အာဟာရပြည့်ဝ သီးနှံစုံစိုက်ပျိုးထုတ်လုပ်ရေး ပန်းတိုင်ဆီသို့
ထက်ဝေအောင်(စစ်ကိုင်း)
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်သည်။ နိုင်ငံ့စီးပွားရေး၏ အခြေခံအုတ်မြစ်မှာလည်း စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး လယ်ယာစီးပွားစနစ် ရေရှည်တည်တံ့စေရေး ဦးစီးပဲ့ကိုင်သူများမှာ တောင်သူလယ်သမားများပင်ဖြစ်သည်။ နွေအပူရှိန်၊ မိုးရွာသွန်းမှု၊ လေပြင်းမုန်တိုင်းကို ဂရုမမူဘဲ လယ်ယာမြေများတွင် နဖူးကချွေးမြေခသည့်တိုင် စပါး၊ ပဲ၊ နှမ်း၊ ဝါ၊ ကြံ အစရှိသောကောက်ပဲသီးနှံများကို စိုက်ပျိုးထုတ်လုပ်ပေးကြသည်။ သူတို့၏လက်ရုံးရည်နှင့် နှလုံးရည်ကြောင့်သာ နိုင်ငံသူ နိုင်ငံသားအားလုံး၏ နေ့စဉ်အာဟာရ ဝမ်းစာဖြည့်နိုင်ခဲ့ကြသည်။
မြန်မာ့မြေယာကောင်းတွင်ပါဝင်သည့် လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်များသည် စား၊ ဝတ် နေရေးဖူလုံအောင် ဖြည့်ဆည်းပေးနိုင်သည်။ လယ်ယာလုပ်ငန်းမှတစ်ဆင့် ဆန်စပါးသည် မြန်မာ လူမျိုးများ အဓိကအားထားစားသုံးသည့် နေ့စဉ်ရိက္ခာဖြစ်သည်။ အလားတူ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးနှင့် နှမ်း၊ မြေပဲ စားသုံးဆီတို့သည်လည်း နေ့စဉ်ရရှိမည့် ဟင်းတစ်ခွက်ဖြစ်စေသည်။ ဝါစိုက်ပျိုးခြင်းကြောင့် အဝတ်အထည် ဖန်တီးထုတ်လုပ်နိုင်သည်။ နိုင်ငံတော်အနေဖြင့် နေ့စဉ်ဘဝလိုအပ်ချက်များ ပီပြင်စွာအကောင်အထည်ဖော်ဆောင်နိုင်ရန် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာထုတ်လုပ်ရေး၊ ကုန်ထုတ်စွမ်းအားများ မြင့်မားလာစေရေး၊ တောင်သူများဝင်ငွေတိုးတက်ရရှိစေရေး၊ ဘေးကင်းလုံခြုံ၍ အာဟာရ ပြည့်ဝသည့် စားရေရိက္ခာများထုတ်လုပ်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ဥပဒေ၊ နည်းဥပဒေ အကာအကွယ်များစွာဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး ပံ့ပိုးကူညီပေးလျက်ရှိသည်။
ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ပေး
“နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ စားရေရိက္ခာ ဖူလုံပိုလျှံရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ခေတ်မီနည်းကျ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ (Agro based Industries) ဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာထွက်ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်ရေး နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသည်။ အဆိုပါလုပ်ငန်းများသည် ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ပေးခြင်းဖြစ်သဖြင့် ကဏ္ဍပေါင်းစုံမှပူးပေါင်းပါဝင် အကောင်အထည်ဖော်ကြရမည်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းနယ်ပယ်တွင် သီးနှံပန်းတိုင် အထွက်တိုးရေးကြိုးပမ်းဆောင်ရွက်ရသကဲ့သို့ မွေးမြူရေးလုပ်ငန်းသည်လည်း စားရေးကို အထောက်အကူပြုသဖြင့် ကြက်၊ ဝက်၊ ဆိတ်၊ နွား မွေးမြူရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်မှုသည် လွန်စွာအဓိကကျသည်။
စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေကောင်းမွန်ရေး၊ ရေလုံလောက်စွာရရှိရေး၊ နည်းစနစ်တကျ စိုက်ပျိုးရေးဆိုင်ရာ အခြေခံလိုအပ်ချက်များကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ပြီး လယ်ယာစီးပွားခေတ်ကို ထူထောင်နိုင်ပေသည်။ လယ်ယာစီးပွားလုပ်ငန်းများ ခေတ်နှင့်လျော်ညီစွာ ဖွံ့ဖြိုးတိုးတက်စေရေး စိုက်ပျိုးထုတ်လုပ်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ ဈေးကွက်ဝယ်လိုအားကောင်းမွန်မှုနှင့် အာဟာရပြည့်ဝသည့် သီးနှံစုံထုတ်လုပ်နိုင်မှုတို့ဖြင့် အချိန်နှင့်တစ်ပြေးညီ အောင်မြင်မှုရရှိရန် ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အားနည်းချက်၊ အားသာချက်များကို အချိန်မီပြုပြင်ရန်၊ စိုက်နည်းစနစ်ကောင်းများကို အားထားရန်လိုအပ်ပေသည်။ ပြောင်းလဲနေသည့် ရာသီဥတုအလိုက် ရေမြေဒေသနှင့်ကိုက်ညီသည့် ဒဏ်အခံနိုင်ဆုံး မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးရမည်ဖြစ်ပြီး မျိုးကောင်းမျိုးသန့်များ အပြည့်အဝ သုံးစွဲနိုင်ရေး သီးနှံအလိုက် မျိုးသန့်မျိုးစေ့များ ထုတ်လုပ်ခြင်း၊ မျိုးကောင်းမျိုးသန့်များအကြောင်း တောင်သူများ ပိုမိုသိရှိစေရေး မျိုးစေ့ပြပွဲများ ပြုလုပ်ပေးလျက်ရှိသည်။
နိုင်ငံတော်အနေဖြင့် တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်ရေး၊ စားရေရိက္ခာဖူလုံ ပိုလျှံရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုမြင့်မားစေရေးတို့အတွက် သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး တစ်သီးစိုက်မြေများမှ နှစ်သီးစိုက်၊ သုံးသီးစိုက်မြေများ ဖြစ်ပေါ်လာစေရေးအတွက် တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။ အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ အလွယ်တကူ လက်လှမ်းမီစိုက်ပျိုးနိုင်စေရန်အတွက် မျိုးစေ့ထုတ်တောင်သူအစုအဖွဲ့များ၊ မျိုးစေ့ထုတ်သမဝါယမအသင်းအဖွဲ့များ၊ တောင်သူ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာတို့ ပူးပေါင်းဆောင်ရွက်သည့် ကန်ထရိုက်လယ်ယာစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ခြင်း၊ အကျိုးဆောင် တောင်သူများဖြင့်ပူးပေါင်း၍ မျိုးစေ့ထုတ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ ဒေသအသီးသီးရှိ သီးနှံမျိုးများအလိုက် လိုအပ်သောမျိုးစေ့များကိုရရှိနိုင်စေရန် ဌာနဆိုင်ရာမျိုးစေ့ထုတ်ခြံများမှ မျိုးစေ့ထုတ်လုပ်ငန်းများနှင့် မျိုးသန့်မျိုးစေ့ပွားလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း၊ မျိုးစေ့ထုတ်အထူးဇုန်များ ဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ တောင်သူဦးကြီးများ၏ တစ်ဧကအထွက်နှုန်းတိုးတက်ရန် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲရေး၊ မြေယာစနစ်တကျပြုပြင်ရေး၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ အချိန်ကိုက် အချိုးကျစနစ်တကျသုံးစွဲ၍ မြေဆီလွှာဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေနှင့် အောင်ရေရရှိရေးနှင့် စိုက်နည်းစနစ်မှန်ကန်ရေးတို့အတွက် ပြည့်စုံကောင်းမွန်စေရန် အကောင်အထည်ဖော်လျက်ရှိသည်။
စိုက်ပျိုးရေးဆိုင်ရာသုတေသနလုပ်ငန်းများ အားပေးလျက်ရှိ
နိုင်ငံတော်သည် စီးပွားရေးမူဝါဒများ ခိုင်မာစွာချမှတ်လျက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာထုတ်လုပ်ရေး၊ ကုန်ထုတ်စွမ်းအားများမြင့်မားလာစေရေး၊ တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရေး၊ ဘေးကင်းလုံခြုံ၍ အာဟာရပြည့်ဝသည့် စားရေရိက္ခာများထုတ်လုပ်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ဥပဒေ၊ နည်းဥပဒေအကာအကွယ် များစွာဖြင့် တောင်သူလယ်သမားကြီးများကို ပံ့ပိုးကူညီလျက်ရှိသည်။ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုတွင်လည်း တစ်ဧကအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး၊ အရည်အသွေးကောင်းမွန်သည့် စပါးမျိုးများစိုက်ပျိုးရေး အထူးအလေးထားရန် လမ်းညွှန်ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု စိုက်ပျိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများဖြစ်သည့် ဈေးကွက်သုတေသန၊ စိုက်ပျိုးရေး သုတေသန၊ မွေးမြူရေးသုတေသန၊ စက်မှုသုတေသန၊ နည်းပညာသုတေသန၊ ပညာရေး သုတေသနလုပ်ငန်းများကို အားပေးလျက်ရှိပြီး စားရေရိက္ခာဖူလုံရေးအတွက် မြေနှင့် ရေအရင်း အမြစ်များကို အကျိုးရှိရှိသုံးစွဲသွားရန်နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်းစနစ်များဖြင့် စနစ်တကျဆောင်ရွက်လျက်ရှိသည်။
သီးနှံစိုက်ပျိုးနည်းစနစ်များနှင့်ပတ်သက်၍ မြေပြုပြင်သည်မှ ရိတ်သိမ်းချိန်အထိ လိုက်နာရမည့် အချက်များဖြစ်သည့် ရိတ်သိမ်းချိန်လွန် နည်းပညာဆိုင်ရာသင်တန်းများ၊ ရာသီဥတုနှင့် လိုက်လျောညီထွေ စိုက်ပျိုးထုတ်လုပ်မှုနည်းပညာပေးခြင်း၊ စံပြကွက်များ၊ ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခြင်းဖြင့် နည်းပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ အပတ်စဉ် စနေနေ့တိုင်း တောင်သူများနှင့်တွေ့ဆုံ၍ တောင်သူနည်းပညာ ပေးဆွေးနွေးပွဲကျင်းပကာ နည်းပညာပေးလုပ်ငန်းများဆွေးနွေးခြင်း၊ ကြုံတွေ့ရသည့် အခက်အခဲများအား ကူညီဖြေရှင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ဈေးကွက်ဝင်သီးနှံ၊ စီမံကိန်းဝင်သီးနှံများလည်း စိုက်ပျိုး
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘက်စုံဖွံ့ဖြိုးရေး ဦးတည်ချက်များနှင့်အညီ လယ်ယာလုပ်ငန်းခွင်တွင် စီးပွားရေးအရ တွက်ခြေကိုက်သော စပါး၊ မြေပဲ၊ နှမ်း၊ ပြောင်း၊ ပဲမျိုးစုံ၊ ကြံ အစရှိသည့် သီးနှံများယှဉ်ပြိုင်စိုက်ပျိုးကြသကဲ့သို့ ဈေးကွက်ဝင်သီးနှံ၊ စီမံကိန်းဝင်သီးနှံများလည်း စိုက်ပျိုးကြရမည်ဖြစ်သည်။ လယ်ယာကဏ္ဍတွင် နွေစပါး၊ ဆောင်းပဲတီ၊ နေကြာ၊ ဝါသီးနှံများ တိုးချဲ့စိုက်ပျိုးရေး အလေးထားဆောင်ရွက်လျက်ရှိပြီး သီးနှံအလိုက်ဧကတိုးချဲ့ရေးသာမက ဒေသရေမြေအလိုက် သီးထပ်စွမ်းအားမြှင့်တင်ရေးနှင့် အထွက်နှုန်းတိုးတက်ရေးသည် သီးနှံထုတ်လုပ်မှုလုပ်ငန်းများအတွက် အထွက်နှုန်းနှင့် ဝင်ငွေတွက်ခြေကိုက်မှုကိုဖြစ်စေသည်။
ယနေ့ကမ္ဘာတစ်ဝန်းလုံးတွင် စားရေရိက္ခာ ဖူလုံရေး၊ အာဟာရပြည့်ဝစွာရရှိရေး ကြွေးကြော်သံ များဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ ဆင်းရဲငတ်မွတ်မှုတိုက်ဖျက် ရေးလုပ်ငန်းများကိုလည်း ထောင်စုနှစ်ရည်မှန်းချက်များ သတ်မှတ်လျက်ရှိပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (၁၇) ပါအတိုင်း ငတ်မွတ်ခေါင်းပါးမှုအဆုံးသတ်ရေး၊ အစားအစာဖူလုံရေး၊ အာဟာရပြည့်ဝရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဦးစားပေးဆောင်ရွက်မှုများပါဝင်သဖြင့် ဘေးကင်းလုံခြုံသောသီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agriculture Practices-GAP) နှင့် အော်ဂဲနစ်စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများကို လေ့ကျင့်ဖော်ဆောင်ရမည်ဖြစ်ပါသည်။
စိုက်ပျိုးဧကများ တိုးတက်စိုက်ပျိုးနိုင်ရေး စီမံပေးလျက်ရှိ
နိုင်ငံတော်က မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကို တွဲဖက်၍ အချိန်ကိုက်၊ အချိုးကျသုံးစွဲစေခြင်း၊ သစ်စိမ်းမြေဩဇာအတွက် ပိုက်ဆံလျှော်နှင့် ပဲမျိုးရင်းဝင်အပင်များကိုစိုက်ပျိုး၍ ထယ်ထိုးမြေမြှုပ်ခြင်း၊ မြေဆွေးပုံပြုလုပ်သုံးစွဲခြင်းများကို ပညာပေးလျက်ရှိသည်။ အောင်ရေရရှိရေး ရေလှောင်တမံ၊ ရေလွှဲဆည်၊ ကန်၊ ရေတံခါး၊ ရေတင်လုပ်ငန်းများ တည်ဆောက်ပေးသကဲ့သို့ ဆည်ရေသောက်စနစ်များ ထည့်သွင်းတည်ဆောက်ပေးခြင်းသည် စိုက်ပျိုးရေနှင့် ဒေသတွင်း၌ သောက်သုံးရေရရှိစေသည်။ အလားတူ ဆည်ရေသောက်ဧရိယာပြင်ပများရှိ စိုက်ပျိုးရေခက်ခဲသည့် ဒေသများတွင် စက်ရေတွင်းများတူးဖော် စိုက်ပျိုးရေပေးဝေသကဲ့သို့ မိုးတွင်းကာလ ရိုးငယ်၊ ချောင်းငယ်များမှ စီးဆင်းလျက်ရှိသည့်ရေများကို ယာယီချောင်းပိတ်တမံများပြုလုပ်၍ စိုက်ပျိုးဧကများ တိုးတက် စိုက်ပျိုးနိုင်ရေး စီမံပေးလျက်ရှိသည်။
လယ်ယာမြေပေါ်တွင် ကွင်းလုံးပြည့်စပါးခင်းကြီးများဖြင့် မြန်မာ့လယ်ယာခေတ်ကောင်းသို့ ရောက်ရှိရေးမှာ တောင်သူလယ်သမားဦးကြီးများ၏ ဦးဆောင်ပါဝင်မှုသာမက အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်ခြင်းဖြင့် အောင်မြင်မှုရရှိနိုင်သည်။ တောင်သူလယ်သမားများ ဝင်ငွေတိုးတက်ရရှိရေး၊ နိုင်ငံတကာဈေးကွက်ထိုးဖောက် တင်ပို့နိုင်ရေးကိစ္စများသည် လယ်ယာစီးပွားဖွံ့ဖြိုးရေးအတွက် အရေးပါသောအချက်ဖြစ်သည်။ ထို့အတူ စိုက်ပျိုးရေးသုံး ခေတ်မီနည်းပညာများဖြင့် ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်း၊ တင်ပို့ခြင်း အဆင့်ဆင့်တိုးတက်လာမည်ဆိုပါက အလေအလွင့်နည်းပါးလျက် အကျိုးအမြတ်များလည်း ပိုမိုရရှိစေမည်ဖြစ်ပါသည်။ ထို့အတူပင် လယ်ယာထွက်ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရေး မျှော်မှန်းဆောင်ရွက်ခြင်းသည် ဝယ်လိုအားကိုဖိတ်ခေါ်သဖြင့် လူမှုစီးပွားဘဝအနာဂတ် ပိုမိုလှပလာမည့် သင်္ကေတတစ်ခုဖြစ်သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တောင်သူလယ်သမားဦးကြီးများ ဝင်ငွေနှစ်ဆပွားနိုင်မည့်တိုးတက်မှုဖြစ်စဉ်များ၊ ဘေးကင်းလုံခြုံစိတ်ချရသည့် အာဟာရပြည့်ဝသော စားရေရိက္ခာထုတ်လုပ်ခြင်းဖြစ်စဉ်များ၊ ခိုင်မာသောဈေးကွက်ချိတ်ဆက် တင်ပို့နိုင်မည့်အခွင့်အရေးများစွာဖြင့် အာဟာရပြည့်ဝ သီးနှံစုံ စိုက်ပျိုးထုတ်လုပ်ရေးပန်းတိုင်ဆီသို့ အရောက်သွားနိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။
