Skip to main content

သွင်းကုန်များအပေါ်ကောက်ခံသည့် အခွန်အမျိုးအစားများ

ဝတ်မှုန်

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် သွင်းကုန်လုပ်ငန်းသည် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သကဲ့သို့ သွင်းကုန်လုပ်ငန်းမှတစ်ဆင့် အခွန်ငွေရရှိမှုသည်လည်း အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်ပါသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် သွင်းကုန်များအပေါ်၌ အကောက်ခွန် (Custom Duty)၊ ကုန်စည်နှင့် ဝန်ဆောင်မှုခွန် (Goods and Service Tax)၊ တန်ဖိုးဖြည့်ခွန် (Value Added Tax) စသည်ဖြင့် အမျိုးမျိုးသော အခွန်အမျိုးအစားများကို ကောက်ခံလေ့ရှိကြပါသည်။

မြန်မာနိုင်ငံတွင်လည်း သွင်းကုန်များအပေါ် သာမန်အားဖြင့် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ကြိုတင်ဝင်ငွေခွန်တို့ကို ကောက်ခံလျက်ရှိပြီး တင်သွင်းသည့် ကုန်စည်သည် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဖြင့် အထူးကုန်စည်အဖြစ် သတ်မှတ်ထားသည့် ကုန်စည်ဖြစ်ပါက ရှေ့တွင်ဖော်ပြခဲ့သည့်အခွန်များအပြင် အထူးကုန်စည်ခွန်ကိုပါ ကောက်ခံပါသည်။ သွင်းကုန်အပေါ်ကောက်ခံသည့် အခွန်အမျိုးအစားအားလုံးကို အကောက်ခွန်ဦးစီးဌာနက တင်သွင်းလာချိန်တွင် တာဝန်ယူ ကောက်ခံရခြင်းဖြစ်ပြီး ထိုသို့ကောက်ခံရခြင်းမှာလည်း သက်ဆိုင်ရာ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရခြင်းဖြစ်ပါသည်။ သွင်းကုန်အပေါ် ကောက်ခံသည့် အခွန်အမျိုးအစား တစ်ခုချင်းအလိုက် မည်သည့်ပြဋ္ဌာန်းချက်များအရ အကောက်ခွန်ဦးစီးဌာနက တာဝန်ယူကောက်ခံရသည်ကို ရှင်းလင်းတင်ပြလိုပါသည်။

အကောက်ခွန်

အကောက်ခွန်ဆိုသည်မှာ မြန်မာနိုင်ငံမှ ပြည်ပသို့တင်ပို့သည့် သို့မဟုတ် မြန်မာနိုင်ငံသို့ ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ ပေးဆောင်ရမည့်အခွန်ဖြစ်ကြောင်း ၁၉၉၂ ခုနှစ်၊ အကောက်ခွန်နှုန်းဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ အကောက်ခွန်စည်းကြပ်ကောက်ခံခြင်းကို ပင်လယ်ရေကြောင်းအကောက်ခွန် အက်ဥပဒေ၊ ကုန်းလမ်းအကောက်ခွန်အက်ဥပဒေနှင့် ၁၉၉၂ ခုနှစ်၊ အကောက်ခွန်နှုန်းဥပဒေပါ ပြဋ္ဌာန်းချက်များအရ အကောက်ခွန် ဦးစီးဌာနက ဆောင်ရွက်ရပါသည်။

ကုန်သွယ်လုပ်ငန်းခွန်

၁၉၉၀ ပြည့်နှစ်၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ ကောက်ခံသည့်အခွန်ဖြစ်ပြီး ပြည်တွင်းအခွန် များဦးစီးဌာနက တာဝန်ယူကောက်ခံရသည့် အခွန်အမျိုးအစားဖြစ်ပါသည်။ သို့ရာတွင် ယင်းဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (င) ၌ ပြဋ္ဌာန်းထားသည့် ပြည်ပမှ ပစ္စည်းတင်သွင်းသူက ပေးဆောင်ရမည့်အခွန်ကို အကောက်ခွန်ကောက်ခံသည့် နည်းလမ်းများအတိုင်း အကောက်ခွန်နှင့်တစ်ပါတည်း အကောက်ခွန်ဦးစီးဌာနက ကောက်ခံပေးရမည်ဟူသည့် ပြဋ္ဌာန်းချက်အရ သွင်းကုန်များအပေါ် ကျသင့်ကုန်သွယ် လုပ်ငန်းခွန်ကို အကောက်ခွန်ဦးစီးဌာနက ကောက်ခံရခြင်းဖြစ်ပါသည်။

အထူးကုန်စည်ခွန်

၂၀၁၆ ခုနှစ်၊ အထူးကုန်စည်ခွန်ဥပဒေအရ ကောက်ခံသည့်အခွန်ဖြစ်ပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနက တာဝန်ယူကောက်ခံရသည့် အခွန်အမျိုးအစားဖြစ်သော်လည်း အထူးကုန်စည်ကို ပြည်ပမှတင်သွင်းသည့်ကိစ္စနှင့်စပ်လျဉ်း၍ ယင်းဥပဒေ၏ ပုဒ်မ ၅ ပုဒ်မခွဲ (က) တွင် တင်သွင်းသူက ပေးဆောင်ရမည့်အခွန်ကို အကောက်ခွန်ကောက်ခံသည့် နည်းလမ်းများအတိုင်း အကောက်ခွန်ဦးစီးဌာနက အကောက်ခွန်နှင့်အတူ ကောက်ခံပေးရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသဖြင့် သွင်းကုန် (အထူးကုန်စည်) များအပေါ် ကျသင့်အထူးကုန်စည်ခွန်ကို အကောက်ခွန်ဦးစီးဌာနက ကောက်ခံရခြင်း ဖြစ်ပါသည်။

ဝင်ငွေခွန်

၁၉၇၄ ခုနှစ်၊ ဝင်ငွေခွန်ဥပဒေအရ ကောက်ခံသည့်အခွန်ဖြစ်ပြီး ပြည်တွင်းအခွန်များဦးစီးဌာနက တာဝန်ယူကောက်ခံရသည့်အခွန်အမျိုးအစားဖြစ်ပါသည်။ သို့ရာတွင် အဆိုပါဥပဒေ ပုဒ်မ ၁၆- ခ အရ ထုတ်ပြန်ထားသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ ၃၈/၂၀၁၉ အရ သွင်းကုန်အပေါ် အကောက်ခွန်စည်းကြပ်တန်ဖိုး၏ နှစ်ရာခိုင်နှုန်းကို ဝင်ငွေနှစ်အတွင်း ကြိုတင်ခွန်အဖြစ် အကောက်ခွန်ဦးစီးဌာနက ကောက်ခံရခြင်း ဖြစ်ပါသည်။

အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရမည့် ကုန်စည်/ အထူးကုန်စည်များ

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် ထိရောက်စွာ အခွန်ကောက်ခံနိုင်ရေးအတွက် အချို့သော ကုန်စည်/ အထူးကုန်စည်များအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရမည့် ကုန်စည်/ အထူးကုန်စည်များအဖြစ်သတ်မှတ်ကာ အခွန် အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချစေလျက်ရှိပါသည်။ လက်ရှိကာလတွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ် ရောင်းချနေသည့် ကုန်စည်တစ်မျိုးနှင့် အထူးကုန်စည်လေးမျိုးရှိပြီး အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

(က)    လက်ကိုင်ဖုန်း (Mobile Handset) ကုန်စည်

(ခ)     စီးကရက်အမျိုးမျိုး အထူးကုန်စည်

(ဂ)     အရက်အမျိုးမျိုး အထူးကုန်စည်

(ဃ)    ဝိုင်အမျိုးမျိုး အထူးကုန်စည်

(င)     ဆေးပေါ့လိပ် အထူးကုန်စည်

အထက်ပါကုန်စည်များအား တင်သွင်းသူများအနေဖြင့် အကောက်ခွန်ဦးစီးဌာနတွင် သွင်းကုန်အပေါ် ကျသင့်အခွန်များပေးသွင်းပြီးနောက် မိမိတင်သွင်းလာသည့် ကုန်စည်/ အထူးကုန်စည်များအပေါ် သတ်မှတ်ချက်နှင့်အညီ အခွန်အမှတ်တံဆိပ်များ ကပ်နှိပ်ရမည်ဖြစ်ပါသည်။ ထိုသို့ အခွန်အမှတ် တံဆိပ်များကပ်နှိပ်ပြီးမှသာ ကုန်စည်ကို ထုတ်ယူရပါသည်။ အကောက်ခွန်ဦးစီးဌာနအနေဖြင့် အကောက်ခွန်နှင့်အတူ တစ်ပါတည်းကောက်ခံရရှိထားသော ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နှင့် ကြိုတင်ဝင်ငွေခွန်များကို စာရင်းပြုစု၍ ပြည်တွင်းအခွန်များဦးစီးဌာန၏ ငွေစာရင်းအကောင့်သို့ သုံးလတစ်ကြိမ် လွှဲပြောင်းပေးလျက်ရှိပါသည်။

ဆောင်းပါးရှင်အနေဖြင့် မြန်မာနိုင်ငံ၌သွင်းကုန်အပေါ် မည်သည့်အခွန်အမျိုးအစားများကို မည်သည့်ဥပဒေပြဋ္ဌာန်းချက်များအရ ကောက်ခံရသည်ကိုသိရှိနိုင်ရန်ရည်ရွယ်၍ ယခုဆောင်းပါးတွင် သွင်းကုန်များအပေါ် ကောက်ခံနေသည့်အခွန်အမျိုး အစားများ၊ ယင်းတို့နှင့် သက်ဆိုင်သည့် အခွန်ဥပဒေများ၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရန် သတ်မှတ်ထားသည့် ကုန်စည်/ အထူးကုန်စည်များ တင်သွင်းခဲ့ပါက ဆောင်ရွက်ရမည့်အချက်များကို အကျဉ်းမျှသာ ဖော်ပြထားခြင်းဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။ ။