Skip to main content

ဆန်းသစ်တီထွင်မှုဖြင့် လှပသောအနာဂတ်ကို ဖန်တီးသူများနှင့် အထောက်အကူပြုသူများ

ကျော်ကျော်(တရားရေး)

ငွေနှင်းမှုန် ပဝါပါးလွှမ်းခြုံထားသော ရန်ကုန်မြို့ကြီးသည် တက်သစ်စနေခြည်နုကို‌ မျှော်လင့်ရင်း မြို့သူမြို့သားများ၏ နှလုံးသားထဲ၌ တောက်ပသော အနာဂတ်အတွက် အားမာန်သစ်များကို ဖန်တီးပေးလျက်ရှိပါသည်။

Pleasure အမှတ်တံဆိပ် ဖိနပ်ထုတ်လုပ်ရောင်းချသူ ဦးဘုန်းမြတ်သူတစ်ယောက် Terminal Shop- ping Mall ရှိ ပန်းပျိုးလက်ဖိနပ်ဆိုင်အတွင်း Pleasure တံဆိပ်ဖိနပ်လေးများကိုကြည့်လိုက်၊ Laptop အတွင်းမှ ၎င်းကိုယ်တိုင် ကိုယ်ပိုင်စိတ်ကူး စိတ်သန်းဖြင့်ရေးဆွဲထားသော “Pleasure” တံဆိပ်လေးကို ကြည့်လိုက်ဖြင့် စီးကရက်ကို ရှိုက်ဖွာရင်း မွန်းကျပ်ခြင်းများကို ဖြေလျော့နေမိပါသည်။ ဇနီးသည် ဒေါ်သီရိဝေ ပြင်ဆင်ပေးသော နံနက်စာကို မထိမတို့အားသေး။ ဇနီးဖြစ်သူက “ရှင် စားစရာ ရှိတာစားပါ။ ဒီလောက်လည်း စိတ်အပင်ပန်းမခံပါနဲ့။ တရားကိုနတ်စောင့်ပါတယ်။ ရှင်ကိုယ်တိုင် စဉ်းစားတီထွင်ရေးဆွဲထားတဲ့ Pleasure တံဆိပ်လေးကို ကျွန်မတို့ပဲ ပိုင်ဆိုင်ရမှာပါ”ဟု ပြောလာမှသာ သတိဝင်လာပါတော့သည်။

ဦးဘုန်းမြတ်သူဆိုသည်ကလည်း ရန်ကုန်အင်ဂျင်နီယာတက္ကသိုလ်မှ ဒီဇိုင်းရေးဆွဲခြင်း အတတ်ပညာဖြင့် ဘွဲ့ရပြီးနောက် မိဘလက်ငုတ် ဖြစ်သည့် ဖိနပ်လုပ်ငန်းကို ကိုယ်တိုင်ဒီဇိုင်းရေးဆွဲ ထုတ်လုပ်၍ ရောင်းချနေသည်မှာ နိုင်ငံအတွင်းရှိ ဆိုင်ပေါင်းများစွာတွင် ဖြန့်ဖြူးရောင်းချသည်အထိ လုပ်ငန်းအောင်မြင်နေသူ တစ်ဦးဖြစ်သည်။

ဆန်းသစ်တီထွင်ခြင်း

ဆိုင်အတွင်းခင်းကျင်းထားသည့် မိန်းမစီး၊ ယောက်ျားစီး ဖိနပ်လေးများပေါ်မှ Pleasure အမှတ် တံဆိပ်နှင့်တစ်ဖက်မှ တရားစွဲဆိုလာသည့် Treasure တံဆိပ်တို့၏ တူညီမှု၊ ခြားနားမှုတို့ကို ဥပဒေနှင့်အညီ ပြည့်စုံစွာချေပရန် ရှေ့နေကြီးဦးစည်သူဇော် ရောက်လာမည်ကိုစောင့်ရင်း အတွေးနယ်ချဲ့နေမိပါသည်။ ယခုအငြင်းပွားသော Pleasure တံဆိပ်ကို လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် စတင်အသုံးပြုခဲ့ ရာ ဈေးကွက်အတွင်း သုံးစွဲသူများ အသိအမှတ်ပြု မှုခံရသည့် ကျော်ကြားသော အမှတ်တံဆိပ် ဖြစ်လာ ပါသည်။ မိဘများသုံးစွဲခဲ့သည့် Pleasure အမှတ် တံဆိပ်မှာ ယခင်ကရိုးရှင်းစွာ Pleasure စာသား အစိမ်းရောင်အောက်ခံတွင် ရွှေရောင်ရှူးဖိနပ်နှစ်ရန် ရှေ့နောက်ခြယ်သထားသည့် အမှတ်တံဆိပ်ဖြစ်သည်။ ဤ Pleasure အမှတ်တံဆိပ်‌အား ရောင်းအား မြှင့်တင်ရန်အတွက် တီဗွီတွင်လည်းကောင်း၊ Social media တွင်လည်းကောင်း၊ လက်ကမ်းစာစောင် များဖြင့်လည်းကောင်း အကြိမ်ကြိမ် ကြော်ငြာခဲ့သည့်အပြင် နိုင်ငံတော်သို့ အခွန်ငွေများလည်း နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။

ဖခင်ကြီးကိုယ်တိုင် ရေးဆွဲထား၍ သားဖြစ်သူကိုဘုန်းမြတ်သူ ဆက်လက်ဖြည့်စွက်ရေးဆွဲထားသည့် Pleasure အမှတ်တံဆိပ်၏ရှေ့တွင် အမျိုးသမီးစီး ဒေါက်ဖိနပ်လေးပေါ်တွင် အင်္ဂလိပ်အက္ခရာ P စာလုံးလေးအား တင်ထားသော အမှတ်တံဆိပ်ကို အောက်ခံရောင်ပြေးလေးပေါ်တွင် အသုံးပြုသူတို့ အကြိုက် ဖိနပ်ခုံအနိမ့်အမြင့်၊ သားရေသုံးစွဲမှု၊ သဲကြိုးအရောင်လေးများကို ဆန်းသစ်အောင် ကိုယ်ပိုင်စိတ်ကူးလေးများဖြင့် ချုပ်လုပ်ရောင်းချ၍ သုံးစွဲသူများ အသိအမှတ်ပြုခံထားရခြင်းကို အခြားသူတစ်ဦးက လွယ်လင့်တကူ ယူငင်သုံးစွဲခြင်း၊ ဆင်တူယိုးမှား ပြုလုပ်ဖန်တီး ရောင်းချခြင်း ဖြစ်သည်။

ဖခင်၏ စိတ်ကူးစိတ်သန်းကို ပုံဖော်ရေးဆွဲထားပြီး ခေတ်ကာလနှင့်အညီ ကိုဘုန်းမြတ်သူက ရေးဆွဲထုတ်လုပ်ရောင်းချလျက်ရှိသော Pleasure အမှတ်တံဆိပ်ကို ဈေးကွက်အတွင်းမှ ဖယ်ရှားပေးရန် တရားစွဲဆိုလာခြင်းအတွက် အလွန်တရာထိခိုက် ခံစားရပါသည်။ ယခုလိုတရားစွဲဆိုလာသူမှာလည်း ယခင်ကမိမိတို့ဆိုင်မှ Pleasure အမှတ်တံဆိပ်ပါ ဖိနပ်များကို ဝယ်ယူဖြန့်ဖြူး ရောင်းချခဲ့ဖူးသူ ဒေါ်ရတနာခိုင်က စွဲဆိုလာခြင်းဖြစ်၍လည်း ပိုမိုထိခိုက်ခံစားရပါသည်။ မိမိ၏ Pleasure တံဆိပ်ကို Treasure ဟူ၍ ဆင်တူယိုးမှားပြုလုပ်ကာ ဈေးကွက်ကို ခွဲဝေယူရန် စနစ်တကျကြိုတင်ပြင်ဆင်တရားစွဲ ဆိုလာခြင်းအတွက် မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်းရမည်ကို အမျိုးမျိုး တွေးတောပူပန်နေရ၍လည်း တရားရုံးမှ အကြောင်းကြားစာကို ရရှိသည်မှစ၍ ဤ အကြောင်းအရာများကိုသာ အပြန်ပြန်အလှန်လှန် တွေးတောပူပန်နေမိပါသည်။

ဤ Pleasure တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချ၍ ရသောငွေဖြင့်မိမိတို့ မိသားစုစားဝတ်နေရေး အထောက်အကူပြုရုံတင်မက မိမိဆိုင်ရှိ အလုပ်သမားလေးများ၏ စားဝတ်နေရေး အဆင်ပြေမှုကောင်းစွာ အထောက်အကူပြုနိုင်ပါသည်။ မိမိလူမျိုး၊ မိမိနိုင်ငံကို ချစ်မြတ်နိုးသည့် စိတ်ကြောင့်လည်း အလုပ်သမားလူငယ်လေးများ၏ ဘဝကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် တတ်စွမ်းသမျှ အထောက်အကူပြုနိုင်ရန် Pleasure တံဆိပ်ဖိနပ်လေးများကို ဒီဇိုင်းအသစ်အဆန်းလေးများ တီထွင်ရေးဆွဲ ရောင်းချခြင်းဖြင့် မိမိနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများကို ဆန်းသစ်တီထွင်ဆောင်ရွက်ရန် နည်းပေးလမ်းပြ ပြုစုပျိုးထောင်သဖြင့် တိုးတက်အောင်မြင်လာသော လူငယ်လေးများက လေးစားသဖြင့် ပန်းပျိုးသော လက်ပိုင်ရှင်ဟုပင် ခင်မင်လေးစားသဖြင့် ခေါ်ဝေါ်ခံရသူဖြစ်သည်။

ကွန်ပျူတာမျက်နှာပြင်ပေါ်ရှိ အစိမ်းရောင်ပေါ်တွင် ရွှေရောင် Pleasure တံဆိပ်နှင့် ငွေရောင် Treasure တံဆိပ်များကို စူးစိုက်ကြည့်ရှုရင်း ငေးမောနေသူကို ဘုန်းမြတ်သူတစ်ယောက် “မင်္ဂလာပါ”ဟု နှုတ်ဆက်သူရှေ့နေကြီး ဦးစည်သူ ဇော်ရောက်ရှိလာမှ အတွေးနယ်က လန့်နိုးလာပါသည်။

ကျော်ကြားသောအမှတ်တံဆိပ်

ရှေ့နေဦးစည်သူဇော်က “ကျွန်တော်ဖိနပ်ဒီဇိုင်းလေးတွေကို သေသေချာချာ ကြည့်ပါမယ်။ ကျွန်တော့်ကို ဖိနပ်လေးတွေ ပြပေးပါ။ ဖိနပ်နဲ့ပတ်သက်ပြီး ဘယ်နှခုနှစ်ကတည်းက စတင်သုံး စွဲခဲ့တယ်ဆိုတာ အထောက်အထားတွေရှိရင်ပေးပါ။ သိပ်လည်း စိတ်မပူပါနဲ့။ ဒီလိုမူပိုင်ခွင့် မှုခင်းတွေကို မှန်ကန်စွာ အဆုံးအဖြတ်ပေးနိုင်ဖို့ မူပိုင်ခွင့်တရားရုံးကို ထူထောင်ပြီး ကျွမ်းကျင်တဲ့မူပိုင်ခွင့် တရားသူကြီးတွေ ခန့်အပ်ထားတာ ရှိပါတယ်။ ဓမ္မောဟဝေ ရက္ခတုဓမ္မစာရီ တရားကို နတ်စောင့်ပါတယ် ” ဟု ယုံကြည်ချက်အပြည့်ဖြင့် အားပေးပြောကြားမှ ကိုဘုန်းမြတ်သူတို့ လင်မယား လည်း စိတ်အားတက်ကြွလန်းဆန်းလာပါသည်။

“ Pleasure တံဆိပ်နဲ့ ကြော်ငြာထားတာတွေရှိသလို နှစ်စဉ်အခွန်ဆောင်ထားတာ တွေလည်း ရှိတယ်။ ဒါ့အပြင် Pleasure တံဆိပ်နဲ့ ရောင်းချထားတဲ့ ဘောက်ချာစာအုပ်တွေ အများကြီးရှိပါတယ်” ဟု ပြောလေသည်။

ထို့နောက် ရှေ့နေကြီး ဦးစည်သူဇော်လည်း ကိုဘုန်းမြတ်သူတို့ ထုတ်ပြသည့် Pleasure တံဆိပ် ပါ ကြော်ငြာများ၊ အခွန်ဆောင်ထားသည့် စာရွက်များ၊ ရောင်းချထားသည့် ပြေစာများကိုကြည့်ကာ “ကျွန်တော်တို့ အောင်မြင်နိုင်ပါတယ်” ဟု ယုံကြည်ချက်အပြည့်ဖြင့် အားပေးလာမှ ပြုံးနိုင်ရယ်နိုင်ကြတော့သည်။

 “ရောင်းချထားတဲ့ ပြေစာတွေထဲမှာ အခုတရားစွဲဆိုတဲ့ ဒေါ်ရတနာခိုင်ကို ရောင်းချခဲ့တဲ့ ပြေစာလေး တွေရှိနိုင်တယ်”ဟု ပြော၍ ဝန်ထမ်းများကို ရှာခိုင်းထားပါသည်။

မူလမိဘလက်ငုတ်လက်ရင်း Pleasure ဆိုသော ရွှေရောင်စာလုံးလေးများကို မိမိနှစ်သက်သည့် အစိမ်းရောင်အောက်ခံတွင် အနုပညာဆန်စွာ ရေးသားဖော်ပြခြင်းဖြင့် သုံးစွဲသူများအား ပျော်ရွှင်ခြင်း၊ အောင်မြင်ခြင်း၊ ကျန်းမာခြင်း၊ လာဘ်လာဘ ပေါများစေခြင်းတို့ကို ဖော်ပြခြင်းဖြင့် အနက်အဓိပ္ပာယ်ဖော်ဆောင်သည့် အဝါရောင်၊ အဖြူရောင်၊ အပြာရောင်၊ အနီရောင် ဟူသည့် အရောင်ပြေးလေးများကို လှပစွာရောစပ်ခြယ်သ၍ အရည်အသွေးကောင်းမွန်သည့် ဖိနပ်ဒီဇိုင်းလေးများရေးဆွဲ၍ ပြည်တွင်းတွင် ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်သည်။

၎င်း၏ Pleasure ဖိနပ်ကလေးများမှာ ဒီဇိုင်းသစ်ဆန်းလှပသည့်အပြင် ကြံ့ခိုင်မှုရှိခြင်း၊ အရောင်အသွေးလှပခြင်း စသည့် ပုံသေအရည်အသွေး၊ စံနှုန်းအတိုင်း ပြည့်စုံနေအောင်သုံးစွဲသူများ လက်ခံလာအောင် ဖော်ပြထားပါသည်။

သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်က ပုံမှန်အရည်အသွေး၊ စံနှုန်းကို ထိန်းသိမ်းထားသော ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများကို ထုတ်လုပ်ဆောင်ရွက်ပေးနေခြင်းဖြင့် ဝယ်ယူသုံးစွဲသူတို့က ယုံကြည်စိတ်ချစွာ သုံးစွဲမှုရှိနိုင်မည် ဖြစ်ပါသည်။

ဝယ်ယူသုံးစွဲသူက ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများတွင် အသုံးပြုထားသော ကုန်အမှတ်တံဆိပ်ကို ခွဲခြားကြည့်ရှုကာ မိမိလိုအပ်သော ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို ရယူကြသည် ဖြစ်ခြင်းကြောင့် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို ရောင်းချသူအနေဖြင့် မိမိ၏ ကုန်ပစ္စည်းဝန်ဆောင်မှုများကို အခြားသူ၏ ကုန်ပစ္စည်းများနှင့် ကွဲကွဲပြားပြားဖြစ်စေရန် လုပ်ဆောင်ပေးသော အရေးပါလှသည့် စွမ်းရည်ပင် ဖြစ်သည်။

ကျော်ကြားသော အမှတ်တံဆိပ်ပိုင်ရှင်အဖြစ် တရားစွဲဆိုလာသူ

တစ်ဖက်တွင် လှည်းတန်းရှိ ကုန်တိုက် ဒုတိယထပ်တွင် ဖွင့်လှစ်ထားသည့် Treasure Fashion Shop တွင်လည်း ဒေါ်ရတနာခိုင်နှင့် သူ၏တရား လွှတ်တော်ရှေ့နေကြီး ဒေါ်ဝင့်ရွှေစင်တို့သည် ဒေါ်ရတနာခိုင်၏ ဖိနပ်အရောင်းပြခန်းရှိ ရုံးခန်းတွင် အမှုကိစ္စအောင်နိုင်ရေးအတွက် တိုင်ပင်လျက် ရှိကြပါသည်။ ရှေ့နေကြီး ဒေါ်ဝင့်ရွှေစင်က“ကျွန်မတို့ တရားစွဲတာကို မူပိုင်ခွင့်တရားရုံးဖြစ်တဲ့ ကျောက်တံ တားခရိုင်တရားရုံးက အဆိုလွှာကို လက်ခံထားပြီးပြီ။ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ထားတာကို မစောင့်နိုင်လို့ တရားမမှုစွဲပေမယ့် အချက်အလက်တွေကို စုစည်းပြီး ကျွန်မတို့က ကျော်ကြားသော အမှတ်တံဆိပ်ပိုင်ရှင်ဖြစ်ကြောင်း တရားစွဲဆိုရန် အကြောင်းပေါ်ပေါက်အောင် ဖော်ပြ ထားပါတယ်။ တစ်ဖက်က သုံးစွဲတဲ့ Pleasure အမှတ်တံဆိပ်နဲ့ ကျွန်မတို့သုံးစွဲတဲ့ Treasure အမှတ်တံဆိပ်က အဓိပ္ပာယ်ကွဲလွဲပေမယ့် စာလုံးရဲ့ ရှေ့မှာ ဖော်ပြထားတဲ့ အမျိုးသမီးစီးဒေါက်ဖိ နပ်လေးထားပုံကလည်းတူတယ်၊ ပန်းစာလုံးလည်း တူတယ်၊ အောက်ခံအရောင်ပြေးလေးတွေလည်း တူတယ်၊ အသံထွက်လည်း ခပ်ဆင်ဆင်တူတယ် ဆိုတော့ သုံးစွဲသူတွေကို ထင်ယောင်ထင်မှားဖြစ် စေတယ်ဆိုပြီး အမှုကို အောင်မြင်အောင် စွဲဆိုပေးထားတာ” ဟု ဂုဏ်ယူဝင့်ကြွားစွာ ရှင်းပြနေပါသည်။

ကျွန်မတို့ ကြော်ငြာထားတာတွေ လွန်ခဲ့တဲ့နှစ်နှစ်လောက်အတွင်း ရောင်းချထားတဲ့ ပြေစာတွေလည်း စုထားတယ်။ ဆိုရှယ်မီဒီယာမှာ ကြော်ငြာတာတွေလည်း စုထားတယ်။ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ရုံးမှာ လျှောက်ထားတဲ့ လျှောက်လွှာ လည်းပါတယ်။ ဒေါ်ရ တနာခိုင် မှတ်ပုံတင်မရသေးခင် စွဲချင်တယ်ဆိုလို့ စွဲလို့ရအောင် ကျော်ကြားတဲ့ အမှတ်တံဆိပ် အထောက်အထားတွေလည်း ပြင်ဆင်ပြီး လက်ဦးမှုယူပြီးစွဲတာ”ဟု အားပေးပြော ကြားနေပါသည်။

မူပိုင်ခွင့်တရားရုံးသို့ သွားရောက်ခြင်း

ရုံးချိန်းနေ့တွင် ကိုဘုန်းမြတ်သူတစ်ယောက် ရှေ့နေဦးစည်သူဇော်နှင့်အတူ မူပိုင်ခွင့်တရားရုံး ဖြစ်သော ကျောက်တံတားခရိုင်တရားရုံး၊ တရားခွင်အတွင်းသို့ နံနက် ၉ နာရီကပင် ရောက်ရှိနေပါသည်။ တစ်ဖက်မှတရားစွဲဆိုသူ ဒေါ်ရတနာခိုင်နှင့် သူ၏ရှေ့နေ ဒေါ်ဝင့်ရွှေစင်တို့ကလည်း မရှေးမနှောင်းပင် ကျောက်တံတားခရိုင် တရားရုံးသို့ ရောက်ရှိလာပါသည်။ ကျောက်တံတားခရိုင် တရားရုံး ဆိုသည် ကလည်း ရန်ကုန်မြို့၏အထင်ကရ ခရေပင် လမ်းမပေါ်တွင် တည်ရှိကာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံး ခေတ်မီကွန်ဒို အဆောက်အအုံ များအလယ်တွင် နိုင်ငံတကာအဆင့်မီ ဆက်သွယ်ရေးစနစ်များ၊ အသံစနစ်များ၊ ကွန်ပျူတာများဖြင့် ခေတ်မီသည့် နိုင်ငံတကာအဆင့်မီ တည်ဆောက်ထားသည့် တရားရုံးဖြစ်ပါသည်။

တရားရုံး ပတ်ဝန်းကျင်နှင့် အတွေ့အကြုံမရှိသူ ကိုဘုန်းမြတ်သူတစ်ယောက် တရားခွင်တက်လာ သောဝတ်ရုံဖြင့် တရားသူကြီးအမျိုးသမီးကို တွေ့မြင်ရသည့်အခါ မြန်မာနိုင်ငံ တရားရုံးများတွင် တရားသူကြီးများ၏ ဝတ်စားဆင်ယင်မှု၊ ခန့်ညား ထည်ဝါမှုကို အံ့ဩမှင်သက်နေမိပါသည်။ တရားခွင် စာရေးဖြစ်သူမှတရားလို ဒေါ်ရတနာခိုင်နှင့် တရားပြိုင် ကိုဘုန်းမြတ်သူဟု ခေါ်သောအခါမှ တရားလွှတ်တော် ရှေ့နေများနှင့်အတူ တရားခွင် ရှေ့သို့ရောက်ရှိရာ အမှုစစ်တရားသူကြီးက “ယခုကဲ့သို့ မူပိုင်ခွင့်ချိုးဖောက်မှုအတွက် စွဲဆိုမှုများကို စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်လိုက ဆောင်ရွက်နိုင်ရန် စေ့စပ်ဖြေရှင်းရေးဌာနသို့ ပေးပို့မည်” ဖြစ်ကြောင်းပြောပါသည်။ လာမည့်ရုံးချိန်းတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ဝင်းအတွင်းရှိ စေ့စပ်ဖြေရှင်းရေးဌာနသို့ သွားရောက်ရန် ပြောပါသည်။

ပြီးပြည့်စုံသော တရားမျှတခြင်းတွေ ဆောင်ကြဉ်းပေးနိုင်ပါစေ

တရားရုံးမှအပြန်တွင် ရှေ့နေကြီးအား “စေ့စပ်ဖြေရှင်းရေးဌာနဆိုတာအမှုမှာ ဘယ်လိုဆောင်ရွက် ပေးတာလဲ” ဟုမေးရာ ရှေ့နေကလည်း “နှစ်ဖက် အငြင်းပွားမှုကို စေ့စပ်ဖြေရှင်းရေး အရာရှိက နှစ်ဖက်သဘောထားရယူပြီး ဖြေရှင်းပေးတာပါ။ အသေးစိတ်သိချင်ရင်တော့ Yangon High Court Website မှာ ဝင်ကြည့်လို့ရတယ်။ MRTV တွေ့ဆုံ မေးမြန်းအသိပေးတာတွေရှိတယ်။ ရုပ်သံဇာတ်လမ်း တွေရှိတယ်။ ကျွန်တော်မှတ်မိသလောက် “ပြီးပြည့်စုံသော တရားမျှတမှုကို ဆောင်ကြဉ်းပေးခြင်း”ဆိုတဲ့ခေါင်းစဉ်နဲ့ MRTV က ရိုက်ကူးပြီး အကြိမ် ကြိမ် ထုတ်လွှင့်နေတဲ့ Video ဖိုင်လေးကို ကြည့်ပြီး လေ့လာလို့ရပါတယ်။ Yangon High Court Website ထဲ ဝင်ကြည့်လိုက်ပါ” ဟု ပြောပါသည်။

စေ့စပ်ဖြေရှင်းရေးဌာနသို့ သွားရောက်ရမည်ဟု သိရပြီးနောက် ဦးဘုန်းမြတ်သူသည် စေ့စပ်ဖြေရှင်းရေးလုပ်ငန်းစဉ်၏ သဘောသဘာဝကို သိရှိနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က Website တွင် တင်ထားသော စေ့စပ်ဖြေရှင်းရေးအကြောင်း သိမှတ်စရာများ Youtube Video Files များကို အပြန်ပြန်အလှန်လှန် ကြည့်နေမိပါသည်။ စေ့စပ်ဖြေရှင်းရေး အောင်မြင်သွားသည့် ပြီးပြည့်စုံသော တရားမျှတမှုကို‌ ဆောင်ကြဉ်းပေးခြင်း Video File လေးကို အပြန်ပြန်အလှန်လှန် ကြည့်မိရင်း “တရားရုံးက ဦးဆောင်သည့် စေ့စပ် ဖြေရှင်းရေးဆောင်ရွက်ခြင်းက ကျွန်မတို့ မိသားစု အတွက် ပြီးပြည့်စုံသော တရားမျှတခြင်းတွေကို ဆောင်ကျဉ်းပေးခဲ့ပါပြီ”ဟု ရွတ်ဆိုသော သမီးငယ်လေး၏ အသံကနားထဲတွင် ပဲ့တင်ထပ်နေပါသည်။ ငါတို့မိသားစုအတွက်လည်း ပြီးပြည့်စုံသော တရားမျှတခြင်းတွေ ဆောင်ကြဉ်းပေးနိုင်ပါစေဟုသာ အခါခါ ဆုတောင်းနေမိပါသည်။

စေ့စပ်ဖြေရှင်းရေးဌာန

ဦးဘုန်းမြတ်သူ၊ ဇနီးဖြစ်သူ ဒေါ်သီရိဝေ၊ တရားလွှတ်တော်ရှေ့နေကြီး ဦးစည်သူဇော်တို့နှင့်အတူ စေ့စပ်ဖြေရှင်းရေးဌာနသို့ သွားရောက်ရာ မဟာဗန္ဓုလပန်းခြံဂိတ်ပေါက်မှ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ဝင်းအတွင်း နာရီစင်အောက်မှဖြတ်၍ စေ့စပ်ဖြေရှင်းရေးဌာနသို့ လမ်းညွှန်ဆိုင်းဘုတ်များအတိုင်း သွားရောက်ရပါသည်။

စေ့စပ်ဖြေရှင်းရေးဌာန၏ ရုံးခန်းအပြင်အဆင်မှာ ကျောက်တံတားခရိုင်တရားရုံး၏ တရားခွင်ကဲ့သို့ ခံ့ညားထည်ဝါမှု မရှိလှသော်လည်း သန့်ရှင်းသပ်ရပ်သော ရုံးခန်းအတွင်း ရင်းနှီးနွေးထွေးစွာ စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်ရမည်ဖြစ်၍ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိစွာ ဆွေးနွေးနိုင်မည်ဟု ယုံကြည်မျှော်လင့်နေမိပါသည်။

စေ့စပ်ဖြေရှင်းရေးဆောင်ရွက်ခြင်း

တာဝန်ရှိဝန်ထမ်းမှ စေ့စပ်ဖြေရှင်းရေးရုံးခန်းအတွင်း ကြွရောက်ရန်ခေါ်သဖြင့် တစ်ဖက်မှ ဒေါ်ရတနာခိုင်နှင့် သူ၏ရှေ့နေ၊ ဦးဘုန်းမြတ်သူနှင့် သူ၏ ရှေ့နေတို့က မျက်နှာချင်းဆိုင်နေရာယူပြီး နောက် စေ့စပ်ဖြေရှင်းရေးအရာရှိက “တစ်ဖက်နှင့် တစ်ဖက် အရင်ကတည်းက ခင်မင်မှုရှိပါသလား” ဟုမေးရာ “ရှိပါတယ်” ဟု အတူတူ ဖြေကြပါသည်။ ကိုဘုန်းမြတ်သူ၏ ရှေ့နေဦးစည်သူဇော်က “အရင်တုန်းက တစ်ဖက်က ဒေါ်ရတနာခိုင်တို့က ဦးဘုန်း မြတ်သူတို့ရဲ့ Pleasure တံဆိပ်ဖိနပ်တွေကို ဖောက်သည်ယူပြီး ရောင်းဖူးပါတယ်”ဟုပြောရာ ဒေါ်ရတနာခိုင်တို့က ငြင်းဆိုခြင်းမပြုခဲ့ပါ။

“အခုရော ဘယ်လောက်တောင် တူနေကြလဲ” ဟုမေးရာ ဒေါ်ရတနာခိုင်က “အကုန်လုံးတော့ မတူပါဘူး။ ကျွန်မက Treasure နာမည်နဲ့ မှတ်ပုံတင်ဖို့ လျှောက်ထားနေပါတယ်၊ ဈေးကွက်ထဲမှာ ကျော်ကြားမှုလည်းရှိနေပါတယ်” ဟု ပြောလေသည်။

ဦးဘုန်းမြတ်သူကလည်း “ကျွန်တော်က Pleasure တံဆိပ်နဲ့ ရောင်းလာတာ မိဘများ လက်ထက်ကတည်းကပါ။ အများသိအောင် ကြော်ငြာပြီး ရောင်းတာပါ။ နိုင်ငံတော်ကိုလည်း ပုံမှန်အခွန်ထမ်းဆောင်ထားတဲ့ အထောက်အထားတွေလည်း ရှိပါတယ်၊ ကျွန်တော့်ကိုတောင်မှ လုပ်ငန်းတူမိတ်ဆွေတွေက ဖိနပ်ဒီဇိုင်း၊ အမည်တွေ ကိုယ်တိုင်ရေးဆွဲတာကြောင့် ပန်းပျိုးသော လက်လို့ခေါ်ကြတာ သူတို့လည်း သိပါတယ်” ဟု ပြောလေရာ ဒေါ်ရတနာခိုင်မှာ တစ်စုံတစ်ရာ ပြန်လည်မပြောနိုင်တော့ပါ။

“မိဘတွေလက်ထက်ကတည်းက သုံးစွဲခဲ့တဲ့ Pleasure အမှတ်တံဆိပ်ကို ကျွန်တော်ကိုယ်တိုင် ကွန်ပျူတာနဲ့ ခေတ်မီအောင် ပန်းစာလုံးဖော်ပြီး တံဆိပ်ကို တခြားလူတွေနဲ့မတူအောင် ဖိနပ်ပုံလေး ပါထည့်ပြီး မျဉ်းကြောင်းများ၊ အရောင်ထူးထူး ခြားခြားဖြစ်အောင် ဆွဲထားတာပါ။ ပြီးတော့ ကျွန်တော့်ဆိုင်နာမည် ပန်းပျိုးလက် PPL ဆိုတဲ့ စာလုံးကို အစိမ်းရောင်အောက်ခံပေါ်မှာ ဆွဲထားပါသေးတယ်။ ပြီးတော့ ကျွန်တော့်သုံးစွဲတဲ့ Plea-sure နဲ့ သူတို့သုံးစွဲတဲ့ Treasure က အဓိပ္ပာယ်ခြင်းလည်း တူကြတာမဟုတ်ပါဘူး”ဟု ရှင်းပြပါသည်။

စေ့စပ်ဖြေရှင်းရေးအရာရှိက “ကျွန်မအနေနဲ့ ကုန်အမှတ်တံဆိပ်တစ်ခုမှာ ရှိရမည့် စွမ်းရည်တွေ၊ ကျော်ကြားတဲ့ အမှတ်တံဆိပ်တွေအကြောင်းကို အရင်ရှင်းပြပေးချင်ပါတယ်။ ကုန်အမှတ်တံဆိပ် တစ်ခုမှာရှိရမယ့် စွမ်းရည်တွေက ပစ္စည်းရဲ့ထုတ်လုပ်ရာကို ဖော်ပြတဲ့စွမ်းရည်၊ ပစ္စည်းရဲ့ အရည်အသွေးကို အာမခံနိုင်တဲ့စွမ်းရည်နဲ့ ကြော်ငြာစွမ်းရည်တို့ ရှိကြပါတယ်” ကုန်အမှတ်တံဆိပ်ရဲ့ ရည်ရွယ်ချက်တွေကတော့ ယေဘုယျအားဖြင့် ကုန်အမှတ်တံဆိပ်ဆိုသည်မှာ ကုန်သွယ်မှုလုပ်ငန်း‌ ဆောင်ရွက်ရာတွင် လုပ်ငန်းတစ်ခု၏ ဝန်ဆောင်မှုများကို အခြားသော လုပ်ငန်းများ၏ ဝန်ဆောင်မှု များမှ ခွဲခြားသိရှိစေနိုင်သော အမှတ်တံဆိပ်တစ်ခုခု ကို ဆိုလိုကြောင်း အသိပညာပေးရှင်းပြပါတယ်၊ ဆက်လက်၍ စေ့စပ်ဖြေရှင်းရေးအရာရှိက ကျော်ကြားသော အမှတ်တံဆိပ်ဖြစ်ရန် လိုအပ်ချက်များကို ရှင်းပြပါသည်။

ကျော်ကြားသော အမှတ်တံဆိပ်ဖြစ်ရန် လိုအပ်ချက်များ

မှတ်ပုံတင်အရာရှိသည် အမှတ်တံဆိပ်ကို ကျော်ကြားသော အမှတ်တံဆိပ်အဖြစ် ဆုံးဖြတ်ရာတွင် နိုင်ငံတော်အတွင်း သက်ဆိုင်ရာနယ်ပယ်တွင် အများပြည်သူ၏ အသိအမှတ်ပြုမှု သို့မဟုတ် လူသိများမှုပမာဏ၊ အမှတ်တံဆိပ်အသုံးပြုမှု တစ်ရပ်ရပ်၏ အချိန်ကာလအတိုင်းအတာနှင့် နယ်ပယ်ဒေသ၊ အမှတ်တံဆိပ်အသုံးပြုထားသည့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို ကြော်ငြာခြင်း သို့မဟုတ် အများပြည်သူသိရှိရန် ဆောင်ရွက်ခြင်းနှင့် ကုန်စည်ပြပွဲဆိုင်ရာ ခင်းကျင်းပြသခြင်းများအပါအဝင် အမှတ်တံဆိပ်ကို ရောင်းအားမြှင့်တင် ခြင်းပြုလုပ်သည့် အချိန်ကာလ၊ အတိုင်းအတာနှင့် နယ်ပယ်ဒေသ၊ အမှတ်တံဆိပ်၏ အသုံးပြုမှုနှင့် အသိအမှတ်ပြုမှုတို့ကို တိုင်းတာရန် ယင်းအမှတ် တံဆိပ်၏ မူပိုင်ခွင့်မှတ်ပုံတင်ခြင်းဖြစ်စေ၊ မူပိုင်ခွင့် မှတ်ပုံတင်ခြင်းဖြင့်ဖြစ်စေ၊ မူပိုင်ခွင့်မှတ်ပုံတင်ရန် လျှောက်ထားခြင်းဖြင့်ဖြစ်စေ၊ နှစ်ရပ်လုံးဖြင့်ဖြစ်စေ ယင်းတို့နှင့် သက်ဆိုင်သည့် အချိန်ကာလနှင့် နယ်ပယ်ဒေသ၊ အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးနှင့်စပ်လျဉ်း၍ အရေးယူမှုဆိုင်ရာ အောင်မြင်သောမှတ်တမ်းများ၊ အထူးသဖြင့် သက်ဆိုင်ရာ အာဏာပိုင်များက ကျော်ကြားသော အမှတ်တံဆိပ်အဖြစ် အသိအမှတ်ပြုသော မှတ်တမ်းများ၊ အမှတ်တံဆိပ်၏တန်ဖိုး၊ အမှတ်တံဆိပ်သည် ကျော်ကြားသော အမှတ်တံဆိပ်ဖြစ်ကြောင်း ဆုံးဖြတ်နိုင်သည့် အခြားသောအချက်အလက်များ စသည်ဖြင့် ကျော်ကြားသော အမှတ်တံဆိပ်ဖြစ်ရန်အတွက် လိုအပ်ချက်များကို စေ့စပ်ဖြေရှင်းရေး အရာရှိက ရှင်းပြပါသည်။

“အခုကျွန်မပြောပြတဲ့ အချက်အလက်ပြည့်စုံမှ ကျော်ကြားတဲ့ အမှတ်တံဆိပ်အဖြစ် ဥပဒေအရ အသိအမှတ်ပြုမည်ဖြစ်ကြောင်း ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ရေး နည်းဥပဒေအပိုဒ်-၅၁ မှာ ပြဋ္ဌာန်းထားတာကို ပြောပြတာပါ။ မိမိတို့ရဲ့ ကုန်အမှတ်တံဆိပ်ဟာ အခုကျွန်မပြောပြတဲ့ လိုအပ်ချက်တွေနဲ့ပြည့်စုံရဲ့လားဆိုတာ စဉ်းစားပြီး နှစ်ဦးနှစ်ဖက် ပြေလည်အောင် ဆောင်ရွက်ကြပါ”ဟု စေ့စပ်ဖြေရှင်းရေးအရာရှိက ရှင်းပြပါသည်။

နှစ်ဖက်အမှုသည်များနှင့် ရှေ့နေကြီးများ အနေဖြင့် မိမိတို့၏ ကုန်အမှတ်တံဆိပ်သည် ဥပဒေ နှင့်အညီ အခွင့်ရေးရခြင်းမရခြင်းကို အလေးအနက်စဉ်းစားပြီး နှစ်ဦးနှစ်ဖက်လုပ်ငန်းများလည်း မပျက်ဆောင်ရွက်နိုင်မည့် နည်းလမ်းကို ရှာဖွေစဉ်းစားပြီး ညှိနှိုင်းမှုကို အောင်မြင်အောင် ဆောင်ရွက်ကြစေ လိုပါတယ်ဟု ရှင်းပြပါသည်။ နှစ်ဖက်ရှေ့နေကြီးများအနေဖြင့် အပြင်သို့ခဏထွက်ပြီး မိမိတို့၏ အမှတ်တံဆိပ်ဟာ ကျွန်မပြောပြတဲ့ ကျော်ကြားသည့် အမှတ်တံဆိပ်ဖြစ်ရန် လိုအပ်ချက်များနှင့် ညီညွတ်ခြင်း ရှိ မရှိ နှစ်ဦးနှစ်ဖက် ဆက်လက်သုံးစွဲနိုင်မည့် နည်းလမ်းတွေကို စဉ်းစားပြီး ရှေ့ဆက်လုပ်မည့် လုပ်ငန်းစဉ်များကို ပြန်လည်တင်ပြပေးပါဟု ပြောလိုက်ပါသည်။

စေ့စပ်ဖြေရှင်းရေးအောင်မြင်ခြင်း

နှစ်ဖက်အမှုသည်များနှင့် ရှေ့နေများသည် စေ့စပ်ဖြေရှင်းရေး ရုံးခန်းအပြင်ဘက်သို့ ခဏထွက်သွားပြီး အမှုသည်နှင့်ရှေ့နေတို့ ညှိနှိုင်းကြပြီး နာရီဝက်ခန့်အကြာတွင် စေ့စပ်ဖြေရှင်းရေးရုံးခန်းအတွင်းသို့ ပြန်လည် ဝင်ရောက်လာပါသည်။

တရားလိုဖြစ်သူ ဒေါ်ရတနာခိုင်၏ ရှေ့နေ ဒေါ်ဝင့်ရွှေစင်တို့က ဦးစွာဝင်လာပြီး “ကျွန်မတို့ရဲ့ Treasure အမှတ်တံဆိပ်နဲ့ လုံးဝကွဲပြားခြားနား အောင်တစ်ဖက်က ပြင်ဆင်သုံးစွဲမယ်ဆိုရင် ကျွန်မတို့ စွဲထားတဲ့အမှုကို ပြန်ရုပ်သိမ်းပေးပါမယ်”ဟု ပြောရာတစ်ဖက်မှ ကိုဘုန်းမြတ်သူတို့ဘက်က လည်း “ကျွန်တော်တို့ Pleasure အမည်ဖြင့် ရောင်းချတာကို မကန့်ကွက်ပါနဲ့၊ ကျွန်တော်တို့ရဲ့ Pleasure စာလုံးအောက်မှာ ကျွန်တော့်ရဲ့ဆိုင်အမည် ပန်းပျိုးလက်ကို PPL ဟု တစ်ဖက်နဲ့တစ်ဖက် ဆင်တူယိုးမှား မဖြစ်ရအောင် ဖော်ပြပေးပါမယ်”ဟု ညှိနှိုင်းပြောဆိုလာပါသည်။

“ဒေါ်ရတနာခိုင်ကလည်း အဆင်ပြေပါတယ်ရှင်၊ ကျွန်မရဲ့ Treasure တံဆိပ်ရဲ့ ဘေးတစ်ဖက်စီမှာ အဝါရောင် ဖိနပ်လေးတစ်ရန်စီ ဘေးမှာရံပေးပြီး အောက်မှာ Fashion ဆိုတဲ့စာလုံးလေးကို ထည့်ပေး ပါ့မယ်ရှင်”ဟု ပြန်လည်ညှိနှိုင်းပြောဆိုလာသဖြင့် နှစ်ဦးနှစ်ဖက် ပြေလည်မှုရရှိလာပါသည်။ နှစ်ဖက် ရှေ့နေကြီးများကလည်း “အင်မတန်သင့်လျော်တဲ့ ဆွေးနွေးညှိနှိုင်းမှုဖြစ်ပါတယ်”ဟု ပြောလေရာ စေ့စပ်ဖြေရှင်းရေးအရာရှိ ဒေါ်အေးမြတ်စန္ဒာမှာ အောင်မြင်သူ၏ အပြုံးဖြင့် “ယနေ့ စေ့စပ်ဖြေရှင်းမှု အောင်မြင်သွားပါပြီရှင်”ဟု ပြောပါသည်။

ကိုဘုန်းမြတ်သူနှင့် သူ၏ရှေ့နေ ဦးစည်သူ ဇော်တို့ကလည်း ဒေါ်ရတနာခိုင်တို့ကို “ခင်ဗျားတို့ စွဲထားတဲ့အမှုကို နုတ်ပေးပါ။ ကျွန်တော်တို့က လွတ်လပ်ရေးမတိုင်ခင်ကတည်းက ဘိုးဘွား စဉ်ဆက် Pleasure တံဆိပ်နဲ့ ဖိနပ်တွေ ရောင်းလာတာ၊ အခုကိုဘုန်းမြတ်သူ အိမ်ထောင်ကျတော့မှ ပန်းပျိုးလက် PPL ကို အောက်ခံပါးပါးလေး ထည့်ရောင်းမယ်၊ ခင်ဗျားတို့ဘက်ကလည်း Trea-sure အောက်မှာ Fashion ဆိုတဲ့ စာလုံးလေးထည့် ဖိနပ်လေးတစ်ရန်စီ ရှေ့နောက်ရံပြီး ရောင်းကြမယ်ဆိုတော့ အားလုံးအဆင်ပြေသွားတာပေါ့”ဟု ပြောကာတစ်ဖက်နှင့် တစ်ဖက် ပြေလည်သွားကြကာ စေ့စပ်ဖြေရှင်းမှု အောင်မြင်သွားပြီဖြစ်၍ နှစ်ဖက်စလုံးက‌ သဘောတူညီကြသဖြင့် စေ့စပ်ဖြေရှင်းရေးမှတ်တမ်းတွင် အောင်မြင်ကြောင်း လက်မှတ်ရေးထိုးကြပါသည်။

စေ့စပ်ဖြေရှင်းရေးအောင်မြင်သဖြင့် နှစ်ဖက်အမှုသည်များဖြစ်ကြသော ဦးဘုန်းမြတ်သူ၊ ဒေါ်ရတနာခိုင်တို့နှင့် ၎င်းတို့၏ ရှေ့နေများက ယခုကဲ့သို့ စေတနာထား ဆောင်ရွက်ပေးသည့် စေ့စပ်ဖြေရှင်းရေးအရာရှိ ဆရာမကို ကျေးဇူးတင်စကား ပြောကြပါသည်။

လှပတဲ့ အနာဂတ်ကို ဖန်တီးသူ၊ အထောက်အကူပြုသူများ

စေ့စပ်ဖြေရှင်းရေးအရာရှိကလည်း “ကျွန်မတို့ တရားစီရင်ရေးကဏ္ဍအနေနဲ့ စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်ခြင်းဖြင့် ဆန်းသစ်တီထွင်မှုပြုသူတွေကို အချိန်ကုန်လူပန်းမဖြစ်စေဘဲ ကုန်ထုတ်စွမ်းအားတွေ တီထွင်ဆန်းသစ်မှုတွေကို အချိန်ပြည့် ဆောင်ရွက်နိုင်အောင်ကူညီရလို့ အထူးဝမ်းသာပါ တယ်ရှင်” ဟူ၍ ဝမ်းမြောက်စကားဆိုလာပါသည်။

ဦးဘုန်းမြတ်သူ၊ ဒေါ်ရတနာခိုင်တို့နှင့် နှစ်ဖက်ရှေ့နေကြီးများကလည်း “ဆရာမတို့လို စေ့စပ်ဖြေရှင်းရေး အရာရှိတွေအနေနဲ့ အငြင်းပွားမှုများကို အချိန်တိုအတွင်းမှာ ဖြေရှင်းဆောင်ရွက်ခြင်းကြောင့် ကျွန်တော်၊ ကျွန်မတို့ရဲ့ ဆန်းသစ်တီထွင်မှု၊ ကုန်ထုတ်လုပ်မှုနှင့် လှပတဲ့အနာဂတ်ဖန်တီးမှုတွေကို အထောက်အကူပြုတာ၊ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုလွယ်ကူ‌စေတာ (Easy to doing Business) ဖြစ်လို့ အားလုံးရဲ့ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်”ဟူ၍ တစ်ဦးနှင့်တစ်ဦး ကြိုတင်ညှိနှိုင်းမထားဘဲ ရင်တွင်းမှ စကားလုံး‌လေးများ တူညီစွာပြောကြားလာကြပါသည်။

စေ့စပ်ဖြေရှင်းရေး အောင်မြင်ပြီးနောက် နှစ်ဖက်အမှုသည်များ၊ ရှေ့နေများသည် မူလအမှုစစ်မူပိုင်ခွင့်တရားရုံးဖြစ်သည့် ကျောက်တံတား ခရိုင်တရားရုံးတွင် အမှုပြေငြိမ်းကြောင်း လျှောက် ထားဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

စေ့စပ်ဖြေရှင်းရေးအောင်မြင်ပြီးနောက် ဦးဘုန်းမြတ်သူနှင့် တစ်ဖက်မှ ဒေါ်ရတနာခိုင်တို့သည် မူလကပင် ခင်မင်ရင်းစွဲရှိကြသူများ ဖြစ်သည့်အလျောက် နှစ်ဦးနှစ်ဖက် ပြေလည်ကြပြီဖြစ်၍ အပြုံးကိုယ်စီနှင့် တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်ကာ မိမိတို့၏ ရှေ့ဆက်ရမည့် ကုန်သွယ်မှုလုပ်ငန်းများ အတွက် ရွှင်လန်းအားတက်စွာ တရားခွင်အတွင်းသို့ ရောက်ရှိလာကြပါသည်။ အမှုစစ်တရားသူကြီးဖြစ်သူ ဒေါ်ခင်မမကြီးကလည်း “ကဲ စေ့စပ်ဖြေရှင်းရေး အောင်မြင်သွားကြလို့ အထူးဝမ်းသာပါတယ်၊ ရှေ့ဆက်ပြီး စီးပွားရေးလုပ်ငန်းတွေကို ယခုထက် ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ကြပါစေ။ အမှုသည်တွေရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အမှုတွေရင်ဆိုင်ရင်း အချိန်မကုန်ရလေအောင်၊ စရိတ်ကုန်ကျမှုမရှိရလေအောင် ကျွန်မတို့တရားရုံးက ဦးဆောင်တဲ့ စေ့စပ်ဖြေရှင်းရေးစနစ်က ဆောင်ရွက်ပေးတာ နှစ်ဖက်အမှုသည်တွေ အကျိုးရှိကြ၊ ဝမ်းသာ ပျော်ရွှင်ကြလို့ ကျွန်မတို့ တရားရုံးပိုင်းကလည်း ဝမ်းသာပါတယ်’’ဟု မုဒိတာစကားပြောကြားရင်း အမှုကျေအေးကြောင်း အမိန့်ကို ချမှတ်ပေးလိုက်ပါသည်။

နှစ်ဖက်အမှုသည်များကလည်း ကျွန်မတို့ကို အခုလို အချိန်မကုန်၊ စရိတ်မကုန်ဘဲ လုပ်ငန်းတွေ ဆောင်ရွက်နိုင်အောင် စီးပွားရေးလုပ်ငန်း ဆောင်ရွက်တာတွေ လွယ်ကူအောင် ဖြေရှင်းဆောင်ရွက်ပေးတဲ့အတွက် တရားစီရင်ရေးယန္တရားအပေါ် အထူးအားကိုးယုံကြည်စိတ်များ တိုးပွားရပါတယ်ဟု အပြုံးကိုယ်စီနှင့် တင်ပြကြပါသည်။

တရားမျှတမှုလမ်းကို လျှောက်လှမ်းခြင်း

တရားခွင်အတွင်း ရောက်ရှိနေကြသူ ရှေ့နေများ၊ အမှုသည်များမှာလည်း စေ့စပ်ဖြေရှင်းရေး အောင်မြင်မှုအတွက် ဦးဘုန်းမြတ်သူနှင့် ဒေါ်ရတနာခိုင်တို့၏ ဝမ်းသာကြည်နူးမှု အပြုံးမျက်နှာများကိုမျှဝေခံစားရင်း ဆန်းသစ်တီထွင်မှုဖြင့် လှပသော အနာဂတ်ကို ဖန်တီးကြသူ ဦးဘုန်းမြတ်သူ၊ တစ်ဖက်မှ ဒေါ်ရတနာခိုင်တို့အား တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆောင်ရွက်ခြင်းက အထောက်အကူပြုခဲ့ပါကြောင်းနှင့် စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများကို ပြည်သူများ ရရှိခံစားနိုင်ကြပါစေကြောင်း ကိုယ်စီဆန္ဒပြုလျက် မူပိုင်ခွင့်တရားရုံးရှေ့ရှိ မဟာလှေကားပန်းပင်ကြီးနှင့် ပုဏ္ဍရိက်တန်းတရားမျှတမှု လမ်းလေးဝယ်အတူတကွ လျှောက်လှမ်း နိုင်ခဲ့ကြပါပြီ။ ။

(ဤအသိပညာပေးဇာတ်လမ်းတွင် ဖော်ပြထားသော Pleasure အမှတ်တံဆိပ်နှင့် Treasure အမှတ်တံဆိပ်တို့သည် ဆန်းသစ်တီထွင်မှုဖြင့် ကုန်ထုတ်လုပ်ကာ လှပသောအနာဂတ်ကို ဖန်တီးနေသူများ၏ ကြိုးပမ်းအားထုတ်မှု တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး (Court-led Mediation)ဆောင်ရွက်ခြင်းဖြင့် အငြင်းပွားမှုများ ကို ညှိနှိုင်းဖြေရှင်းပေးနေကြသော အထောက်အကူ ပြုသူများ၏ ဆောင်ရွက်မှုများကို အများပြည်သူသို့ ပညာပေးရန် ရည်ရွယ်ချက်ဖြင့် ဖော်ပြထားခြင်းသာ ဖြစ်ပါသည်။ ယခုဇာတ်လမ်းတွင်ပါဝင်သည့် အမှတ်တံဆိပ်အမည်များ၊ ဇာတ်ကောင်များနှင့် ဖြစ်ရပ် အကြောင်းအရာများသည် အမှန်တကယ်ရှိသော ပုဂ္ဂိုလ်၊ အဖွဲ့အစည်း သို့မဟုတ် ကုန်အမှတ်တံဆိပ်များကို ရည်ညွှန်းထားခြင်း မဟုတ်ဘဲ ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆောင်ရွက်ခြင်းဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးမျှဝေရာတွင် အများမြင်သာစေရန် ဥပမာပေးဖော်ပြထားခြင်းသာဖြစ်ကြောင်း တင်ပြအပ်ပါသည်။)