ဆန္ဒမဲကိုယ်စီဖြင့် နိုင်ငံတော်သစ်ကို အတူတူဖန်တီးကြပါစို့
မင်းသော်
ပြည်တွင်းပဋိပက္ခများ၊ နိုင်ငံတကာဖိအားများနှင့် နိုင်ငံသစ္စာဖောက် အကြမ်းဖက်သမားတို့၏ အဖျက်လုပ်ရပ်များကြောင့် စိန်ခေါ်မှုများစွာရှိခဲ့ရသည့် မြန်မာပြည်သူတို့မှာ မိမိတို့အသံကို ကျယ်လောင်လွတ်လပ်စွာထုတ်ဖော်နိုင်မည့် အားလုံးပါဝင်နိုင်သော စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီခရီးလမ်းကို ပြန်လည်လျှောက်လှမ်းနိုင်တော့မည့် နေ့ရက်ကို အစဉ်တစိုက် စောင့်မျှော်ခဲ့ကြရသည်။ ထိုမျှော်လင့်ချက်ပြည့်ဝမည့် ရောင်နီဖြာမည့် မနက်ဖြန်သည် ကျွန်ုပ်တို့ ရှေ့မှောက် အမှန်တကယ်ရောက်ရှိလာခဲ့ပြီ။
နှစ်ပေါင်းများစွာ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တညီတညွတ်တည်း ချီတက်လိုသောဆန္ဒကို ရင်ဝယ်ပိုက်ထားခဲ့သည်။ ပြည်သူတို့လိုလားချက်မှာ “ပြည်သူ့ဆန္ဒ” ကို အသိအမှတ်ပြုပြီး ထိုဆန္ဒကိုဖော်ပြနိုင်သည့် နည်းလမ်းမှန်ကို ရှာဖွေခြင်းပင်ဖြစ်သည်။ ယခု ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးသည် ထိုခရီး၏ အရေးပါသော အဆင့်တစ်ခုပင်ဖြစ်သည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြီးစီးခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁) သည် ပြည်သူ တို့မျှော်လင့်ချက် ရောင်နီဦးအလင်းတစ်စက်အဖြစ် သက်သေထူလိုက်သည်။ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၁၁ ဒသမ ၆ သန်းအနက် မဲပေးသူ ၆ သန်းကျော် (၅၂ ဒသမ ၁၃ ရာခိုင်နှုန်း) တို့က သူတို့၏အသံ၊ သူတို့၏ဆန္ဒ၊ သူတို့၏ယုံကြည်မှုကို ခိုင်မာစွာသက်သေပြခဲ့ကြသည်။ ဤသည်မှာ သမိုင်းတွင်ရစ်မည့် မှတ်တိုင် သစ်တစ်ခုသာမက ပြည်သူ့စွမ်းအား ကြီးကြီးမားမား ပြန်လည် နိုးထလာမှုဟု မှတ်ယူနိုင်သည်။ မကြာမီရက်ပိုင်းအတွင်းမှာပင် ရွေးကောက်ပွဲ၏ အပိုင်း(၂) စတင်တော့မည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၂) နှင့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း(၃)တို့သည် ကျန်ရှိနေသေးသည့် မြို့နယ်များရှိ မဲဆန္ဒရှင်အားလုံးအား မိမိတို့၏ မျိုးဆက်အတွက် ဒီမိုကရေစီအမွေအနှစ်ကို အတူတကွတည်ဆောက်ရန်၊ အနာဂတ်စာမျက်နှာသစ်ကို အတူတကွ ဖွင့်လှစ်ရန် ကမ်းလင့်စောင့်ဆိုင်းနေပြီ။
နိုင်ငံသားအခွင့်အရေးကို အပြည့်အဝအသုံးချ
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၆ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် “ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်အောင်မြင်မြင်နဲ့ကျင်းပနိုင်ခဲ့တာဟာ သက်ဆိုင်ရာမြို့နယ်များမှာရှိတဲ့ ပါတီစုံဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့ မဲဆန္ဒရှင်ပြည်သူလူထုရဲ့ အင်တိုက်အားတိုက် ပူးပေါင်း ပါဝင်မှုကြောင့်ဖြစ်ပါတယ်။ တက်ကြွစွာ လာရောက်မဲပေးကြတဲ့ မဲဆန္ဒရှင်ပြည်သူပြည်သားအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပနေတာဖြစ်တဲ့ အတွက် ကျန်ရှိတဲ့မြို့နယ်တွေက မဲဆန္ဒရှင်ပြည်သူများအနေနဲ့ မြန်မာ နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးကို အပြည့်အဝအသုံးချပြီး ကျင်းပနေတဲ့ရွေးကောက်ပွဲမှာ ပါဝင်မဲပေးကြဖို့လိုအပ်ပါတယ်” ဟု ပြည်သူများကို နှိုးဆော်တိုက်တွန်းထားသည်။
ထို့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အင်တာဗျူးတစ်ခုတွင်လည်း “လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို မဲပေးတာ ကြည့်လိုက်ရင်သိလိမ့်မယ်။ ..... ကျွန်တော်တို့က လွတ်လပ်ပြီးတရား မျှတမှုရှိတဲ့ရွေးကောက်ပွဲဖြစ်မယ်လို့ အာမခံထားတယ်။ တပ်မတော်ကလုပ်တာ နာမည်ပျက်မခံဘူး”ဟု ပြောကြားကာ ရွေးကောက်ပွဲ၏ ဂုဏ်သိက္ခာနှင့် မျှတမှုကို ခိုင်ခိုင်မာမာအာမခံခဲ့သည်။
နိုင်ငံတကာက မျက်ခြည်မပြတ်စောင့်ကြည့်နေ
၂၀၂၅ ရွေးကောက်ပွဲသည် နိုင်ငံတကာ၏ စူးစိုက်ကြည့်ရှုမှုကို ရရှိထားသည့် သမိုင်းဝင်ရွေးကောက်ပွဲတစ်ခုဖြစ်သည်။ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများ၊ သံတမန်များနှင့် သတင်းမီဒီယာများက မြန်မာနိုင်ငံ၏ဒီမိုကရေစီခရီးလမ်းကို အထူးစိတ်ဝင်စားလျက်ရှိကြသည်။ ကိုယ်တိုင်လာရောက် လေ့လာခွင့်ရသူတို့အဖို့ သူတို့အမြင်တွင် ဤရွေးကောက်ပွဲကြီးသည် မြန်မာနိုင်ငံအတွက် ပွင့်လင်းမြင်သာမှုနှင့် ပြည်သူ့ပါဝင်မှုဆီသို့ ဦးတည်နေသည့် ခြေလှမ်းတစ်ရပ်အဖြစ် မြင်ကြသည်ကိုလည်းတွေ့ရှိရသည်။
“ကျွန်တော်တို့မြင်တွေ့ရတာက ပြည်သူတွေက စိတ်ပါဝင်စားစွာ နဲ့ သူတို့ရဲ့အနာဂတ်နဲ့ သူတို့ရဲ့မှန်ကန်တဲ့အစိုးရကို ရွေးချယ်နေတာပါ။ ဒီရွေးကောက်ပွဲဟာ စစ်မှန်တဲ့ရွေးကောက်ပွဲတစ်ရပ်ဖြစ်ပြီး စစ်မှန်တဲ့ အစိုးရတစ်ရပ်ထွက်ပေါ်လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ရုရှားဖက်ဒရေးရှင်း ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool က ပြောသည်။
“ကျွန်တော်မြင်တွေ့ခဲ့တာက ဒီရွေးကောက်ပွဲက ပွင့်လင်းမြင်သာမှုရှိပါတယ်။ ဥပဒေနဲ့ညီစွာဆောင်ရွက်တာကို မျက်မြင်တွေ့ခဲ့ရပါတယ်။ Electronic Voting Machine တွေရဲ့ အလုပ်လုပ်မှုကိုလည်း သိရှိခဲ့ရပါတယ်။ ရွေးကောက်ပွဲကို စနစ်တကျဆောင်ရွက်ထားတာကို တွေ့ရပါတယ်” ဟု ရုရှားဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr. Igor Borisov ကလည်းဆိုထားသည်။
“နေပြည်တော်မှာရှိတဲ့ မဲရုံ ခြောက်ရုံကို သွားရောက်လေ့လာခဲ့ပါ တယ်။ မဲရုံပြင်ဆင်ထားရှိမှုတွေက စနစ်ကျပြီး တက်ကြွစွာပါဝင်နေတဲ့ မဲဆန္ဒ ရှင်တွေကို တွေ့ရပါတယ်။ အခုကျင်းပတဲ့ ရွေးကောက်ပွဲအပိုင်း (၁)က အဆင်ပြေချောမွေ့ပြီး တည်ငြိမ်အေးချမ်းနေတာကို တွေ့ရပါတယ်” ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun က သုံးသပ်ပြောကြားသည်။
“မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို ထိထိ ရောက်ရောက်အသုံးပြုတာ ကျွန်တော်တို့တွေ့ရပါတယ်။ မဲရုံတွေမှာ အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ပြည်သူတွေမဲပေးလို့ရနိုင်တဲ့ အခြေအနေ လုပ်ဆောင်ထားတာကိုလည်း တွေ့ရပါတယ်။ မဲဆန္ဒပေးတဲ့သူတွေထဲမှာ လူငယ်တွေအများအပြား တွေ့ရပါတယ်။ ဒါဟာ အလွန်ကို ကောင်းမွန်တဲ့အချက်ပါ” ဟု ကာဇက်စတန်နိုင်ငံ ရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Yerman Mukhtar က ပြောပြသည်။
“မဲရုံများကို ပြင်ဆင်ထားရှိမှုနဲ့ ကျင်းပဆောင်ရွက်မှုတွေဟာဆိုရင် အလွန်ကို ပြီးပြည့်စုံပြီးတော့ အေးချမ်းတာကိုတွေ့ရပါတယ်။ မဲဆန္ဒရှင် တွေအနေနဲ့ လွတ်လပ်စွာကိုယ့်ဆန္ဒအတိုင်း မဲပေးနိုင်ခဲ့တာကို တွေ့ရပါတယ်” ဟု ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် H.E. Mr. YICH Samethy က သူ့အမြင်ကို ထုတ်ဖော်ပြောကြားသည်။
“ကျွန်တော့်အနေနဲ့ ပထမဆုံးသတိပြုမိတာကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်နိုင်စွမ်းက အလွန်တရာ စနစ်ကျနမှုရှိပြီး အရည်အသွေးပြည့်ဝမှုရှိတယ်ဆိုတာပါပဲ။ နိုင်ငံသားများ လွတ်လပ်စွာနဲ့ လုံခြုံစွာမဲပေးနိုင်စေဖို့ အစွမ်းကုန်လုပ်ဆောင်ထားပါတယ်” ဟု ဘယ်လာရုစ် ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Alexei Bashan က သုံးသပ်သည်။
ပြည်သူများအေးချမ်းလုံခြုံစွာဆန္ဒမဲပေးနိုင်
ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း(၂) အတွက် ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများက စနစ်တကျ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ မဲဆန္ဒရှင်များ အဆင်ပြေရေးအတွက် မဲစာရင်းအမှတ်စဉ်များကို မဲဆန္ဒရှင်လက်ဝယ်အရောက် ကြိုတင်ဖြန့်ဝေထားခြင်း၊ လိုအပ်သည့်နေရာများတွင် ကြိုပို့ယာဉ်များ စီစဉ်ပေးခြင်း၊ မဲရုံများတွင် ယာယီနားနေရန်နေရာများ၊ ပြင်ဆင်ထားရှိခြင်း တို့အပြင် မဲရုံတိုင်းတွင် အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့များ တာဝန်ကျထားရှိခြင်း၊ မြို့နယ်အသီးသီးရှိ လူဝင်မှုကြီးကြပ်ရေးရုံးများကို ရုံးပိတ်ရက်မရှိဖွင့်လှစ်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနက် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ပျောက်ဆုံးသူများကို အမြန်ဆုံး အစားထိုးပြန်လည်ထုတ်ပေးနေသည်ကိုလည်း မြင်တွေ့ရသည်။
ထို့အတူ မဲရုံပတ်ဝန်းကျင်လုံခြုံရေးကို မြို့နယ်အလိုက် တာဝန် ရှိသူများက ကွပ်ကဲကြပ်မတ်စီစဉ်ပေးလျက်ရှိနေသည်။ မဲပေးမှု လွယ်ကူချောမွေ့စေရေးအတွက် ကျင်းပမည့် မဲရုံများ၌ မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုမှုကို ကြိုတင်မိတ်ဆက် ပြသထားရှိခြင်းကို မြင်တွေ့ရသည်။ ထို့အပြင် ကြိုတင်မဲပေးခွင့်ကို ကျန်းမာရေးအခြေအနေအရ အခက်အခဲရှိသူများနှင့် နိုင်ငံ့တာဝန်ထမ်းဆောင်ရသူများအတွက် ဆက်လက်ခွင့်ပြုထားပြီး ယင်းမဲများကို ပွင့်လင်းမြင်သာစွာ ရေတွက်သွားမည်ဖြစ်သည်။
အပိုင်း(၁) ကျင်းပစဉ်က မဲရုံများတွင် မျိုးဆက်ပေါင်းစုံ ပူးပေါင်းပါဝင်နေသည့် ပျော်ရွှင်ဖွယ်မြင်ကွင်းများကို တွေ့မြင်ခဲ့ရသည်။ မိဘများက ကလေးငယ်များလက်ကိုင်ဆွဲကာ လူငယ်အချင်းချင်းစုပြုံလျက်၊ သက်ကြီးရွယ်အိုများက သားသမီးများထောက်ပံ့မှုဖြင့် မဲရုံသို့ ရောက်ရှိ လာကြသည်မှာ မင်္ဂလာရှိပေစွ၊ တာဝန်ကျေပွန်ပေစွ။
နိုင်ငံကောင်းမွန်ဖွံ့ဖြိုးတိုးတက်သည်ကို မြင်လိုသည့်ဆန္ဒ
ရွေးကောက်ပွဲ အပိုင်း(၁)တွင် မဲပေးခဲ့ကြသည့် ပြည်သူများ၏ ရင်ဖွင့်သံများမှာလည်း အားတက်စရာကောင်းလှပါသည်။ သူတို့၏ စကားသံများသည် နိုင်ငံသားတစ်ဦး၏ ဂုဏ်ယူစရာအခိုက်အတန့်ကို ပုံဖော်ပေးသည်။ “MEVM စက်နဲ့ မဲပေးရတာက ပိုပြီးအဆင်ပြေ လွယ်ကူပါတယ်။ ကိုယ်တိုင်ဆန္ဒပြုထားတဲ့ ကိုယ်စားလှယ်တွေ မှန်ကန်မှု ရှိ၊ မရှိ ပြန်လည်သိရှိခွင့်ရပါတယ်။ ကိုယ့်နိုင်ငံအတွက် တကယ်အလုပ်လုပ်ပေးမယ့်သူတွေကို လူငယ်တစ်ဦးအနေနဲ့ ပါဝင်ဆန္ဒပြုခွင့်ရတဲ့အပေါ် ဝမ်းသာမိပါတယ်” ဟု ဥတ္တရသီရိမြို့နယ်၌ နေထိုင်သူ မသီသီဝင်းက ပြောခဲ့သည်။
ရန်ကုန်မြို့က မောင်မျိုးမင်းထက်ကလည်း “ကျွန်တော်တို့လူငယ် တွေ အနာဂတ်တိုင်းပြည်ကောင်းမွန်ဖို့အတွက် ပါတီကိုယ်စားလှယ် လောင်းတွေကို ပုံပြီးအပ်လိုက်ပါပြီ။ ကျန်တာ ကိုယ်စားလှယ်လောင်း တွေရဲ့တာဝန်ပဲဖြစ်ပါတယ်” ဟု လူငယ်တစ်ဦး၏တာဝန်သိစိတ်ကို ဖွင့်ဟခဲ့သည်။
အလုံမြို့နယ်မှ ဦးစိုးရီကလည်း “အဘတို့ အသက်လည်းကြီးပါပြီ။ အရာရာလည်း ဖြတ်သန်းခဲ့ပြီဖြစ်တဲ့အတွက် နိုင်ငံကောင်းမွန်ဖွံ့ဖြိုးတိုးတက်တာကို မြင်သွားချင်တယ်။ ဒီတစ်ကြိမ်က အရေးကြီးတယ်၊ ဒါကြောင့် ခေါင်းဆောင်နိုင်မယ့် ပါတီကိုပဲ ကျေကျေနပ်နပ်နဲ့ ဆန္ဒမဲပေးခဲ့တာပါ။ တိုင်းပြည်အတွက် လုပ်ဆောင်နိုင်မယ်လို့လည်း ယုံကြည် ပါတယ်။ မဲပေးရတာ အားလုံးအဆင်ပြေပါတယ်” ဟု သက်ကြီး တစ်ဦး၏ နက်ရှိုင်းသော မျှော်လင့်ချက်ကို ပြောပြသည်။
“ကျွန်မအတွက် ပထမဆုံးအကြိမ် မဲပေးခွင့်ရရှိတာဖြစ်ပါတယ်။ နိုင်ငံသားတစ်ဦးအဖြစ် ပထမဆုံးမဲပေးခွင့်ရတဲ့ အတွေ့အကြုံက ရင်ခုန်စိတ်လှုပ်ရှားရပါတယ်။ မဲပေးပြီးသွားတဲ့အခါ နိုင်ငံအတွက် ပြည်သူတစ်ဦးအနေနဲ့ ပါဝင်ဆောင်ရွက်ပေးရမယ့်တာဝန် ကျေသွား ပြီဆိုတဲ့စိတ်နဲ့ ဝမ်းသာပျော်ရွှင်ရပါတယ်” ဟု ဥတ္တရသီရိမြို့နယ်၌ နေထိုင်သည့် မနှင်းခက်ဝေကဆိုသည်။
ပြီးပြည့်စုံမှုနဲ့အောင်မြင်မှုရရှိသည့် ရွေးကောက်ပွဲအပိုင်း(၁)
အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်သော အပိုင်း(၁)ကိုပင်လျှင် ဆန့်ကျင်ဘက်အဖွဲ့အစည်းအချို့က မဟုတ်မမှန် ဝါဒဖြန့်ခြင်းများပြုလုပ်နေသည်ကို တွေ့ရှိရပါသည်။ သို့သော် မဲရုံများသို့ သွားရောက်၍ စောင့်ကြည့်လေ့လာခဲ့ကြသည့် နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများ၊ နိုင်ငံတကာသံရုံးများမှ သံတမန် များ၊ ပြည်တွင်း/ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက ရွေးကောက်ပွဲ၏လုပ်ငန်းစဉ်များအားလုံးသည် ပြီးပြည့်စုံမှုရှိပြီး တာဝန်ခံမှုအပြည့်အဝဖြင့် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း မှတ်ချက်ပြုသံတို့သည် မငြင်းနိုင်သည့် အောင်မြင်မှုသမိုင်းမှတ်တိုင် ပင်ဖြစ်သည်။
ပါတီစုံဒီမိုကရေစီစနစ်သည် ပြည်သူ့ဆန္ဒအပေါ် အခြေခံသည့် စနစ်ဖြစ်ပါသည်။ ထိုဆန္ဒကိုဖော်ပြရန်တစ်ခုတည်းသော တရားဝင်နည်းလမ်းမှာ ဆန္ဒမဲပေးခြင်းပင်ဖြစ်သည်။ မဲတစ်ပြားစီသည် နိုင်ငံတည်ဆောက်ရာတွင် သေးငယ်သော်လည်း အုတ်တစ်ချပ်ပမာ စုစည်းသည့်အခါ နိုင်ငံတော်အနာဂတ်လမ်းကြောင်းကို တည့်မတ်နိုင်စွမ်း ရှိမည်ဖြစ်သည်။
ဇန်နဝါရီလ ၁၁ ရက်နေ့နှင့် ၂၅ ရက်နေ့တို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများအားလုံး မိမိနေထိုင်ရာ မြို့ရွာအလိုက် သတ်မှတ် ထားသည့် မဲရုံသို့အရောက်သွား၍ ကိုယ်ပိုင်ဆန္ဒဖြင့် ဆန္ဒမဲပေးစေလိုပါသည်။ ထိုနေ့များတွင် နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၄ နာရီအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားကို အပါယူဆောင်ကာ မိမိပေးအပ်လိုသည့် ကိုယ်စားလှယ်လောင်းကို ရွေးချယ်ဆန္ဒပြုနိုင်ကြပါပြီ။
ဆန္ဒမဲမပေးဘဲနေခြင်းက မိမိကိုယ်ပိုင်အခွင့်အရေးကို စွန့်လွှတ်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ နိုင်ငံတကာတွင် “If you don’t vote, you give up the right to complain” ဟု ကမ္ဘာကျော်ဆိုရိုးရှိသည်။ မဲမပေးဘဲနေခြင်းသည် စောဒကတက်ခွင့်ကို စွန့်လွှတ်လိုက်ရခြင်းပင်။ ဤအဆိုမှာ မူရင်းပြောကြားသူကို အတိအကျမှတ်တမ်းမတင်နိုင် သော်လည်း ဒီမိုကရေစီစနစ်၏ အရိုးစွဲအမြစ်တွယ်နေသော ပညာပေးဆောင်ပုဒ်အဖြစ် နှစ်ပေါင်းများစွာရပ်တည်ခဲ့သည်။
ဤအယူအဆသည် နိုင်ငံသားတစ်ဦး၏အခွင့်အရေး (Right) နှင့် တာဝန် (Responsibility) သည် ခွဲခြား၍မရဘဲ ဆက်စပ်နေသည်ကို ရှင်းလင်းစွာဖော်ပြခြင်းဖြစ်သည်။ မဲဆန္ဒရှင်များကို နိုင်ငံသားတာဝန် အကြောင်း သတိပေးနှိုးဆော်ရာတွင် အသုံးများသည့် အားကောင်း သော စကားစုတစ်ခုအဖြစ် ဒီမိုကရေစီနိုင်ငံများ ရွေးကောက်ပွဲကာလများတွင် မကြာခဏတွေ့ရှိရသည်။
ဆန္ဒမဲပေးခြင်းသည် ငြိမ်းချမ်းသော၊ တရားမျှတသော နည်းလမ်းဖြင့်မိမိ၏အသံကို ဖော်ထုတ်လိုက်နိုင်ခြင်းဖြစ်သည်။ မဲပေးပိုင်ခွင့်က နိုင်ငံသားတိုင်း၏ အခွင့်ထူးတစ်ရပ် မဟုတ်၊ တာဝန်ဝတ္တရားတစ်ရပ်အဖြစ် မှတ်ယူသင့်ပြီး ဤတာဝန်ကို မိမိတို့ နိုင်ငံသား ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဂုဏ်ယူစွာဖြင့် ကျေပွန်သင့်ပေသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အပိုင်း(၁)အဖြစ် စတင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲက ဒီမိုကရေစီလမ်းကြောင်းအတွက် ပြည်သူ၏ ဆန္ဒမဲတစ်ပြားစီဖြင့် ပူးပေါင်းပါဝင်မှုအောင်ပွဲဖြစ်သည်။ နိုင်ငံအနာဂတ်အတွက် ကိုယ်စီ၏ အသေးငယ်ဆုံးသော ဆန္ဒမဲတစ်ပြားမှစတင်လိုက်ခြင်းပင်။ ဆန္ဒမဲခလုတ်တစ်ချက်နှိပ်လိုက်ခြင်းသည် မိမိတို့တစ်ဦးချင်း၏ အသံကို ကျယ်ကျယ်လောင်လောင် ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။ မိမိ၏အသံကို မိမိကိုယ်တိုင် အသုံးချခြင်းဖြင့် မိမိတို့၏အနာဂတ်ကို ရွေးချယ်ကြ ရမည်။ ဇန်နဝါရီလ ၁၁ ရက်နေ့နှင့် ၂၅ ရက်နေ့တို့တွင် မဲရုံများသို့ အရောက်သွားကာ ဆန္ဒမဲပေးကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ရ ပါသည်။ ။
