လောင်စာဆီချွေတာရေး “စုံ”ရက်၊ “မ”ရက် ယာဉ်အသုံးပြုစီမံချက် ပူးပေါင်းပါဝင်ဆောင်ရွက်
ကိုရင်မောင်
လတ်တလောဖြစ်ပေါ်နေတဲ့ အရှေ့အလယ်ပိုင်းက စစ်ရေးပဋိပက္ခတွေကြောင့် စက်သုံးဆီတင်သွင်းမှုလမ်းကြောင်း အကျပ်အတည်းဖြစ်ပေါ်မှုဟာ ကမ္ဘာ့နိုင်ငံတွေအားလုံးကို ရိုက်ခတ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ နိုင်ငံတော်အစိုးရက ပြည်သူတွေသိရှိလိုက်နာနိုင်ဖို့ ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ လိုအပ်ချက်အရ လောင်စာဆီချွေတာရေးကို ရည်ရွယ်ပြီး စုံ/မ ယာဉ်အသုံးပြုမှုအစီအစဉ်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီအစဉ်ကို ထုတ်ပြန် လိုက်တဲ့အခါ ပြည်သူလူထုကြားမှာ သို့လောသို့လော ကြားလာရပါတယ်။ ပြည်သူအားလုံးရဲ့အသံတွေ တော့မဟုတ်ပါဘူး။ စစ်စစ်ပေါက်ပေါက်လေ့လာကြည့်ရင် မော်တော်ယာဉ်ပိုင်ဆိုင်တဲ့သူတွေကြားက ပေါ်ထွက်လာတဲ့အသံအချို့ ဖြစ်ပါတယ်။
မည်သို့ပင်ဖြစ်စေ နိုင်ငံတော်နဲ့ အများပြည်သူအတွက် အကျိုးရှိတဲ့ကိစ္စဖြစ်လို့ လက်ခံကြရမှာဖြစ်ပါတယ်။ စက်သုံးဆီ ခြိုးခြံချွေတာရေးအတွက် ပြည်သူသို့အသိပေးကြေညာချက်ကို ၂၀၂၆ ခုနှစ် မတ်လ ၃ ရက်နေ့က ထုတ်ပြန်လိုက်တဲ့အချိန်မှာ ပြည်သူတွေကြားမှာ စိုးရိမ်ပူပန်မှုတွေ အနည်းနဲ့အများဆိုသလို ပေါ်ထွက်လာတာဖြစ်ပါတယ်။ ဂယက်ရိုက်ခတ်မှုအမျိုးမျိုးကြောင့် စက်သုံးဆီဆိုင်တွေမှာ မော်တော်ယာဉ်တွေ တန်းစီဝယ်ယူနေကြတာကိုလည်း တွေ့ရပါတယ်။ နိုင်ငံတော်အစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက အရန်ဆီ အလုံအလောက်ရှိလို့ နိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှုမဖြစ်နိုင်ကြောင်းနဲ့ စိုးရိမ်ကြောင့်ကြမှုမဖြစ်စေဖို့ အသိပေးထုတ်ပြန်ချက်တွေ ဆက်တိုက် ထုတ်ပြန်ပေးခဲ့ပါတယ်။ စုံ/မ ယာဉ်အသုံးပြုမှု အစီအစဉ်စတင်တဲ့ မတ်လ ၇ ရက်နေ့မှာတော့ ပုံမှန်အခြေအနေအတိုင်းရှိနေတာကို တွေ့ရပါတယ်။
အကျိုးရလဒ်တွေရှိ
မတ်လ ၇ ရက်နေ့နောက်ပိုင်းမှာ နိုင်ငံအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်တွေမှာ မော်တော်ယာဉ်တွေ ပုံမှန်အတိုင်း ဆီဝယ်ယူနေကြတာကိုတွေ့ရပြီး ထူးခြားတာကတော့ လမ်းတွေပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ၊ မော်တော်ယာဉ်ထူထပ်မှုတွေ လျော့ကျသွားတာကို တွေ့ရပါတယ်။ ပြည်သူတွေအနေနဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေနဲ့ ပုံမှန်အတိုင်းသွားလာနေကြတာကိုတွေ့ရပြီး ဝန်ထမ်းကြိုပို့ယာဉ်တွေ၊ ကုန်စည်သယ်ယူပို့ဆောင် ရေးယာဉ်တွေ၊ စက်ရုံအလုပ်ရုံ လုပ်ငန်းသုံးယာဉ်တွေ၊ ကျောင်းကြို/ပို့ယာဉ်တွေလည်း ပုံမှန်အတိုင်းသွားလာနေကြတာကို တွေ့ရပါတယ်။ စက်ရုံအလုပ်ရုံ၊ ကုန်ပစ္စည်း၊ ကျောင်းနဲ့ပတ်သက်တဲ့ယာဉ်တွေနဲ့ စီးနင်းလိုက်ပါသူတွေအနေနဲ့ သက်ဆိုင်ရာအထောက်အထားတွေ ခိုင်ခိုင်မာမာထုတ်ဖော်ပြသဖို့ လိုပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ သန်းနဲ့ချီပြီးရှိတဲ့ မော်တော်ယာဉ်တွေကိုစိစစ်ရတာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေတွေနဲ့အညီ လိုက်နာဆောင်ရွက်ကြရမှာက ပြည်သူတွေရဲ့တာဝန်ဖြစ်ပါတယ်။ ထုတ်ပြန်လိုက်တဲ့ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ အမိန့်တွေဟာ နိုင်ငံတော်နဲ့ အများပြည်သူ အကျိုးစီးပွားအတွက် ဖြစ်ပါတယ်။ ပြည်သူတွေကို အကျပ်အတည်းဖြစ်အောင် လုပ်ဆောင်တာမဟုတ်ဘဲ အမိန့်ထုတ်ပြန်လိုက်ခြင်းကြောင့် ပေါ်ထွက်လာမယ့် အကျိုးရလဒ်တွေကို အချိန်တန်ရင် သိရှိခံစားကြရမှာဖြစ်ပါတယ်။ လတ်တလောမှာတော့ ယာဉ်ကြောကျပ်တည်းမှု မဖြစ်ပေါ်တော့ဘဲ ပတ်ဝန်းကျင်နဲ့ လေထုသန့်ရှင်းမှုကို အထောက်အကူပြုနေတာကို တွေ့ရပါတယ်။
သတိပြုဆောင်ရွက်
လက်ရှိကာလဟာ ပညာပေးကာလဖြစ်ပြီး စည်းကမ်းလိုက်နာတဲ့ မော်တော်ယာဉ်တွေကို တွေ့ရှိရသလို မလိုက်နာတဲ့မော်တော်ယာဉ်အချို့ကိုလည်း တွေ့ရှိခဲ့ရပါတယ်။ မကြာမီရက်ပိုင်းမှာတော့ စည်းကမ်းသတ်မှတ်ချက်တွေ ဖောက်ဖျက်ကျူးလွန်တဲ့ မော်တော်ယာဉ်တွေကို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်သွားတော့မှာကို သတိပြုဖို့လိုပါတယ်။ ပြည်သူတွေ သွားလာရေး အဆင်ပြေချောမွေ့စေဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ အရှိန်အဟုန်မပျက် လည်ပတ်စေဖို့အတွက် မတ်လ ၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တဲ့ ကြေညာချက်အပုဒ် ၂၊ ပုဒ်မခွဲ(ခ)မှာ ဖော်ပြထားတဲ့ နေ့စဉ်အသုံးပြုနိုင်တဲ့ မော်တော်ယာဉ်တွေအနေနဲ့ သုံးစွဲတဲ့အခါမှာ အခေါက်ရေအနည်းဆုံးနဲ့သုံးစွဲတဲ့ ယာဉ်စီးရေ အနည်းဆုံးဖြစ်အောင် ကန့်သတ်ခြိုးခြံသုံးစွဲဖို့နဲ့ အထောက်အထားမှန်မှန်ကန်ကန် ဆောင်ရွက်ကြဖို့လိုပါတယ်။ ပုဂ္ဂလိကကိုယ်ပိုင်ယာဉ်တွေနဲ့ ခွင့်ပြုထားတဲ့ လုပ်ငန်းသုံးယာဉ်တွေဟာ ရောထွေးနေ တတ်တဲ့အတွက် အထောက်အထား ခိုင်ခိုင်မာမာ ရှိဖို့လိုပါတယ်။
လတ်တလောမှာ စက်သုံးဆီချွေတာသုံးစွဲရေးအတွက် ထုတ်ပြန်လိုက်တဲ့ ကြေညာချက်နဲ့ပတ်သက်လို့ ပုဂ္ဂလိကကိုယ်ပိုင်ယာဉ်တွေအနေနဲ့ အခက်အခဲရှိနိုင်ပေမယ့် အများပြည်သူအကျိုးစီးပွားအတွက် နားလည်မှုရှိကြဖို့လိုပါတယ်။ ရေရှည်မှာ ဖြစ်ပေါ်လာနိုင်တဲ့ကိစ္စတွေကို တွက်ဆပြီးတော့ ခြိုးခြံချွေတာ ရေးအတွက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ လောင်စာဆီအခက်အခဲကို မြန်မာနိုင်ငံအနေနဲ့ စနစ်တကျ အဆင်ပြေစွာဖြတ်သန်း နိုင်ဖို့အတွက်ရည်ရွယ်ပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အရန်ဆီအလုံအလောက်ရှိပါတယ်။ ဓာတ်ဆီဂါလန်သန်း ၆၀ ရှိပြီး ဒီဇယ်ဆီဂါလန် သန်း ၇၀ နီးပါးရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကုန်ဆိပ်ကမ်းမှာ စက်သုံးဆီတင်ဆောင်ထားတဲ့ သင်္ဘောနှစ်စင်းရှိပါတယ်။ ရေကြောင်းခရီးမှာ ဝယ်ယူပြီးသား စက်သုံးဆီ သင်္ဘော ၁၄ စင်းရှိပါတယ်။ စက်သုံးဆီနဲ့ပတ်သက်ရင် ပြတ်လပ်စရာ အကြောင်းမရှိလို့ ဆိုရမှာဖြစ်ပါတယ်။
ကောင်းမွန်တဲ့အစီအမံ
မြန်မာနိုင်ငံရဲ့ စက်သုံးဆီသုံးစွဲမှု ပုံမှန်အခြေအနေတွေအရ တစ်ရက်လျှင် ဓာတ်ဆီ ၁ ဒသမ ၅ သန်း ဂါလန်ရှိပြီး ဒီဇယ်ဆီ တစ်ရက်လျှင် ၁ ဒသမ ၇ သန်း ဂါလန်ရှိပါတယ်။ စုစုပေါင်း တစ်ရက်လျှင် စက်သုံးဆီ ဂါလန် ၃ ဒသမ ၂ သန်းခန့်သုံးစွဲနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိပြီး အရန်ဆီအနေနဲ့ နောက်ထပ် ရက်ပေါင်း ၄၀ စာ စိတ်ချစွာ သုံးစွဲနိုင်ပါတယ်။ ဖြစ်ပေါ်နေတဲ့ အရှေ့အလယ်ပိုင်းပဋိပက္ခဟာ မပြီးဆုံးသေးတဲ့အတွက် စက်သုံးဆီနဲ့ပတ်သက်လို့ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ့စက်သုံးဆီနဲ့ပတ်သက်လို့ စိန်ခေါ်မှုတွေ အမျိုးမျိုးအဖုံဖုံ ရှိလာဦးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အခုလိုအချိန်အခါမှာ စက်သုံးဆီနဲ့ပတ်သက်လို့ ခြိုးခြံချွေတာသုံးစွဲတဲ့အလေ့အထကို ပြုလုပ်လိုက်တာဟာ အနာဂတ်အတွက် ကောင်းမွန်တဲ့အစီအမံတစ်ခုလို့ ဆိုချင်ပါတယ်။
အဆိုးထဲကအကောင်းအနေနဲ့ အကောင်အထည်ဖော်လိုက်ခြင်းလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကြားထဲက ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝတွေ အဆင်ပြေအောင် ဆောင်ရွက်ပေးနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ပြည်သူလူထုရဲ့လိုအပ်ချက်တွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက် ပေးနေတာကို တွေ့ရပါတယ်။ ပြည်သူလူထုကလည်း နိုင်ငံတော်အစိုးရနဲ့ လိုက်လျောညီထွေစွာ ပါဝင်ဆောင်ရွက်ကြဖို့လိုပါတယ်။ ပြည်သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေ၊ စည်းကမ်းတွေ လိုက်နာတဲ့အပိုင်းမှာ အားနည်းနေတာကို တွေ့နိုင်ပါတယ်။ ယခုလောင်စာဆီခြိုးခြံချွေတာရေးအတွက် “စုံ/မ” ယာဉ်မောင်းနှင်အသုံးပြုတဲ့ စည်းကမ်း၊ စက်သုံးဆီ သုံးစွဲတဲ့စည်းကမ်းဟာ နိုင်ငံသားတွေ စည်းကမ်းတကျလိုက်နာဆောင်ရွက်တတ်တဲ့ အလေ့အထအဖြစ် စံနမူပြဆောင်ရွက်ရာရောက်ပါတယ်။
ကန့်သတ်ပြုလုပ်
တကယ်တော့ “စုံ”ရက်၊ “မ”ရက် ခွဲခြားပြီး မော်တော်ယာဉ်မောင်းနှင်တဲ့စနစ်ဟာ မြန်မာနိုင်ငံတစ်နိုင်ငံတည်း လုပ်နေတာမဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စု၊ ဒိန်းမတ်၊ ဆွစ်ဇာလန်၊ မက္ကဆီကို၊ ကိုလံဘီယာ၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ အိုက်စလန်၊ ယူဂန္ဓာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တရုတ်၊ အိန္ဒိယ စတဲ့နိုင်ငံတွေမှာ အစောပိုင်းကတည်းက ကျင့်သုံးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ယခုမှစတင်ကျင့်သုံးတာဖြစ်ပါတယ်။ ဒီစနစ်ကို သတ်မှတ်ကျင့်သုံးလိုက်တာကြောင့် တစ်ရက်လျှင် စက်သုံးဆီသုံးစွဲမှုပမာဏထက်ဝက် ခန့်လျှော့ချနိုင်ခဲ့ပါတယ်။ စုံရက်၊ မရက်ခွဲကာ မော်တော်ယာဉ်မောင်းနှင်တာသာမက မော်တော်ယာဉ်မသုံးစွဲရနေ့ (Dry Day) သတ်မှတ်ပြီး မော်တော်ယာဉ်မောင်းနှင်မှု ကန့်သတ်တာတွေ လည်းရှိပါတယ်။ မြန်မာနိုင်ငံမှာ မော်တော်ယာဉ်မသုံးစွဲရနေ့ (Dry Day) ပြုလုပ်ခဲ့ဖူးပါတယ်။
နိုင်ငံတကာမှာ “စုံ”ရက်၊ “မ”ရက် ယာဉ်မောင်းနှင် တဲ့စနစ် ကျင့်သုံးရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ (၁) စစ်ပွဲဖြစ်ပွားစဉ် သို့မဟုတ် ရေနံတင်သွင်းမှု ပိတ်ဆို့ရပ်ဆိုင်းသွားတဲ့အချိန်၊ (၂) နိုင်ငံခြားငွေပြတ်လပ်လို့ စက်သုံးဆီ အလုံအလောက်မဝယ်နိုင်တဲ့အချိန်၊ (၃) မြို့ကြီး တွေမှာ လေထုညစ်ညမ်းမှုနဲ့ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချဖို့ လိုအပ်နေတဲ့အချိန်တွေမှာ “စုံ”ရက်၊ “မ”ရက်စနစ်ကို နိုင်ငံတွေအနေနဲ့ ကျင့်သုံးကြတာကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အရှေ့အလယ်ပိုင်းဒေသပဋိပက္ခကြောင့် စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေးနဲ့ နိုင်ငံရဲ့အရေးကြီးတဲ့ အုပ်ချုပ်ရေးယန္တရားလုပ်ငန်းစဉ်တွေ မထိခိုက်စေဖို့အတွက် စက်သုံးဆီသုံးစွဲမှုကို စနစ်တကျစီမံခန့်ခွဲ ရန်လိုအပ်လာပါတယ်။ မကြာသေးမီကာလတွေမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ မြန်မာနိုင်ငံမှာ လေထုညစ်ညမ်းမှုတွေကို ဖြေလျှော့ပေးဖို့လည်း လိုအပ်လာပါတယ်။
အကျိုးရှိထိရောက်
မြန်မာနိုင်ငံအပါအဝင် နိုင်ငံတွေအနေနဲ့ မော်တော်ယာဉ်မသုံးစွဲရ အစီအမံတွေကို စက်သုံးဆီသုံးစွဲမှုပြဿနာတွေ၊ လေထုညစ်ညမ်းမှုပြဿနာတွေ၊ ယာဉ်ကြောပိတ်ဆို့မှုပြဿနာတွေကို လျှော့ချဖို့အတွက်သာမက အများပြည်သူတွေအတွက် စိမ်းလန်းသန့်ရှင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ လူမှုအသိုက်အဝန်းနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ မြို့ပြ ဘဝကို ဖန်တီးနိုင်ဖို့အတွက် မျှော်မှန်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ နောက်ထပ် အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမပြုသရွေ့ ထိုအစီအစဉ်ကို ပြည်သူတွေအနေနဲ့ လိုက်နာဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ တကယ်တော့ “စုံ”ရက်၊ “မ”ရက် မော်တော်ယာဉ်သုံးစွဲခြင်းနဲ့ပတ်သက်လို့ မော်တော်ယာဉ်ပိုင်ဆိုင်တဲ့ သူတွေအနေနဲ့ အခက်အခဲ တစ်စုံတစ်ရာရှိနိုင်ပေမယ့် မိမိအတွက်ရော အများပြည်သူအတွက်ပါ အကျိုးရှိ ထိရောက်တဲ့စနစ်ဖြစ်တာကို နားလည်ပေးဖို့လိုပါတယ်။
မော်တော်ယာဉ်ကို မသုံးစွဲလိုက်ရတဲ့အတွက် မိမိအတွက် အကုန်အကျစရိတ်အမျိုးမျိုးများစွာ သက်သာသွားပါမယ်။ သတ်မှတ်ထားတဲ့ မသုံးစွဲရတဲ့နေ့မှာ မဖြစ်မနေသွားရမယ်ဆိုရင်လည်း အများ ပြည်သူသုံးယာဉ်တွေကို အသုံးပြုနိုင်ပါတယ်။ အများပြည်သူသုံးယာဉ်တွေကို အသုံးမပြုချင်ရင်လည်း အငှားမော်တော်ယာဉ်တွေကို ငှားရမ်းစီးနင်း နိုင်ပါတယ်။ တကယ်တော့ အခက်အခဲမရှိတဲ့အပြင် အကျိုးရလဒ်များစွာရှိနေပါတယ်။ ယခုအခြေအနေမှာ အချို့နိုင်ငံတွေအနေနဲ့ အရန်စက်သုံးဆီ တစ်ပတ်စာခန့်သာရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အရန်စက်သုံးဆီ ရက် ၄၀ စာခန့် အလုံအလောက်ရှိတဲ့အပြင် “စုံ”ရက်၊ “မ”ရက် စီမံချက်ကို လိုက်နာဆောင်ရွက်ခြင်းအားဖြင့် စက်သုံးဆီအတွက် ပူပန်စရာအကြောင်း လုံးဝရှိမှာမဟုတ်တာ သေချာပါတယ်။ စက်သုံးဆီရောင်းချတာနဲ့ပတ်သက်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက အရောင်းဆိုင်တွေမှာ ဆီလက်ကျန် အမှန်တကယ်ရှိ/မရှိနဲ့ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ စစ်ဆေးပေးလျက်ရှိပါတယ်။
စက်သုံးဆီနဲ့ပတ်သက်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်း၊ အမိန့်ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ဖို့နဲ့ ပြည်သူတွေအနေနဲ့ ယခုလိုနွေရာသီကာလမှာ စက်သုံးဆီကို ဝယ်ယူစုဆောင်းသိမ်းဆည်းထားခြင်း မပြုလုပ်ဖို့လိုအပ်ပါတယ်။ မော်တော်ယာဉ်အသုံးပြု သူတွေအနေနဲ့ “စုံ”ရက်၊ “မ”ရက်ခွဲခြားသတ်မှတ်တဲ့ အစီအစဉ်ကို တိတိကျကျလိုက်နာဆောင်ရွက်ဖို့နဲ့ လက်တစ်လုံးခြား မပြုလုပ်ဖို့လိုပါတယ်။ စည်းကမ်းဥပဒေကို ဖောက်ဖျက်ပါက ပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့ အညီ အရေးယူခံရနိုင်တာကိုလည်း အထူးသတိပြု ဖို့လိုပါတယ်။ စက်သုံးဆီချွေတာသုံးစွဲခြင်းဟာ မိမိအတွက်ရော၊ အများပြည်သူအတွက်ပါ အကျိုးရှိစေရုံသာမက ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက် ရာရောက်တဲ့အတွက် နိုင်ငံတော်က အကောင်းဆုံးစီမံဆောင်ရွက်တဲ့ “စုံ”ရက်၊ “မ”ရက် ယာဉ်အသုံးပြုတဲ့အစီအစဉ်မှာ ကြည်ဖြူစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ အသိပေးနှိုးဆော်အပ်ပါတယ်။ ။
