Skip to main content

သဘာဝဘေးကာကွယ်ဖို့ နေ့စဉ်တိုင်းတာစောင့်ကြည့်စို့

အေးမြင့်ဆွေ

လက်ပံပွင့်နီနီရဲများ၊ ရော်ရွက်ဝါညိုရင့်ရင့်များ၊ နွေနေခြည် ရွှေဝါရောင်များကြားမှ မတ်လ ၂၃ ရက်နေ့ ကမ္ဘာ့မိုးလေဝသနေ့အခါသမယသို့ ရောက်ရှိ လာခဲ့ပြီဖြစ်သည်။ မိုးလေဝသအချက်အလက်များသည် လူသားတစ်ဦးချင်းစီ၏ အသက်ဇီဝရှင်သန်မှုမှစ၍ ဤမြေကမ္ဘာငြိမ်းချမ်းရေးအထိများစွာ အကျိုးသက်ရောက်မှုရှိနေပါသည်။ ရာသီဥတုဖောက်ပြန်မှုနှင့် သဘာဝဘေးဒဏ်တို့ကြောင့် ဟိမဝန္တာမှသည် အမေဇုန်တောနက်အထိ ကမ္ဘာ့နေရာအနှံ့အပြားတွင် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပွားလျက်ရှိရာ “ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်း၏” ဆိုသကဲ့သို့ ထိုသဘာဝ ဘေးဒဏ်များအား ကာကွယ်လျှော့ချရန်အတွက် နေ့စဉ် မိုးလေဝသတိုင်းတာစောင့်ကြည့်ရေး လုပ်ငန်းများသည် မရှိမဖြစ် အရေးကြီးလှပါသည်။

ကမ္ဘာ့မိုးလေဝသနေ့ ဖြစ်ပေါ်လာပုံနှင့် ၂၀၂၆ ခုနှစ် ဆောင်ပုဒ်

၂၀၂၆ ခုနှစ် မတ်လ ၂၃ ရက်နေ့သည်(၆၆)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့အခါသမယ ဖြစ်ပါသည်။ ကမ္ဘာ့မိုးလေဝသနေ့ပေါ်ပေါက်လာပုံမှာ ၁၉၅၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့တွင် ကမ္ဘာ့မိုးလေဝသအဖွဲ့ (World Meteorological Orga-nization-WMO) တည်ထောင်ခြင်းအား ဂုဏ်ပြုသောအားဖြင့် မတ်လ ၂၃ ရက်နေ့အား ကမ္ဘာ့မိုးလေဝသနေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါသည်။ ထိုနေ့သို့ရောက်တိုင်း ကုလသမဂ္ဂ၏ဦးဆောင်မှုဖြင့် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် အဖွဲ့ဝင်နိုင်ငံများသည် အမျိုးသားမိုးလေဝသနှင့် ဇလဗေဒဌာနများအဖြစ် မိုးလေဝသ၊ ရာသီဥတုနှင့် ဇလဗေဒဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ အထိမ်းအမှတ်အခမ်းအနားများ၊ ပြပွဲပြိုင်ပွဲများအား ကမ္ဘာအနှံ့အပြားတွင် နှစ်စဉ်ကျင်းပလေ့ ရှိကြပါသည်။

၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့မိုးလေဝသနေ့ ဆောင်ပုဒ်မှာ “သဘာဝဘေးကာကွယ်ဖို့ နေ့စဉ်တိုင်းတာစောင့်ကြည့်စို့” (Observing Today, Protecting Tomorrow) ဟူ၍ ဖြစ်ပါသည်။ အဓိကရည်ရွယ်ချက်များမှာ သဘာဝဘေးအန္တရာယ် လျော့ပါးရေးအတွက် အချိန်နှင့်အမျှ အသေးစိတ် လေ့လာစောင့်ကြည့်မှတ်တမ်းတင်ထားသည့် မိုးလေဝသနှင့် ဇလဗေဒအချက်အလက်များ၏ အကျိုးကျေးဇူးအားသိရှိစေရန်၊ အဖွဲ့အစည်းအချင်းချင်း၊ နိုင်ငံများအချင်းချင်း မိုးလေဝသအချက်အလက်များ ပူးပေါင်းဖလှယ်ခြင်း၏အကျိုးအား သိရှိစေရန်၊ မိုးလေဝသ စောင့်ကြည့်တိုင်းတာရေးကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ်အဖွဲ့အစည်းများ၏ အရေးပါမှုကို မီးမောင်းထိုးပြရန်နှင့် ကမ္ဘာ့မိုးလေဝသအခြေအနေအား စက္ကန့်မလပ်တိုင်းတာစောင့်ကြည့် ဖော်ပြပေးနေသော သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများနှင့် မိုးလေဝသပညာရှင်များ၏ ကြိုးပမ်းမှုအား ကျေးဇူးတင်အသိအမှတ်ပြုရန် စသည်တို့ဖြစ်ပါသည်။

ယနေ့ကမ္ဘာနှင့် သဘာဝဘေးအန္တရာယ်များ

ဟိမဝန္တာတောင်ထိပ်ဖျားဆီမှ ရေခဲတောင် ဖြူလွလွတို့သည်လည်းကောင်း၊ အမေဇုန်တော စိမ်းနက်နက်တို့သည် လည်းကောင်း၊ မြစ်ချောင်းကြီးငယ်တို့သည် လည်းကောင်း၊ ဤမြေကမ္ဘာ သက်ရှိသတ္တဝါအားလုံးတို့သည် လည်းကောင်း သဘာဝဘေးအန္တရာယ်ကို တစ်နည်းမဟုတ် တစ်နည်း တွေ့ကြုံခံစားနေကြရပါသည်။

သဘာဝဘေးအန္တရာယ်ဆိုသည်မှာ သဘာဝတရား ဖောက်ပြန်ပြောင်းလဲမှုများကြောင့်ဖြစ်စေ၊ လူတို့၏ပြုမူဆောင်ရွက်မှု၊ ပေါ့ဆမှု၊ မတော်တဆ ဖြစ်မှုတို့ကြောင့်ဖြစ်စေ လူသားတို့၏ အသက် အိုးအိမ်စည်းစိမ်များနှင့် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသောဖြစ်ရပ်များကို ခေါ်ဆိုပါသည်။ ဇလဗေဒနှင့်သက်ဆိုင်သော သဘာဝအန္တရာယ်များတွင်‌ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ အအေးလှိုင်း အပူလှိုင်းများဖြတ်သန်းခြင်း၊ ရေခဲများ အရည်ပျော်ခြင်း စသည်တို့ ပါဝင်ပါသည်။ ဘူမိဗေဒနှင့်သက်ဆိုင်သော ဘေးအန္တရာယ်များ အဖြစ် ငလျင်လှုပ်ခတ်ခြင်း၊ ဆူနာမီဖြစ်ပေါ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်းများအား သတ်မှတ်နိုင်ပြီး တောမီးလောင်ကျွမ်းခြင်းကဲ့သို့သော ဖြစ်စဉ်များအားလည်း သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များဟု သတ်မှတ်နိုင်ပါသည်။

ဤကမ္ဘာမြေတွင် သဘာဝတရားသည် အင်အားအကြီးဆုံးဖြစ်ရာ သဘာဝတရားဖောက်ပြန် ပြောင်းလဲမှုကြောင့်ဖြစ်လာသော သဘာဝဘေးအန္တရာယ်များ၏ ဖျက်ဆီးနိုင်စွမ်းသည်လည်း အလွန်ကြီးမားကြပါသည်။ ကပ်ဘေးဆိုင်ရာ ကူးစက်ရောဂါဗေဒ သုတေသနဗဟိုဌာန (Centre for Research on the Epidemiology of Disast-ers - CRED)၏ မှတ်တမ်းများအရ ကမ္ဘာ့လူသား များသည် ၁၉၀၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်းစသည့် ပြင်းထန် ကြီးမားသောဘေးအန္တရာယ် စုစုပေါင်းအကြိမ်အရေ အတွက် ၂၇၀၀၀ ခန့် တွေ့ကြုံခံစားခဲ့ရကြောင်း သိရှိခဲ့ရာ အံ့အားသင့်ဖွယ်အရေအတွက် ဖြစ်ပါသည်။ ရေကြီးမှုအကြိမ် ၅၇၅၀ နှင့်အထက်၊ ငလျင်လှုပ် ခြင်း အကြိမ် ၁၅၇၀ ခန့်၊ ပြင်းထန်တောမီးလောင် ခြင်း အကြိမ် ၄၅၀ စသော အချက်အလက်များအရ ကမ္ဘာ့နေရာအနှံ့အပြားတွင် မတူညီသော သဘာဝ ဘေးများအား တွေ့ကြုံခံစားရလျက်ရှိနေကြသည်။ ကမ္ဘာ့တစ်နေရာ၌ မိုးခေါင်ရေရှားချိန်တွင် အခြားတစ်နေရာမှာ ရေကြီးနေခြင်းမျိုး ဖြစ်နိုင်ပါသည်။

၂၀၂၅ ခုနှစ်သည်လည်း သဘာဝဘေးအန္တရာယ်များ ပြင်းထန်ခဲ့သောနှစ်တစ်နှစ် ဖြစ်ပါသည်။ ဟာရီကိန်းမာလီဆာ၊ လော့အင်ဂျလိစ်တောမီးစသည့် အပြင်းထန်ဆုံးသဘာဝဘေးဒဏ် ၁၀ ခုတည်းက ပင်ဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၂၀ ခန့် ပျက်စီးစေခဲ့သည်။ လူ ၅၄၀၀ ကျော် သေဆုံးခဲ့သော မြန်မာငလျင်အပါအဝင် ပြင်းအားရစ်(ခ်)တာစကေး ၇ အထက် ငလျင် ၁၆ ကြိမ်လှုပ်ခတ်ခဲ့ပြီး ပြင်းထန်မိုးခေါင်ရေရှားဖြစ်စဉ် သုံးခု၊ အပူလှိုင်းဖြစ်စဉ် နှစ်ခု၊ မီးတောင်ပေါက်ခြင်းခြောက်ခု စသည်ဖြင့် သဘာဝ၏ ဘေးဒဏ်များအား ခံစားခဲ့ရသော နှစ်တစ်နှစ်ဖြစ်ပါသည်။ ရေကြီးမှုဖြစ်စဉ်များနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ်အတွင်းတွင် ကမ္ဘာတစ်ဝန်း၌ ၂၈ ခု ဖြစ်ပွားခဲ့ပြီး အာရှတိုက်တွင် ရေကြီးရေလျှံမှု ၁၄ ခု ခံစားခဲ့ရပါသည်။ ထိုသဘာဝဘေးအန္တရာယ်များ၏ တိုက်ရိုက်ဆိုးကျိုးသက်ရောက်မှုအား လူဦးရေ ၈၇ ဒသမ ၈ သန်းကျော် တွေ့ကြုံခံစားခဲ့ရပြီး တိုက်ရိုက်ဆုံးရှုံးမှု အမေရိကန်ဒေါ်လာဘီလီယံ ၂၈၀ ရှိသည် ဆိုသော်လည်း သွယ်ဝိုက်ဆုံးရှုံးမှုအား တစ်ကမ္ဘာလုံးမှ ခံစားခဲ့ရသည်ဟု ပြောလျှင် မှားမည်မဟုတ်ပါ။

သဘာဝအလျောက်ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်များအား လုံးဝမဖြစ်ပေါ်စေခြင်း၊ အပြီး ရပ်တန့်စေခြင်းငှာ မည်သူမှမစွမ်းသာပါ။ ငလျင် မလှုပ်နှင့်ဟု တားထား၍မရသလို မိုးမကြီးပါနှင့် ဟုလည်း တောင်းပန်နိုင်မည်မဟုတ်ပါ။ သို့ရာတွင် ဘေးအန္တရာယ်ဖြစ်ပွားမှု အကြောင်းရင်းများ၌ သဘာဝပတ်ဝန်းကျင်ထိခိုက်စေမှုများ၊ စက်မှုလုပ်ငန်းများကြောင့် ကမ္ဘာ့ပူနွေးမှုပြင်းထန်လာစေခြင်းများ စသည့်လူသားတို့၏ ဆောင်ရွက်မှုအမှားများ ပါဝင်သည်ဖြစ်ရာ ထိုကဲ့သို့ ဆောင်ရွက်မှုများအား စနစ်တကျစီမံဆောင်ရွက်ပြုပြင်ခြင်းဖြင့် ဘေးအန္တရာယ်ပြင်းထန်မှုအား သက်သာလျော့ပါးစေနိုင်မည် ဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါကလည်း ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန်၊ ထိခိုက်မှုလျော့ပါးသက်သာစေရန် ကြိုတင်တွက်ချက်ပြင်ဆင်ခြင်းများ ဆောင်ရွက်နိုင်ပါသည်။

ကမ္ဘာကြီးပူနွေးလာမှု၏ ဆိုးကျိုးများ

ရာသီဥတုဖောက်ပြန်၍ သဘာဝဘေးအန္တရာယ်များ ပိုမိုပြင်းထန်လာခြင်း၏ အဓိကအကြောင်းရင်းမှာ ကမ္ဘာကြီးပူနွေးလာမှုဖြစ်ပါသည်။ ရေခဲတောင် များအရည်ပျော်မှု၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှု၊ မိုးခေါင်ရေရှားမှု၊ ပြင်းထန်မိုးများရွာသွန်းမှု၊ အပူလှိုင်းများဖြစ်ပေါ်မှု၊ ပြင်းထန်မုန်တိုင်းများ ဖြစ်ပေါ်လာမှု၏ အဓိကရင်းမြစ်သည် ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ဖြစ်ပါသည်။

၂၀၂၄ ခုနှစ်သည် စံချိန်တင်အပူဆုံးနှစ်ဖြစ်ခဲ့ ပြီး ၁၈၅၀-၁၉၀၀ ပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၅၅°C ခန့် ပိုပူပြင်းခဲ့ပါသည်။ ၁၈၅၀ ပြည့်နှစ်မှ ယခုအချိန်အထိ ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့သည် သုံးနှစ်ဆက်တိုက် အပူဆုံးနှစ်များ ဖြစ်ကြပါသည်။ ထို့အတူ ၂၀၁၅-၂၀၂၅ ဆယ်စုနှစ် သည်လည်း ယခုအချိန်အထိ ကမ္ဘာ့အပူဆုံးဆယ်စုနှစ် ဖြစ်ခဲ့ပါသည်။ ဤအချက်အလက်များအရ ကမ္ဘာ့အပူချိန်သည် အရှိန်အဟုန်နှင့် တိုးတက်လျက်ရှိနေပြီး စနစ်တကျ ထိန်းချုပ်မှုများမရှိပါက ဤရာစု နှစ်အကုန်တွင် ကမ္ဘာကြီးပူနွေးလာမှုသည် စက်မှုခေတ်မတိုင်မီကာလ အပူချိန်ထက် ၂ ဒသမ ၈°C ပိုမိုများပြားလာနိုင်သည်ဟု ခန့်မှန်းကြကြောင်း သိရှိရပါသည်။

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ၁၉၇၀ ပြည့်နှစ် များမှစ၍ ကမ္ဘာ့ရေခဲတောင်ရေခဲမြစ် ၃၀ ရာခိုင်နှုန်း ခန့်သည် အရည်ပျော်ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။ ထိုသို့ ကမ္ဘာမြေအား ဖုံးလွှမ်းထားသည့် အေးမြသောရေခဲမြစ်များ အရည်ပျော်ခြင်းကြောင့် မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ပိုများလာကာ ကမ္ဘာမြေ၏ ပူနွေးမှုသံသရာသည်လည်း အဆုံးမရှိ လည်ပတ်နေပါသည်။ ထိုသံသရာအား လူသားများ ကြောင့် သစ်တောပြုန်းတီးမှု၊ စက်မှုလုပ်ငန်းများ၊ ကားများမှကာဗွန်ထုတ်လွှတ်မှု၊ သဘာဝပတ်ဝန်း ကျင်ညစ်ညမ်းစေမှုများက ဝန်းရံထောက်ပံ့နေကြသည်။ ကမ္ဘာ့သစ်တောများ၏ ၃၀ ရာခိုင်နှုန်းသည် ပြုန်းတီးသွားကြပြီဖြစ်ပြီး ယခုအခါတွင် ကမ္ဘာမြေပြင်ဧရိယာ၏ ၃၁ ရာခိုင်နှုန်းခန့်သာ သစ်တောအဖြစ် ကျန်ရှိတော့သည် ဖြစ်ပါသည်။ တစ်နှစ်လျှင် သစ်တောမြေဟက်တာ ၁၂ သန်းခန့်ဆုံးရှုံးနေပြီး သစ်တောအား မှီခိုအသက်ရှင်သန်ရသည့် ဇီဝမျိုးကွဲများအားလည်း ဆုံးရှုံးရလျက်ရှိနေပါသည်။

ကမ္ဘာကြီးပူနွေးမှုနှင့် ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာပေါ်ရှိရေကန်ကြီးများ၏ ၇၀ ရာခိုင်နှုန်းသည် လျင်မြန်စွာ ခန်းခြောက်လာနေကြပြီး ကမ္ဘာ့လူဦးရေသုံးပုံနှစ်ပုံသည် ရေရှားပါးမှုအား ခံစားနေကြရပါသည်။ ရေရှားပါးမှုသည် ငတ်မွတ်ခေါင်းပါးခြင်း၊ ရောဂါဘယထူပြောခြင်း၊ လူနေမှုနိမ့်ကျခြင်းတို့အားလည်း အဖော်ခေါ်လာတတ် သေးသည်ဖြစ်ရာ ၂၁ ရာစုကမ္ဘာ၏ အဓိကစိန်ခေါ်မှုဖြစ်လာပါသည်။ ကမ္ဘာ့မြို့ကြီး ၁၀၀ ကျော်သည် ပြင်းထန်သော သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့နေရပြီး အချို့မြို့များသည် မြို့ပြရေပေးဝေမှု လုံးဝပျက်စီးသွားနိုင်သည့် "Day Zero" သို့ နီးကပ်လျက်ရှိနေကြပါသည်။

ရေခဲတောင်များမှ အရည်ပျော်စီးဆင်းလာသော ရေများကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာကာ ကမ်းရိုးတန်းမြို့ပြများ၏ ရှင်သန်တည်ရှိမှုအားလည်း ခြိမ်းခြောက်လာလျက်ရှိပါသည်။ ကမ္ဘာ့မြို့ကြီးအများစုသည် ကုန်စည်စီးဆင်းမှုလွယ်ကူသော ပင်လယ်ကမ်းရိုးတန်းများတွင် တည်ရှိကြသည်ဖြစ်ရာ ထိုမြို့များသည် “ဖောင်စီးရင်း ရေငတ်” ဆိုသကဲ့သို့ ပင်လယ်ရေမြင့်လာမှုကြောင့် ရေနစ်မြုပ်ခြင်း ဘေးအန္တရာယ်နှင့် သောက်သုံးရေရှားပါးမှု ဘေးအန္တရာယ်နှစ်မျိုးလုံးအား ကြုံတွေ့လာနေရသည်။

လေ့လာမှုများအရ ၂၀၃၀ ပြည့်နှစ်တွင် ရေရှားပါးမှုကြောင့် လူသန်း ၇၀၀ ကျော် ရွှေ့ပြောင်း နေထိုင်ရနိုင်သည်ဟု ခန့်မှန်းထားကြကြောင်း သိရှိရပါသည်။ ထိုကဲ့သို့သော ပြောင်းရွှေ့မှုများ ကြောင့် လူမှုစီးပွားနှင့် အခြားအခြေအနေများ မတည်မငြိမ်ဖြစ်ခြင်း၊ လူဦးရေထူထပ်မှုကြောင့် ကူးစက်ရောဂါများ ပိုမိုကူးစက်ပြန့်ပွားလာနိုင်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းများ ဖြစ်ပေါ်လာနိုင်ပါသည်။ ကုလသမဂ္ဂအချက်အလက်များအရ ကမ္ဘာ့လူဦးရေ ၁၁ ဦးတွင် တစ်ဦးသည် ငတ်မွတ်ခေါင်းပါးခြင်း ဘေးအားခံစားနေရကြောင်း သိရှိရပါသည်။ ထို့ကြောင့် သဘာဝဘေးဒဏ်များ လျော့ပါးစေရန်အတွက် ကမ္ဘာပူနွေးမှုကဲ့သို့သော ဖြစ်စဉ်များအား စနစ်တကျဖြေရှင်းဆောင်ရွက်ကြရန် အရေးတကြီး လိုအပ်လျက်ရှိနေပါသည်။

မြန်မာနိုင်ငံနှင့် သဘာဝဘေးဒဏ်များ

မြန်မာနိုင်ငံ၏ ပထဝီဝင်တည်ရှိမှုအနေအထားအရ ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းစသည်တို့ကို ခံစားရလေ့ရှိပါသည်။ အိန္ဒိယ၊ ယူရေးရှား၊ ဆွန်ဒါးနှင့် ဘားမားခေါ် မြေထုအချပ် လေးလွှာကြားတွင်တည်ရှိပြီး တက်ကြွသော ဘူမိဗေဒဖြစ်စဉ်များကြောင့် ငလျင်များ ဖြစ်ပေါ်လေ့ ရှိသည်။ အဓိကငလျင်ကြောပြတ်ရွေ့ငါးခုရှိပြီး အကြီးမားဆုံးနှင့် အဆိုးရွားဆုံး ပျက်စီးစေခဲ့သော ပြတ်ရွေ့မှာ စစ်ကိုင်းပြတ်ရွေ့ဖြစ်ပါသည်။ စစ်ကိုင်း ပြတ်ရွေ့သည် တောင်ဘက် ကပ္ပလီပင်လယ်ပြင်မှ မြောက်ဘက်သို့ မိုင် ၈၇၀ ရှည်လျားကာ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးစသည့် မြန်မာ့မြို့ကြီးအများစုသည် ထိုပြတ်ရွေ့ကြောတစ်လျှောက်တွင် တည်ရှိနေကြခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ၁၇၆၂ ရခိုင်ငလျင်၊ ၁၈၃၉ အင်းဝငလျင်၊ ၁၉၃၀ ပဲခူးငလျင်မှသည် ၂၀၂၅ မန္တလေးငလျင်ကြီးအထိ ဆိုးရွားပြင်းထန်သော ငလျင်ကြီးများအား ခံစားခဲ့ရသည်။ ၂၀၂၅ ခုနှစ် မတ်လတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီး သည် ငလျင်ပြင်းအား ၇ ဒသမ ၇ ဖြင့် မြန်မာ့ဒုတိယ အကြီးမားဆုံးနှင့် ဒုတိယသေဆုံးမှုအများဆုံး ငလျင်ဖြစ်ခဲ့ကာ ၂၀၂၅ ခုနှစ်၏ ကမ္ဘာ့အသေ အပျောက် အများဆုံးငလျင်လည်းဖြစ်ခဲ့သည်။ လူဦးရေ ၅၄၀၀ ခန့် သေဆုံးခဲ့ရပြီး နေအိမ်တိုက်တာ အဆောက်အအုံ လမ်းတံတားများစွာ ပျက်စီးခဲ့ရပြီး ကျပ် ၃၆၂၉ ဒသမ ၂၈၈ ဘီလီယံခန့် ဆုံးရှုံးခဲ့ရပါသည်။

မြန်မာနိုင်ငံသည် ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်နေပြီး မုန်တိုင်းများအားလည်း မကြာခဏတွေ့ကြုံခံစားရလေ့ရှိပါသည်။ သမိုင်းတစ်လျှောက် တွင် နာဂစ် (၂၀၀၈)၊ ဂီရိ (၂၀၁၀)၊ ကိုမန် (၂၀၁၅)၊ မိုခါ (၂၀၂၃)၊ ရာဂီ (၂၀၂၄) စသည့် မုန်တိုင်းကြီး များစွာကို တွေ့ကြုံခဲ့ရပြီး ၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းသည် အပြင်းထန်ဆုံး ဖြစ်ခဲ့ကာ ပြည်သူပေါင်း တစ်သိန်းသုံးသောင်းကျော် အသက်ဆုံးရှုံးခဲ့ကာ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၉ ဘီလီယံကျော်ဆုံးရှုံး၍ မြောက်အိန္ဒိယသမုဒ္ဒရာအတွင်း ဖြစ်ပေါ်ခဲ့သော မုန်တိုင်းများအနက် ပျက်စီး ဆုံးရှုံးမှုအများဆုံး မုန်တိုင်းတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။

မြန်မာနိုင်ငံအတွက် အခြားဆိုးရွားသော သဘာဝဘေးဒဏ်မှာ ရေကြီးခြင်းဖြစ်ပါသည်။ ယေဘုယျအားဖြင့် ပဲခူး၊ ဧရာဝတီ စသည့်မြန်မာ နိုင်ငံအောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသများတွင် ရေကြီးရေလျှံမှုအန္တရာယ်အား နှစ်စဉ်ခံစားကြရ လေ့ရှိပါသည်။ ထို့ပြင် မိုးပြင်းထန်မှု၊ တောင်ကျချောင်းရေစီးဆင်းမှုများကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင်လည်း လျှပ်တစ်ပြက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိကြပါသည်။ ၂၀၂၄ ခုနှစ်ရာဂီမုန်တိုင်းသက်ရောက်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင်နေရာများစွာတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပါသည်။

ကမ္ဘာကြီးပူနွေးလာမှုနှင့် မှန်လုံအိမ်အကျိုး သက်ရောက်မှုများကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းတို့သည် “မြွေပူရာကင်းမှောင့်” ဆိုသကဲ့သို့ တစ်နှစ်ထက်တစ်နှစ် ပူပြင်းခြောက် သွေ့လာမှု၊ သောက်သုံးရေရှားပါးလာမှုများလည်း တွေ့ကြုံခံစားနေရပါသည်။ အထူးအာရုံပြုရမည့် အချက်မှာ ၂၀၂၄ ခုနှစ် ဧပြီလတွင် အပူလှိုင်းဖြတ် သန်းမှုကြောင့် မြန်မာနိုင်ငံ ချောက်မြို့သည် အပူချိန် ၄၈ ဒသမ ၂°C ဖြင့် ကမ္ဘာ့အပူဆုံးမြို့အဖြစ် စံချိန်တင်ခဲ့ခြင်း ဖြစ်ပါသည်။ ဤသို့ဖြင့် ကမ္ဘာတွင်ရော မြန်မာတွင်ပါ ငလျင်၊ မုန်တိုင်း၊ ရေဘေးစသည့် ဘေးဒဏ်တို့အား ရှေးကာလများကထက် အကြိမ်ရေစိပ်စိပ် ပိုမိုတွေ့ကြုံလာရသည်မှာ ထင်ရှားလျက်ရှိပါသည်။       

သဘာဝဘေးဒဏ် လျော့ပါးရေး

ရာသီဥတုသည် နယ်နိမိတ်မျဉ်းမရှိ။ သဘာဝဘေးအန္တရာယ်တို့သည် နိုင်ငံကြီးငယ် ဆင်းရဲချမ်းသာမခွဲခြား။ တိမ်တို့သည် ကောင်းကင်တွင် ခရီးဆန့်နေသကဲ့သို့ ရေတို့သည်လည်း ကမ္ဘာအနှံ့ခရီးဆက်လျက်ရှိကြသည် ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ လေထုညစ်ညမ်းမှုသည် အခြားနိုင်ငံ တစ်နိုင်ငံမှ ပြည်သူတို့၏ ကျန်းမာရေးအား ထိခိုက်စေနိုင်ပါလိမ့်မည်။ နိုင်ငံတစ်နိုင်ငံမှ ပင်လယ်တွင်းသို့ စွန့်ပစ်လိုက်သောအမှိုက်သည် အခြားနိုင်ငံ တစ်နိုင်ငံ၏ ရေနေသတ္တဝါတို့အား သေကျေစေပါလိမ့်မည်။ ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သင့်ခြင်းသည် ဝတ္တရားမဟုတ်ဘဲ မဖြစ်မနေဆောင်ရွက်သင့်သည့် တာဝန်တစ်ရပ်သာ ဖြစ်ပါသည်။

ရာသီဥတုဆိုင်ရာ တိကျမှန်ကန်သော အချက်အလက်များသည် နေ့စဉ်ဝတ်ဆင်သော ဝတ်စုံရွေးချယ်မှုမှစ၍ ခရီးလမ်းကြောင်းရွေးချယ်မှု၊ ကုန်ပစ္စည်းထုတ်လုပ်မှု၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် လေကြောင်း၊ ရေကြောင်းခရီးသွားလာရေးလုပ်ငန်း များအား လွှမ်းမိုးချုပ်ကိုင်ထားပါသည်။ ယနေ့ကမ္ဘာ့ရင်ဆိုင်နေရသော မိုးလေဝသဖြစ်စဉ်များသည် နိုင်ငံတစ်နိုင်ငံတည်း အင်အားဖြင့် အချက်အလက် စုဆောင်းဖြေရှင်းနိုင်မည့် ကိစ္စရပ်များမဟုတ်ပါ။ ကမ္ဘာလုံးဆိုင်ရာလေ့လာတိုင်းတာမှု အချက်အလက် မျှဝေခြင်း၊ နည်းပညာပူးပေါင်းဆောင်ရွက်ခြင်းများအား နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။

“သံကြိုးတစ်ချောင်း၏ပကတိစွမ်းရည် ဆိုသည်မှာ အားအနည်းဆုံးအဆက်ပိုင်း၏ စွမ်းရည်ကိုသာ သတ်မှတ်နိုင်သည်” ဟူသော ဆိုရိုးစကားနှင့်အညီကမ္ဘာ့သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်မှု၏ အရှိတရားသည်လည်း အားနည်းသောနိုင်ငံများ၏ အချက်အလက်ရရှိမှု၊ ချိတ်ဆက်ဆောင်ရွက်နိုင်မှု တို့အပေါ်မူတည်ပါသည်။ ဓနအင်အားနှင့် နည်းပညာ ကွာခြားမှုများကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ စက်မှုလုပ်ငန်းလေထု ရေထုညစ်ညမ်းမှုများအား ဖွံ့ဖြိုးဆဲနိုင်ငံများမှ ခါးစည်းခံကြရလျက်ရှိသည်။ သဘာဝဘေးအန္တရာယ်များကြောင့် ဆုံးရှုံးမှုသည် ကြိုတင်မခန့်မှန်းနိုင်ခြင်း၊ အသိပေးချက်တားမြစ်ချက် မထုတ်ပြန်ခြင်း၊ ထုတ်ပြန်ထားသော သတင်းအချက် အလက်များအား လိုက်နာရန် အလေးထားဂရုမပြုခြင်း စသည်တို့ကြောင့်ဖြစ်ရာ ထိုကွက်လပ်များအား ဖြည့်တင်းပေးနိုင်မည့် ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်း တစ်ခု၏ တည်ရှိမှုနှင့်စီမံခန့်ခွဲမှုသည်များစွာအရေး ကြီးလှပါသည်။

ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်၏ဆောင်ရွက်ချက်များ

ကမ္ဘာ့မိုးလေဝသ တိုင်းတာစောင့်ကြည့်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၁၈၇၃ ခုနှစ်တွင် နိုင်ငံတကာမိုးလေဝသအဖွဲ့(International Meteorological Organization, IMO) ကို စတင်ဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အဆင့် မြှင့်တင်၍ ၁၉၅၀ ပြည့်နှစ် မတ်လ ၂၃ ရက်တွင် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO)အား စတင်ဖွဲ့စည်းခဲ့ပါသည်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်သည် ကုလသမဂ္ဂ၏ အထူးပြုအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာ့လေထု၊ ရာသီဥတု၊ ရေအရင်းအမြစ်နှင့် ဇလဗေဒဆိုင်ရာသိပ္ပံပညာရပ်များတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးရန် ရည်ရွယ်တည်ထောင်ခဲ့ပါသည်။ အဓိက ဆောင်ရွက်ချက်များတွင် မိုးလေဝသအချက်အလက်များ အချိန်နှင့် တစ်ပြေးညီဖလှယ်ခြင်း၊ ရာသီဥတုပြောင်းလဲမှုကို စောင့်ကြည့်ခြင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင် သတိပေးချက်များ ထုတ်ပြန်ခြင်းနှင့် စံနှုန်းများ သတ်မှတ်ခြင်းတို့ ပါဝင်သည်။

ရုံးချုပ်သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် တည်ရှိပြီး အဖွဲ့ဝင်နိုင်ငံများနှင့် နယ်မြေများသည် ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသစောင့်ကြည့်လေ့လာမှု စနစ်(Global Observing System)ကို ထူထောင်၍ မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာအချက်အလက်များ ဖလှယ်ခြင်းနှင့် သုတေသနပြုမှုများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်ကြိုတင်ခန့်မှန်းမှုနှင့် ရာသီဥတုပြောင်းလဲမှုများကို လေ့လာရာတွင် အမျိုးသားမိုးလေဝသဌာနများအဖြစ် အရေးပါသော အခန်းကဏ္ဍများမှ ပါဝင်လျက်ရှိကြသည်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအချင်းချင်းအဖွဲ့ (Intergovernmental Policy on Climate Change-IPCC) အား ပူးတွဲတည်ထောင်၍ လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၂၀၀၇ ခုနှစ်တွင် IPCC သည် အမေရိကန် ဒုတိယသမ္မတဟောင်း အယ်လ်ဂိုးနှင့်အတူ နိုဘယ်ဆု ပူးတွဲချီးမြှင့်ခြင်းခံခဲ့ရပါသည်။

ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်မှ ပေါင်းစပ်ညှိနှိုင်းပေးသောစနစ်တွင် မြေပြင်မိုးလေဝသစခန်းပေါင်း ၁၆၃၀၀ ခန့်ပါဝင်ပြီး ၎င်းတို့အနက် ၉၀၀၀ ခန့်သည် ကမ္ဘာ့အခြေခံစောင့်ကြည့်ရေးစနစ်အတွင်း ပါဝင် လျက်ရှိသည်။ ကမ္ဘာ့မိုးလေဝသအဖွဲ့သည် အာကာသ အေဂျင်စီနှင့် အဖွဲ့အစည်း ၉၀ ခု တို့မှ စီမံခန့်ခွဲလျက် ရှိသော ဂြိုဟ်တု ၄၀၀ ကျော်၊ မိုးလေဝသပူဖောင်း ၁၀၀၀၊ သင်္ဘော ၁၀၀၀၊ ရေကြောင်းပြဗော်ရာ ၄၀၀၀ စသည်တို့ဖြင့် လေထု၊ ကုန်းမြေ၊ သမုဒ္ဒရာတို့၏ အရေးပါသော အချက်အလက်များကို တိုင်းတာ ပေးသည်။

ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်၊ လေကြောင်းပျံသန်းရေး အာဏာပိုင်များနှင့် ကူးသန်းရောင်းဝယ်ရေး လေကြောင်းလိုင်းကုမ္ပဏီ ၄၀ တို့ ပူးပေါင်းဆောင်ရွက်သော ကမ္ဘာလုံးဆိုင်ရာလေယာဉ်မိုးလေဝသ အချက်အလက် စောင့်ကြည့်ထုတ်လွှင့်ပေးပို့ရေးစနစ် (Aircraft Meteorological Data Relay- AMDAR) ဖြင့် လေထုအပူချိန်၊ လေတိုက်နှုန်းနှင့် လားရာတို့ကို နေ့စဉ် အရည်အသွေးမြင့် စောင့်ကြည့် ချက် ၇၀၀၀၀၀ ကျော် ပြုလုပ်ပေးလျက်ရှိသည်။ ထိုတွေ့ရှိချက်များအား WMO ၏ ဘက်စုံအချက် အလက် ကိုင်တွယ်ရေးနှင့် ခန့်မှန်းရေးစနစ် (WMO Integrated Processing and Prediction System - WIPPS) မှတစ်ဆင့် ထုတ်ပြန်ကာ ဝန်ဆောင်မှုနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ခြင်းတွင် အထောက်အကူပြုစေပါသည်။

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုလေ့လာစောင့်ကြည့် ရေးစနစ် (Global Climate Observing System)၊ ပေါင်းစည်းထားသော ကမ္ဘာလုံးဆိုင်ရာ လေ့လာ စောင့်ကြည့်ရေးစနစ် (WIGOS - WMO Integrated Global Observing System & WIGOS Data Quality Monitoring System - WDQMS)၊ ကမ္ဘာလုံးဆိုင်ရာလေထုစောင့်ကြည့်ရေးကွန်ရက် (Global Atmosphere Watch- GAW) တို့မှတစ်ဆင့် ကမ္ဘာ့မိုးလေဝသအချက်အလက်များအား သိရှိလေ့လာ နိုင်ပါသည်။ မှန်လုံအိမ်ဓာတ်ငွေ့အခြေအနေ လေ့လာစောင့်ကြည့်သော (Global Greenhouse Gas Watch-G3W) ကွန်ရက်စနစ်ထူထောင်၍လည်း စောင့်ကြည့်တိုင်းတာရေးနှင့် သုတေသနလုပ်ငန်းများအား ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်သည် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် မိုးလေဝသတိုင်းတာရေးအခြေခံ အဆောက်အအုံများနှင့် နည်းပညာဖွံ့ဖြိုးရန်အတွက် (Systematic Observations Financing Facility- SOFF) မှတစ်ဆင့် ငွေကြေးနှင့် နည်းပညာအကူအညီ များပေးလျက်ရှိပါသည်။ လေ့လာချက်များအရ မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာ အခြေခံအချက် အလက်ရရှိမှု အခက်အခဲအား ဖြေရှင်းပေးခြင်းဖြင့် အာဖရိကတွင် မိုးလေဝသခန့်မှန်းချက်အမှားနှုန်း ၃၀ ရာခိုင်နှုန်း၊ ပစိဖိတ်ဒေသတွင် ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည်ဟု သိရှိရပါသည်။

ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ ကြိုတင် သတိပေးမှုများရရှိခြင်းကြောင့် ဆုံးရှုံးမှု အမေရိကန် ဒေါ်လာ ၂၂ ဘီလီယံအား သက်သာစေခဲ့ပါသည်။ မိုးသည်းထန်မှုများနှင့် အပူလှိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို ၂၄ နာရီ ကြိုတင်သတိပေးခြင်းဖြင့် ဆုံးရှုံးမှု ၃၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင် ပါသည်။ ထို့ကြောင့် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု လျော့ပါးစေရန် ကြိုတင်သတိပေး စနစ်များ (Early Warning System - EWS) များ ဆောင်ရွက်နိုင်ရန်လည်း အားပေးထောက်ပံ့လျက် ရှိပါသည်။ ယခုအခါ ကုလသမဂ္ဂပူးပေါင်းဆောင်ရွက်မှု ‘‘Early Warnings for All by 2027 (၂၀၂၇အတွက် အားလုံးအတွက် ကြိုတင်သတိပေးချက် များ)’’မှတစ်ဆင့် ကမ္ဘာ့ဒေသအနှံ့အပြားတွင် ဂြိုဟ်တုအချက် အလက်လေ့လာခြင်းနှင့် စောင့်ကြည့်ခြင်း၊ ခန့်မှန်းခြင်းနှင့် သတိပေးနိုင်စွမ်းများကို မြှင့်တင်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများအား ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာ့မိုးလေဝသ တိုင်းတာစောင့်ကြည့်မှုများ

ခေတ်မီနည်းပညာများ မပေါ်ပေါက်ခင်က ရှေးခေတ်မြန်မာတို့သည် မိုးလေဝသအခြေအနေအား ရိုးရာနည်းလမ်းများဖြင့် ခန့်မှန်းခဲ့ကြပါသည်။ ဖားအော်လျှင် မိုးရွာမည်ဟု ခန့်မှန်းသကဲ့သို့ မိုးရွာ မည်အား ကြိုတင်သိရှိနိုင်သော နည်းလမ်းများအဖြစ် ‘‘စောင်းဆရာ၊ ယားနာပွေးကွက်၊ ပါဒရက်က၊ ပုရွက်ပလူ၊ အနုပြဒါး၊ ပေါင်းရှစ်ပါး’’ ဟူ၍ပင် လင်္ကာရေးစပ်မှတ်သားခဲ့ကြသည်။ ယခုကဲ့သို့ နည်းပညာနှင့်အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးလာသော ခေတ်၊ ဆက်သွယ်ရေးစနစ် တိုးတက်လာသောခေတ်တွင်မူ အချက်အလက်လေ့လာစောင့်ကြည့် တိုင်းတာမှုများအား စနစ်တကျဆောင်ရွက်လာနိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံမိုးလေဝသဌာနကို ၁၉၃၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၃၈ ခုနှစ် ဇန်နဝါရီလတွင် အပြည်ပြည်ဆိုင်ရာ မိုးလေဝသအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သည်။ ၁၉၇၄ ခုနှစ် တွင် ‘‘မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန’’ အဖြစ် ပြောင်းလဲခေါ်တွင်ခဲ့သည်။ ရည်ရွယ်ချက်များ အနေဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေး၊ ကုန်း၊ ရေ၊ လေကြောင်းခရီး လုံခြုံသက်သာ ချောမွေ့ရေး၊ စားရေရိက္ခာနှင့် စိုက်ပျိုးမှုပိုမိုတိုးတက် ရေး၊ နိုင်ငံတော်စီမံကိန်းနှင့်လုပ်ငန်းများကိုအထိ ရောက်ဆုံး အကျိုးပြုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သယံဇာတပစ္စည်းများ ကာလကြာရှည်စွာ ထုတ်ယူအသုံးပြုရေး၊ မိုးလေဝသနှင့် ဇလဗေဒနည်းပညာရပ်များ တိုးတက်ရေးအတွက် သုတေသနပညာပေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ ဖြစ်ကြပါသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် လေကြောင်းဆိုင်ရာ မိုးလေဝသ၊ ရေကြောင်း ဆိုင်ရာမိုးလေဝသ၊ စိုက်ပျိုးရေးမိုးလေဝသအပါအဝင် ဇလဗေဒဆိုင်ရာအချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာအချက်အလက်များအား အချိန်နှင့် တစ်ပြေးညီ တိုင်းတာစောင့်ကြည့်ထုတ်ပြန်ပေး လျက်ရှိပါသည်။ WMO၊ UNFCCC (United Nations Framework Convention on Climate Change)၊ UNDP (United Nations Development Pro-gramme) စသည့် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၄၃ ခုကျော်နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

ဌာနခွဲရှစ်ခုရှိ မိုးလေဝသတိုင်းတာရေးစခန်း၊ ဇလဗေဒစခန်း၊ ဇလဗေဒနှင့်မိုးလေဝသစခန်း၊ လေအရည်အသွေးတိုင်းတာရေးစခန်း၊ စိုက်ပျိုးရေး မိုးလေဝသစခန်း၊ လေကြောင်းမိုးလေဝသခန့်မှန်းရေးရုံး၊ ပင်လယ်ရေမျက်နှာပြင် တိုင်းတာရေးစခန်းများမှ မိုးလေဝသအချက်အလက်များအား အမျိုး အစားပေါ်မူတည်၍ တစ်နေ့လျှင် တစ်ကြိမ်မှ ငါးကြိမ်အထိ အသေးစိတ်တိုင်းတာပေးလျက် ရှိပါသည်။ ထိုအချက်အလက်များအား တွက်ချက်ဆန်းစစ်ခြင်း၊ ဂြိုဟ်တုတိမ်ပုံများကို ဆန်းစစ်လေ့လာခြင်း၊ နိုင်ငံတကာအမျိုးသားမိုးလေဝသ ဌာနများမှ လွှင့်တင်ထားသော Website များမှ အချက်အလက်၊ တိမ်ပုံများကို ဆန်းစစ်လေ့လာခြင်း၊ Global Telecommunication System (GTS) ဆက်သွယ်ရေးလမ်းကြောင်းမှ ပေးပို့သော အိမ်နီးချင်းနိုင်ငံများ၏ မိုးလေဝသအချက်အလက်များကို လက်ခံရယူ၍ ဆန်းစစ်လေ့လာခြင်းများ ဆောင်ရွက်၍ လိုအပ်သောသတင်းများ ထုတ်ပြန်ပေးခြင်း၊ အချက်အလက်မျှဝေခြင်းများအား စနစ်တကျ ဆောင်ရွက်လျက်ရှိပါသည်။ မိုးလေဝသဆိုင်ရာ မှတ်တမ်းအချက်အလက်များ ထိန်းသိမ်းခြင်းစနစ် CLICOM (CLImate COMputing) ကို ၁၉၉၉ ခုနှစ်တွင် ထူထောင်ထားရှိလျက် မှတ်တမ်းများကို စနစ်တကျသိမ်းဆည်းခြင်းကိုလည်း ဆောင်ရွက်နေပါသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် နေ့စဉ်မိုးလေဝသခန့်မှန်းချက်၊ ၁၀ ရက်ပတ် မိုးလေဝသခန့်မှန်းချက် စသည်ကဲ့သို့သော ခန့်မှန်းချက်များ၊ မုန်တိုင်းသတိပေးချက်နှင့် မြစ်ရေကြီး သတိပေးချက်တို့ကဲ့သို့သော သတိပေးချက်များ၊ စံချိန်သစ်များနှင့် မြစ်ရေကြီးသတင်းကဲ့သို့သော သတင်းများအား အချိန်နှင့်တစ်ပြေးညီ တိုင်းတာ ထုတ်ပြန်ပေးလျက်ရှိပါသည်။ Weather Research and Forecasting (WRF) Model အရ ခန့်မှန်းချက် များ၊ MTSAT Satellite image နှင့် Radar Image များမှတစ်ဆင့် ရာသီဥတုအခြေအနေအား တိုက်ရိုက်ကြည့်ရှုနိုင်စေခြင်း၊ (Rainfall, Runoff and Inundation, RRI) Model အရ တွက်ချက်ရေးဆွဲ ထားသော ဒေသအလိုက် ရေလွှမ်းမိုးမှုပြမြေပုံများ စသည့်နိုင်ငံတကာအဆင့်မီ ခေတ်မီနည်းပညာ အသုံးချထုတ်ပြန်မှုများအား ဆောင်ရွက်လျက် ရှိပါသည်။

သဘာဝဘေးကာကွယ်ဖို့ နေ့စဉ်တိုင်းတာစောင့်ကြည့်စို့

သဘာဝဘေးအား စနစ်ကျစွာစီမံခန့်ခွဲခြင်းအတွက် တိကျသောအချက်အလက်များ တိုင်းတာစောင့်ကြည့်ခြင်း၊ အချက်အလက်ဖလှယ်ခြင်း၊ ခေတ်မီနည်းပညာအသုံးပြုခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ တိကျသောဥပဒေ၊ နည်းဥပဒေရေးဆွဲခြင်းတို့သည် မဖြစ်မနေလိုအပ်ပါသည်။

မြန်မာနိုင်ငံသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှု စောင့်ကြည့် လေ့လာရေးကိစ္စရပ်များအား တက်ကြွစွာ ပူးပေါင်း မှုအနေဖြင့် ၁၉၇၂ ခုနှစ် ကုလသမဂ္ဂ ပထမအကြိမ် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာညီလာခံ (First UN Environmental Conference)၊ ၁၉၉၂ ခုနှစ် ကမ္ဘာမြေထိပ်သီးအစည်းအဝေး (World Earth Summit) စသောညီလာခံများ၊ အစည်းအဝေးများကို တက်ရောက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း (Climate Change Convention)၊ ကျိုတိုသဘောတူစာချုပ် (Kyoto Protocol)၊ Bali Roadmap၊ ပဲရစ်သဘောတူညီချက် (Paris Agreement) အစရှိသည့် စာချုပ်များ၊ သဘောတူညီ ချက်များစွာကိုလည်း နိုင်ငံတကာနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့်ပတ်သက်၍ စိုက်ပျိုးရေးနိုင်ငံဖြစ်သော ကြောင့် မြန်မာ့မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၏ ၉၄ ဒသမ ၄၇ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍမှ ထုတ်လွှတ်ခြင်းဖြစ်သော်လည်း အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက အလွန်နည်းပါး သော ပမာဏဖြစ်ပါသည်။ ကုလသမဂ္ဂ၏ ၂၀၂၀ ပြည့် နှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းအား သစ်တောဖြင့် ဖုံးလွှမ်းထားကြောင်း သိရှိရရာ “အချိန်မီချုပ် အစုတ်သက်သာ” ဆိုသကဲ့သို့ ထိန်းသိမ်းရန် အချိန်မီသောကာလဖြစ်ပါသည်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပဲရစ်သဘော တူညီချက်အရ စက်မှုခေတ်ကာလမတိုင်မီ ရှိခဲ့သော ကမ္ဘာ့အပူချိန်မှ ၁ ဒသမ ၅°C ထက်မပိုအောင် ထိန်းထားနိုင်ရန် မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုအား လျင်မြန်စွာလျှော့ချရမည်ဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာလုံးဆိုင်ရာ အသားတင်ထုတ်လွှတ်မှု သုညအထိဖြစ်လာစေမည့် မျှော်မှန်းချက်တွင်လည်း မြန်မာနိုင်ငံသည် တက်ကြွစွာ ပါဝင်ဆောင်ရွက် လျက်ရှိပါသည်။ အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၀ ပြည့်နှစ်မှစပြီး နှစ်စဉ်မပျက်ကျင်းပခဲ့ပြီး “အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ” ၏ ဦးဆောင်မှုဖြင့် သဘာဝဘေးလျော့ပါးကာကွယ် နိုင်ရေးအား စနစ်တကျ ဆောင်ရွက်လျက်ရှိပါသည်။

အချက်အလက်တိကျစွာရရှိမှု၊ အချိန်မီ သတင်းထုတ်ပြန်မှုနှင့် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက် မှုသည် ကြီးမားသောမုန်တိုင်း၏ ဆုံးရှုံးမှုအား လျှော့ချပေးနိုင်ကြောင်း မိုခါမုန်တိုင်းကာလ ဆောင်ရွက်မှုများနှင့် အခြားဆောင်ရွက်မှုများမှ လုံလောက်စွာသက်သေပြခဲ့ပြီး ဖြစ်ပါသည်။ တိုင်းတာရရှိသော အချက်အလက်များမျှဝေခြင်း၊ လုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက် ပြည်တွင်းဌာနအဖွဲ့အစည်းများနှင့် ပြည်ပအဖွဲ့အစည်းများ အားလုံး စည်းလုံးစွာ ပူးပေါင်းဆောင်ရွက်၍ အားသာချက်၊ အားနည်းချက်များအား အတူတကွ ဖြေရှင်းဆောင်ရွက်ပါက သဘာဝဘေးအန္တရာယ်များအား လျော့ပါးသက်သာစေမည် ဖြစ်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန အပါအဝင် မိုးလေဝသအချက်အလက်များနှင့် ဆက်စပ်ဆောင်ရွက်ရသော အခြားဌာနများတွင်လည်း နေ့စဉ်တိုင်းတာ စောင့်ကြည့်မှတ်တမ်းတင်ထားသည့် အချက်အလက်များအား ဌာနအချင်းချင်းဖြစ်စေ၊ ပညာရေးကဏ္ဍ ကောလိပ်တက္ကသိုလ်တို့ နှင့်ဖြစ်စေ မျှဝေချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်ပါသည်။

အခြားအရေးကြီးသောအချက်မှာ လူ့စွမ်းအား အရင်းအမြစ်တိုးတက်မှုဖြစ်ပါသည်။ ခေတ်မီနည်းပညာအသုံးပြုနိုင်မှုသည် ယခုကဲ့သို့သော AI (Artificial Intelligence) ခေတ်အတွင်းတွင် မရှိမဖြစ် လိုအပ်လာပြီဖြစ်ပါသည်။ ခန့်မှန်းချက်များ ပိုမိုတိကျလာသည်။ ကြိုတင်ပြင်ဆင်ချိန် လုံလောက်စွာရလာကြသည်။ နည်းပညာအကူအညီဖြင့် မုန်တိုင်းအခြေအနေတည်နေရာ ရေဒါဓာတ်ပုံ စသည်တို့အား လူထုမှအလွယ်တကူကြည့်ရှုနိုင်လာသည်။

သတင်းစောင့်ကြည့်မျှဝေပေးသူများ၏ ခေတ်မီတိကျမှုသည် အရေးကြီးသကဲ့သို့ပင် သတင်း စောင့်ကြည့်လက်ခံသော ပြည်သူလူထု၏ အမြော်အမြင်ရှိမှု၊ အမှားအမှန်ပိုင်းခြားမှုတို့သည်လည်း အရေးကြီးပါသည်။ အင်တာနက်ပေါ်မှ ကောလာဟလသတင်းများ၊ ချဲ့ကားရေးသားထားသော သတင်းများအား ယုံကြည်မှုမရှိစေရန်လည်း လိုအပ်သည်ဖြစ်ရာ အသိပညာပေးမျှဝေခြင်းများ ဆောင်ရွက်ရန်လည်း လိုအပ်လှပါသည်။

အချုပ်အားဖြင့် သဘာဝဘေးကာကွယ်ရေးအတွက် မိုးလေဝသအချက်အလက်များသည် မရှိမဖြစ်သောအချက်အလက်များဖြစ်ရာ နေ့စဉ်တိုင်းတာစောင့်ကြည့်မှုသည် သာမန်ဆောင်ရွက်မှု မဟုတ်ဘဲ လက်ရှိကမ္ဘာကို ထိန်းသိမ်းကာကွယ် ခြင်းသာမက မိမိတို့ အနာဂတ်မျိုးဆက်များအတွက် စိမ်းလန်းသာယာအေးချမ်းသော ကမ္ဘာအား အမွေ ပေးရန် ဖန်တီးနေခြင်းဖြစ်ပါသည်။ ထို့ကြောင့် “သဘာဝဘေးကာကွယ်ဖို့ နေ့စဉ်တိုင်းတာ စောင့်ကြည့်စို့” ဟု ၂၀၂၆ ခုနှစ် ကမ္ဘာ့မိုးလေဝသ နေ့အား ကဗျာတစ်ပုဒ်ရေးစပ်၍ နှုတ်ဆက်ဂုဏ်ပြု အပ်ပါသည်။

“သဘာဝဘေးကာကွယ်ဖို့ နေ့စဉ်တိုင်းတာ စောင့်ကြည့်စို့”

သဘာဝဘေး၊ ငလျင်ရေးနှင့်

ရေကြီးမိုးခေါင်၊ တောမီးလောင်ပြီး

 ပူအိုက်ကျစ်ရဲ၊ မီးနီခဲသို့

ဤကမ္ဘာသည် ဖောက်လွဲဖောက်ပြန်…။

(ဒါ့ကြောင့်)

ဂြိုဟ်တုကွန်ရက်၊ လွှမ်းခြုံယှက်ပြီး

နည်းပညာမြှင့်၊ စနစ်ဖွင့်ကာ

နေ့စဉ်တိုင်းတာ၊ ခွဲစိတ်ဖြာလို့

ကြေညာဝေမျှ၊ မိုးလေဝသ သတင်း

ရာသီဥတု ကုစားခြင်းတွေ..။

(တကယ်တော့...)

မုန်တိုင်းသတင်းလေးတစ်ချက်ဟာ

အသက်များစွာအတွက် တကယ့်အရေးပေါ်…။

အပူချိန် သတိပေးစာရင်းတစ်ခုကလဲ

ကမ္ဘာမြေကို ဖေးမကယ်တင်ခြင်းပဲမို့…

သဘာဝဘေးတွေ ကာကွယ်ဖို့

နေ့စဉ်တိုင်းတာ စောင့်ကြည့်ကြပါစို့…..။