မြေသံကို နားထောင်မှ လယ်ယာစီးပွားရေး ဖွံ့ဖြိုးမည်
သန်းဇော် (ဗဟိုစာရင်းအင်းအဖွဲ့)
လယ်ယာစီးပွားရေးသည် မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေဆဲဖြစ်ပြီး လူဦးရေအများစု၏ အသက်မွေးဝမ်းကျောင်း အခြေခံလည်းဖြစ်သည်။ မြန်မာနိုင်ငံ၌ ကျေးလက်နေပြည်သူအများစု၏ နံနက်ခင်းများသည် အများအားဖြင့် လယ်ကွင်းများအတွင်း စပါးရွက်ပေါ်ကျလာသည့် နှင်းစက်အသံများဖြင့် စတင်ကြရသည်။
လယ်ယာသည် မြန်မာနိုင်ငံ၏ အတိတ်ဖြစ်ခဲ့သလို ယနေ့၏ အသက်ရှူသံလည်းဖြစ်ပြီး မနက်ဖြန်၏ အခြေခံလည်းဖြစ်သည်။ သို့သော် လယ်ယာကဏ္ဍသည် ထုတ်လုပ်မှုနိမ့်ကျခြင်း၊ နည်းပညာအသုံးချမှုအားနည်းခြင်း၊ စျေးကွက်မတည်ငြိမ်ခြင်းစသည့် အားနည်းချက်များကြောင့် ဖွံ့ဖြိုးတိုးတက်မှုတွင် အကန့်အသတ် ကြုံတွေ့နေရဆဲဖြစ်သည်။
ကုန်စည်တစ်ခု ထုတ်လုပ်မည်ဆိုပါက သွင်းအားစုအဖြစ် မြေယာ၊ လုပ်အား၊ အရင်းအနှီးကို နည်းပညာနှင့်တွဲဖက်သုံးစွဲရသည်။ လယ်ယာထုတ်ကုန်တွင်မူ မြေယာသည် အခြေခံအကျဆုံး သွင်းအားစုဖြစ်ပြီး လုပ်အားမှာ အဓိကသွင်းအားစု ဖြစ်ပါသည်။ လယ်ယာလုပ်ငန်းသည် လုပ်သားစူးစိုက် အသုံးပြုရသည့်လုပ်ငန်းဖြစ်သောကြောင့် လယ်ယာစီးပွားရေးဖွံ့ဖြိုးမှုသည် လယ်သမားများအပေါ် အဓိကမူတည်ပါသည်။ လယ်ယာဖွံ့ဖြိုးရေးကို စိုက်ဧက၊ အထွက်နှုန်း၊ အထွက်၊ ထွန်စက်အရေအတွက်စသည့် ကိန်းဂဏန်းများကိုသာအသုံးပြု၍ ရည်ညွှန်းကြသည်။ သို့သော် လယ်ယာဖွံ့ဖြိုးရေး၏အစကို လယ်သမားတစ်ဦးချင်းစီ၏ လယ်ယာပိုင်ဆိုင်မှုအပေါ် ယုံကြည် စိတ်ချမှုနှင့် စိတ်နှစ်ဆောင်ရွက်နိုင်မှုဖြင့် စတင်ရမည် ဖြစ်ပါသည်။
လယ်သမားများသည် ပြောင်းလဲလာသောရာသီဥတုကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ မြေပြိုခြင်းကို ခံစားရသည့်အပြင် ချေးငွေအတိုးကြီးများကို ထမ်းပိုးနေရမည်ဆိုပါက မနက်ဖြန်အတွက် ရင်းနှီးမြှုပ်နှံမှုရှိလာနိုင်မည် မဟုတ်ပါ။ လယ်သမားများ လယ်ယာအပေါ် ရင်းနှီးမြှုပ်နှံမှု မပြုနိုင်လျှင် လယ်ယာစီးပွားရေး တိုးတက်မှုတွင် အဟန့်အတား ဖြစ်နေမည် ဖြစ်ပါသည်။
ခေတ်မီလယ်ယာဆိုသည်မှာ စက်ကြီးများသုံးခြင်းတစ်ခုတည်း မဟုတ်ပါ။ ရေကို ပြုန်းတီးမှုမရှိဘဲ စနစ်တကျအသုံးချနိုင်ခြင်း၊ မျိုးစေ့ကို သိပ္ပံနည်းကျရွေးချယ်နိုင်ခြင်း၊ ရောဂါနှင့် ရာသီဥတုကို ကြိုတင်ခန့်မှန်းနိုင်ခြင်းတို့ အားလုံးပါဝင်သည်။ နည်းပညာသည် လယ်သမားကို အစားထိုးရန်မဟုတ်ဘဲ လယ်သမား၏ လက်ရုံးတစ်ဖက် ဖြစ်လာရပါမည်။
ထို့အပြင် လယ်ယာနှင့်ချိတ်ဆက်ထားသည့် စျေးကွက်သည် လယ်သမား၏ အဆုံးအဖြတ်နှင့် လုပ်ချင်ကိုင်ချင်စိတ်ကို ခိုင်မာစေမည်ဖြစ်ပါသည်။ စိုက်ပျိုးရာတွင် အောင်မြင်သော်လည်း ရောင်းချရာတွင် အရှုံးပေါ်နေသရွေ့ လယ်ယာစီးပွားဖွံ့ဖြိုးမှုကို ခက်ခဲစေမည်ဖြစ်ပါသည်။ ထို့ကြောင့် ကြားခံများ လျော့နည်းသည့်စနစ်၊ စျေးနှုန်းတည်ငြိမ်မှုရှိသည့် မူဝါဒများသည် လယ်ယာဖွံ့ဖြိုးရေး၏ အရေးပါသော အချက်များဖြစ်သည်။
အခြားတစ်ဖက်တွင် မြန်မာ့လယ်ယာသည် ကုန်ကြမ်းထွက်ကုန်အဖြစ်သာ ရပ်တန့်နေမည်ဆိုပါက တန်ဖိုးတိုးတက်မှု နည်းပါးနေမည် ဖြစ်ပါသည်။ စပါးကို ဆန်အဖြစ်သာ မရောင်းဘဲ အစားအသောက်ပုံစံ ထုတ်လုပ်မှု၊ ထုပ်ပိုးမှုတို့ဖြင့် ဆင့်တက်ကုန်စည်ထုတ်လုပ်၊ တင်ပို့မှုအထိ ချဲ့ထွင်နိုင်ပါက လယ်ယာသည် စက်မှုနှင့်ချိတ်ဆက်သည့် စီးပွားရေးဖြစ်လာပါမည်။
မြန်မာ့စီးပွားရေးတွင် လယ်ယာကဏ္ဍ၏ အရေးပါမှု
၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏လယ်ယာကဏ္ဍသည် နိုင်ငံ၏အစားအစာလုံခြုံရေးကို ဖြည့်ဆည်းပေးသည့်အပြင် စုစုပေါင်းအလုပ်အကိုင်၏ ၄၆ ဒသမ ၅၈ ရာခိုင်နှုန်းကို ထောက်ပံ့ပေးနေပြီး အမျိုးသားအလုပ်သမားများ၏ ၄၉ ဒသမ ၇၈ ရာခိုင်နှုန်းနှင့် အမျိုးသမီး အလုပ်သမားများ၏ ၄၂ ဒသမ ၀၂ ရာခိုင်နှုန်းပါဝင်ပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၏ စီးပွားရေးဖွဲ့စည်းမှု ပုံသဏ္ဌာန်အရ လယ်ယာကဏ္ဍကြီးမှ ၂၅ ဒသမ ၃ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးမှ ၃၆ ဒသမ ၂ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီးမှ ၃၈ ဒသမ ၅ ရာခိုင်နှုန်း ပါဝင်သဖြင့် စက်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများနှင့် နှိုင်းယှဉ်လျှင် လယ်ယာကဏ္ဍ၏ ထုတ်လုပ်မှုနှုန်းနှင့် တန်ဖိုးဖန်တီးနိုင်မှုမှာ နိမ့်ကျနေဆဲဖြစ်ပါသည်။
နိုင်ငံတော်၏ ဦးတည်ချက်ပါ လယ်ယာစီးပွားဖွံ့ဖြိုးရေး
နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရေး ဦးတည်ချက်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရာတွင် လယ်ယာစီးပွားဖွံ့ဖြိုးစေရေးကို ဦးတည်ချက်များတွင် အောက်ပါအတိုင်း ထည့်သွင်းရေးဆွဲခဲ့ကြပါသည်-
(က) စိုက်ပျိုးရေးကိုအခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး။
(ခ) စိုက်ပျိုးရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး ခေတ်မီစက်မှုနိုင်ငံထူထောင်ရေးနှင့် အခြားစီးပွားရေးကဏ္ဍ များကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး။
(ဂ) စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး။
(ဃ) တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး။
(င) နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ (Agro-based industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေး။
လူမှုစီးပွားဘဝများ တိုးတက်ရေး
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို လုပ်ကိုင်နေသည့် ကျေးလက်နေပြည်သူများမှာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသည့်အတွက် လယ်ယာလုပ်ငန်းများကို အောင်မြင်စွာလုပ်ဆောင်နိုင်ရန် အလွန်အရေးကြီးပါသည်။ စပါးအပါအဝင် သီးနှံများကို စိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းဆိုသည့် နည်းလမ်းလေးရပ်ကို စနစ်တကျလက်တွေ့ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။
မျိုးကောင်းမျိုးသန့်များသုံးစွဲခြင်း၊ မြေများကို စနစ်တကျပြုပြင်ခြင်း၊ သတ်မှတ်သွင်းအားစုများ လုံလုံလောက်လောက် ထည့်သွင်းပေးခြင်း၊ စိုက်ပျိုးရေများကို စနစ်တကျသုံးစွဲခြင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်းနှင့် ခေတ်မီနည်းစနစ်အသုံးပြုခြင်းတို့ကို လိုက်နာလုပ်ဆောင်ကြရမည်ဖြစ်သည်။ တစ်နှစ်သုံးသီး စိုက်ပျိုးရေးနှင့် သီးထပ်သီးညှပ် တိုးချဲ့စိုက်ပျိုးရေးကို ဆောင်ရွက်ကြရမည်ဖြစ်သည်။ တောင်သူလယ်သမားတို့၏ လယ်ယာစီးပွားလုပ်ငန်းများ အောင်မြင်မှသာ ၎င်းတို့၏လူမှုစီးပွားဘဝများလည်း တိုးတက်လာ မည်ဖြစ်သည်။
လယ်ယာဖွံ့ဖြိုးရေးအတွက် အဓိကစိန်ခေါ်မှုများ
မြန်မာ့လယ်ယာထုတ်လုပ်မှုသည် ရာသီဥတုအပေါ်မူတည်နေဆဲဖြစ်ပြီး နည်းပညာအသုံးချမှု နည်းပါးသည့်အတွက် ထုတ်လုပ်မှုနှုန်းမတည်ငြိမ်ဘဲ နိမ့်ကျနေသည်။ မျိုးစေ့အရည်အသွေး၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုနှင့် စက်မှုလယ်ယာအသုံးပြုမှုတို့တွင် အားနည်းချက်များ ရှိနေဆဲဖြစ်သည်။
လယ်ယာထွက်ကုန်များသည် ကုန်ကြမ်းအဖြစ်သာ ရပ်တန့်နေပြီး ဆင့်တက်တန်ဖိုးထုတ်ကုန်လုပ်ငန်းဖြစ်သည့် စက်မှုလုပ်ငန်းများနှင့် လုံလောက်စွာ ချိတ်ဆက်မထားနိုင်ခြင်းကြောင့်လည်း လယ်သမား၏ ဝင်ငွေတည်ငြိမ်မှုတွင် အားနည်းနေဆဲ ဖြစ်နေသေးသည်။
လယ်ယာစီးပွားရေး ဖွံ့ဖြိုးရေး
ပထမဦးစွာ လယ်သမား၏ လူမှုစီးပွားရေးအခြေခံကို တည်ငြိမ်စေရန် မြေယာပိုင်ဆိုင်ခွင့်အာမခံမှု၊ ချေးငွေလက်လှမ်းမီမှုနှင့် လယ်ယာအာမခံစနစ်များကို တိုးတက်အောင်ဆောင်ရွက်ရမည် ဖြစ်ပါသည်။
ဒုတိယအနေဖြင့် နည်းပညာအခြေခံလယ်ယာသို့ ကူးပြောင်းနိုင်ရန် စိုက်ပျိုးရေးပညာပေးစနစ်များကို အားကောင်းစေပြီး နည်းပညာအသုံးချမှုကို လယ်သမားအဆင့်အထိ ရောက်ရှိစေရမည် ဖြစ်ပါသည်။
တတိယအနေဖြင့် လယ်ယာထွက်ကုန်များကို ဆင့်တက်တန်ဖိုးလုပ်ငန်းများနှင့် ချိတ်ဆက်၍ ဆင့်တက်ထုတ်ကုန်များထုတ်လုပ်စေပြီး စျေးကွက်တည်ငြိမ်ရေးနှင့် ဝင်ငွေတိုးတက်ရေးကို အာမခံနိုင်သည့်စနစ်များ ဖော်ဆောင်ရမည် ဖြစ်ပါသည်။
နောက်ဆုံးအနေဖြင့် လယ်ယာကဏ္ဍကို လူငယ်များအတွက် အနာဂတ်ရှိသော စီးပွားရေးအဖြစ် ပြန်လည်ဖန်တီးနိုင်ရန် နည်းပညာ၊ စီးပွားရေးနှင့် ဆန်းသစ်တီထွင်မှုတို့ကို ပေါင်းစပ်ထားသည့် မူဝါဒများ လိုအပ်ပါသည်။
လယ်ယာကို ဆင်းရဲမှု၏သင်္ကေတအဖြစ်မြင်နေခြင်းကိုရပ်တန့်စေပြီး နည်းပညာနှင့် စီးပွားရေးပေါင်းစပ်ထားသည့် လုပ်ငန်းအသွင် ပြန်လည်ဖန်တီးပြီး လူငယ်များ၏ လယ်ယာအပေါ် စိတ်ဝင်စားမှုကို ပြန်လည်ရရှိစေရန် ဆောင်ရွက်ရန်လည်း လိုပါသည်။
လယ်ယာစီးပွားရေးဖွံ့ဖြိုးမှုသည် ရာသီဥတုအပေါ် မူတည်နေသည်မှာ မှန်ကန်သော်လည်း မူဝါဒမှန်ကန်မှု၊ လူမှန်နေရာမှန် အသုံးချမှုနှင့် မြေသံကိုနားထောင်နိုင်သည့် စိတ်ထားအပေါ်တွင် ပို၍မူတည်နေသည်ကို သတိချပ်ရမည်။ မြေကြီးက တောင်းဆိုမှုကို မလုပ်တတ်သော်လည်း အသံနားထောင်နိုင်သူကိုသာ ပြန်လည်ပေးဆပ်ပါသည်။
လယ်ယာစီးပွားရေး ဖွံ့ဖြိုးမှုသည် သဘာဝအရင်းအမြစ်ပေါများခြင်း တစ်ခုတည်းအပေါ် မူတည်ခြင်းမဟုတ်ဘဲ လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာနှင့် မူဝါဒမှန်ကန်မှုတို့၏ ပေါင်းစပ်ရလဒ် ဖြစ်ပါသည်။ ထိုအချက်များကို စနစ်တကျ ချိတ်ဆက်နိုင်ပါက လယ်ယာကဏ္ဍသည် မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု၏ အဓိကမောင်းနှင်အားအဖြစ် ထူထောင်နိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
References:
- FAO. (2017). The future of food and agriculture – Trends and challenges.
- World Bank. (2019). Transforming agriculture for growth and jobs.
- Ministry of Agriculture, Livestock and Irrigation (MOALI), Myanmar.Agricultural Development Stra-tegies and Policy Documents.
- Asian Development Bank. (2020). Myanmar: Agriculture, Natural Resources, and Rural Develop-ment Sector.
- ဗဟိုစာရင်းအင်းအဖွဲ့၊ မြန်မာစာရင်းအင်းလက်စွဲ ၂၀၂၅။
