ်ရှင်၊ မူဝါဒနှင့် လုပ်ငန်းအစီအစဉ် (၉)ရပ်ကို ချမှတ်လုပ်ဆောင် လျက်ရှိသည်။

သမဝါယမလုပ်ငန်းများ၏ လက်ရှိ အဓိက ဦးတည်ချက်များမှာမူ -

(၁) စိုက်ပျိုးရေးနှင့် မွေးမြူရေးအားပေးမြှင့်တင်ခြင်း

သမဝါယမအသင်းများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကအားထားရန် လိုအပ်ကြောင်း ဌာနက ညွှန်ကြားထားသည်။ ဤလုပ်ငန်းများဖြင့် တစ်ဦးချင်းဝင်ငွေ တိုးတက်စေ ရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားအဆင့်အတန်းမြှင့်တင်ရန်အတွက် အထောက်အပံ့ များ ပေးလျက်ရှိသည်။

(၂) ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက်ဆောင်ရွက်ခြင်း

ပြည်တွင်းစားသုံးဆီ ဖူလုံစေရန်အတွက် ဆီစက်များကို စွမ်းအားပြည့်လည်ပတ်နိုင်စေရန်၊ ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူနိုင်ရန်နှင့် ဆီဈေးကွက်ချိတ်ဆက်မှုများ ကျယ်ပြန့်စေရန် ဖော်ဆောင်လျက်ရှိသည်။

(၃) “ဒေသတစ်ခု ထုတ်ကုန်တစ်ခု” စီမံချက်နှင့် သမဝါယမဆိုင်များတိုးချဲ့ခြင်း

“One Region One Product ” ဒေသတစ်ခု ထုတ်ကုန်တစ်ခုစီမံချက်ကို အကောင်အထည်ဖော် ခြင်းနှင့် သမဝါယမဆိုင်များ တိုးချဲ့လုပ်ကိုင်ခြင်းဖြင့် အသင်းများအကြား ကျယ်ပြန့်သောချိတ်ဆက်မှု များရှိစေရန် တိုက်တွန်းလျက်ရှိသည်။

(၄) ကျေးလက်ဒေသများ၏ စီးပွားရေးမြှင့်တင်ခြင်း

အမျိုးသားစီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေဖြင့် ကျေးရွာစိမ်းလန်းစိုပြည်ရေးစီမံကိန်းကို ဘဏ္ဍာရေးစည်းမျဉ်း၊ မူဝါဒများနှင့်အညီ အောင်မြင် အောင် ဆောင်ရွက်ရန် တိုက်တွန်းပြီး ကျေးလက် ပြည်သူတို့၏ လူမှုစီးပွားဘဝတိုးတက်လာစေရန်အတွက် သမဝါယမလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေသည်။

ဤသို့ဖြင့် ကျေးလက်ဗဟိုပြု ဖွဲ့စည်းတည်ရှိနေသော သမဝါယမအသင်းများကြောင့် အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနေသကဲ့သို့ နိုင်ငံတော်၏ ဆင်းရဲမှုလျှော့ချရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကပင်မကျောရိုး သဖွယ် ဆက်လက်ထောက်ပံ့ ဆောင်ရွက်လျက်ရှိ သည်။

အချုပ်ဆိုရသော် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်မည့် သမဝါယမဦးစီး ဌာန၏ (၁၂၁)နှစ်မြောက် နှစ်ပတ်လည်နေ့သည် ဤဌာန၏ တိုင်းပြည်အပေါ် ပေးဆပ်ခဲ့မှုများ၊ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ လိုက်လျော ညီထွေရှိနေသည့် လက်ရှိလုပ်ငန်းအစီအစဉ်များ၏ စွမ်းအားကိုပါ ဖော်ညွှန်းနေသည်။ လူမှုစီးပွားမြင့်မား လာစေရန် ဦးစီးဌာနဝန်ထမ်းများနှင့် အသင်းအမှုဆောင်များက စွမ်းအားရှိသမျှ အင်အားစိုက်ထည့်၍ ပူးပေါင်းမှုစွမ်းအားဖြင့် စီးပွားရေးလုပ်ငန်းများကို အလေးထား လုပ်ကိုင်ဆောင်ရွက်ကာ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ ဒုတိယမဏ္ဍိုင်မှရပ်တည်ကာ မြှင့်တင်ဆောင်ရွက်နေကြ သည်။ သမဝါယမအပေါ် ကဲ့ရဲ့မှုအဖုံဖုံ၊ ဝေဖန်မှု အနန္တ၊ ပြစ်တင်မှုအမျိုးမျိုးတို့ဖြင့် အထင်အမြင် လွဲမှားနေကြသော်လည်း သမဝါယမသည် တိုင်းပြည်နှင့် ပြည်သူတို့၏ လူမှုစီးပွားရေးတိုးတက်မှုခရီးစဉ်တွင် လမ်းညွှန်ဖော်ဆောင်လျက် တောက်ပနေမည်ပင်ဖြစ်ပေသည်။ ။

ကျမ်းကိုး

သမဝါယမအသင်းဥပဒေ ( ၂၂-၁၂-၁၉၉၂)နှင့် သက်ဆိုင်ရာနည်းဥပဒေများ၊

သမဝါယမဦးစီးဌာန၏ လက်ရှိလုပ်ငန်း ဆောင်ရွက်မှုနှင့် ဦးတည်ချက်ဆိုင်ရာ သတင်း ထုတ်ပြန်ချက်များ (၂၀၂၅)၊

ဦးလှမောင်(သမဝါယမနိဒါန်း-၁၉၈၁)၊

သမဝါယမဦးစီးဌာန အသင်းဖွဲ့စည်းမှုနှင့် စာရင်းအင်းဆိုင်ရာမှတ်တမ်းများ (၃၀-၆-၂၀၂၀ ရက်ထိ)၊

ICA ( International Co-operative Alliance)နှင့် F.W Raiffeisen ၏ သမဝါယမမူများ၊