လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးရေး အလေးပေးဆွေးနွေး
မောင်ကမ္ဘာ
လျှပ်စစ်စွမ်းအားအစွမ်းဖြင့် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံ၏ တစ်စတစ်စဖွံ့ဖြိုးတိုးတက်လာမှု ပြယုဂ်သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ သတင်းပါအကြောင်းအရာက ၂၀၂၁ ခုနှစ် စာရင်းအရ လာအိုနိုင်ငံ၏ လူဦးရေ ၁၀၀ ရာခိုင်နှုန်းမှာ လျှပ်စစ်မီးရရှိလာရုံမက အိမ်နီးချင်းနိုင်ငံများသို့ပါ လျှပ်စစ်ဓာတ်အားတင်ပို့ရောင်းချနိုင်သည့်အဆင့်သို့ တက်လှမ်းလာကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ပြည်ပသို့ လျှပ်စစ်ဓာတ်အား တင်ပို့ရောင်းချနိုင်မှုပမာဏ ပိုမိုတိုးတက်မြင့်မားလာသည်နှင့်အမျှ ကမ္ဘာ့ ၁၂ ခုမြောက် အကြီးဆုံးလျှပ်စစ်ဓာတ်အား တင်ပို့ရောင်းချနိုင်သည့်နိုင်ငံ တစ်နိုင်ငံဖြစ်လာကြောင်း။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်းက တရားဝင်ဖွင့်လှစ်ခဲ့သည့် လာအိုနိုင်ငံ၏ အကြီးဆုံးနှင့် နည်းပညာအမြင့်မားဆုံး ဆိုင်ယာဘူရီဆည်ကြီး(Xayaburi Dam) တရားဝင်ဖွင့်လှစ်နိုင်မှုနှင့်အတူ လာအိုနိုင်ငံ၏ ရေအားလျှပ်စစ်ထုတ်လုပ်မှုမှာ များစွာဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း၊ စိန်ခေါ်မှုများနှင့် အငြင်းပွားဖွယ်ရာအချို့ရှိသော်ငြား ဆိုင်ယာဘူရီဆည်သည် နိုင်ငံခြားဝင်ငွေရှာပေးသည့် အဓိကအရင်းအမြစ်တစ်ခု ဖြစ်လာကြောင်း။
ကဏ္ဍစုံဖွံ့ဖြိုးရေးအတွက် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်စွမ်းအားရရှိမှုနှင့်အတူ လာအိုနိုင်ငံသည် ယခု ၂၀၂၆ ခုနှစ်အတွင်း ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများစာရင်း (LDC) မှ ရုန်းထွက် နိုင်ရန်မျှော်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်းဆိုသည်။
တစ်ဆက်တည်းမှာပင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကသွားရောက်ခဲ့သည့် ကချင်ပြည်နယ်ခရီးစဉ်အတွင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြားစဉ် လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ထပ်မံလေ့လာဖတ်ရှုခဲ့ရပြန်ပါသည်။
ဦးစွာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက “ရေအားလျှပ်စစ်သည် အသက်သာဆုံးဖြစ်၍ ကချင်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် မေခ၊ မလိခမြစ်နှစ်ခုမှ ပေါင်းစည်းပေးသည့် ဧရာဝတီမြစ်၏အရင်းအမြစ်များက သဘာဝတရားကြီးမားစွာ ဖန်တီးပေးထားသည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်သုံးသပ်ဆွေးနွေးအကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း” ပြောကြားခဲ့သည်။
ဆက်လက်၍ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဘေးအန္တရာယ်ကင်းရှင်းစွာ စီမံဆောင်ရွက် ထားရှိမှုအခြေအနေနှင့်စပ်လျဉ်း၍ “အဆိုပါ စီမံကိန်းတည်ဆောက်ရေးနှင့်ပတ်သက်၍ ဒေသခံ ပြည်သူများ၊ ဘာသာရေးခေါင်းဆောင်များနှင့် အကျေအလည် ဆွေးနွေးရသည့်အချက်မှာ ငလျင်ကြောပေါ်တွင် ရှိနေသည့်အတွက် တမံပြိုကျပါက ဖြစ်ပေါ်လာမည့် အန္တရာယ်များအတွက် မေးခွန်းများအပေါ် တမံတည်ဆောက်မှုဒီဇိုင်း၌ ငလျင်ဒဏ်ခံနိုင်မည့်ဒီဇိုင်းဖြင့် တည်ဆောက်ရန် ဆွေးနွေးခဲ့ကြောင်း၊ အဆိုပါမြစ်ဆုံစီမံကိန်းကို နိုင်ငံတော်နှင့် ပြည်သူများ၏အကျိုးစီးပွားကို အဓိကထား၍ ဆောင်ရွက်သွားမည်ဟုဆိုသည်။
မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် မြစ်ဆုံအမှတ်လက္ခဏာ မပျောက်ပျက်စေရေး တမံအမြင့်နှင့် ထုတ်လုပ်မှုပမာဏ မဂ္ဂါဝပ်နှင့်ပတ်သက်၍ သက်ဆိုင်ရာနှင့် အဆိုပြုနည်းလမ်း ခြောက်မျိုးဖြင့် အကြိမ်ကြိမ်ဆွေးနွေးပြီး မေခနှင့် မလိခမြစ်ဆုံမှု ရေစီးကြောင်းမပျောက်ပျက်စေဘဲ နှစ်နိုင်ငံဖြစ်နိုင်ခြေရှိပြီး စီးပွားရေးအရ တွက်ခြေကိုက်နိုင်မည့် အဆိုပြုပုံစံသုံးရပ်ကို ဆန်ခါတင်စိစစ်ကာ တမံအမျိုးအစား Concrete Face Rock Fill Dam (CFRD) ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံ အမျိုးအစားဖြစ်၍ တပ်ဆင်စက်အင်အား ၅၆၀၀ မဂ္ဂါဝပ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ငလျင်နှင့်ပတ်သက်၍ စစ်ကိုင်းပြတ်ရွှေ့မှ အကွာအဝေး ၃၀ ဒသမ ၉ မီတာနေရာရှိ ဇောင်းတူဆည်မှာ မြေသားတမံဖြစ်ပြီး ၆ မဂ္ဂနီကျု ခံနိုင်ရည်ရှိကြောင်း၊ စစ်ကိုင်း ပြတ်ရွေ့ကြောပေါ်ရှိ ဖြူးမြို့နယ်အနီး ကွန်းရေလှောင်တမံမှာ ကျောက်ဖြည့်တမံ အမျိုးအစားဖြစ်ကာ ၇ ဒသမ ၉ မဂ္ဂနီကျုခံနိုင်ရည်ရှိကြောင်း၊ အဆိုပါ ဆည်တမံနှစ်ခုသည် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ရာတွင် တစ်စုံတစ်ရာ ချွတ်ယွင်းမှုမရှိသည်ကို တွေ့ရှိရကြောင်း၊ ယခုအခါ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု ပမာဏထက် ပိုမိုခံနိုင်ရည်ရှိသည့်ဒီဇိုင်းကို ASEAN Charter Professional Engineer (ACPE) အဖွဲ့မှ ပညာရှင်များဖြင့် အကြံပြုတွက်ချက်ပေးသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ဆက်စပ်၍ “ရေအောက်ကြမ်းပြင်ထိန်းညှိပေးမည့် လုပ်ငန်းများပါ ထည့်သွင်းထားပြီး နှစ်စဉ်မြစ်ကြီးနားမြို့ ရေဝင်ရေကြီးနစ်မြုပ်မှုမှလည်း ကင်းရှင်း စေမည်ဖြစ်ကြောင်း၊ ဧရာဝတီမြစ်တစ်လျှောက် မြစ်ဝကျွန်းပေါ် ပင်လယ်အဝအထိ နှစ်စဉ် နွေမိုး ဆောင်းရေပြင်အမြင့် ၁၀ မီတာအမြဲရှိပြီး ဧရာဝတီတိုင်းဒေသကြီးမှ မြစ်ကြီးနားအထိ မြစ်တွင်းသွား သင်္ဘောကြီး/သင်္ဘောငယ်များ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါရေအောက်ကြမ်းပြင်မှ ထွက်ရှိလာသည့် နုန်းမြေအနယ်အနှစ်များကိုလည်း ဧရာဝတီမြစ်ဘေးတစ်လျှောက်ရှိ လုပ်ကိုင်နေကြသည့် တောင်သူများ၏ စိုက်ပျိုးမြေများအတွက် သဘာဝကပေးသည့် အဆီအနှစ်ပြည့်ဝသည့် မြေဩဇာကိုလည်း အသုံးပြုသွားနိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
စီမံကိန်းမှထွက်ပေါ်လာမည့် အကျိုးရလဒ်အားဖြင့် စီမံကိန်းအောင်မြင်ပါက နိုင်ငံတော်နှင့် ကချင် ပြည်နယ်ကိုအကျိုးပြုစေမည့် ကုန်ထုတ်စွမ်းအား ပိုမိုတိုးတက်စေမည့် လျှပ်စစ်ဓာတ်အားများရရှိရေး နှင့် ရေလမ်းကြောင်း ရာသီမရွေးအသုံးချနိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသား ပြည်သူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက ကျေနပ်ဝမ်းသာ အားရသဘောကျ လက်ခံကြသည်ဟု ဆိုပါသည်။
လျှပ်စစ်စွမ်းအားနှင့်ပတ်သက်သည့် သတင်းနှစ်ပုဒ်ကို နှိုင်းယှဉ်ဖတ်ရှုရင်း အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်မြင်ကွင်းပုံရိပ်များကား တဖျတ်ဖျတ် ထင်ဟပ်လာသည်။
မြန်မာ့ရုပ်မြင်သံကြား ခေတ်ဦးကာလက ရုပ်မြင်သံကြားပရိသတ်များ အထူးကြိုက်နှစ်သက် လေ့ရှိသည့် “Six Million Dollar Man” ၊ “Little House on the Prairie”၊ “The Love Boat”၊ “Charlie’s Angels” စသည့် ရုပ်သံဇာတ်လမ်းတွဲများကို အပတ်စဉ်ထုတ်လွှင့်ပြသလေ့ရှိသည်။
သို့သော် ကိုယ်နှစ်သက်ရာဇာတ်လမ်းတွဲကို ကြည့်ခွင့်ရချင်မှရပေလိမ့်မည်။ တစ်ခါတစ်ရံ အစ အဆုံးကြည့်ချင်မှ ကြည့်ရပေလိမ့်မည်။ ထိုခေတ် ထိုအချိန်ကတည်းက လျှပ်စစ်မီးက အစိုးမရ။ ည ၈ နာရီ သတင်းကြေညာအပြီးတွင် မကြာခဏ မီးပြတ်လေ့ရှိတတ်သည်။ တစ်ခါတလေ ဇာတ်ကား ပြသနေဆဲ ကြည့်ကောင်းနေချိန်တွင် ပြတ်ချင်ပြတ်တတ်သည်။
တစ်ရက် စာရေးသူကြိုက်နှစ်သက်သည့် နိုင်ငံခြားဇာတ်လမ်းတွဲ ပြသခါနီးတွင် မီးကမလာ၊ ပြတ်နေဆဲဖြစ်၍ ငယ်ရွယ်သူပီပီ လမ်းထိပ်က လျှပ်စစ်ဓာတ်အားခွဲရုံသွပ်ခေါင်မိုးကို မှောင်ရိပ်ခို၍ ခဲစာကျွေးခဲ့ဖူးသည်။ ယခုပြန်တွေးကြည့်တော့ ပြုံးရယ်စရာဖြစ်ရသည်။ မီးပြတ်တိုင်း အဆိုပါ လျှပ်စစ်ဓာတ်အားခွဲရုံက တမင်ညစ်ပြီး မီးဖြတ်ခြင်း ဖြစ်သည်ဟု တထစ်ချယူဆမိ၍ဖြစ်သည်။ ထိုစဉ် အခါက တစ်နိုင်ငံလုံးကို လောပိတဓာတ်အားပေး စက်ရုံတစ်ရုံတည်းက အဓိကလျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးပေးနေရခြင်းဖြစ်၍ ဝန်နှင့်အား မမျှဖြစ်ကာ မကြာခဏမီးပြတ်နေခြင်းဖြစ်ကြောင်း ငယ်ရွယ်စဉ်က မသိခဲ့ရိုးအမှန်ပင်။
သည်လိုနှင့် ၁၉၉၀၊ ၂၀၀၀၊ ၂၀၁၀ စသည်ဖြင့် ဆယ်စုနှစ်အလိုက် ခရစ်၊ သက္ကရာဇ်တွေ ပြောင်းလဲ ရွေ့လျားလာသည်။ မိမိတို့လည်း လူလားမြောက်၍ အသက်တွေ တစ်စတစ်စ ကြီးရင့်လာကြသည်။ သို့သော် မြန်မာ့လျှပ်စစ်စွမ်းအင်ကဏ္ဍကမူ လိုအပ်ချက်ရှိနေဆဲ။
ယခင်ကထက် လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ် ဖြန့်ဖြူးနိုင်ပါသော်လည်း တစ်စတစ်စ တိုးတက်လာသောအခြေခံအဆောက်အအုံများ၊ ခေတ်မီလျှပ်စစ်အသုံးအဆောင်များကြောင့် လျှပ်စစ် ဓာတ်အားသုံးစွဲမှု ပိုမိုများပြားလာသည်နှင့်အမျှ ထုတ်လုပ်မှုနှင့် သုံးစွဲမှုမှာ သမင်မွေးရင်း ကျားစား ရင်းဖြစ်နေဆဲပင်။
ယခုမျက်မှောက်ကာလတွင်လည်း မီးမကြာခဏ ပြတ်နေဆဲဖြစ်၍ “ဟာ”၊ “ဟင်”၊ “ကျွတ်”၊ “တောက်” စသည့်အားမလို အားမရအသံများ။ မီးပြန်လာ၍ “ဟေး”၊ “ဟား” ဟူသော ဝမ်းသာအားရ အာမေဋိတ်သံများကိုကြားနေရဆဲ။ လူနေအိမ်အချို့မှသည် MSME အသေးစား၊ အလတ်စားလုပ်ငန်းများ၊ အရောင်းပြခန်းများတွင် မီးစက်သံများကိုကြားနေရဆဲ။ ရေတင်မရလို့၊ ထမင်း၊ ဟင်းမချက်ရသေးလို့ စသည့်လူမှုကိစ္စ အခက်အခဲများကလည်း ယနေ့ကြုံတွေ့နေရဆဲ။
နိုင်ငံနှင့်ချီ၍ဆိုရလျှင် နိုင်ငံအနေဖြင့်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကုန်ကြမ်းမှ ကုန်ချောအထိ ထုတ်လုပ်နိုင်ရန် အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်မီးက လိုအပ်နေဆဲ။ ကုန်ထုတ် စွမ်းအား ပိုမိုတိုးတက်စေရန် လျှပ်စစ်ဓာတ်အားက လိုအပ်နေဆဲပင်။
မိမိတို့ဖွံ့ဖြိုးဆဲနိုင်ငံငယ်များ မဆိုထားဘိ အင်အားကြီးနိုင်ငံကြီးများသည်ပင်လျှင် ၎င်းတို့ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုများ အရှိန်အဟုန်မကျစေရန်၊ ပို၍ခေတ်ရှေ့ပြေးနိုင်ရန် လျှပ်စစ်ဓာတ်အား အပါအဝင် စွမ်းအင်လိုအပ်ချက်ကို အာသာငမ်းငမ်းဖြင့် တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ရယူ လုပ်ဆောင်လျက်ရှိသည်ကို ယနေ့ကမ္ဘာ့မြင်ကွင်းတွင် တွေ့မြင်ကြရမည် ဖြစ်ပေသည်။
စက်မှုထိပ်သီးဂျပန်နိုင်ငံတွင်မူ နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံများအပြင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများကိုလည်း တွဲဖက်အသုံးပြုလျက်ရှိပေသည်။ တိုကျိုမြို့ရှိ J Power ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံတစ်ရုံတွင် ဩစတြေးလျမှ ထုတ်လုပ်တင်ပို့ထားသော ဧရာမကျောက်မီးသွေးအခဲတုံးကြီးကို မှန်ပေါင်သွင်း၍ ပြသထားသည်ကို လေ့လာ တွေ့ရှိရမည် ဖြစ်ပေသည်။
ကမ္ဘာပေါ်တွင် လျှပ်စစ်ဓာတ်အားကို နျူကလီးယားစွမ်းအင်အပြင် ရေအား၊ လေအား၊ နေရောင်ခြည် စွမ်းအား၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့များမှ ထုတ်လုပ်ရယူလျက်ရှိကြသည်။ ယင်းတို့အနက် ရေအားလျှပ်စစ်ဖြင့်ထုတ်လုပ်မှုက အသက်သာဆုံးဖြစ်ကြောင်း သိရပါသည်။
မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အား ၁ ယူနစ် ထုတ်လုပ်မှုတန်ဖိုးအားဖြင့် ရေအားလျှပ်စစ်မှ ပျမ်းမျှ ၈၂ ကျပ်၊ နေရောင်ခြည်စွမ်းအင်မှ ၁၇၁ ကျပ်၊ သဘာဝဓာတ်ငွေ့မှ ၂၃၅ ကျပ်နှင့် ကျောက်မီးသွေးမှ ၂၁၅ ကျပ် ကုန်ကျကြောင်း သိရသည်။
မိမိတို့၏ နိစ္စဓူဝ လူမှုစီးပွားကိစ္စအဝဝ အဆင်ပြေချောမွေ့စေဖို့၊ နိုင်ငံတစ်နိုင်ငံ ခေတ်မီဖွံ့ဖြိုး တိုးတက်စေဖို့၊ စိုက်ပျိုးမွေးမြူရေးအပါအဝင် ကုန်ထုတ်စွမ်းအားတိုးတက်မြင့်မားစေဖို့ လိုအပ်သည့် လျှပ်စစ်စွမ်းအားရရှိရေးအတွက် မိမိတို့အားလုံး ဓမ္မဓိဋ္ဌာန်ကျကျ ဆွေးနွေးအဖြေရှာကြရပါမည်။
မိမိတို့ငယ်စဉ်ကလို ကလေးအတွေးဖြင့် မီးမလာတိုင်း၊ မီးပြတ်တိုင်း စိတ်ထင်ရာမြင်ရာဖြင့် လျှပ်စစ်ဓာတ်အားခွဲရုံကို ခဲနှင့်ပစ်၍ပြဿနာကို ဖြေရှင်း၍မရနိုင်ပေ။ ။
