Skip to main content

စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေး အမြော်အမြင်ရှိရှိ ပူးပေါင်းပါဝင်ဆောင်ရွက်ပေး

မောင်ကမ္ဘာ

ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာဖြစ်ပြီးကတည်းက ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပာနဂိုရ်က နွားမပေါင်ကျိုးတာ ဘာဆိုင်လို့လဲ ပြောလို့မရတော့ပါဘူး။ စူပါပါဝါနိုင်ငံကြီးတွေရဲ့ ကောင်းမွေ၊ ဆိုးမွေကို ကမ္ဘာ့နိုင်ငံတိုင်း မျှဝေခံစားကြရတာပါပဲ။ အထူးသဖြင့် အိမ်ရှေ့ပူရင် အိမ်နောက်လည်း မချမ်းသာဖြစ်ရတော့တာပဲ။

လက်ရှိမှာလည်း အီရန်၊ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခက ဒုတိယ သီတင်းပတ်အတွင်းမှာ ပိုမိုပြင်းထန်လာတာနဲ့အမျှ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ရင်းမြစ်ပြတ်လပ်မှု ပြဿနာကပိုကြီးထွားလာပါပြီ။ စစ်ရေးပဋိပက္ခကြောင့် အီရန်က ကမ္ဘာ့ရေနံ ငါးပုံ၊ တစ်ပုံစီးဆင်းရာ ဟော်မုဇ်ရေလက်ကြားကို ပိတ်ပင်ထားရာကနေ ရေနံတင်သင်္ဘောတွေ လွတ်လပ်စွာသွားလာခွင့်မရဘဲ တစ်ပတ်ကျော်ပိတ်မိနေတဲ့အပြင် အရှေ့အလယ်ပိုင်းက နိုင်ငံအချို့မှာ ရေနံချက်စက်ရုံတွေ ပိတ်ထားရပါတယ်။

ဟော်မုဇ်ရေလက်ကြားပိတ်ဆို့နေမှုက ကမ္ဘာ့စွမ်းအင်ဈေးကွက်ကို အနှောင့်အယှက်ဖြစ်လာတဲ့ အတွက် ကမ္ဘာ့ပဉ္စမမြောက် ရေနံအများဆုံးထုတ်လုပ်တဲ့ ကူဝိတ်နိုင်ငံကလည်း ရေနံထုတ်လုပ်မှုကို လျှော့ချထားတယ်လို့ သိရပါတယ်။

စစ်ရေးပဋိပက္ခတွေ ဘယ်တော့ပြီးမလဲ။ မနက်ဖြန် သို့မဟုတ် ဘယ်သောအခါဆိုသလို ဘယ်သူမှ တိတိကျကျရေရေရာရာ သေချာပေါက်မပြောနိုင်ပါဘူး။ စစ်ပွဲတွေဆိုတာ စတင်တာ လွယ်သလောက် အပြီးသတ်ဖို့က ခက်ခဲပါတယ်။ တစ်ဖက်နဲ့တစ်ဖက် တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြတ်ဖြတ်ဖို့က ပိုလို့ခက်ခဲပါတယ်။ လက်ရှိအရှေ့အလယ်ပိုင်းက စစ်ရေးပဋိပက္ခမှာလည်း သက်ဆိုင်ရာနိုင်ငံတွေ စစ်ပန်းလာတဲ့အခါ၊ အမျိုးသားအကျိုးစီးပွားကို ထိခိုက်လာတဲ့အခါ၊ ငြိမ်းချမ်းရေးကိုလိုလားတဲ့ ပြည်သူတွေရဲ့စစ်ဆန့်ကျင်မှုတွေ ပြင်းထန်လာတဲ့အခါ ရုရှား၊ တရုတ် စတဲ့နိုင်ငံကြီးတွေရဲ့ကြားဝင်စေ့စပ်မှုနဲ့ ရပ်စဲသွားလိမ့်မယ်လို့ ထင်မြင်ယူဆမိကြောင်းပါ။

ကမ္ဘာ့ရေနံဈေးနှုန်း အကြီးအကျယ်ထိုးတက်သွား

သို့သော်ငြား လတ်တလောကာလမှာတော့ ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ အဓိကလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့သွားမှုနဲ့အတူ ကမ္ဘာ့ရေနံဈေးနှုန်းတွေလည်း နှစ်ပေါင်းများစွာအတွင်း အကြီးအကျယ်ထိုးတက်သွားပါတယ်။

ဒါကြောင့် ကမ္ဘာ့နိုင်ငံတိုင်းလိုလိုက အရန်သိုလှောင်ဆီတွေ လျော့ပါးမသွားစေဖို့အတွက် စွမ်းအင်ခြိုးခြံချွေတာရေးအစီအမံတွေကို လုပ်ဆောင်လျက်ရှိပါတယ်။ လောင်စာဆီ တင်သွင်းမှုအပေါ် အလွန်အမင်း မှီခိုအားပြုနေကြရတဲ့ အရှေ့တောင်အာရှနဲ့ တောင်အာရှက ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့လည်း စွမ်းအင်ခြိုးခြံချွေတာရေးအစီအမံတွေကို အသည်းအသန်လုပ်ဆောင်လျက်ရှိပါတယ်။

အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံတစ်ဝန်းရှိ အစိုးရနဲ့ပုဂ္ဂလိက တက္ကသိုလ်အားလုံးကို မတ်လ ၉ ရက်နေ့ကစတင်ပြီး အရေးပေါ်ပိတ်လိုက်တယ်လို့ သိရပါတယ်။ ကျောင်းဝင်းအတွင်း လျှပ်စစ်သုံးစွဲမှုနဲ့ မော်တော်ယာဉ်တွေ လမ်းပေါ်မှာဆီသုံးစွဲမှုကို လျှော့ချဖို့ရည်ရွယ်ပြီး မူလက သတ်မှတ်ထားတဲ့ အီးဒ်ပွဲတော်ရုံးပိတ်ရက်ကို စောစီးစွာစတင်လိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ဝန်ကြီးချုပ် အနုတင်ချန်ဝီရကူးလ်က အစိုးရဝန်ထမ်းတွေကို အိမ်ကနေပဲအလုပ်လုပ်ဖို့ (Work from home) ညွှန်ကြားထားပြီး အဆိုပါစွမ်းအင် ချွေတာရေးအစီအစဉ်မှာ ဓာတ်လှေကားအစား ရိုးရိုးလှေကားတွေ အသုံးပြုခြင်း၊ အရေးကြီးကိစ္စမှအပ ပြည်ပခရီးစဉ်တွေကို ရပ်ဆိုင်းထားခြင်း စတဲ့အစီအမံတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံကလည်း စွမ်းအင်သုံးစွဲမှုကို ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင် ဖို့အတွက် အစိုးရဝန်ထမ်းတွေကို တစ်ပတ်မှာလေးရက်သာ အလုပ်ဆင်းဖို့၊ လူကိုယ်တိုင်တက်ရောက်ရတဲ့ အစည်းအဝေးတွေကိုလျှော့ချသွားဖို့၊ အခန်းတွင်း လေအေးပေးစက်တွေကိုလည်း မူလပုံမှန် သုံးနေကျ ဒီဂရီစင်တီဂရိတ်ထက် လျှော့ချသုံးစွဲဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။

ဗီယက်နမ်နိုင်ငံကတော့ ကုမ္ပဏီဝန်ထမ်းတွေကို အိမ်မှာနေပြီးအလုပ်လုပ်ဖို့ အစီအမံကို မတ်လ ၁၀ ရက်က စတင်တိုက်တွန်းလိုက်ပြီး ကိုယ်ပိုင်ကားအသုံးမပြုဘဲ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးကိုသာသုံးစွဲဖို့ နှိုးဆော်ထားကြောင်း သိရပါတယ်။

စက်သုံးဆီသုံးစွဲမှု တစ်ရက်ကို ဓာတ်ဆီဂါလန် ၁ ဒသမ ၅ သန်း၊ ဒီဇယ်ဆီဂါလန် ၁ ဒသမ ၇ သန်း စုစုပေါင်းတစ်ရက်ကို ဆီဂါလန် ၃ ဒသမ၂ သန်းခန့်သုံးစွဲနေရတဲ့ မြန်မာနိုင်ငံမှာတော့ စက်သုံးဆီခြိုးခြံ ချွေတာသုံးစွဲရေးအတွက် ၂၀၂၆ ခုနှစ် မတ်လ ၇ ရက်ကစတင်ပြီး လစဉ် “စုံ” ရက်တွေမှာ စုံနံပါတ်အက္ခရာ ပါသောယာဉ်တွေ (ဥပမာ - 2 A/----- ၊ 4 A/----) စသဖြင့်၊ “မ”ရက်တွေမှာ မနံပါတ်အက္ခရာပါသော ယာဉ်များ (ဥပမာ - 1 A/ -----၊ 3 A/ ------) စသဖြင့် ပုဂ္ဂလိကပိုင်ယာဉ်တွေ မောင်းနှင်အသုံးပြုဖို့နဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေသာမက ပြည်သူတွေ အနေနဲ့ စက်သုံးဆီဝယ်ယူစုဆောင်းခြင်းနဲ့ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းတွေ လုံးဝမပြုလုပ်ဖို့ မတ်လ ၃ ရက်နေ့က ပြည်သူသို့ အသိပေးကြေညာချက်ထုတ်ပြန်ခဲ့ပြီး ထပ်မံ၍ တစ်စုံတစ်ရာထုတ်ပြန်မှုမရှိတဲ့ အချိန်အထိအတည်ဖြစ်ကြောင်း၊ အဆိုပါ စည်းကမ်းသတ်မှတ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေးကြေညာခဲ့ပါတယ်။

 “စုံ”၊ “မ” သတ်မှတ်ချက်

ဒီလို “စုံ”၊ “မ” သတ်မှတ်ချက်မှာ EV မော်တော် ယာဉ်/ဆိုင်ကယ်တွေ၊ နေ့စဉ်အများပြည်သူ သယ်ယူ ပို့ဆောင်ရေးမော်တော်ယာဉ်တွေ၊ အငှားယာဉ်တွေ (Taxi)၊ စက်သုံးဆီသယ်ယူပို့ဆောင်ရေးယာဉ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်တွေ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်တွေ၊ လူနာတင်ယာဉ်/နိဗ္ဗာန်ယာဉ်နဲ့ စည်ပင်အမှိုက်သိမ်းယာဉ်တွေ မပါဝင်ဘဲ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

မတ်လ ၄ ရက်နေ့မှာလည်း နေ့စဉ်အသုံးပြုနိုင် တဲ့မော်တော်ယာဉ်တွေထဲမှာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနအတွက် ဝန်ထမ်းကြိုပို့ယာဉ်တွေ၊ ကုန်စည်ဖြန့်ဖြူးရေးမှာ အသုံးပြုတဲ့ယာဉ်တွေ၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနအတွက် ရုံးလုပ်ငန်း အသုံးပြုတဲ့ယာဉ်တွေနဲ့ ကျောင်းကြို/ပို့ယာဉ်တွေလည်းပါဝင်ကြောင်း ဖြည့်စွက်အသိပေး ကြေညာခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ နေ့စဉ်အသုံးပြုတဲ့ မော်တော်ယာဉ်တွေအနေနဲ့လည်း သုံးစွဲတဲ့ အခေါက်ရေအနည်းဆုံးနဲ့ သုံးစွဲတဲ့ယာဉ်စီးရေ အနည်းဆုံးဖြစ်အောင် ကန့်သတ်ခြိုးခြံဆောင်ရွက် ကြဖို့နဲ့ အထက်ပါအကြောင်းကိစ္စတွေအတွက် သုံးစွဲတာမှန်ကန်ကြောင်း ယာဉ်ပေါ်စီးနင်းလိုက်ပါ သူတွေဆီမှာ ၊ ယာဉ်တွေမှာ သက်ဆိုင်ရာအလုပ်ဌာနရဲ့ ခိုင်လုံတဲ့ အထောက်အထား သို့မဟုတ် ထောက်ခံချက်တွေ ပါရှိရမှာဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြည်သူကိုအသိပေးကြေညာခဲ့ပါတယ်။

စက်သုံးဆီခြိုးခြံချွေတာသုံးစွဲဖို့အတွက် မတ်လ ၇ ရက်က စတင်ကျင့်သုံးခဲ့တဲ့ စုံ/မ စနစ်ကို မတ်လ ၁၃ ရက်အထိ ပညာပေးကာလအဖြစ်သတ်မှတ်ခဲ့ပြီး မတ်လ ၁၄ ရက်မှစတင်ကာ စည်းကမ်းသတ်မှတ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေနဲ့အညီ စတင်အရေးယူနေကြောင်း သိရပါတယ်။

ဒါ့အပြင် စက်သုံးဆီမပြတ်လပ်စေဖို့နဲ့ စက်သုံးဆီအမှန်တကယ်လိုအပ်သူတွေ အဆင်ပြေချောမွေ့ စွာဝယ်ယူရရှိနိုင်ဖို့ရည်ရွယ်ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ မတ် ၁၂ ရက်မှစလို့ စက်သုံးဆီကို QR Code နဲ့ ရောင်းချပေးသွားမှာဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက မတ် ၁၁ ရက်က အသိပေးကြေညာခဲ့ပါတယ်။

Application နဲ့ စိစစ်ရောင်းချပေး

စက်သုံးဆီအရောင်းဆိုင်တွေမှာ တစ်ရက်အတွင်း နှစ်ကြိမ် (သို့) သုံးကြိမ် တန်းစီဝယ်ယူမှုတွေ လျော့နည်း ပပျောက်စေဖို့အတွက် QR Code အသုံးပြု ဆောင်ရွက်တာဖြစ်ပြီး ကားအတွက် Wheel Tax ပါ Barcode၊ ဆိုင်ကယ်အတွက် Wheel Tax ပါ အချက်အလက်တွေကိုအသုံးပြု၍ QR Code ထုတ်ပေးခြင်း၊ Application နဲ့ အလိုအလျောက် စစ်ဆေးတဲ့နည်းလမ်းတွေနဲ့ စိစစ်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

တစ်ရက်အတွင်း တစ်ကြိမ်မျှ စက်သုံးဆီဝယ်ယူထားခြင်းမရှိသေးရင် စက်သုံးဆီရောင်းချပေး သွားမှာဖြစ်ပြီး တစ်ရက်ကို ဆီဆိုင်တစ်ဆိုင်မှာ တစ်ကြိမ်သာ ဝယ်ယူခွင့်ရရှိမယ်လို့ သိရပါတယ်။

အဲဒီစနစ်ကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တို့မှာ မတ် ၁၂ ရက်ကစတင်ကာ စမ်းသပ်အသုံးပြုနေပြီးစနစ်ကို စစ်ဆေးပြုပြင်မှုတွေ ဆောင်ရွက်ပြီးရင် ကျန်မြို့တွေမှာလည်း ဆက်လက်အသုံးပြုသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

စွမ်းအင်ဝန်ကြီးဌာနရဲ့ မတ် ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတော်အတွင်းမှာ စက်သုံးဆီ သိုလှောင်ထားမှုက ဓာတ်ဆီအုပ်စုမှာ ရက် ၄၀၊ ဒီဇယ်အုပ်စုမှာ ရက် ၅၀ အတွက် သိုလှောင်ထားပြီး သီလဝါမှာဆီချဖို့ရောက်နေတဲ့ ဆီတင်သင်္ဘောသုံးစင်း၊ Pilot မှာ ရောက်နေတဲ့ ဆီတင်သင်္ဘောနှစ်စင်း၊ လမ်းခရီးမှာရောက်နေတာ ဆီတင်သင်္ဘော သုံးစင်း၊ ဆီတင်ဖို့ စောင့်ဆိုင်းနေတဲ့ သင်္ဘော ၁၂ စင်း စုစုပေါင်း ဆီသင်္ဘောအစင်း ၂၀ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် မတ်လအတွင်း စက်သုံးဆီသင်္ဘော ၁၉ စင်း ထပ်တင်သွင်းဖို့လည်း စီမံထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရေတို၊ ရေရှည် စီမံကိန်းတွေ ချမှတ်ရာမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေကို နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးတို့နဲ့ ချိန်ထိုးသုံးသပ်စဉ်းစားတွက်ချက်ပြီး အမြင်ကျယ်ကျယ်နဲ့ စီမံဆောင်ရွက်ရတာဖြစ်လို့ လက်ရှိ ကမ္ဘာ့အခင်းအကျင်းများအရ မြန်မာနိုင်ငံအနေနဲ့လည်း စက်သုံးဆီခြိုးခြံချွေတာ သုံးစွဲရေး အစီအမံကို ကမ္ဘာ့နိုင်ငံတွေနည်းတူ စီမံဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မတ် ၁၀ ရက်က နေပြည်တော်မှာကျင်းပတဲ့ နိုင်ငံတော်အစိုးရရဲ့ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ခဲ့မှုနဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်ဆွေးနွေး မှာကြား ခြင်းအခမ်းအနားမှာ “မိမိတို့အနေဖြင့် နိုင်ငံ့တာဝန် စတင်ထမ်းဆောင်ချိန်တွင် EV ကားများအသုံးပြုရန်အတွက် တိုက်တွန်းခဲ့သကဲ့သို့ လျှပ်စစ်ရထား များပြေးဆွဲနိုင်ရေးအတွက်လည်း စီမံဆောင်ရွက်ခဲ့ကြောင်း၊ ယခုဖြစ်ပေါ်နေသည့် နိုင်ငံတကာအရေးအခင်းများကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မိမိတို့နိုင်ငံ၌လည်း လောင်စာဆီများ အခက်အခဲဖြစ်ပေါ် လျက်ရှိချိန်တွင် လျှပ်စစ်စွမ်းအင်သုံး သယ်ယူပို့ဆောင် ရေးယာဉ်များ၏ အခန်းကဏ္ဍသည် မြင့်တက်လာနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ လောင်စာဆီအခက်အခဲများကြောင့် မိမိတို့အနေဖြင့် မလိုလားအပ်ဘဲ လောင်စာဆီသုံးစွဲနေမှုများအား အတတ်နိုင်ဆုံးလျှော့ချနိုင်ရေး၊ အခြားနိုင်ငံများနည်းတူ နည်းလမ်းရှာ၍ဆောင်ရွက်လျက်ရှိပြီး တာဝန်ရှိသူများမှ စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်သကဲ့သို့ ပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း” ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ နိုင်ငံတော်အစိုးရရဲ့ စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေး အစီအမံကို ကမ္ဘာ့အမြင်နဲ့ရှုမြင်သုံးသပ်ပြီး အမြော်အမြင်ရှိရှိ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ အလေးအနက်ထား တိုက်တွန်းလိုပါတယ်။ လောင်စာဆီ ရှားပါးပြတ်တောက်မှုပြဿနာက ဒိုမီနိုသီအိုရီအရ နိုင်ငံတော်ရဲ့အမျိုးသားအကျိုးစီးပွားနဲ့ နိုင်ငံသားတို့ရဲ့ လူမှုစီးပွားဘဝတွေကို ဆင့်ကဲရိုက်ခတ်နိုင်ကြောင်း အသိပေးနှိုးဆော်ပါရစေ။ ။