တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး၏ စုစည်းမှုခွန်အားဖြင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောစေအံ့
တက္ကသိုလ်မြတ်သူ
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါသည်။ ပြည်ထောင်စုနေ့ဟူ၍ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို သတ်မှတ်ခဲ့ကြသည်မှာ ရှမ်းပြည်နယ်၊ လွိုင်လင် ခရိုင်၊ ပင်လုံမြို့လေး၌ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည့် ပင်လုံညီလာခံတွင် နယ်ချဲ့တို့ အစွမ်း ကုန်ခြေထိုး၊ သပ်လျှို၊ သွေးခွဲ၊ သွေးထိုးသည့်ကြားမှ တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ အမြော် အမြင်၊ ပြည်ထောင်စုစိတ်ဓာတ်ပြည့်ဝမှု၊ လွတ်လပ် ရေးကို တန်ဖိုးထားမြတ်နိုးမှုတို့ဖြင့် ၁၂-၂-၁၉၄၇ ရက်နေ့တွင် ပင်လုံစာချုပ်ကြီးကို တစ်ခဲနက်လက်မှတ် ရေးထိုးနိုင်ခဲ့ကြသည်။
ထိုပင်လုံစာချုပ်ကြီးကပင်လျှင် မြန်မာ တစ်နိုင်ငံလုံး၊ မြန်မာနိုင်ငံသားအားလုံး၊ တိုင်းရင်း သားလူမျိုး ၁၃၅ မျိုးလုံးတို့က နယ်ချဲ့အင်္ဂလိပ်တို့ လက်မှ မြန်မာ့အချုပ်အခြာအာဏာ/မြန်မာ့ လွတ်လပ်ရေးကို ပြန်ယူမည်ဆိုသော မြန်မာ့ရာဇသံကို တစ်သွေးတစ်သံ၊ တစည်းတလုံးတည်းပေးခဲ့ နိုင်သောနေ့ဖြစ်သည်။ လွတ်လပ်သော မြန်မာ ပြည်ထောင်စုကြီးကို တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးလုံးက တည်ဆောက်ကြမည်ဟု သန္နိဋ္ဌာန်ချခဲ့ သောနေ့လည်း ဖြစ်သည်။
ပင်လုံညီလာခံကျင်းပသည့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလက ကျွန်တော်သည် အလယ်တန်း ကျောင်းသားမျှသာဖြစ်သည်။ ထို့ကြောင့် လူကြီး သူမများပြောနေသော ပင်လုံ၊ သတင်းစာခေါင်းစီးမှ ပင်လုံညီလာခံဟူသော စာလုံးကို မြင်ဖူး ၊ ဖတ်ဖူးရုံ ရှိပါသေးသည်။
နောင်ကဗျာရေး၊ စာရေးရင်း စာဖတ်၊ သတင်းစာ အဖတ်များလာတော့မှ ပင်လုံညီလာခံအကြောင်း အတော်အတန်သိလာရသည်။ ၁၉၅၇ ခုနှစ်တွင် သတင်းစာလောကသို့ ခြေစုံပစ်ဝင်မိတော့မှ၊ သတင်းဟောင်းများ၊ သတင်းနောက်ကြောင်းများ ပြန်လှန်ဖတ်ရှုလေ့လာမှ ပင်လုံညီလာခံအကြောင်း ခြေခြေမြစ်မြစ် သိလာရသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ပါတီ စာနယ်ဇင်းဌာနမှ ပြုစုထုတ်ဝေသော ပင်လုံညီလာခံ မှတ်တမ်းစာအုပ်ကြီးထွက်ရှိလာသောအခါ ပင်လုံ ညီလာခံအကြောင်းပါ၍ သိလာရသည်။ ကိုယ်တိုင် လည်း ပြည်ထောင်စုနေ့ကျင်းပပုံ သတင်းများ၊ ပြည်ထောင်စုနေ့ဆွေးနွေးပွဲများ၊ မိန့်ခွန်းများက ပြောသော ပင်လုံညီလာခံအကြောင်းများ ထဲထဲဝင်ဝင်သိလာခဲ့ရသည်။
၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလက စတင်ကျင်းပခဲ့သော အမျိုးသားညီလာခံသို့ အသိပညာရှင်၊ အတတ် ပညာရှင် ကိုယ်စားလှယ်အဖြစ် တက်ခွင့်ရသောအခါ ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ကျိုက္ကဆံကွင်းမှ အဆောင်များတွင် နေထိုင်ရင်း၊ စုဝေးကြ၊ စည်းဝေးကြ၊ အခြေခံဥပဒေသစ်ရေးဆွဲရာ၌ ပါဝင်ရ သည့် အခြေခံမူများ၊ အသေးစိတ်အခြေခံရသည့်မူများ ဆွေးနွေးကြ၊ ဝေဖန်ကြ၊ ညှိနှိုင်းကြဖြင့် တိုင်းရင်းသားမျိုးစုံမှ ကိုယ်စားလှယ်များနှင့် ပိုမို ရင်းနှီးလာခဲ့ရသည်။
အမျိုးသားညီလာခံတွင် (၁) နိုင်ငံရေးပါတီများ အစုအဖွဲ့၊ (၂) ရွေးကောက်ပွဲတွင် အရွေးခံရသည့် ကိုယ်စားလှယ်များအစုအဖွဲ့၊ (၃) တိုင်းရင်းသားစုံ ကိုယ်စားလှယ်များအစုအဖွဲ့၊ (၄) အလုပ်သမား ကိုယ်စားလှယ်များအစုအဖွဲ့၊ (၅) အသိပညာရှင် အတတ်ပညာရှင် ကိုယ်စားလှယ်များအစုအဖွဲ့၊ (၆)တောင်သူလယ်သမား ကိုယ်စားလှယ်များ အစု အဖွဲ့၊ (၇) နိုင်ငံ့ဝန်ထမ်းကိုယ်စားလှယ်များ အစု အဖွဲ့၊ (၈) အခြားဖိတ်ကြားသင့်သော ကိုယ်စားလှယ် များ အစုအဖွဲ့ဟူ၍ အစုအဖွဲ့ရှစ်ဖွဲ့ ပါဝင်တက်ရောက် ကြရာ ကိုယ်စားလှယ် စုစုပေါင်း ၇၀၂ ဦး၊ ၂၀၀၄ ခုနှစ် မေလ ၁၄ ရက်နေ့မှ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့အထိ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် ညောင်နှစ်ပင်စခန်း၌ ဆက်လက်ကျင်းပသည့် အမျိုးသားညီလာခံတွင် ကိုယ်စားလှယ်ပေါင်း ၁၀၈၅ ဦးအထိ တိုးလာခဲ့သည်။ ၃-၉-၂၀၀၇ ရက်နေ့တွင် ညီလာခံမှ အခြေခံဥပဒေသစ်တွင် ပါဝင်မည့် အခန်း ၁၅ ခန်းအတွက် မူများချမှတ်ပြီးစီးခဲ့သည်။
အစုအဖွဲ့ ရှစ်ခုစလုံးတွင် တိုင်းရင်းသားမျိုးစုံ ပါဝင်ကြသည်။ အခြားဖိတ်ကြားသင့်သော ကိုယ်စားလှယ်များအစုအဖွဲ့တွင် ငြိမ်းချမ်းရေးရယူ ပြီး ဥပဒေအတွင်းဝင်ကြသော အဖွဲ့ကြီး ၁၇ ဖွဲ့၊ အဖွဲ့ ငယ် ၊ အဖွဲ့ခွဲ ၂၀ ကျော်မှ တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ်များ၊ နိုင်ငံတကာအတွေ့အကြုံ ပြည့်ဝသော အငြိမ်းစားသံအမတ်များ၊ အုပ်ချုပ်ရေးပညာ၊ ဆေးပညာကျွမ်းကျင်သော ပညာရှင်များ၊ သမိုင်းပညာရှင်များ၊ စီးပွားရေးပညာရှင်၊ လုပ်ငန်း ရှင်များပါဝင်သည်။ ပါကစ္စတန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး (အငြိမ်းစား)လည်းဖြစ်၊ ဖဆပလ အဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ ပင်လုံ ညီလာခံသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် အနီးကပ် အတူ တက်ခဲ့သူလည်းဖြစ်သော ဦးဖေခင်သည်လည်း အခြားဖိတ်ကြားသင့်သော ကိုယ်စားလှယ်အစုအဖွဲ့တွင် ပါဝင်လာကြောင်း သိရသည်။ ထိုစဉ်က သူကလူကြီး၊ ကျွန်တော်က လူငယ်လူလတ်ပိုင်းမျှသာဖြစ် ၍ ဦးဖေခင်ကို သွားမတွေ့ရဲခဲ့ပေ။
တစ်နေ့သောအခါ ဦးဖေခင်က ကျွန်တော် နေထိုင်ရာ အဆောင်(၈)အောက်ထပ်သို့ ရောက်လာ သည်။ ဂါဒီယန်နှင့် WPD အတွက် အင်္ဂလိပ်ဘာသာ ဖြင့် သူရေးထားသည့် ပြည်ထောင်စုနေ့ဆောင်းပါး တစ်စောင်ကို ကျွန်တော့်အားပြပြီး မြန်မာသတင်းစာ များတွင် ထည့်ချင်သည့်အတွက် မြန်မာဘာသာ ပြန်ဆိုပေးပါဟုပြောသည်။ ကျွန်တော်လည်း ဝမ်းသာ အားရလက်ခံယူပြီး ဘာသာပြန်ပေးလိုက်သည်။ ဦးဖေခင်နှင့် ပင်လုံညီလာခံအကြောင်း စကားစမြည် ပြောဖြစ်သည်။ ဦးဖေခင်က ကိုယ်တွေ့ပင်လုံ အကြောင်း အသေးစိတ်ပြောပြသည်။ ကိုယ်တွေ့ ပင်လုံအကြောင်း သူအင်္ဂလိပ်လိုရေးထားသော စာအုပ်၊ မြန်မာဘာသာသို့ ပြန်ဆိုထားသော စာအုပ် တစ်အုပ်ကိုပါ နောက်တစ်ခေါက်လာပေးသည်။ ပင်လုံအကြောင်း အသေးစိတ်ထပ်ပြောပြပြန်သည်။
လမ်းစဉ်ပါတီထုတ် ပင်လုံညီလာခံမှတ်တမ်း စာအုပ်ဖတ်၊ ဦးဖေခင်၏ ကိုယ်တွေ့ပင်လုံစာအုပ် ဖတ်၊ ဦးဖေခင် ပြောပြသမျှ ပင်လုံညီလာခံအတွင်းရေး များပါ သိလာရသည်။ ပင်လုံညီလာခံ (၁၉၄၇) မကျင်းပမီ ၁၉၄၆ တွင် ပင်လုံမြို့၌ အင်္ဂလိပ်ဘုရင်ခံ နှင့် စော်ဘွားအချို့ တွေ့ဆုံကြသော ပထမပင်လုံ တွေ့ဆုံပွဲအကြောင်း၊ ထိုတွေ့ဆုံပွဲသည် အမှန်အား ဖြင့် ဘုရင်ခံက သူနှင့်စော်ဘွားများ အဘယ်မျှရင်းနှီးသည်၊ ပြေလည်ကြသည်ကိုပြသ၊ ဝါဒဖြန့်ရန်ဖြစ်သည်။ ပြည်နယ်ထွက်ကုန်ပစ္စည်းပြပွဲ၊ လောင်းကစားဝိုင်းမျိုးစုံဖြင့် ကျင်းပခဲ့သည်။
ထိုပထမပင်လုံတွေ့ဆုံပွဲသို့ ဗိုလ်ချုပ် အောင်ဆန်းကို ဖိတ်ခေါ်သော်လည်း သွားရောက် ခြင်းမပြုခဲ့ပေ။ သခင်နုနှင့် ဂဠုန်ဦးစောတို့ တက်ရောက်ခဲ့သည်။ ဂဠုန်ဦးစောက အင်္ဂလိပ်တို့ ပေးသော ဒိုမီနီယံ ခေါ် ဖားတစ်ပိုင်းငါးတစ်ပိုင်း၊ ကျွန်စော်နံသော လွတ်လပ်ရေးကို မြန်မာတို့လက်ခံ သင့်ကြောင်း ဟောပြောသည်။ ပဒေသရာဇ် (ရှမ်းစော်ဘွားစနစ်) ဆန့်ကျင်ကာ ရှမ်းပြည်သူတို့မှာ ၄-၁-၁၉၄၈ ရက်နေ့ လွတ်လပ်ရေးအတူရပါလျက် စော်ဘွားပဒေသရာဇ်စနစ်အောက် ကျရောက် ကျန်နေရမည်ကို မကျေနပ်သည့် တောင်ကြီးမှ ဦးတင်အေး၊ ဦးထွန်းမြင့်(ထောက်ကြံ့)၊ ဦးထွန်းမြင့် (လင်းခေး)၊ ဦးစိုင်းသန်းတင်၊ ဦးဘရီ၊ ဦးလှဖေ၊ ဦးအုန်းဖေ စသည့် လူငယ်များက ရှမ်းပြည်နယ် လွတ်လပ်ရေးလူငယ်များအဖွဲ့ (ရလလဖ) ဖွဲ့စည်းကာ နယ်ချဲ့တို့ ချုပ်ချယ် ကန့်သတ် ပိတ်ဆို့ထားသည့်ကြားမှ ဗိုလ်ချုပ်အောင်ဆန်းတို့ ဗမာမျိုးချစ် ခေါင်းဆောင်များနှင့် ဆက်သွယ်လှုပ်ရှားနေခဲ့သည်။
သခင်အောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)နှင့် တို့ဗမာအစည်းအရုံး၊ ကျောင်းသားသမဂ္ဂများက ဖတပလ(ဖဆပလ)ဖွဲ့ကာ နယ်ချဲ့ထံမှ လွတ်လပ်ရေးကို မဆုတ်မနစ် တောင်းဆိုတိုက်ပွဲဝင်ကြရာ ပြည်သူတို့ တစ်ခဲနက် ထောက်ခံပါဝင်လာကြသည်။ လူထုကြီးတစ်ရပ်လုံးပါဝင်သော လွတ်လပ်ရေး တောင်းဆိုမှုကို အင်္ဂလိပ်တို့ မလွန်ဆန်နိုင်တော့ချေ။ ထိုအချိန် အင်္ဂလန်နိုင်ငံတွင် ဝန်ကြီးချုပ် ချာချီ ရွေးကောက်ပွဲရှုံးပြီး လေဘာပါတီမှ အက်တလီတို့ ရွေးကောက်ပွဲနိုင်၊ အာဏာရချိန်ဖြစ်၍ ဗိုလ်ချုပ် အောင်ဆန်းအမှူးပြုသော ကိုယ်စားလှယ်အဖွဲ့ကို လန်ဒန်သို့ ဖိတ်ခေါ်ကာ မြန်မာ့လွတ်လပ်ရေး အတွက် ဆွေးနွေးလာရတော့သည်။
ထိုအချိန် ရန်ကုန်မြို့ရှိ အင်္ဂလိပ်ဘုရင်ခံနှင့် တောင်တန်းဒေသမင်းကြီး စတီဗင်ဆင်တို့က ရှမ်းစော်ဘွားများအား သွေးထိုးကာ လန်ဒန်သို့ ကြေးနန်းရိုက်စေခဲ့သည်။ ယင်းကြေးနန်း၌ ဗိုလ်ချုပ် အောင်ဆန်းသည် ဗမာကိုယ်စားလှယ်သာဖြစ်သည်။ ရှမ်းပြည်နယ်ကို ကိုယ်စားမပြု၊ ရှမ်းတိုင်း ရင်းသားတို့၏ သဘောထားသိရန် ရှမ်းစော်ဘွားများကို ဖိတ်ပါဟု ဖော်ပြထားသည်။ အင်္ဂလိပ်ဝန်ကြီးချုပ်က ထိုကြေးနန်းစာကိုပြပြီး ဗိုလ်ချုပ်အောင်ဆန်းကို အကျပ်ကိုင်သည်။ ဗမာများ၏ လွတ်လပ်ရေးကိုသာ ပြောပါ။ တိုင်းရင်းသားတို့၏ တောင်ပေါ်ဒေသ အရေး မဆွေးနွေးပါနှင့်ဟု ပြောသည်။ ဗိုလ်ချုပ်အောင်ဆန်းက တစ်နိုင်ငံလုံး၏ လွတ်လပ်ရေးကို သာ မဆုတ်မနစ် တောင်းဆိုခဲ့သည်။
အင်္ဂလိပ်ဝန်ကြီးချုပ် အက်တလီက ၁၉၄၇ ခုနှစ်တွင် ပင်လုံညီလာခံလုပ်လိမ့်မည်၊ ဗိုလ်ချုပ် အောင်ဆန်းတက်ပါဟု မှာကြားလိုက်သည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ပင်လုံ ညီလာခံသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။ လန်ဒန်မှ အောင်ဆန်း-အက်တလီ စာချုပ်ရေးထိုး၍ ပြန်လာ ပြီးနောက် ကချင်၊ ချင်း၊ ရှမ်း၊ ကယား၊ ကရင် စသည့် တိုင်းရင်းဒေသများသို့ ဗိုလ်ချုပ်အောင်ဆန်းသွားရောက်ခဲ့သည်။ လွတ်လပ်ရေးရတော့မည့် အခြေ အနေတင်ပြကာ တိုင်းရင်းသားများ၏ ထောက်ခံမှု ရယူခဲ့သည်။
ဗိုလ်ချုပ်တို့ အင်္ဂလန်တွင် လွတ်လပ်ရေးအတွက် ဆွေးနွေးပြီးအပြန် အင်္ဂလိပ်တို့က အဖွဲ့များ စေလွှတ်ကာ တိုင်းရင်းသားများက ဗမာနှင့်အတူ လွတ်လပ်ရေး မယူလိုဟူသော ဆန္ဒများဖော် ထုတ်ကြရန် သွေးဆောင်ခဲ့သည်။ သို့သော်တိုင်းရင်းသား အားလုံးက အတူတကွ လွတ်လပ်ရေးယူမည်ဟု ပြတ်သားစွာ ပြန်ကြားခဲ့၍ အင်္ဂလိပ်တို့လက်လျှော့ ကြရသည်။ နောက်ဆုံး ပင်လုံညီလာခံကျင်းပ၊ ပင်လုံညီလာခံတွင် ဗမာနှင့်အတူ လွတ်လပ်ရေးမယူလို၊ ပင်လုံစာချုပ် လက်မှတ်မထိုးဟူသော အနေအထားကို အင်္ဂလိပ်တို့ ဖန်တီးထားခဲ့သည်။ အင်္ဂလိပ်ဘုရင်ခံနှင့် တောင်တန်းဒေသမင်းကြီး စတီဗင်ဆင်တို့သာမက အင်္ဂလန်မှ လွှတ်လိုက်သော ကိုလိုနီဆိုင်ရာ အတွင်းဝန်တို့ပါ စော်ဘွားများကို သွေးထိုး၊ သွေးခွဲလုပ်ပြီး ပင်လုံညီလာခံမအောင်မြင်၊ ပျက်ပြားသွားအောင် ဖျက်ဆီးလာကြသည်။ အင်္ဂလိပ်တို့၏ စည်းရုံးမှုကိုခံရပြီး ဗိုလ်ချုပ်အောင်ဆန်းကို ဆန့်ကျင်သော စော်ဘွားများကို အသုံးချ၍ ပင်လုံ ညီလာခံပျက်စေရန် နယ်ချဲ့အင်္ဂလိပ်တို့က အမျိုးမျိုးသွေးထိုးခဲ့ရာမူလကပင် အင်္ဂလိပ်ပယောဂဝင်နေသော စော်ဘွားအချို့က ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကို လက်မှတ်မထိုးနိုင်ဟု ပြောလာကြသည်။
၅-၂-၁၉၄၇ ရက်နေ့ ညနေပိုင်းတွင် ကျင်းပသည့် ညစာစားပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းက “ကျွန်တော်အခု ပင်လုံကို ရောက်လာတာကတော့ အဓိကအားဖြင့် ၁၉၄၇ ခုနှစ်ကုန်၊ ၁၉၄၈ ခုနှစ် နှစ်ဆန်းရင် ဗမာတွေ လွတ်လပ်ရေးယူကြတော့မယ်။ တိုင်းရင်းသားတွေ မိမိတို့ဆန္ဒအလျောက် စိတ်တိုင်း ကျလွတ်လွတ်လပ်လပ် ဆုံးဖြတ်ကြပါ။ ကျွန်တော်တို့က ခင်ဗျားတို့ကို လွတ်လပ်ရေး ယူကြရမယ်လို့ အတင်းအကျပ် မပြောလိုပါဘူး။ ကျွန်တော်တို့နဲ့အတူ မယူနဲ့လို့လည်း မပြောလိုပါဘူး။ စိတ်တိုင်းကျ ဆုံးဖြတ်ပါ။ ကျွန်တော်တို့တစ်တွေဟာ လွတ်လပ်ရေး ပြန်ရအောင် နှစ်ပေါင်း ၅၀ ကျော် ကြိုးပမ်းခဲ့ရတယ်။ ခင်ဗျားတို့ တိုင်းရင်းသားတွေ အခုမယူသေးဘူး၊ နောင်ကျမှ ယူမယ်ဆိုရင်လည်း သဘောပါပဲ၊ အဲဒီ အခါကျရင် ခင်ဗျားတို့ လုံးဝလွတ်လပ်ရေး ပြန်ရအောင် နှစ်ပေါင်းဘယ်လောက်ကြာကြာ ကြိုးပမ်းရမလဲဆိုတာတော့ မပြောနိုင်ပါဘူး”ဟု ပြောကြားသည်။
ပင်လုံညီလာခံသဘာပတိဖြစ်သူက “ဗိုလ်ချုပ်က အခုလို ပွင့်ပွင့်လင်းလင်း ပြောသွားတာ ကျေးဇူးတင် ပါတယ်။ ကျွန်တော်တို့ကလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်။ ကျွန်တော်တို့ဟာ တိုင်းတစ်ပါးသား လူမျိုးခြား နယ်ချဲ့လက်အောက်နေလာရတာ ကြာနေပါပြီ။ ဆက်ပြီးမနေနိုင်တော့ပါဘူး။ ဗိုလ်ချုပ် စိတ်ချပါ၊ ကျွန်တော်တို့လည်း ဗမာနဲ့အတူ လွတ်လပ်ရေးယူမှာပါ။”
သို့သော်လည်း အင်္ဂလိပ်နယ်ချဲ့တို့၏ သွေးခွဲ၊ သွေးထိုးပေးမှုအရ စော်ဘွားအချို့က ပင်လုံစာချုပ်တွင် လက်မှတ်မရေးထိုးတော့ဟု ပြောလာကြသည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းက “ဒါတော့ သူတို့ သဘောပါပဲ။ သူတို့လွတ်လပ်ရေးမယူချင်ရင် နေကြပါစေ။ ဒို့ကတော့ယူရမှာပဲ၊ ဒို့ဝတ္တရားကုန်ပြီ။ တကယ်လို့များ သူတို့က ဒို့နဲ့အတူ လွတ်လပ်ရေး ယူမယ်ဆိုရင် တိုင်းရင်းသားလူမျိုးတို့ရဲ့ အခွင့်အရေးတွေ ကာကွယ်ပေးဖို့ ဥပဒေတွေရေးဆွဲပြဋ္ဌာန်းပေးဖို့ စီစဉ်ထားတာပါပဲ။ အဲဒီလိုဆို နက်ဖြန်ရန်ကုန်ပြန် မယ်၊ ဗိုလ်ထွန်းလှလေယာဉ်မှာလိုက်တော့ နက်ဖြန် ပြန်မယ်”ဟု ပြောသည်။ ဖဆပလမှ လူကြီးများနှင့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များက မေတ္တာရပ်ခံ ပြီး ဆွေးနွေးကြသည်။ နောက်ဆုံးတွင် ၁၂-၂-၁၉၄၇ ရက်နေ့၌ ပင်လုံစာချုပ်ကြီးကို အားလုံးလက်မှတ် ရေးထိုးကြတော့သည်။ ကချင်၊ ချင်း၊ ကယား၊ ရှမ်း၊ ဗမာ ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးကြသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံသည် ၄-၁-၁၉၄၈ ရက်နေ့ နံနက် ၄ နာရီ မိနစ်၂၀ တွင် လွတ်လပ်ရေးရခဲ့သည်။
ဖဆပလ ပါလီမန်ဒီမိုကရေစီအစိုးရလက်ထက် ၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပခဲ့သည်။ ၁၉၆၂ ခုနှစ် နောက်ပိုင်း ၁၉၆၃ ခုနှစ်မှစ၍ ပြည်ထောင်စုနေ့ကို လူထုအစည်း အဝေးကြီးများ၊ လူထုချီတက်ပွဲ၊ အလံတော်သယ်ယူ လွှင့်တင်ပွဲများကို ပွဲလမ်းသဘင်များဖြင့် နှစ်စဉ်ကျင်းပလာခဲ့ကြသည်။ ပြည်သူများကိုယ်တိုင်ရွှင်ပြုံး တက်ကြွစွာ ပြည်ထောင်စုနေ့ပွဲတော်ကို ပါဝင် ဆင်နွှဲကြသည်။
၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက် ၅ ရပ်ကို ဤသို့ ချမှတ်ခဲ့ သည်-
၁။ နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက် ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေး နှင့် စားရေရိက္ခာဖူလုံရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရေး။
၂။ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်အတူ တိုင်းရင်းသား လူမျိုးများအားလုံး လက်တွဲပူးပေါင်း ဆောင်ရွက်ရေး။
၃။ နိုင်ငံတော်အတွင်း တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားလျက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ရေး။
၄။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ရင်းနှီးချစ်ကြည်မှု၊ ယုံကြည်မှု၊ စည်းလုံး ညီညွတ်မှု၊ စုစည်းလုပ်ဆောင်မှုတို့ဖြင့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေး။
၅။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် ဖြစ်ပေါ်လာရေးနှင့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဖော် ဆောင်ရေး။
အထက်ဖော်ပြပါ ပြည်ထောင်စုနေ့ ဦးတည်ချက်များ ပြည့်ဝအောင်မြင်သည်အထိ အကောင် အထည်ဖော်ဆောင်ရွက်နိုင်လျှင် လက်တွေ့ဒိဋ္ဌ အကျိုးခံစားရမည့်သူများမှာ ပြည်ထောင်စုဖွား သွေးချင်းသားချင်း တိုင်းရင်းသား မြန်မာပြည်သူများ သာဖြစ်သည်ကို ရှင်းလင်းစွာ တွေ့နိုင်ကြပေသည်။
ထို့ကြောင့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးလုံးက နယ်ချဲ့ကျူးကျော်သူများကို သူ့ကျွန်မခံ ခုခံတွန်းလှန်စိတ်ဖြင့် တွန်းလှန်တိုက်ခိုက်ခဲ့ကြသည်။ လွတ်လပ်ရေးပြန်လည်ရရှိရန်လည်း ဇာတိသွေး၊ ဇာတိမာန်အပြည့်ဖြင့် မဆုတ်မနစ် ကြိုးပမ်းခဲ့ကြသည်။ နယ်ချဲ့သမားနှင့် ၎င်းတို့၏ လက်ပါးစေ-ကြေးစား အမျိုးသားသစ္စာဖောက်တို့၏ အကြမ်းဖက်မှုဖြင့် မြန်မာတိုင်းရင်းသားများ စစ်ဘေးရှောင် ဒုက္ခသည်များအဖြစ် အိုးအိမ်များ ဆုံးရှုံးခဲ့ကြရသည်။ ဤ အနုတ်လက္ခဏာများကို အပေါင်းလက္ခဏာ၊ အမြှောက်လက္ခဏာများဖြစ်အောင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမ၊ ဆွေချင်းသားချင်းများက ပြည်ထောင်စုစိတ်ဓာတ်ကိုယ်စီဖြင့် အားသွန်ခွန် စိုက်ကြိုးပမ်းသွားကြရန် တိုက်တွန်းနှိုးဆော်ရင်း (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြု ဆောင်းပါးကို နိဂုံးချုပ်ပါရစေ။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဝပြောပါစေ၊ ကြီးပွားတိုးတက်ပါစေဟု ဆုတောင်းလိုက်ပါသည်။ ။
