Skip to main content

ကျေးလက်မီးလင်းရေးခရီး နီးဖို့ရာ

မယ်အိမ့်(ကျေးလက်)

စာရေးသူတို့အဖွဲ့ အောင်မြန်မာကျေးရွာဆိပ်ကမ်းကခွာတော့ ည ၇ နာရီဝန်းကျင်ရှိပြီဖြစ်သည်။ ပင်လယ်ပြင်တစ်ခုလုံး မှောင်အတိ။ စာရေးသူတို့ ညအိပ်ရပ်နားမည့် အောင်ဘာကျေးရွာရှိရာ တစ်ဖက်ကမ်းကိုမျှော်ကြည့်မိတော့ မီးရောင်တစ်လက်လက်ဖြင့် အမှောင်ယံကြား ဝင့်ဝင့်ကြွားကြွားရှိနေသော ရွာကလေးကိုလှမ်းမြင်ရသည်။ ခွာခဲ့သည့်ဆိပ်ကမ်းကို လည်ပြန်ကြည့်မိပြန်တော့ မှောင်ပိတ်ပိတ် ပင်လယ်ကမ်းနဖူးရှိ အောင်မြန်မာရွာလေးသည်လည်း မီးရောင်တဖိတ်ဖိတ်ဖြင့် လင်းလက်လျက်။ ဟိုဘက်ကမ်း၊ သည်ဘက်ကမ်း… ကမ်းနဖူးပေါ်ရှိ ရွာလေးနှစ်ရွာကို ညအမှောင်ထဲ လင်းထိန်တောက်ပနေတာ မြင်ရသည်ကပင် စာရေးသူအဖို့မှာ ကြည်နူးစရာ။ ကြည်နူးရသည့် အကြောင်းရင်းကလည်း ရှိသည်ဆိုရမည်။

အတူမျှဝေခံစားချင်ပါသော ထိုပီတိ…

ကျေးရွာနှစ်ရွာလုံးသည် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အတွင်း တည်ရှိပြီး အောင်ဘာကျေးရွာတွင် ၁၇၀ ဒသမ ၂၄ ကီလိုဝပ် ဆိုလာအသေးစား ဓာတ်အားပေးစနစ်နှင့် အောင်မြန်မာကျေးရွာတွင် ၁၇၁ ဒသမ ၆ ကီလိုဝပ် ဆိုလာအသေးစား ဓာတ်အားပေးစနစ်တို့ကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အောင်ဘာကျေးရွာအတွင်း ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီးနောက် အောင်မြန်မာကျေးရွာ၌ ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ဓာတ်အားစတင်ဖြန့်ဖြူးခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အိမ်ခြေ ၄၀၀၊ ၄၅၀ ဝန်းကျင်ခန့် လျှပ်စစ်မီး ချိတ်ဆက်ရယူပြီးဖြစ်ကြောင်း သိရသည်။

စာရေးသူတို့အဖွဲ့ အောင်ဘာကျေးရွာရောက်တော့ ည ၇ နာရီကျော် ၈ နာရီထိုးလုပြီဖြစ်ရာ ဒီလိုအချိန် အချို့မြို့ပြများမှာပင်လျှင် ဆိုင်ဟူသမျှပိတ်ကာ ဆိတ်ငြိမ်ကြချိန်မို့ စာရေးသူစိတ်ထဲတွင်တော့ တစ်ရွာလုံး ငြိမ်သက်အိပ်စက်နေလောက်ပြီဟု တွေးဆထားခဲ့သည်။ တကယ်တမ်းရွာထဲရောက်တော့ လမ်းမီးတွေက ထိန်ထိန်၊ ဈေးဆိုင်တွေကလည်း မီးတထိန်ထိန်ဖြင့် ရောင်းတုန်းဝယ်တုန်း၊ ကွန်ပျူတာဆိုင်ကလည်း စာတဖြောက်ဖြောက် ရိုက်တုန်း၊ မော်တာအပ်ချုပ်စက်ဆိုင်ကလည်း တချုန်းချုန်းချုပ်တုန်း၊ ဒယ်နီလေးနှင့် မုန့်ကြော် ရောင်းနေသူကလည်း ရောင်းချတုန်း၊ တစ်ရွာလုံး မြို့ပြနှင့်မခြား လင်းထိန်နေလေတော့ ရွာထဲ လမ်းလျှောက်ရင်း စနည်းနာထွက်လာသည့် စာရေးသူတို့ တစ်ဖွဲ့လုံးမှာလည်း ပျော်တပြုံးပြုံး ဖြစ်ရတော့သည်။

ကိုယ့်တိုင်းပြည်ထဲက ဝေးလံခေါင်ဖျား ကမ်းရိုးတန်းကျေးရွာလေးတွေ လျှပ်စစ်မီးထိန်ထိန်ညီး နေတာ မြင်ရသည့်ပီတိ၊ ဦးစီးဌာန၏ ပင်မတာဝန်ဖြစ်သော ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ဆိုသကဲ့သို့ အထောက်အပံ့ ကောင်းဖြစ်နေသည်ကို မျက်ဝါးထင်ထင် မြင်ရသည့် ပီတိ...ဤပီတိက ဘယ်အရာနှင့်မျှ နှိုင်းဆ၍မရသည်အထိ။

စာရေးသူတို့မှာတော့ ပီတိကိုစားသုံးရသည့်အခိုက်အတန့်များရှိသကဲ့သို့ စနစ်ချွတ်ယွင်းသံ၊ မီးပျက်သံကြားရ၍ စိတ်နှလုံးမသာမယာဖြစ်ရသည့် အခါများလည်းရှိသည်ပင်။

ယနေ့အချိန်အထိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သည့် အသေးစားဓာတ်အားပေးစနစ်လုပ်ငန်းပေါင်း ၁၄၁ ခုအထိရှိခဲ့ပြီ။ သည်လုပ်ငန်းပေါင်း ၁၄၁ ခုမှ ကျေးရွာပေါင်း ၁၉၀ လျှပ်စစ်မီးဖြန့်ဖြူးပေးနေသည်ဖြစ်ရာ ရေစီးတစ်ခါ ရေသာတစ်လှည့်ဆိုသလို ဝမ်းသာ ကြည်နူးရသည့်အခိုက်အတန့်များရှိသကဲ့သို့ ပူပန်မောပန်းရသည့် အခိုက်အတန့်များလည်းရှိသည်။ လူသားတို့ တည်ဆောက်ဖန်တီးသည့် စနစ်တစ်ခုဖြစ်လေတော့ အားသာချက်များရှိသလို အားနည်းချက်များလည်းရှိသည်။

လုပ်ငန်းလည်ပတ်ကာလ တွေ့ရကြုံရ ကိစ္စအထွေထွေ…

စာရေးသူတို့မှာ ဆောင်ရွက်ဆဲလုပ်ငန်းများ အချိန်မီပြီးစီးအောင်၊ လျာထားလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်အောင် ကြိုးစားကြရသည့်နည်းတူ ဆောင်ရွက်ပြီးလုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်မှု၊ ဓာတ်အားဖြန့်ဖြူးပေးနိုင်မှုအခြေအနေကိုလည်း မျက်ခြည်မပြတ်စောင့်ကြည့် စစ်ဆေးကြရသည်။ သက်ဆိုင်ရာစီမံကိန်းကျေးရွာမှ ကျေးရွာမီးလင်းရေးကော်မတီဝင်များ၊ လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီမှတာဝန်ရှိသူများနှင့် ဦးစီးဌာနမှ မီးလင်းရေးတာဝန်ခံများဖြင့် Viber Group အသီးသီးဖွဲ့ကာ ရွာရှိအခြေအနေကို အချိန်ပြည့် မျက်စိဖွင့် နားစွင့်နေကြရသည်။

“ဘယ်စက်က ဘာချွတ်ယွင်းလို့”၊ “Pre-paid Meter ထဲ ငွေဖြည့်တာ Error တက်လို့” ဆိုသည်မျိုးမှအစ လိုအပ်ချက်ကိုလိုက်၍ နှုတ်၏စောင်မခြင်း၊ လက်၏စောင်မခြင်းကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးကြရသည်။ ကိုယ့်စီမံကိန်းကျေးရွာများတွင် မီးလင်းနေတာမြင်ရ၊ အဆင်ပြေတာကြားရမှ စိတ်အေးချမ်းသာ ရှိကြရသူများပါပင်။

စင်စစ်မူ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ထားရှိသည့် ဆိုလာအသေးစား ဓာတ်အားပေးစနစ်များသည် ဒေသအလိုက် စွမ်းအင်ရရှိမှုအခြေအနေနှင့် ဓာတ်အားလိုအပ်ချက်အပေါ်မူတည်၍ စွမ်းအင်သိုလှောင်စနစ်နှင့် အရန်ဒီဇယ် အင်ဂျင်စနစ် ထည့်သွင်းဆောင်ရွက်ပေးထားခြင်း ဖြစ်သည်။

သို့ရာတွင် လုပ်ငန်းလည်ပတ်ပြီး နှစ်ကာလတစ်ခုကြာမြင့်သည့်အခါ ဘက်ထရီ၏ စွမ်းအင် သိုလှောင်နိုင်စွမ်းမှာ တဖြည်းဖြည်း ကျဆင်းစပြုလာခြင်း၊ ကျေးရွာ၏ စွမ်းအင်သုံးစွဲမှု မြင့်မားလာခြင်းတို့ကြောင့် ၂၄ နာရီပတ်လုံး ဓာတ်အားရရှိနိုင်ရန် မလွယ်ကူတော့ဘဲ ဒီဇယ်အင်ဂျင်ဖြင့် ဖေးကူရသည်များရှိလာသည်ကို တွေ့ရသည်။ ထိုအခါ လုပ်ငန်း စတင်ဆောင်ရွက်စဉ်က စက်သုံးဆီဈေးနှုန်းအရ မူလဓာတ်အားခမှာ တစ်ယူနစ် ကျပ် ၁၀၀ မှ ၅၀၀ အတွင်း၊ အများစုမှာ ကျပ် ၃၀၀၊ ၃၅၀ ခန့်သာ ဖြစ်သော်လည်း ယခုကာလကဲ့သို့ စက်သုံးဆီဈေးနှုန်း မြင့်တက်လာချိန်တွင်မူ ကျေးရွာနှင့်ညှိနှိုင်း၍ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူပြီး ဓာတ်အားခနှုန်းထား တိုးမြှင့်သတ်မှတ်ပေးရသည်များရှိလာသည်။

ဓာတ်အားခ တိုးမြှင့်ရသည့်တိုင် ဒီဇယ်အင်ဂျင်ဖြင့် နာရီများစွာ မောင်းနှင်ပေးရန် မဖြစ်နိုင်သည့် အတွက် နာရီအပိုင်းအခြားဖြင့် မီးပေးရသည်များလည်း ရှိတတ်ပြန်သည်။ အောင်ဘာနှင့် အောင်မြန်မာကျေးရွာတို့တွင်ဆိုလျှင် မူလက ဓာတ်အားခ တစ်ယူနစ် ကျပ် ၃၅၀ ခန့်ဖြစ်သော်လည်း နောက်ပိုင်းတွင် စက်သုံးဆီဈေးနှုန်းကြောင့် ကျပ် ၅၀၀ နှုန်း တိုးမြှင့်ကောက်ခံထားရှိသည်ကို တွေ့ရသည်။ မည်သို့ဆိုစေ တနင်္သာရီတိုင်းဒေသကြီးတွင်မူ ယခုနှုန်းထားမှာ သမမျှတသည့်နှုန်းထားဟု သုံးသပ်ရမည်ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးကျေးလက်မှ ပြုစုခဲ့သည့် စာရင်းအရ ကျေးရွာပေါင်း ၁၃၀၀ ကျော် ရှိသည့်အနက် ၇၇ ရာခိုင်နှုန်းခန့်သည် စာရေးသူတို့ဦးစီးဌာနက ဆောင်ရွက်ပေးသည့် ဆိုလာအသေးစား ဓာတ်အားပေးစနစ်၊ အိမ်သုံးဆိုလာစနစ်များ အပါအဝင် သဘာဝဓာတ်ငွေ့၊ ဒီဇယ်၊ အသေးစား ရေအားလျှပ်စစ်တို့ဖြင့် လျှပ်စစ်မီးရရှိလျက်ရှိကြောင်း သိရသည်။ ဓာတ်အားပေးစနစ်အများစုမှာ ပုဂ္ဂလိကမှ ဆောင်ရွက်ခြင်းဖြစ်ပြီး ဓာတ်အားခ ကျပ် ၄၉၀ မှ ၁၅၉၉ ကျပ်ဝန်းကျင် ကောက်ခံလျက်ရှိကြောင်း တွေ့ရသည်။ သဘာဝဓာတ်ငွေ့ဖြင့် ဓာတ်အားပေးသည့်စနစ်မှာ ဓာတ်အားခ အသက်သာဆုံးဖြစ်ပြီး ထားဝယ်ခရိုင်တစ်ခုလုံးကို သဘာဝဓာတ်ငွေ့ဖြင့် ဓာတ်အားပေးလျက်ရှိသည်ကို တွေ့ရှိရပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့်မူ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၄၂ ရွာအတွက် ဆိုလာအသေးစားဓာတ်အားပေးလုပ်ငန်းပေါင်း ၃၈ ခုနှင့် ကျေးရွာ ပေါင်း ၅၃၁ ရွာတွင် အိမ်သုံးဆိုလာစနစ်များ ဆောင်ရွက်ထားရှိပါသည်။

မီးမရရှိသေးသည့်ကျေးရွာပေါင်း ၂၉၀ ကျော်နှင့် အိမ်သုံးဆိုလာစနစ်ကို အဓိကအားပြုနေရသော ကျေးရွာများအတွက် စဉ်းစားကြရပါဦးမည်။ စာရေးသူမှာ လူကသာ အောင်ဘာကျေးရွာတွင် ရှိနေသည်၊ စိတ်အစဉ်တစ်ခုလုံးက လမ်းတစ်လျှောက် တွေ့မြင်ခဲ့ရသည့် မီးမရရှိသေးသော ကျေးရွာလေးတွေဆီ ပြေးလွှားရောက်ရှိနေသည်။ မဟာဓာတ်အားလိုင်းပြင်ပ ဧရိယာအတွင်း၌ပင် မီးလင်းရန် ကျန်ကျေးရွာပေါင်း ၁၀၀၀၀ ကျော် ကျန်ရှိနေပါသေးသည်။

နောက်ရက်တွင် အောင်ဘာနှင့် မနီးမဝေးရှိ ဘာလိအော်ကျေးရွာသို့ သွားဖြစ်ခဲ့သည်။ ဘာလိအော်တွင်လည်း စာရေးသူတို့ဦးစီးဌာနက ဆောင်ရွက်ပေးခဲ့သည့် ဆိုလာအသေးစားဓာတ်အားပေးစနစ်ရှိသည်။ လျှပ်စစ်မီးသုံးစွဲမှုနှုန်း မြင့်မားသည်ကို အားရဖွယ် တွေ့မြင်ရသည်။ ထိုသို့ ဓာတ်အားသုံးစွဲမှု မြင့်မားခြင်းကြောင့်လည်း အောင်ဘာနှင့် ဘာလိအော် နှစ်ရွာလုံးရှိ ဓာတ်အားပေးစနစ်များကို တပ်ဆင်စွမ်းအားတိုးမြှင့်ဆောင်ရွက်ပေးခဲ့ပြီး ဘဏ္ဍာငွေရရှိမှု အခြေအနေအရ အောင်မြန်မာကျေးရွာကိုတော့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင်မှ တပ်ဆင်စွမ်းအားတိုးမြှင့်ပေးရန် ထည့်သွင်းလျာထားခဲ့ရသည်။ ဤကျေးရွာများကဲ့သို့ပင် တပ်ဆင်စွမ်းအား တိုးမြှင့်ပေးရန် လိုအပ်နေသည့်ကျေးရွာများ များစွာကျန်ရှိနေပါသေးသည်။ ဓာတ်အားမလုံလောက်သည့်ကျေးရွာများကို လုံလောက်သည်အထိ ဖြည့်ဆည်းပေးရန် လိုအပ်နေသကဲ့သို့ လုံးဝမီးမရရှိသေးသည့် ကျေးရွာလေးများ မီးရရှိအောင် ဆောင်ရွက်ပေးရန်လည်း လိုအပ်ပြန်ပါသည်။ လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်သည်နှင့်အမျှ ရန်ပုံငွေလိုအပ်ချက် ကလည်းကြီးမားပါသည်။ ထို့ပြင် လမ်းပန်းဆက်သွယ်ရေးအခြေအနေကလည်း မဖြစ်မနေထည့်သွင်း စဉ်းစားရသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပြန်သည်။

ဤခရီး…နီးဖို့ရာ

နိုင်ငံ၏ မြေမျက်နှာသွင်ပြင် အနေအထားအရ ဓာတ်အားလိုင်းများမဆိုထားနှင့်… လူပင်လျှင် ဒေသတစ်ခုနှင့်တစ်ခု ကူးလူးယှက်နွှယ်သွားလာရေးမှာ အချိန်များစွာ ပေးနေရဆဲဖြစ်သည်။ စင်ကာပူနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်အတွက် စာရေးသူက Liaison အဖြစ် အစည်းအဝေးတစ်ခုတွင် တာဝန်ယူခဲ့ရဖူးသည်။ သူနှင့် စကားစမြည်ပြောဖြစ်ရင်း လမ်းပန်းဆက်သွယ်ရေးအကြောင်းပြောဖြစ်တော့ သူက “မင်းတို့နိုင်ငံရဲ့ မြေမျက်နှာ သွင်ပြင်အနေအထားက တစ်နေရာနဲ့တစ်နေရာ အချိန်တိုအတွင်း ရောက်ဖို့ခက်တယ်။ လေကြောင်းနဲ့မှ အဆင်ပြေမှာ၊ လေကြောင်းနဲ့သာ တစ်နိုင်ငံလုံးအနှံ့ သွားလို့ရအောင်လုပ်နိုင်ရင် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးလာမှာ၊ နိုင်ငံလည်း တိုးတက်လာမှာ” ဟု ပြောခဲ့ဖူးတာ သတိရသည်။ ယခုအချိန်အထိလည်း အချိန်နှစ်ရက်၊ သုံးရက်မကပေးမှ ရောက်နိုင်သည့် ဒေသများရှိနေဆဲ။

လူပင်လျှင် အချိန်တိုအတွင်း ရောက်ဖို့ခက်သည့် ဝေးလံခေါင်ဖျားဒေသများရှိ ကျေးရွာများအဖို့ မဟာဓာတ်အားလိုင်းရောက်ရှိသည်အထိ စောင့်ဆိုင်းနေရမည်ဆိုလျှင် အစစအရာရာ နောက်ကျကျန်ရစ်ခဲ့ပေလိမ့်မည်။ ထိုကဲ့သို့သော မဟာဓာတ်အားလိုင်းနှင့် ၁၀ မိုင်အထက်ဝေးကွာသည့် ဝေးလံခေါင်ဖျား ကျေးရွာများ၊ နောင် ၁၀ နှစ်/ ၁၅ နှစ်အတွင်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးမရရှိနိုင်သည့် ကျေးရွာများအတွက် မဟာဓာတ်အားလိုင်းပြင်ပ စနစ် ကျေးလက်မီးလင်းရေးလုပ်ငန်များကို မဟာဓာတ်အားလိုင်း မရောက်မီကြားကာလအတွင်း အကြိုမီးလင်းရေးစနစ်ကို စာရေးသူတို့ဦးစီးဌာနက ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ လက်ရှိအချိန်အထိ မဟာဓာတ်အားလိုင်းပြင်ပဧရိယာ၏ ၄၁ ဒသမ ၂၅ ရာခိုင်နှုန်းခန့် လွှမ်းခြုံနိုင်ခဲ့ပြီဖြစ်သည်။ ကျန်ကျေးရွာများအတွက် ဆက်၍ကြိုးစားပေးကြရပါဦးမည်။ သို့သော်… အချိန်တိုအတွင်း လွှမ်းခြုံနိုင်ရန်မှာမူ မလွယ်ကူပါချေ။

ဘဏ္ဍာငွေအရင်းအမြစ် များစွာလိုအပ်သည့်အပြင် သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လည်း လိုအပ်ပါသည်။ ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းပါဝင်မှု၊ ရင်းနှီးမြှုပ်နှံမှု တိုးမြင့်လာစေရေးသည် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်သည့်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ဆွဲဆောင်နိုင်မည့် မူဝါဒ၊ စည်းမျဉ်းများချမှတ်ပေးရန်နှင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံသူလုပ်ငန်း ရှင်များအတွက် အခွင့်အလမ်းကောင်းများ ဖန်တီးပေးရန်လည်း လိုအပ်မည်ဖြစ်ပါသည်။

အကြိုမီးလင်းရေးစနစ်ဆိုသော်ငြား အသေးစားဓာတ်အားပေးစနစ်ဟူသည် ဆေးမြီးတိုမျှသာ မဟုတ်ဘဲ ကျေးလက်လူမှုစီးပွားမြင့်မားရေး အပါအဝင် ကျေးလက်ဒေသရေရှည်ဖွံ့ဖြိုးရေးကို အထောက်အကူပြုသည့်အပြင် မဟာဓာတ်အားလိုင်း ရောက်ရှိလာပါကလည်း ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်သည့်အတွက် အသေးစားဓာတ်အားစနစ်များ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်လျှင်မူ လျှပ်စစ်မီးရရှိရန် ငံ့လင့်စောင့်ဆိုင်းနေရသော ကျေးရွာများအတွက် ဤခရီးသည် အဝေးကြီးမဟုတ်တော့ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။          ။