ဒုတိယစာမျက်နှာမှာ လက်ရေးလှလှရေးကြပါစို့ …..
မြင့်စိုး (နတလ)
ဒုတိယစာမျက်နှာ၏ အစ
၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၀ ရက်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားကို ထိုနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ရေခဲတောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
ထိုသို့ ဂုဏ်ပြုတွေ့ဆုံရာတွင် နိုင်ငံတော်အကြီးအကဲက တာဝန်ထမ်းဆောင်ခဲ့ကြသည့် လေးနှစ်ခွဲကာလအတွင်း နိုင်ငံတော်မှာ ဖြစ်ပေါ်လျက်ရှိသည့် အခက်အခဲအကျပ်အတည်းများအားလုံးကို မိမိတို့အစိုးရအဖွဲ့ဝင်များအနေဖြင့် အတူတကွဝိုင်းဝန်းကြိုးပမ်းကျော်ဖြတ်နိုင်ခဲ့မှုအပေါ် လုပ်ဖော်ကိုင်ဖက်များအားလုံးကို ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း ပြောကြားကာ နိုင်ငံရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာများ ရှင်းလင်းဆွေးနွေးပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး တိုက်တွန်းမှာကြားခဲ့သည်။ ထိုနေ့က မိန့်မှာချက်များထဲတွင် နိုင်ငံတော်၏ ဒုတိယစာမျက်နှာနှင့်ပတ်သက်၍ အောက်ပါအတိုင်း ထည့်သွင်းပြောကြားသွားသည်ကို မှတ်သားခဲ့ရ၏။
“ကျွန်တော်တို့ဒီကာလပေါ့။ ၄ နှစ်ခွဲကာလအတွင်းမှာ လုပ်ငန်းအရပ်ရပ်အားလုံးကို အခက်အခဲပေါင်းစုံကနေပြီးတော့ ရင်ဆိုင်ကျော်လွှားပြီး ဒီလိုလက်ရှိအခြေအနေမျိုးဖြစ်လာတဲ့အထိ ဝိုင်းဝန်းဆောင်ရွက်ပေးမှုများအတွက် တက်ရောက်လာကြတဲ့ လုပ်ဖော်ကိုင်ဖက်များအားလုံးကို ကျေးဇူးတင်ပါတယ်။ နောင်မှာလည်း ဆက်လျှောက်ရမယ့် ခရီးစဉ်တွေမှာလည်း ကျွန်တော်တို့ ဒီလိုပဲ အောင်အောင်မြင်မြင်ဖြစ်အောင် ဝိုင်းဝန်းကူညီပေးကြဖို့လည်း ကျွန်တော်တိုက်တွန်းလိုပါတယ်။ ဆက်လျှောက်လှမ်းမယ့်ခရီး၊ နိုင်ငံတော်ရဲ့ ရှေ့ခရီးကတော့ အများကြီးကျန်ပါသေးတယ်၊ ဒါတွေက ကျွန်တော်တို့က ဒုတိယစာမျက်နှာရဲ့ အစဖြစ်ပါတယ်။ ပထမစာမျက်နှာကတော့ ကျွန်တော်တို့ ကျော်ခဲ့ပြီးပြီ၊ ဒုတိယစာမျက်နှာအစကို ကျွန်တော်တို့ သွားတာပေါ့။ ဒုတိယစာမျက်နှာအစမှာ ကျွန်တော်တို့ တကယ့်ကောင်းမွန်လှတဲ့ လက်ရေးလှလှလေးနဲ့ရေးပြီးတော့မှ အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ အခက်အခဲပေါင်းစုံက ရင်ဆိုင်ပြီးတော့ လုပ်ရတဲ့လုပ်ရကျိုးကနေ ပိုပြီးလုပ်ရကျိုးနပ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အားလုံးပဲ အစစအရာရာ အောင်မြင်တိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ကျေးဇူးလည်း အများကြီးတင်ပါတယ်။”
ဤသည်တို့ကား ကျွန်တော်တို့ လျှောက်လှမ်းခဲ့သော နိုင်ငံတော်ရှေ့ခရီး၏ ပထမစာမျက်နှာအတွက် သုံးသပ်လမ်းညွှန်ချက်များနှင့် နောင်လာမည့် ဒုတိယစာမျက်နှာအစကတည်းက လက်ရေးလှလှရေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ နိုင်ငံတော်အကြီးအကဲ၏ တိုက်တွန်းမှာကြားချက် များပါပေတည်း။
မြန်မာ့မျက်နှာစာသစ်ဖိုရမ်
မြန်မာ့မျက်နှာစာသစ်ဖိုရမ် (ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု) Forum on the Dawn of A New State (Trust, Stability & Development) ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1) ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာ့မျက်နှာစာသစ်ဖိုရမ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် အမြင်ကျယ်ကျယ်နှင့်ရှုမြင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကြိုတင်သိရှိ နိုင်စေရန်၊
(ခ) နိုင်ငံတော်၏ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို့ကုန်/သွင်းကုန် ကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍများတွင် ဥပဒေများရေးဆွဲကြသည့်အခါ ချဉ်းကပ်ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ထိရောက်သော ဥပဒေများ ရေးဆွဲပြဋ္ဌာန်း နိုင်စေရန်၊
(ဂ) နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်းစားဆောင်ရွက်သင့်သည့် အချက်အလက်များနှင့် နိုင်ငံတကာမှာ ကျင့်သုံးနေသည့် အချက် အလက်များကို သိရှိနိုင်စေရန်၊
(ဃ) နိုင်ငံတော်အစိုးရသစ်အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များက ပူးပေါင်းကူညီဆောင်ရွက်နိုင်စေရန်။ ဆိုသည့် ရည်ရွယ်ချက် (၄) ရပ်နှင့်အညီ မတ်လ ၁၃၊ ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမျိုးသားရေးဝါဒ၊ အမျိုးသားနိုင်ငံရေးဆိုသည်မှာ
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မှာကြားချက်များကို အောက်ပါအတိုင်း ကောက်နုတ်မှတ်သားခဲ့ရပါသည် -
“တကယ်တော့ ဒီဖိုရမ်ကို နိုင်ငံ့မျက်နှာစာသစ်လို့ အမည်တပ်ထားပေမယ့် နိုင်ငံရဲ့ရုပ်ပိုင်းဆိုင်ရာ မျက်နှာစာသစ်တစ်ခုတည်းကို ဆိုလိုတာ မဟုတ်ဘဲ စိတ်သစ်၊ လူသစ်၊ အတွေးအမြင်သစ်၊ အခင်းအကျင်းသစ်၊ လုပ်နည်းလုပ်ဟန်သစ်၊ Vision အသစ်၊ Mission အသစ်တို့ကိုပါ ထည့်သွင်းညွှန်းဆို ရည်ရွယ်တာဖြစ်ကြောင်း။”
“အမျိုးသားရေးမူဝါဒနဲ့ အမျိုးသားနိုင်ငံရေးဆိုတာဟာ လူထုလူတန်းစားရေး၊ လူမျိုးရေး၊ ဝါဒရေးတို့ထက် အရေးကြီးတယ်ဆိုတာကို နိုင်ငံသားအားလုံးသတိပြုကြဖို့ လိုအပ်ပါတယ်။ ဘယ်နိုင်ငံရဲ့ အမျိုးသားရေးဝါဒကိုပဲ ကြည့် ကြည့် မိမိတို့ဖြတ်သန်းခဲ့ရတဲ့ သမိုင်းကြောင်းနဲ့ သီးခြားခွဲထွက်မနေဘဲ ဆက်စပ်နေတယ်ဆိုတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ အမျိုးသားရေးဝါဒ၊ အမျိုးသားနိုင်ငံရေး ဆိုတာကတော့ ကျွန်တော်တို့ အမြဲတမ်းပြောနေတဲ့ ဒို့တာဝန်အရေးသုံးပါးပဲလို့ ပြောလိုကြောင်း…။ ယခုဆွေးနွေးပွဲကြီးရဲ့ ရလဒ်တွေဟာ မြန်မာနိုင်ငံရဲ့ မျက်နှာစာအသစ်ကို လှပစွာ ပုံဖော်နိုင်ဖို့၊ ပံ့ပိုးဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မကြာခင်ကာလမှာ အစိုးရအဖွဲ့သစ်နှင့်အတူ မြန်မာနိုင်ငံရဲ့ အရုဏ်ဦး နံနက်ခင်းသစ်တစ်ခု၊ ဒါမှမဟုတ် မျက်နှာစာသစ်တစ်ခုကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အမှောင်တွေပျောက်ပြီး ရွှေရောင်လင်းလက်အလင်းဖြာစေမယ့် ရောင်နီသစ်ချိန် ရောက်ရှိတော့မှာဖြစ်ပါတယ်။ ယခုလို မင်္ဂလာရှိတဲ့ အချိန်အခါသမယမှာ မြန်မာနိုင်ငံသားအားလုံး စည်းလုံးမှု၊ ညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ကြွယ်ဝချမ်းသာမှု၊ လွတ်လပ်မှု စတဲ့ကောင်းကျိုးတရားများ ရရှိခံစားနိုင်ကြပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို အတူတကွတည်ထောင် အကောင်အထည်ဖော် ကြပါစို့”……။
ထို့နောက် ထပ်မံဖြည့်စွက်ပြောကြားရာတွင် မိမိတို့နိုင်ငံအနေဖြင့် ပြည်သူများ လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို ကျင့်သုံးရာတွင် လူပုဂ္ဂိုလ်၊ လူမျိုးစုအပေါ် အခြေခံခြင်းမဟုတ်ဘဲ နေရာဒေသကို အခြေခံ၍ ကျင့်သုံးခြင်းဖြစ်သည်ကို သတိချပ်ကြစေလိုကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံ၏ အနာဂတ်ကို ပုံဖော်ရာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းပါ အချက်အလက်များအပေါ်တွင် အခြေခံပြီး ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံ၏ ပညာရေးကဏ္ဍမြှင့်တင်ရေးအတွက် မဖြစ်မနေအလေးထားလုပ်ဆောင်ကြရန်လိုကြောင်း၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားဆောင်ရွက်လျက်ရှိပြီး ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးမွေးမြူရေး အတတ်ပညာများ လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို အဓိကထားဆောင်ရွက်နေခြင်းဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်း (Agro-base Industries) ကို မဖြစ်မနေအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်း နေထိုင်ကြသူများအားလုံးက အမှန်တကယ်အလုပ်လုပ်ကြရန်လိုကြောင်း၊ အလားတူသုံးစွဲမှုများ ဆောင်ရွက်ရာတွင် အသုံးနှင့် အဖြုန်းကို နားလည်ပြီး တစ်ဦးချင်းမှအစ ခြိုးခြံချွေတာသုံးစွဲခြင်းဖြင့် နိုင်ငံတော်၏ ငွေကြေးသုံးစွဲမှုများကို လျှော့ချနိုင်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း လမ်းညွှန်မိန့်ကြားသွားခဲ့သည်။
နိုင်ငံတကာပညာရှင်များ ပါဝင်ဆွေးနွေး
မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒေါက်တာ ဇော်ဦးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး “မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာအခွင့်အလမ်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေး ကြရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Yunnan Academy of Social Science မှ Professor Mr. Lei Zhuning က မြန်မာ-တရုတ်စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ Greater Mekong Sub-Region (GMS) မှတစ်ဆင့် စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်မှု၊ တရုတ်နိုင်ငံအနေဖြင့် အာရှဒေသတွင်းမှ စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များကို ပိုမိုတင်သွင်းခွင့်ပြုမည့်မူဝါဒ၊ မြန်မာနိုင်ငံဘက်မှ စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များ၊ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်၍ တရုတ်နိုင်ငံသို့ ပိုမိုတင်ပို့ရေးကိစ္စများအပါအဝင် ကဏ္ဍတော်တော်များများ ဖော်ပြဆွေးနွေးသွားသည်။
Mr. Lei Zhuning ၏ မိတ်ဆက်စကားတွင်လည်း “လက်ရှိအချိန်မှာ တရုတ်-မြန်မာအကြား ပူးပေါင်းဆောင်ရွက်မှုဟာ သမိုင်းဝင်စတင်မှုအသစ်တစ်ခုမှာရှိနေပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အလားအလာတွေကို အသုံးချဖို့ ယခင်ကမရခဲ့ဖူးတဲ့ အခွင့်အလမ်းသစ်တွေလည်းရှိနေကြောင်း၊ အဝေးက ဆွေမျိုးထက် အနီးကအိမ်နီးချင်းက ပိုကောင်းတယ်ဆိုတဲ့ ရှေးဟောင်းတရုတ်ဆိုရိုးစကားလိုပဲ မြန်မာနိုင်ငံနဲ့ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတွေကို ထပ်မံတိုးချဲ့ဖို့၊ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသာမက ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြွယ်ဝချမ်းသာမှုအတွက်ပါ ပံ့ပိုးကူညီသွားဖို့ မျှော်လင့်ထားကြောင်း ပြောကြားသွားသည်ကို တွေ့ရ၏။
ဒုတိယဆွေးနွေးသည့် ပညာရှင်မှာ အိန္ဒိယနိုင်ငံ Jawaharlal Nehru University မှ Senior Professor Mr. Mahendra p. Lama ဖြစ်သည်။ ၎င်းက အစားအစာများ ဘေးကင်းလုံခြုံမှု၊ အိန္ဒိယနိုင်ငံ၏ ပဲစားသုံးမှုမြင့်မားခြင်းအပေါ် မြန်မာနိုင်ငံမှ ပဲတင်ပို့နိုင်သည့် ဈေးကွက်အခြေအနေ၊ အော်ဂဲနစ်သီးနှံများ တိုးမြှင့်ထုတ်လုပ်ရေး၊ စွမ်းအင်ဆိုင်ရာမူဝါဒများ ခိုင်မာရေးတို့အပါအဝင် မြန်မာ-အိန္ဒိယဆက်နွှယ်နေသော စီးပွားရေးလုပ်ငန်းအခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားခဲ့သည်။
သူ၏ မိတ်ဆက်စကားများထဲက ကျွန်တော်သဘောကျမိသော အချက်အလက်များ ပါရှိခဲ့သည်။ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်ဆိုတာ အမြဲတမ်းရှုပ်ထွေးပြီး တဖြည်းဖြည်းနဲ့ အဆင့်ဆင့်ပြောင်းလဲတိုးတက်ရတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်ဆိုတာကို သမိုင်းတစ်လျှောက်နဲ့ ကမ္ဘာတစ်ဝန်းမှာ ကျွန်တော်တို့ တွေ့မြင်ခဲ့ရပြီးဖြစ်တယ်။ ဒီလုပ်ငန်းစဉ်ဟာ အချိန်ကာလတစ်ခု ကြာမြင့်တတ်သလို အဖြစ်အပျက်အလှည့်အပြောင်းတွေကြောင့် ကြန့်ကြာနိုင်ပြီး တစ်ခါတလေမှာ ဧဝရက်တောင်လို မြင့်မားတဲ့အနေအထားကို ရောက်ရှိနိုင်ပေမယ့် တစ်ခါတလေမှာလည်း ဆီးနှင်းတွေဖုံးနေတဲ့ ချောက်ကမ်းပါးအနက်ကြီးထဲကို ပြုတ်ကျသွားတတ်ပါတယ်။ မြန်မာနိုင်ငံဟာ ပြောင်းလဲမှုတွေကြားကနေ အစဉ်တစိုက်ရပ်တည်နိုင်မှု၊ အကြမ်းဖက်မှုတွေနဲ့ အနှောင့်အယှက်တွေကြားကနေ ငြိမ်းချမ်းရေးရယူနိုင်မှု၊ မတည်ငြိမ်မှုတွေနဲ့ အိုးအိမ်စွန့်ခွာရမှုကြားကနေ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်နိုးကြားလာနိုင်မှု စတာတွေရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးဥပမာတစ်ခုပဲ ဖြစ်ပါတယ်။
ဆက်လက်ဆွေးနွေးသော ထိုင်းနိုင်ငံ Chiang Mai University မှ Distinguished Economist and Academic Leader Dr.Nisit Panthamit က မိတ်ဆက်စကားပြောကြားရာတွင် ကျွန်တော့်အမြင်အရ မြန်မာနိုင်ငံရဲ့အကြီးဆုံး အားသာချက်တစ်ခုကတော့ ပထဝီစီးပွားရေး (Geo-economic) ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ တောင်အာရှ၊ တရုတ်နိုင်ငံနဲ့ အရှေ့တောင်အာရှတို့ကြားမှာ တည်ရှိနေပါတယ်။ ဈေးကွက်တွေကို ချိတ်ဆက်ပေးနိုင်တဲ့ မဟာဗျူဟာမြောက် တည်နေရာကို ပိုင်ဆိုင်ထားတဲ့နိုင်ငံဆိုတာ အလွန်ပဲရှားပါးပါတယ်။ ဒီလိုပထဝီအနေအထားကနေ အခွင့်အလမ်းတွေ အများကြီးထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဒေသတွင်းကုန်သွယ်မှု၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ချိတ်ဆက်ပေးတဲ့ စီးပွားရေးအရ အရေးပါတဲ့တံတားတစ်စင်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ပထဝီအနေအထားတစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။ ဒီအခွင့်အလမ်းတွေကို အပြည့်အဝအကျိုးရှိရှိ အသုံးချနိုင်ဖို့ဆိုရင်ဈေးကွက်ကို ဦးစားပေးတဲ့မူဝါဒတွေနဲ့ ရှင်းလင်းပြတ်သားတဲ့ လုပ်ထုံးလုပ်နည်းတွေကို ဖော်ဆောင်ပေးဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံ့စီးပွားရေးအတွက် MSME လုပ်ငန်းများက အထောက်အပံ့ပြုနေမှု၊ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုပြုရာတွင် အပြန်အလှန်အထောက်အကူပြုစေနိုင်သည့် ငွေကြေးစနစ်ဖော်ဆောင်ရေး၊ ငွေလဲနှုန်းတည်ငြိမ် ရေး၊ ဆိုက်ဘာလုံခြုံရေး၊ ထိုင်းနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်နေသည့် မြန်မာလုပ်သားများ၏ အခန်းကဏ္ဍတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် Representative of Dale Carnegie & Associates Mr.Luc De Waegh က ခန့်မှန်းရ လွယ်ကူပြီး ဈေးကွက်စနစ်ကို အားပေးထောက်ကူ တဲ့မူဝါဒတွေရှိလာတဲ့အခါ စီးပွားရေးအပေါ် ယုံကြည်မှုတွေလည်း အလိုအလျောက်မြင့်တက်လာမှာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေ၊ စွန့်ဦး တီထွင်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ရှင်းလင်းတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ တည်ငြိမ်တဲ့ မူဝါဒတွေနဲ့ ပွင့်လင်းတဲ့စီးပွားရေးဝန်းကျင်ကို တွေ့မြင်ရတဲ့အခါ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ပါဝင်ပံ့ပိုးပေးဖို့ အသင့်ရှိနေကြပါတယ်။ အောင်မြင်တဲ့ စီးပွားရေးအသွင်ကူးပြောင်းမှုဆိုတာ အဖွဲ့အစည်းအသီးသီးကြားက ခိုင်မာတဲ့ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာ မူတည်နေတတ်ကြောင်း မိတ်ဆက်စကားပြောကြားပြီးနောက် အိပ်မက်စိတ်ကူးရှိ သလောက် မြန်မာနိုင်ငံအနေဖြင့် တိုးချဲ့ဖော်ဆောင်နိုင်မည့် စီးပွားရေးအခွင့်အလမ်းများ၊ Multi National Company များ ဖော်ဆောင်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်မည့် အခြေအနေများအပါအဝင် စီးပွားရေးဆိုင်ရာကဏ္ဍတော်တော်များများကို ရှင်းလင်းဆွေးနွေးသွားခဲ့သည်။
မြန်မာပညာရှင်များ၏ အမြင်
အိမ်ရှင်မြန်မာနိုင်ငံဘက်မှ ဖိုရမ်တွင် သဘာပတိအဖြစ် တာဝန်ယူသည့်ပုဂ္ဂိုလ်များ၊ ပါဝင်ဆွေးနွေးသည့် ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်လေးစားခဲ့ရသည်။ ကိုယ်စီလုပ်ငန်း တာဝန်ကိစ္စများဖြင့် မအားလပ်သည့်ကြားမှ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုလျက် စိတ်ရင်းစေတနာ ထက်သန်စွာညွှန်ပြဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲပထမနေ့၏ ဒုတိယပိုင်းအစီအစဉ်အဖြစ် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ (၁) ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒေါက်တာခင်မောင်လွင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒေါက်တာဇော်ဦး၊ ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးတင်နိုင်သိန်း၊ Green Economy Green Group မှ Executive Director ဦးတင်ဝင်းအောင်တို့က ပါဝင်ဆွေးနွေးကြသည်။
စီးပွားရေးဖွံ့ဖြိုးမှုဖော်ဆောင်ရာတွင် အားလုံးပါဝင်လွှမ်းခြုံနိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရေး၊ မက်ခရိုစီးပွားရေးအခြေအနေ၊ စိန်ခေါ်မှုများပြားလာသော ကမ္ဘာ့စီးပွားရေးစနစ်၊ Nation Building နှင့် State Building ၊ ယနေ့ခေတ် နိုင်ငံတည်ဆောက်ရေး Ideology များ၊ အမျိုးသားအကျိုးစီးပွားနှင့် ပြည်သူတို့၏ လူမှုစီးပွားလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန်အတွက် အာဏာသုံးရပ် အပြန်အလှန်ထိန်းကျောင်းရေး၊ အစိမ်းရောင်စီးပွားရေးဖော်ဆောင်မှုရည်ရွယ်ချက်၊ စိုက်ပျိုးရေးကဏ္ဍကို Innovative Idea များဖြင့် ပြောင်းလဲဖော်ဆောင်ရေး စသည်တို့အပါအဝင် သိမှတ်ဖွယ်ရာများကို ဆွေးနွေးသွားကြသည်။
ဒုတိယနေ့ဖြစ်သော မတ်လ ၁၄ ရက်နေ့တွင်လည်း ဆွေးနွေးပွဲပထမပိုင်းအဖြစ် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ (၂) ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ သဘာပတိအဖြစ် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒေါက်တာနိုင်ဆွေဦးက ဆောင်ရွက်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ Smart Group of Companies ဥက္ကဋ္ဌ ဦးကျော်ကျော် လှိုင်တို့က လယ်ယာသားငါး၊ ရေနံထုတ်လုပ်မှုနှင့် ပို့ကုန်မြှင့်တင်ရေးဆိုင်ရာများ၊ စွမ်းအင်နှင့် Public Private Partnership (PPP) ကဏ္ဍ၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ရေလုပ်ငန်းဆက်စပ်တည်ရှိနေမှု၊ မျိုးမြေရေနည်းကွင်းဆက်တစ်ခုလုံး ဖွံ့ဖြိုးရေး၊ စက်မှုလယ်ယာစနစ်ကူးပြောင်းမှု လွယ်ကူလျင်မြန် ရေး၊ စားသုံးဆီပိုမိုထုတ်လုပ်နိုင်ရေး၊ အခွန်မူဝါဒနှင့် ပံ့ပိုးမှုမက်လုံးများ၊ Independent Body for MSME အဖွဲ့ ဖွဲ့စည်း၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအနာဂတ်လမ်းပြမြေပုံ၊ မြန်မာနိုင်ငံ အခြေခံအဆောက်အအုံလိုအပ်ချက်များ၊ နိုင်ငံလုံခြုံရေးနှင့် စွမ်းအင်ဆက်စပ်မှု စသည်တို့အပါအဝင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားကြသည်။
ဆွေးနွေးပွဲ ဒုတိယပိုင်းအဖြစ် အထက်ပါ ခေါင်းစဉ်အပိုင်း (၃) ကို သဘာပတိအဖြစ် ဦးညိုအုန်းမြင့်က ဆောင်ရွက်ပြီး မြန်မာနိုင်ငံ ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်ဇေယျာလွင်၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ဇော်၊ ဇနကပညာရေးဖောင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဇော်နိုင်တို့က ပါဝင်ဆွေးနွေးကြသည်။ ဆွေးနွေးသည့် အကြောင်းအရာများစွာထဲတွင် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာမူဝါဒ၊ ပထဝီစီးပွားရေးနှင့် ဒေသတွင်းပေါင်းစည်းရေး၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု ရည်မှန်းချက်၊ AI နည်းပညာဖွံ့ဖြိုးလာမှု၊ AI တိုးတက်မှုအရှိန်အဟုန်ကြောင့် ပျောက်ကွယ်သွားနိုင်သည့် လုပ်ငန်းများနှင့် ပို၍တိုးတက်လာနိုင်သည့် လုပ်ငန်းများ၊ ပထဝီစီးပွားရေးအရ ပြောင်းလဲလာသည့် ကမ္ဘာ့နိုင်ငံရေးအခြေအနေ၊ အာဆီယံဒေသတွင်း ဖြစ်ပေါ်လာသည့် ဖွံ့ဖြိုးမှုကွာဟချက်၊ မြန်မာနိုင်ငံ၏ လူဦးရေပိရမစ်နှင့် လူဦးရေဆုလာဘ်၊ ရွှေ့ပြောင်းနေထိုင်သူများ၏ ပညာရေး၊ ပညာသင်ယူခွင့်အခွင့်အလမ်းများကို နည်းလမ်းမျိုးစုံဖြင့် ဖန်တီးပေးခြင်း စသည်တို့လည်း အပါအဝင်ဖြစ်သည်။
အထက်ပါဆွေးနွေးမှုများအပေါ် နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအရေး စိတ်ပါဝင်စားကြသူများနှင့် တက်ရောက်လာသူများက ခေါင်းစဉ်အလိုက် သိရှိလိုသည်များ မေးမြန်းဆွေးနွေးမှုအပေါ် သက်ဆိုင်ရာပညာရှင်များက ပြန်လည်ဖြေကြားကြသည်။ ထို့နောက် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုက အနှစ်ချုပ်သုံးသပ်ဆွေးနွေးပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ယခုပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ) ဦးမောင်မောင်အုန်းက နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားပြီး နိုင်ငံတော်က ပြည်သူများအတွက် ဆောင်ရွက်ပေးမှုများနှင့် ပြည်သူများ၏ လိုလားချက်များကို ယနေ့ တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များက ပေါင်းကူးဆက်သွယ်ပေးပြီး ပိုမိုကောင်းမွန်အောင် ဖန်တီးပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များ၊ ပညာရှင်များ၏ ဆွေးနွေးဟောပြောမှုများသည် မိမိတို့ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီး၊ မျက်နှာစာအသီးသီးတို့၌ စိတ်သစ်လူသစ်အတွေးအခေါ်သစ်များဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်သုံးသပ်နိုင်ရေးအတွက် များစွာအထောက်အကူပြု အကျိုးဖြစ်ထွန်းစေခဲ့ပါသည်။ နိုင်ငံတော်အစိုးရ၊ လွှတ်တော်နှင့် ပြည်သူတို့အကြား ပေါင်းကူးထိန်းညှိပေးရမည့် လုပ်ငန်းတာဝန်များကိုလည်း သိမြင်ခဲ့ရသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်အလုပ်လုပ်သူများဖြစ်ရန် လိုပါသည်။
ယနေ့ ကျင်းပပြုလုပ်နေပြီဖြစ်သော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စု လွှတ်တော်များမှတစ်ဆင့် မကြာမီပေါ်ပေါက်လာမည့် အစိုးရအဖွဲ့သစ်နှင့်အတူ လင်းလက်တောက်ပသော မျက်နှာစာသစ်တစ်ခုကို တိုင်းရင်းသားပြည်သူများအားလုံးအတွက် ဖော်ဆောင်ပေးရတော့မည် ဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံတော်ရှေ့ဆက် လျှောက်လှမ်းရမည့် ဒုတိယစာမျက်နှာကို ဖွင့်လှစ်တော့မည်ဖြစ်သည်။ ဤစာမျက်နှာမှာလက်ရေး လှလှရေးနိုင်ဖို့အတွက် ကျွန်တော်တို့အားလုံး တက်ညီလက်ညီကြိုးပမ်းကြပါစို့။ ။
