Skip to main content

ရောင်စုံပန်းတွေ ဖူးပွင့်တော့မည့် ပြည်ထောင်စုသွေးချင်းတို့မြေ တို့မျှော်နေ …

ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)

သမိုင်းကိုပြန်ကြည့်လျှင် ကိုယ့်ထီးကိုယ့်နန်း ကိုယ်ကြငှန်းနှင့် တိုင်းရင်းသားသွေးချင်းတို့ မြေသည် သာယာဝပြောစည်ကားခဲ့သည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်နှင့်ရှမ်းတို့သည် မျိုးနွယ်စုကြီးများအဖြစ် ရှေးနှစ်ပရိစ္ဆေဒများစွာကတည်းက အေးအတူပူအမျှ ဤမြေတွင် အတူတကွနေလာခဲ့ပြီးသံယောဇဉ်က ကြီးမားခဲ့သည်။ မြန်မာတို့သည် မြင့်မား‌သည့် တောင်တန်းကြီးများနှင့် ဤတောင်တန်းများအကြား တသွင်သွင် စီးဆင်းနေသည့် ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ချင်းတွင်းမြစ်တို့ကို အကြောင်းပြုပြီး တိုင်းရင်းသား အပေါင်း စုစည်းနေထိုင်ခဲ့ကြသည်။

ကုန်းဘောင်ခေတ်နှောင်းပိုင်း ၁၉ ရာစု ကုန်ခါနီးတွင် မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ရသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် နေ့အထိ တိုင်းတစ်ပါးလက်အောက်တွင် မြန်မာဆိုသည့် တိုင်းရင်းသားသွေးချင်းအပေါင်းသည် လမ်းပျောက်ခဲ့ရသည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း ထင်သလောက်ခရီးမပေါက်။ လွတ်လပ်ရေး၏ အသီးအပွင့်ကို မခံစားရ၊ ရေမြေ တောတောင်၊ သယံဇာတ၊ သဘာဝအရင်းအမြစ် ပေါကြွယ်ဝမှုကိုပင် လက်ဆုပ်လက်ကိုင်ပြု၍ ထူးထူးခြားခြား၊ စွန့်စွန့်စားစားနှင့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကို အကောင်အထည်ဖော်ဖို့ ဖင့်နွှဲခဲ့ရသည်။

ကိုယ့်တိုင်းကိုယ့်ပြည် ကိုယ့်ညီအစ်ကိုများ၏ ကိစ္စမတွေးနိုင်လောက်အောင် အိုးအိမ်စည်းစိမ်များ ပျက်ပြားခဲ့ရသည်။ လက်နက်စွဲကိုင်သော တော်လှန်လှုပ်ရှားမှုကြောင့် သယံဇာတ၊ လမ်းတံတားတို့ဆုံးရှုံး၊ နိုင်ငံမတည်ငြိမ် တိုင်းပြည်အထနှေးခဲ့သည်။ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ စီမံအုပ်ချုပ်ရေးချည့်နဲ့ခဲ့ရသည်။ ရံဖန်ရံခါဆိုသလို ပြည်ထောင်စုကြီး ပြိုကွဲရေးဆီသို့ တွန်းပို့သော ခြိမ်းခြောက်မှုများ ကြုံခဲ့ရသည်။ ပြည်ပလွှမ်းမိုးမှု၊ နိုင်ငံရေးအစွန်းရောက် လက်ဝဲလက်ယာဝါဒီများနှင့် “တောမီးလောင် တောကြောင်လက်ခမောင်းခတ်” မသမာသူများ၏ ကိုယ်ကျိုးရှာမှုများကြောင့် ပေါ်ပေါက်လာခဲ့သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများသည် ဆယ်စုနှစ်များစွာကြာခဲ့ပြီ၊ မပြီးနိုင်၊ မစီးနိုင်၊ အဖြေမထွက်နိုင်။ ယနေ့တိုင် အပြီးမသတ်နိုင်သေးသည့်အတွက် ပြည်တွင်းပဋိပက္ခ အရှည်ကြာဆုံးနိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် မျက်နှာငယ်ရသည်။

နိုင်ငံတည်ငြိမ်အေးချမ်းသာယာဝပြောနိုင်ဖို့ ကိုယ့်အားကိုယ်ကိုးကြရမည်။ တိုင်းရင်းသား အပေါင်းက တညီတညွတ်တည်း ကိုယ်ထူကိုယ်ထပြုကြ၊ ရေရှည်အကျိုးကိုမျှော်ကိုးပြီး ပြည်ထောင်စု၏အနာဂတ်ခရီးကို ကိုယ့်အားကိုယ်ကိုး လျှောက်ကြရပါမည်။

အတ္တာဟိ အတ္တနောနာထော

အရှေ့ - အနောက်နိုင်ငံရေး အယူဝါဒများကို အလွန်အမင်း မတွယ်တာလေနှင့်၊ ကိုယ်ပိုင် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများက ဟောင်းနွမ်းနေပြီ၊ ခေတ်မမီတော့ဟူ၍လည်း ယုံမှားသံသယမရှိလေနှင့်၊ ကိုယ့်စာပေကိုယ်တေးဂီတ သုခုမအနုပညာများက ‘မတိုး’ တော့ပြီဟူ၍လည်း မထင်လေနှင့်၊ အတိတ်က ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်းခဲ့သည့် ဘဝကိုလည်း မလွမ်းလေနှင့်၊ အဋ္ဌာရသ တစ်ဆယ့်ရှစ်ရပ်ဖြင့် လုံလောက်ပြီဟုလည်း မတွက်လေနှင့်၊ ဒီမိုကရေစီဆိုတိုင်း ရောဂါမှန်သမျှကုသနိုင်သည့် ဆေးကျမ်းဟု မဆိုနိုင်။

ကမ္ဘာ့နိုင်ငံအချို့သည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အမျိုးမျိုးသော အခက်အခဲအကျပ်အတည်းကြားမှ တည်ဆောက်ကြရသည်။ ပညာတတ်၊ အရည်အချင်းပြည့်ဝသူ ဗလငါးတန် ပြည့်ဝသူတို့ကသာ တိုင်းပြည်အပြောင်းအလဲကို ပြုလုပ်နိုင်လိမ့်မည်။ ရုပ်ပိုင်း၊ စိတ်ပိုင်းနှစ်ရပ် ဖွံ့ဖြိုးရေးတွင် ပညာရေးက အခြေခံဖြစ်သည်။ ပညာဉာဏ်မရှိပါက စိတ်ပိုင်းဆိုင်ရာပြုပြင်ရန်ခက်ခဲပြီး အတတ်ပညာမဲ့လျှင် ဘဝရပ်တည်ရေးခက်လှသည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းသာယာဝပြောရေး ခက်နေပါလိမ့်မည်။

ပြည်သူတစ်ဦးချင်း တစ်ယောက်ချင်းမှသည် အဖွဲ့အစည်းတိုင်းက မိမိတို့၏ ပညာ၊ စွမ်းအားများဖြင့်နိုင်ငံ၏ သယံဇာတကြွယ်ဝမှုကို အဖိုးတန်စွာ အသုံးချနိုင်ကြရမည်။ လက်နက်ခဲယမ်းများအစားတူတံစဉ်များကိုင်၊ လယ်ထွန်စက်ကို မောင်း၊ တောင်လိုပုံနေသည့် စပါးများကို ခေတ်မီဆန်ကြိတ် စက်သို့ပို့၊ ဆီစက်များကို လျှပ်စစ်နှင့် မောင်းနိုင်ခဲ့လျှင် ဆီဖြင့်ရေချိုးနိုင်ပါမည်။ မိမိတို့ တိုင်းရင်းသားလယ်သမားကြီးများ၊ ပြည်သူများအားလုံး ကြွယ်ဝချမ်းသာပြီး အေးချမ်းပျော်ရွှင်သောဘဝများ ပိုင်ဆိုင်နိုင်ပါလိမ့်မည်။

နိုင်ငံသားတိုင်း၏ တာဝန်

တိုင်းရင်းသားသွေးချင်းအပေါင်းသည် လွတ်လပ်သောမြန်မာနိုင်ငံကို အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပျက်စီးနေသော ဒုက္ခသည်နိုင်ငံအဖြစ်မလိုလား၊ ပြည်သူတစ်ရပ်လုံး လူတန်းစားအလွှာ အသီးသီး၏ ကောင်းကျိုးအဖုံဖုံကိုရှေးရှုကာ ကိုယ်စိတ်နှစ်ပါး အေးချမ်းသောဘဝကို လိုလားကြသည်သာဖြစ်သည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို လိုလားကြသည်သာဖြစ်သည်။ နိုင်ငံသားတိုင်း၏ တာဝန်လည်းဖြစ်သည်။ အရေးသုံးပါးတစ်ခုချင်းစီက တစ်ခုကိုတစ်ခု အထောက်အပံ့ဖြစ်စေသည့် မဏ္ဍိုင်ကြီးများဖြစ်သည်။ အလွန်ကိုခိုင်ခံ့နေရမည့် မဏ္ဍိုင်များဖြစ်ကြောင်း ပေါ်လွင်သည်။ ထို့ကြောင့် မမေ့မလျော့သတိမူကြရမှာဖြစ်သည်။

နှိုင်းယှဉ်ကြည့်စေလို

မြန်မာနိုင်ငံတွင် စည်းလုံးရေးပျက်ပြားမှု၊ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် လက်နက်ကိုင်အကြမ်းဖက်မှုများသည် လွတ်လပ်ရေးရပြီးကတည်းက ဖြစ်ပေါ်ခဲ့ရာ အလွန်ပင်ထူးဆန်း၍ စဉ်းစားစရာ ကြီးဖြစ်နေသည်။ ယနေ့တိုင် အများပြည်သူများသည် အကြမ်းဖက်ခြင်း၊ တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်ခံရခြင်း၊ အပြစ်မဲ့ပြည်သူများ သေကျေ ပျက်စီးခြင်းနှင့် လူငယ်များအတွေးအခေါ်၊ အယူအဆအမှားများဖြင့် လမ်းမှားသို့ရောက်မှန်းမသိ ရောက်ရှိခြင်းစသည့် အနာဂတ်ထိခိုက်စရာများအထိ ဖြစ်ပေါ်လျက်ရှိသည်။ အိမ်နီးနားချင်း ထိုင်းနိုင်ငံ၌ နိုင်ငံရေးမတည်ငြိမ်မှုများရှိခဲ့သော်လည်း စီးပွားမပျက်၊ ပညာရေးမပျက်၊ အလုပ်မပျက်၊ တည်ငြိမ်အေးချမ်းသွားသည်သာ ဖြစ်သည်။ အမေရိကန်နိုင်ငံ၌ ယနေ့အချိန်အခါတွင် တက္ကသိုလ်ကောလိပ်‌ပေါင်း ၃၅၀၀ ကျော်ရှိသည်။ သိပ္ပံနှင့်နည်းပညာသည် ပို၍အခရာကျကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းမှုရှိခြင်းကြောင့် လူအား၊ ငွေအားများ ပုံအောပြီးသုံးနိုင်ကြောင်း တွေ့ရပါသည်။

မြန်မာနိုင်ငံနှင့် အကျယ်အဝန်းအရ၊ လူဦးရေအရ၊ စီးပွားရေးအခြေခံအရတူညီသည့် နိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာနောက်ကျကျန်နေကြောင်း၊ သူသူကိုယ်ကိုယ်လူမှုစီးပွားဘဝ၊ မိသားစုအရေး၊ ပညာရေး၊ စီးပွားရေးမတွေးနိုင်လောက်အောင် ဖြစ်ခဲ့ခြင်းကြောင့် ခေတ်အဆက်ဆက်တွင် အထွေထွေဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးခဲ့ရသည်။ မြန်မာတို့၏ ဘဝနှင့် မြန်မာတို့၏ မဝေးလှသောသမိုင်း၊ လူ့ဘောင်သမိုင်း၏ ပြောင်းလဲမှုဘဝ ကံကြမ္မာကိုဖန်တီးရာ၌ ပဓာနအားဖြင့် ဆောင်ကြဉ်းသူတို့မှာ အသိဉာဏ်ရှိသော လူသားကသာ အဆုံး အဖြတ်ပေးသည်ကို တွေ့ရှိရသည်။

ကြိုတင်ပြင်ဆင် ဆောင်ရွက်

လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် ရွေးကောက်ပွဲအလွန်တွင် ပေါ်ပေါက်လာမည့် အစိုးရအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွား မြှင့်တင်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေသည်။ ယနေ့အချိန်အခါသမယတွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေလိုအပ်သော ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နေသောကာလဖြစ်သည်။

တိုင်းရင်းသားညီနောင်အားလုံး တန်းတူခံစားနိုင်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်း၊ ပြည်ပပြဿနာအရပ်ရပ်ကို ဖြေရှင်းပေးလျက်ရှိသည်။ နှစ်ဆယ်ရာစု မြန်မာ့သမိုင်းတွင် ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် ခါးသီးမုန်းတီးစရာ၊ စည်းလုံးမှုပျက်ပြားစရာဖြစ်သော သမိုင်းအထုပ်ကို မဖြေကြဘဲ ဥမကွဲသိုက်မပျက်မည့် ဖက်ဒရယ် ပြည်ထောင်စုကို တိုင်းရင်းသားများအားလုံးက သံယောဇဉ်ကြိုးများဖြင့် ရှေးရှုတည်ထောင်ဖို့ နိုင်ငံ့ခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များ ဦးဆောင်နေသည်ကို တွေ့မြင်ရသည်။ နိုင်ငံရေးပါတီများလည်းပါသည်။

အထွေထွေရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီများ

စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ်ကို လျှောက်လှမ်းရာတွင် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မိမိဒေသ၊ ရပ်ရွာအတွက် စိတ်ရင်းစေတနာမှန်ကန်၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်နိုင်ရေး ဆောင်ရွက်ပေးနိုင်မည့် တိုင်းရင်းသားများနှင့် ဒေသကိုကိုယ်စားပြုနိုင်သည့် ကိုယ်စားလှယ် အများအပြား ရွေးကောက်ခံစင်မြင့်သို့ ရောက်ရှိလာရန်မှာ အရေးကြီးလှသည်။ ဒီမိုကရေစီကို ကျင့်သုံးကြရာဝယ် စဉ်းစားတွေးခေါ်မြော်မြင်နိုင်သော လူထုလူတန်းစား၊ ပြည်သူ့ဝန်ထမ်းများ၊ နိုင်ငံသားများ၏ ပညာရေး၊ နိုင်ငံရေးအသိအမြင် ကြွယ်ဝမှုအလွန်ပင်လိုအပ်နေသည်ကို တွေ့ရပါလိမ့်မည်။

နိုင်ငံရေးပါတီများအနေဖြင့် အများနှင့်ဆိုင်သော အကောင်းဆုံးစံများကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားကြသည်ကို တွေ့ရသည်၊ ကောင်းခြင်းကြန်အင် လက္ခဏာများကို အများကသိပါစေ၊ မားမားမတ်မတ် ခံ့ခံ့ညားညားရပ်တည်ပါ။ တည်တည်ကြည်ကြည်ပြောဆိုပါ။ ကျွမ်းကျင်အားသန်သည့် အပေါ် ပို၍ကောင်းအောင် လုပ်ဖို့လိုသည်။ အသင်းအဖွဲ့ချဉ်းကပ်နည်းကို သုံးရမည်။ အစုအဖွဲ့ထဲမှ တစ်ဦးချင်းစီ၏ ကျွမ်းကျင်မှုအရည်အသွေး စိတ်ကူးစိတ်သန်းများကို အစည်းအဝေး၌၊ လွှတ်တော်အသီးသီး၌ ယူလာကြလျှင် ကြိုဆိုရမည်၊ အားပေးရမည်။ မှားတာရှိလျှင် ဝိုင်းပြင်ကြရမည်။

အမျိုးသားကောင်းစားရေးအတွက် ပြင်းပြသောစိတ်ဖြင့်ဆောင်ရွက်လျှင် နှစ်အနည်းငယ်အတွင်း အောင်မြင်နိုင်မည်။ စုစုစည်းစည်း၊ တစ်ပေါင်း တစ်စည်းတည်းလုပ်ခြင်းသည် တစ်မျိုးတစ်ဘာသာ တစ်ရွာတစ်ပုဒ်ဆန်း တစ်သီးတခြားလုပ်ခြင်း ထက်အောင်မြင်မှုကိုပို၍ရနိုင်ပါသည်။ ဝါဒပြင်းပြ၊ တစ်ဖက်သတ်အမြင်၊ ခွဲခြားဆက်ဆံသော အမြင်များကို ဖယ်ရှားရပါမည်။ ရှေးရိုးခွဲခြားဆက်ဆံမှု၏ အန္တရာယ်သည် ကြာရှည်လာသည်နှင့်အမျှ ဆင်းရဲ မွဲတေမှု၊ စိတ်မချမ်းမြေ့ဖွယ် စိတ်ဒုက္ခတို့ တွေ့ကြပါလိမ့်မည်။ အသိမှား၍ အလုပ်မှားသည်။ မှားသော အလုပ်က ဆိုးကျိုးတရားသာပေး၏။ မကောင်းသော အကျိုးသည် အကြောင်းမဲ့သက်သက်ဖြစ်သည်မဟုတ်။ အလုပ်မှားခြင်းတည်းဟူသော အကြောင်းကြောင့်ဖြစ်၏။ အကောင်းဆုံးလုပ်ပါ၊ အကောင်းအဆိုး အကြောင်းအကျိုးများက ကိုယ်တိုင်ဖန်တီးခဲ့ခြင်းဖြစ်သည်ကို အကြွင်းမဲ့ယုံကြည်လိုက်ပါ။ ပန်းတိုင်ရောက်ဖို့အတွက် အများနှင့်ဆက်သွယ်ပြီး အလုပ်လုပ်ကြမှဖြစ်မည်။

ဒီမိုကရေစီနှင့် ပြည်ထောင်စုဖက်ဒရယ်စနစ် အမျိုးသားဗိမာန်ကြီး တည်ဆောက်ရေး၌ ခြေလှမ်းမှန်မှန်နှင့် ချီတက်နိုင်ကြပါစေ။ နိုင်ငံသားတိုင်း၏တာဝန်အဖြစ် မမေ့မလျော့သတိမူကြရမည်ဖြစ်ပါသည်။

ပြည်သူတို့၏ တာဝန်

နိုင်ငံတော်၏တာဝန်၊ အမျိုးသားရေးတာဝန်များကို လူကောင်းလူတော်များက ထမ်းဆောင်နိုင်ရန် ပြည်သူများက စိတ်ဝင်တစား စဉ်းစားချင့်ချိန်ရွေးချယ်ကြသည်။ ပုဂ္ဂလိကသော်လည်းကောင်း၊ ပါတီအဖွဲ့အစည်းများမှ တစ်ဆင့်သော်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများမှ တစ်ဆင့် ဝင်ရောက်အရွေးချယ်ခံကြပြီး လွှတ်တော်အသီးသီးသို့ ရောက်လာကြသည်။ နိုင်ငံတော်၏တာဝန်၊ ပြည်သူပြည်သားများ၏တာဝန်ကို ထမ်းဆောင်မည့် ကိုယ်စားလှယ်တော်ကြီးများကို ရွေးချယ်ကြရာ၌ ပြည်သူတို့၏တာဝန်သည် လွန်စွာကြီးမားပါသည်။

နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှု

လူ့အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခု၏ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ တိုးပွားမှု၊ ကျဆင်းမှုတို့သည်လည်း ထိုလူ့အဖွဲ့အစည်း၊ ထိုတိုင်းပြည်မှ ပြည်သူတို့၏ ဉာဏ်၊ ဝီရိယနှင့် စည်းလုံးညီညွတ်မှုပေါ်တွင် ပဓာနအားဖြင့် တည်နေပုံကို လယ်တီဆရာတော်ကြီးက -

“…. တစ်ယောက်၏ ဉာဏ်၊ ဝီရိယသည် အားရှိသလောက် အကျိုးကိုဖြစ်ထွန်းစေနိုင်သည်။ ထို့ထက်နှစ်ယောက်ညီလာသော ဉာဏ်ဝီရိယသည် အားများစွာပါနေသည်။ ထိုထက် သုံးယောက်ညီလာသော ဉာဏ်ဝီရိယ၊ ထိုထက်လေးယောက်၊ ထိုထက် ငါးယောက်၊ တစ်ကျိပ်၊ တစ်ရာ၊ တစ်ထောင်စသည်ဖြင့် အများညီညွတ်သော ဉာဏ်ဝီရိယသည် တိုင်းကိုကြံနိုင်သည်။ ပြည်ကိုကြံနိုင်သည်။ ဤကဲ့သို့သော အရာများမှာကံသည် ပဓာနမဟုတ်၊ အများညီညွတ်သော ဉာဏ်၊ ဝီရိယသည်သာ ပဓာနပေတည်း…” ဟု တွေးမြင်တင်ပြခဲ့သည်။

“နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတစ်ဦးချင်းစီ၏ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်၊ ဗဟုသုတပြည့်ဝစေခြင်းဖြင့် အမျိုးသားပညာရေးကို မြှင့်တင်ပေးရမည်ဖြစ်ပါသည်။ အထူးသဖြင့် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည့် ယနေ့ကာလတွင် တိုင်းရင်းသားပြည်သူများအနေဖြင့် အရာရာကို စဉ်းစားတွေးခေါ်ကာ အမှားအမှန် ကိုခွဲခြားသိရှိပြီးနိုင်ငံနှင့် လူမျိုးအကျိုးသယ်ပိုးဆောင်ရွက်ရန် အရေးကြီးပါသည်” ဆိုသည့် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာပါစကားကို မှတ်သားရသည်။

စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ပညာတတ်များ ပေါကြွယ်ဝရန် လိုအပ်သည်။ လူငယ်တို့ပညာတတ်မှ၊ အရည်အချင်း ပြည့်ဝနေမှသူတို့၏ အနာဂတ်က ရှင်သန်ရပ်တည်နိုင်မည်။ ဘက်စုံအရည်အချင်းများရှိမှ၊ ပညာအမြော်အမြင်ရှိမှ၊ အကျိုးအကြောင်း၊ အကောင်းအဆိုး၊ အမှန်အမှား ခွဲခြားတတ်မှ၊ ဆင်ခြင်တုံတရားရှိမှ၊ သူတို့၏အနာဂတ်က ရှင်သန်မည်၊၊ စိတ်ထားမြင့်မြတ်၊ ထူးချွန်ထက်မြက်ပြီဆိုလျှင် သူတို့၏အနာဂတ်ကို စိတ်အေးချမ်းသာစွာ တည်ဆောက်နိုင်ပါလိမ့်မည်။

မျိုးဆက်သစ်များက ပညာရည်မြင့်မားဖို့ မျက်ခြည်မပြတ်အားထုတ်ကြရမည်။ ပညာသည် နိုင်ငံသားတစ်ဦးချင်းစီအတွက်သာမက နိုင်ငံအတွက်ပါ အရေးပါသောတန်ဖိုးကြီးမားသည့် ဥစ္စာဖြစ်သည်။ ပညာရေးမှရရှိလာသည့် စဉ်းစားဆင်ခြင် သုံးသပ်နိုင်စွမ်းနှင့် ပြဿနာကို ဖြေရှင်းနိုင်စွမ်း တို့သည် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ စီးပွားရေး၊ လူမှုရေး စသည့်နယ်ပယ်ကဏ္ဍအသီးသီးတွင် များစွာအထောက်အကူပြုသောပင်ကို ဉာဏ်ရည်ဉာဏ်သွေးများပင်ဖြစ်သည်။ ပညာရေး သည် လူတစ်ဦး၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည် ဉာဏ်သွေး၊ ပင်ကိုစိတ်ဓာတ်နှင့် စံတန်ဖိုးများကို ဖွံ့ဖြိုးစေသော အခြေခံအင်အားဖြစ်သည်နှင့်အညီ လူတစ်ဦးချင်းစီ၏ဘဝကို တိုးတက်စေနိုင်သည် သာမက နိုင်ငံ၏အနာဂတ်ကို ပုံဖော်ပေးနိုင် သည်။

သင်ယူမှုကို မြတ်နိုးသူ၊ တီထွင်ဖန်တီးနိုင်စွမ်းရှိသူက နိုင်ငံတစ်နိုင်ငံ၏ သန်းပေါင်းများစွာသော လူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကြီးမားစွာ ပြောင်းလဲစေနိုင်သည်ဆိုသည်ကို မြော်မြင်တတ်ရမည်။ မိမိတို့ကူညီနိုင်သည်မှာ မေတ္တာအကြင်နာ၊ ဂရုဏာထားကြဖို့၊ ပွားကြဖို့ဖြစ်သည်။ အားလုံးအတွက် ကောင်းမွန်သည်မို့ မေတ္တာ၊ ကရုဏာ၊ အကြင်နာတရားများများပွားဖို့ကိစ္စသည် ရှေးယခင်ထက်ပို၍ လိုအပ်သည်ကိုတွေ့ရသည်။ သံသရာ တစ်ကွေ့တွင် မိမိတို့တစ်တွေသည် ယခုလိုဆုံတွေ့ ရသည့်ဘဝ၊ အေးအတူပူအမျှ ငြိမ်းငြိမ်းချမ်းချမ်း နေလိုသည့်ဆန္ဒ၊ အမျိုးသားအကျိုးစီးပွား ရှေးရှုသည့်ဝိသေသ၊ နိုင်ငံတကာအလယ်၌ ထည်ထည်ဝါဝါနှင့် နေနိုင်သည့်အခြေအနေကို ချစ်မြတ်နိုးကြရပါမည်။

ပထဝီဝင်အနေအထား သယံဇာတနှင့် ခေတ်ကာလ

နိုင်ငံ၏ တိုင်းရင်းသားအပေါင်းတို့သည် လူဦးရေ သန်းသုံးထောင်ကျော်ရှိ အရှေ့အာရှထဲမှ ၅၃ သန်းသာဖြစ်သည်။ ယှဉ်ပြိုင်ကြိုးပမ်းနေထိုင်ရမည့် ပထဝီဝင်အနေအထားနှင့် ခေတ်ကာလထဲကို ရောက်နေသည်။ နိုင်ငံကြီးနှစ်နိုင်ငံအကြားရှိသဖြင့် အချက်အချာလည်းကျ၊ သယံဇာတလည်းကြွယ်ဝဆိုပြီး ငြိမ်နေရုံဖြင့် ဘာမှဖြစ်မလာနိုင်။ သဘာဝ အရင်းအမြစ်ကိုလည်းအားကိုး၊ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်း၊ လုံ့လဝီရိယလည်းပါ၊ ပညာအမြော်အမြင်နှင့် ပေါင်းစပ်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ နည်းပညာနှင့် တွဲသုံးလိုက်လျှင် ဧကန်မုချဖွံ့ဖြိုး တိုးတက်ချမ်းသာလာမည်။ မြန်မာနိုင်ငံအတွက် လိုအပ်နေသည်မှာ ငြိမ်းချမ်းရေးဖြစ်၍ တွေ့ကြုံခဲ့ရသော အတိတ်နှင့်ပစ္စုပ္ပန်ဖြစ်ရပ်များကို သင်ခန်းစာယူကာ တန်ဖိုးမဖြတ်နိုင်သည့် ငြိမ်းချမ်းရေးအမွေအနှစ်များကို မျိုးဆက်သစ်လူငယ်များထံသို့ လက်ဆင့်ကမ်းအမွေပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်သည်။

ဒီမိုကရေစီကို မှန်မှန်ကန်ကန်ကျင့်သုံးနိုင်ဖို့ လိုအပ်ချက်များရှိနေတတ်ပါသည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဆိုသော်လည်း မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရန်လိုပါမည်၊ ဖက်ဒရယ်စနစ်၌ ကွဲပြားခြားနားမှုများရှိသော်လည်း မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကျင့်သုံးနိုင်ရန် လိုပါလိမ့်မည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်

တိုင်းရင်းသားညီနောင်အားလုံး တန်းတူဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရန်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည်။ သဟဇာတ၊ သမာသမတ် ဖေးမကူညီရိုင်းပင်းသည့် ဖက်ဒရယ်ကို တည်ဆောက်ရာတွင် ထိပ်တိုက်ရင်ဆိုင်ယှဉ်ပြိုင်မှုများ ရှောင်ရလိမ့်မည်။ နှလုံးသားနှင့် ဉာဏ်အမြော်အမြင်ကို အခြေခံသည့် ပူးပေါင်းဆောင်ရွက်မှုကို ကျင့်သုံးရလိမ့်မည်။ စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလမ်းကြောင်းသာ မြန်မာတိုင်းရင်းသားလူမျိုးရှစ်မျိုး၊ မျိုးနွယ်စုပေါင်း ၁၃၅ စုအတွက် တောင်ပေါ် မြေပြန့်မကွဲမပြားမခြားနားဘဲ ငြိမ်းချမ်းသာယာစေမည်၊ စည်ပင်ဝပြောမည်၊ ဖွံ့ဖြိုးတိုးတက်စေမည်။ သူသူကိုယ်ကိုယ် အတိတ်သမိုင်းကြောင်းက အမှားများကို သင်ပုန်းချေနိုင်လိမ့်မည်။

နိုင်ငံသည် စည်းလုံးညီညွတ်မှုရှိရပါမည်။ စည်းလုံးညီညွတ်မှုမရှိဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ခက်သည်။ တင်းမာမှုနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဝင်မှုများက ပို၍ဆိုးဖွယ်ရာသာဖြစ်လိမ့်မည်။ အထူးအဖြင့် စိတ်ပိုင်းဆိုင်ရာ တစ်ဦးကိုတစ်ဦး ခွင့်မလွှတ်နိုင်ခြင်း၊ အမုန်းတရားနှင့် အကြမ်းဖက်လက်စား ချေလိုခြင်း၊ စစ်မက်ဖြစ်လိုခြင်းတို့သည် လူလောကကြီးကို ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေသည်။ ကျွန်တော်တို့အတူတကွ လက်တွဲညီညာ စည်းစည်းလုံးလုံးဖွံ့ဖြိုးဖို့၊ အေးအတူပူအမျှ အတူတကွ လူလောကကို ဖြတ်သန်းကြသည့်အခါ အငြိုးအတေး၊ ရန်ငြိုးကင်းဖို့၊ စစ်မက်ကင်းဖို့ ဘေးဒုက္ခ များနှင့် မကြုံကြိုက်ဖို့ ကြိုတင်တွက်ဆနိုင်သော အသိဉာဏ်သည် အလိုအပ်ဆုံးဖြစ်သည်။

မြန်မာဝေါဟာရများအရ ဒီမိုကရေစီ (Democracy)၊ လွတ်လပ်မှု (Freedom)၊ လွတ်လပ် ရေး(Independence)၊ လွတ်မြောက်မှု (Liberation)၊ လူ့အခွင့်အရေး (Human Rights)၊ အတိုက်အခံပါတီ (Opposition Party)၊ ပြည်သူ့ဝန်ထမ်း (Public Servant)၊ အစိုးရဝန်ထမ်း (Government Servant)၊ အစိုးရမဟုတ်သောအဖွဲ့အစည်း (Non- Government-Organization) စသည်တို့၏ ဆိုလို ရင်းအဓိပ္ပာယ်များကို နားလည်ကြသော်လည်း သာမန်မြန်မာလူထုထဲတွင် ရှုပ်ထွေးနေတတ်ပါသည်။ ထို့ကြောင့် ဒီမိုကရေစီကို ကျင့်သုံးကြသော်လည်း အကျိုးဆက်ရလဒ်မှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံမတူသည်ကိုတွေ့ရပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရ (The Government of the Republic of the Union of Myanmar)၊ ဥရောပသမဂ္ဂ (European Union) ဆိုသည့် ဝေါဟာရတို့သည် အပေါင်းလက္ခဏာများ ဆောင်ရွက်နိုင်ဖို့ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည်။

အစိုးရတစ်ရပ် ဆိုသည်

လွတ်လပ်ရေးရပြီးကာလနောက်ပိုင်း နှစ်ဆယ်ရာစုကုန်ဆုံးသည့် ကာလများတိုင် ပါလီမန်ဒီမိုကရေစီ၊ ဆိုရှယ်လစ်ဒီမိုကရေစီစနစ်များကို ဖော်ဆောင်နိုင်သည့် ဖွဲ့စည်းပုံများဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ဖွံ့ဖြိုးသည်ထက်ဖွံ့ဖြိုးရန် ဆောင်ရွက်ခဲ့သည့်ကာလကို တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ကြုံခဲ့ကြသည်။ အစိုးရတစ်ရပ်ဆိုသည်မှာ ကာလအပိုင်းအခြားတစ်ခုအတွင်း၌ နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းရေးကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးရသည့် နိုင်ငံတော်အဖွဲ့အစည်း တစ်ခုဖြစ်ရာမည်သည့်အစိုးရ၊ မည်သည့်စနစ်ဖြင့် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်သည်ဖြစ်စေ၊ အရေးကြီးဆုံးအချက်မှာ နိုင်ငံတော်၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရေးကို အမှန်တကယ် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်သည်။

အတိုက်အခံပါတီဆိုတိုင်း အစိုးရလုပ်သမျှ၊ စီမံသမျှထိပ်တိုက်တွေ့ ဆန့်ကျင်နေဖို့မဟုတ်။ ဒီမိုကရေစီကျင့်စဉ်အရ ကောင်းဖို့နည်းလမ်း၊ ကောင်းဖို့အတွက် အကျိုးအကြောင်းနှင့် ဝေဖန်သုံးသပ်ခြင်း၊ ညှိနှိုင်းခြင်းသည်သာ အတိုက်အခံ၏ အဓိပ္ပာယ်ဖြစ်သည်။ ဆန့်ကျင်တိုက်ပွဲဝင်ခြင်းသည် ဒီမိုကရေစီ၏အစွန်းတရားဖြစ်သည်။ အကျပ်အတည်း အခက်အခဲ၊ အစိုးမရလောက်သော အခြေအနေမျိုး တွေ့ကြုံသည့်အခါ တွေးခေါ်မြော်မြင်မှု အတွေ့အကြုံများအရ ဝေဖန်ပိုင်းခြားနိုင်သော အရည်အချင်းကိုအခြေပြုကာ အပြောင်းအလဲလုပ်နိုင်ဖို့ ဒီမိုကရေစီသည် ဖွင့်ထားသော သဘောရှိသည်။

၁၉၈၅ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့တွင် ရော်နယ်ရီဂင် ဒုတိယသမ္မတသက်တမ်းလက်ခံသည့် ကျမ်းသစ္စာခံယူရာတွင် စွမ်းအားရှိသမျှ သမ္မတတာဝန်ကို ထမ်းဆောင်ဖို့နှင့် ဖွဲ့စည်းပုံကိုသစ္စာရှိရှိ စောင့်သိလိုက်နာမည့်အကြောင်း ကတိပြုခဲ့ပါသည်။ သမ္မတရီဂင်က “အမေရိကန် ပြည်ထောင်စုမှာ ပါတီကြီးနှစ်ခုဟာ ပြဿနာအရပ်ရပ်နဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းခြင်း၊ အစိုးရဖြစ်လာတဲ့အခါ တိုင်းပြည်ရဲ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင် ခဲ့တယ်။ ဒီမိုကရက်ပါတီ၊ ရီပတ်ဗလစ်ကင်ပါတီရယ်လို့ မဟုတ်တော့ဘူး။ ညီညွတ်တဲ့ အမေရိကန်တွေအဖြစ် တိုင်းပြည်ရဲ့ ရည်မှန်းချက်၊ တိုင်းသူ ပြည်သားတို့ရဲ့ မျှော်လင့်ချက်ကိုရှေးရှုပြီး အစိုးရယန္တရားကို ချောမွေ့အောင် လုပ်ဆောင်ကြရပါ တယ်လို့ နိုင်ငံကိုအသိပေးပြောကြားခဲ့ပါသည်။

တစ်ဆက်တည်းမှာပင် အစိုးရဆိုသည် ဆရာကြီးဂုရု မဟုတ်၊ ပြည်သူ့ဝန်ထမ်းများသာ။ တိုင်းပြည်၏ လိုအပ်ချက်၊ တိုင်းပြည်အား အဘက်ဘက်မှဖွံ့ဖြိုးအောင် စီမံအုပ်ချုပ်မှု အခွင့်အာဏာများကို တိုင်းပြည်ကိုယ်စား ကြိုးပမ်းအားထုတ်ရသည့် သဘောဖြစ်ကြောင်း ပြောကြားသည်ကို တွေ့ရပါသည်။ ဒီမိုကရက်ပါတီ၊ ရီပတ်ဗလစ်ကင် ပါတီတို့သည် လက်ညှိုးထိုးအပြစ်မတင်၊ ဦးနှောက်ချင်းပြိုင်၊ နှလုံးသားချင်းကပ်၊ နိုင်ငံအတွက် ကိုယ့်တိုင်းပြည်က ပထမဖြစ်ရေး၊ ပြည်သူများ ကြီးပွားချမ်းသာရေး ဦးတည်ကြကြောင်း တွေ့ရပါသည်။

အတိတ်တွင် ကျန်ခဲ့ပြီဖြစ်သော ၂၀ ရာစု မြန်မာနိုင်ငံသည် အသစ်ပေါ်ထွန်းလာမည့် ၂၁ ရာစု မြန်မာနိုင်ငံအဖြစ် ဆက်လက်ထိန်းသိမ်းရာဝယ် နိုင်ငံရေးတည်ငြိမ်မှု ရင့်ကျက်လာအောင်၊ အကိုင်းအခက်၊ အသီးအပွင့်များ ဝေဝေဆာဆာဖြစ်သည့် အရိပ်ရ သစ်တောကြီးဖြစ်အောင် အထွေထွေရွေးကောက် ပွဲများမှတစ်ဆင့် နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်မည့် ကိုယ်စားလှယ်တော်ကြီးများကို ရွေးချယ်ကြမည်ဖြစ်သည်။ “တောကောင်းသဖြင့် ကျားလုံ၊ ကျားရှိသဖြင့် တောလည်းလုံခြုံ” သကဲ့သို့ အချင်းချင်းအပြန်အလှန်အကျိုးပြုကြခြင်းဖြင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်ရပ်တည်နိုင်မည်ဖြစ်သည်။

ကောင်းပါပြီ၊ အနှစ်ချုပ်ကို တင်ပြရလျှင်

  • ကမ္ဘာ့လူသားတစ်ယောက်အဖြစ် မိမိတို့သည် ဘုရားဖူးသွားသော ခရီးသည်များသာ။ ဤကမ္ဘာမြေ၌ ရေစက်ဆုံကာ အသက်ရှင်ခွင့် ရှိသလောက်နေခဲ့ကြပြီ။ တစ်ခုတည်းသော မိုးကောင်းကင်အောက်တွင်နေ၊ တူညီသောလေကိုရှုခဲ့ပြီ။ ရေကြည်ကို သောက်ခဲ့ကြပြီ။ မြေမှပေါက်သည့် သီးနှံတို့ကို စား၊ ဝေငှ လှူဒါန်းမှုများလည်းပြုခဲ့ကြပြီ။ မိမိတို့တစ်တွေ ရှေ့ခရီးမရှည်စေလို။
  • မြန်မာတိုင်းရင်းသားတို့၏ ကောင်းကျိုးအတွက် မြော်မြင်တွေးခေါ် ကြံစည်စိတ်ကူးကြမှ၊ အသိဉာဏ်နှင့်ယှဉ်ပြီး အနာဂတ်ခရီးကို သတိရှိရှိနှင့်လျှောက်လှမ်းကြမှ၊ ကုသိုလ်စိတ်နှင့် တန်ဖိုးထားနေထိုင်ကြမှ နေခဲ့သမျှ၊ နေရနိုင်မည့်ကာလအတွက် ကျေးဇူးတရားသိရာ၊ ဆပ်ရာကျလိမ့်မည်။
  • ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ထောင်ကြရာဝယ် ရနံ့သင်း ၍ ရောင်စုံဖူးပွင့်မည့် အဆင်းလှသော ပြည်ထောင်စုပန်းဥယျာဉ်ဟု တင်စားလိုသည်။ အရောင်လည်းစုံ၊ ရနံ့လည်းသင်းသည့် ပန်းများရှိရာသို့ ပျားပိတုန်း၊ လိပ်ပြာတို့ကဲ့သို့ ပြည်သူများဝဲပျံလာကြပေမည်။ အလှချင်းပြိုင်ကြမည့် နိုင်ငံရေးအခင်းအကျင်း သစ်ဟုခေါ်တွင်မည့် ဤဥယျာဉ်အတွင်း ပြည်သူတစ်ရပ်လုံး ပျော်ရွှင်ကြည်နူးစွာ တစ်စည်းတစ်လုံးတည်း နေချင်ကြပါသည်။ စိန်ခေါ်မှုများ မည်သို့ပင်ရှိသည်ဖြစ်စေ မြန်မာတိုင်းရင်းသား အပေါင်းတို့၏ နှလုံးရည်၊ လက်ရုံးရည်၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ သမာဓိ၊ သတိများဖြင့် “ရှေ့သို့ချီမည်ပန်းတိုင်ဆီသို့” လျှောက်လှမ်းကြမည်ဖြစ်သည်။
  • တစ်ဦးတစ်‌ယောက်စီ၏စိတ်တွင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာများပွားလျှင် ကမ္ဘာကြီးကိုပင် တည်ငြိမ်အေးချမ်းစေကြောင်း မိမိတို့သည် မိုးကုပ်စက်ဝိုင်းတစ်ဆုံးအထိ လေ့လာစရာများ ကိုယ့်ရှေ့တွင် ရှိနေသည်မို့ သင်ယူရင်းခရီးဆက်ကြရဦးမည်ဖြစ်ပါကြောင်း မေတ္တာဖြင့် ရေးသားအပ်ပါသည်။ ။