သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဖြင့် ချစ်သောကမ္ဘာမြေကို ကယ်တင်ကြမည်
လင်းလင်း
စာပေဟောပြောပွဲတစ်ခုမှ နားထောင်ခဲ့ရတာတစ်ခုကို ပြန်လည်မျှဝေချင်ပါသည်။ နားထဲစွဲမြဲခဲ့ပြီး ယနေ့ တိုင်မှတ်သားမိနေခြင်းလည်းဖြစ်သည်။ တစ်ခါက ရွာတစ်ရွာမှာ ဖိုးထောင်ဆိုသည့် အသက်၂၀ ဝန်းကျင် လူငယ်တစ်ဦးနေထိုင်သည်။ ဖိုးထောင်က မိဘမရှိ၊ ပညာမတတ်။ ဆင်းရဲသည်မှာ ခါးတွင်ဝတ်ထားသည့် အဝတ်အထည်အပြင်အပိုမရှိ။ ဓားမတိုလေးတစ် ချောင်းသာပိုင်ပြီး ရွာထိပ်ကအကြော်ဖိုတဲတွင် အိပ်ရသည်။ ထင်းခုတ်၍ အကြော်သည်ထံသွင်းရပြီး အကြော်သည်ကပေးသည့် ထမင်းကြမ်းခဲနှင့်အကြော်ကိုစားကာ အသက်ဆက်နေရသည်။ ထင်းသွားခုတ် အကြော်သည်ထံတွင်ရောင်းရင်း ဖိုးထောင်အသက်ရှင်သန်ခဲ့ရသည်။
ရက်၊လ၊နှစ်ကြာလာသည်နှင့်အမျှ ရွာနီးဝန်းကျင်တွင် ခုတ်စရာထင်းရှားပါးလာသည့်အတွက် ရွာနှင့်ဝေးသည့် တောအုပ်စိမ်းစိမ်းညို့ညို့ဆီသွားရန် ဖိုးထောင်ကြံစည်ရတော့သည်။ တောခြေရောက်သည့်အခါ သစ်ပင်တစ်ပင်ကို သွားတွေ့သည်။ သစ်ပင်ကဖြောင့် တန်းနေပြီး လုံးပတ်ကလည်းအတော်အသင့်ကြီးလေရာ ဖိုးထောင်၏စိတ်ကြိုက်ဖြစ်သည်။ “ပွတာပဲ၊ ဒီအပင်ဆိုရင်ထင်းအများကြီးရမယ်။ ပိုက်ဆံအများကြီးရမယ်” ဟုတွေးကာ ဓားမကို ထုတ်၊ ထင်းခုတ်တော့သည်။
ကျွန်းတစ်ပင်ခုတ်ထောင် ၁၀ နှစ်
ထိုအချိန်တွင် ယူနီဖောင်းဝတ်ထားသည့် လူတစ်ဦးရောက်လာသည်။ “ဟေ့ မင်းဒါဘာလုပ်တာလဲ” ဟု ထိုလူကမေးသောအခါ “ ထင်းခုတ်နေ တာပါ” ဟု ဖိုးထောင်ကပြန်ပြောသည်။ “မင်းတော့ ပြဿနာတက်တော့မယ်။ ဒါဘာပင်မှတ်နေလဲ ဒါကျွန်းပင်ကွ။ နိုင်ငံတော်ကပိုင်တယ်။ တရားဥပဒေပြဋ္ဌာန်းထားတယ်။ ကျွန်းတစ်ပင်ခုတ်ထောင် ၁၀နှစ် တဲ့။ ဒီအပင်ကိုမင်းခုတ်ရင် ထောင် ၁၀ နှစ်ကျတော့ မယ်” ဟု ယူနီဖောင်းဝတ်ထားသူကပြောသည်။
ထိုစကားကိုကြားသောအခါ ဖိုးထောင်ချွေးပြန် သွားပြီးစဉ်းစားတော့သည်။ “ဒါကဘာပင်လဲ။ ဘာကြောင့် ဒီအပင်ကို ခုတ်တာနဲ့ ပြဿနာတက်ရမှာလဲ။ ရွာကသာအေးလူသတ်တာ ခုနစ်နှစ်ကျတယ်ကြားဖူးတယ်။ ဒီအပင်ခုတ်တာ ၁၀ နှစ်ဆိုတော့ အခုဒီလူကို ပိုင်းလိုက်ရင် သုံးနှစ်သက်သာမယ်ဆိုပြီး ဓါးမတိုနှင့် ပိုင်းလိုက်ပါလေရော” ထောင်ဒဏ်သက်သာ ချင်ဇောနဲ့လူသတ်လိုက်တဲ့ ဖိုးထောင်တစ်ယောက်လူသတ်မှုနဲ့ သစ်ပင်ခုတ်မှုပြစ်ဒဏ်နှစ်ရပ်ပေါင်း ထောင်ဒဏ် ၁၇ နှစ်ကျသွားခဲ့သည်။ မယုံရင်ပုံပြင်မှတ်ဟု ဆိုကြသော်လည်း ဒီဇာတ်လမ်းတိုလေးက ဟောပြောသူစာရေးဆရာ၏ စာပေဉာဏ်ရင့်သန်မှု၊ စကားစွမ်းရည်အာဝဇ္ဇန်းနှင့် ပေါင်းစပ်လိုက်သည့် အခါ စိတ်နှလုံးသားထဲအထိရောက်ရှိပြီး သံမှိုစွဲသလို ထင်ကျန်ရစ်တော့သည်။
ဤဇာတ်လမ်းတွင် ဘယ်သူ့ကိုသနားရမလဲ။ မသိမှုအဝိဇ္ဇာ၏ ကြောက်စရာကောင်းလှပုံကို တွေးတောမိသည်။ စီးပွားရေးအတွက် ဈေးကွက်ဝင်အပင်တစ်မျိုး၊ ထူးခြားပြီး တန်ဖိုးအရှိဆုံးကျွန်းပင်ဆိုသည်ကို ဖိုးထောင်တစ်ယောက်နားမလည်နိုင် ရှာပါ။
မြန်မာနိုင်ငံ၏ ရေမြေရာသီဥတုသည် ပထမတန်း ကျွန်းပင်များ ပေါက်ရောက်ရှင်သန်လေ့ရှိ
ကမ္ဘာပေါ်တွင် ကျွန်းပင်တို့ သဘာဝအလျောက် ပေါက်ရောက်သည့် နိုင်ငံအနည်းငယ်သာရှိပြီး မြန်မာနိုင်ငံ၏ ရေမြေရာသီဥတုသည် ကမ္ဘာ့ဈေးကွက်၏ အကြိုက်အကောင်းဆုံးသော ပထမတန်းကျွန်းပင်များ ပေါက်ရောက်ရှင်သန်လေ့ရှိကြောင်း၊ သဘာဝအရည်အသွေး၊ ထူးခြားလှသည့်ဂုဏ်အင်တို့နှင့် ပြည့်စုံသော ဈေးကွက်ဝင်ရောင်းပန်းလှသည့် မြန်မာ့ကျွန်းသစ်၏ တန်ဖိုးကို ပညာမရှိ၊ ဗဟုသုတနည်းပါးလှသည့် ဖိုးထောင်မသိနိုင်ခဲ့။
“တောပင်ကိုတော်တော်ခုတ်ကြပါ့၊ တောပြုတ်လိမ့် နောက်နောင်။ တောခုတ်လို့တောပြောင် မိုးခေါင်တော့မှာပဲ။ မိုးခေါင်လို့ ရေမကြွယ် သဲပင်လယ်ဖြစ်လိမ့်မလွဲ” ဟု ဆရာဇော်ဂျီက သစ်ပင်သစ်တောတို့ကို မဆင်မခြင်ထုတ်ယူသုံးစွဲမှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာနိုင်ပုံနှင့် ဆက်စပ်၍ သတိပေးရေးသားထားသည့် ကဗျာမှာ အမြဲနားရည်ဝကာ ထင်ရှားလှသည်။
သစ်တောဖုံးလွှမ်းမှုဆန်းစစ်လေ့လာ
၂၀၂၅ ခုနှစ် သစ်တောဖုံးလွှမ်းမှုဆန်းစစ်လေ့လာ သုံးသပ်ချက်များအရ မြန်မာနိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၅ ရာခိုင်နှုန်းသည် သစ်တောဖုံးလွှမ်းနေပြီး မတူကွဲပြားသော ဂေဟစနစ်အမျိုးမျိုးတွင် သစ်တောအမျိုးအစားစုံလင်စွာ ပေါက်ရောက်ရှင်သန်နိုင်သည်။ ကျွန်း၊ ပျဉ်းကတိုး၊ တမလန်း၊ ရှား၊ ပိတောက်၊ ကညင်နှင့် ထင်းရှုးစသည့်အဖိုး တန်သစ်မျိုးများ၊ ဝါး၊ ကြိမ် စသည့်သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများလည်း ပေါက်ရောက်သည်။
သစ်တောသယံဇာတ အလွန်ကြွယ်ဝပြီး မြန်မာနိုင်ငံမြောက်ဖျားမှသည် တောင်ဖျားအထိ အအေးပိုင်းသစ်တောများ၊ ရွက်ပြတ်ရောနှောတောများ၊ အပူပိုင်းသစ်တောများ၊ အမြဲစိမ်းတော၊ တောင်ပေါ်တော၊ ဒီရေတာနှင့် ရွှံ့နွံတောများစုံလင် စွာတည်ရှိသည်။
အပင်မျိုးစိတ်ပေါင်း ၁၁၈၂၄၊ နို့တိုက်သတ္တဝါ မျိုးစိတ် ၂ ၅၈၊ ငှက်မျိုးစိတ် ၁၀၉၈၊ လိပ်ပြာမျိုးစိတ် ၁၂၀၀၊ မရေချိုငါးမျိုးစိတ် ၅၂၀၊ သန္တာမျိုးစိတ် ၁၃၂၊ ဝါးမျိုးစိတ် ၁၀၂ မျိုးနှင့် ဆေးဖက်ဝင်အပင်မျိုး စိတ်ပေါင်း ၁၅၄၀ တို့ ရှင်သန်လျက်ရှိကြောင်း မှတ်တမ်းများတွင် တွေ့ရသည်။
မြန်မာ့သစ်တောများမှ ထွက်ရှိသည့် အပင်မျိုးစိတ်များ၏အမြစ်၊ အခေါက်၊ အနွယ်၊ မြက်၊ အစေ့၊ အဖူး၊ သစ်ဥသစ်ဖု၊ အဆီနှင့်အစေး၊ အမွှေးနံ့သာ၊ ဆိုးဆေး၊ တောရိုင်းတိရစ္ဆာန်၏ အစိတ်အပိုင်းများ၊ လျှော်၊ ဆေးဖက်ဝင်ငှက်သိုက်၊ လင်းနို့ချေး၊ ချိပ်၊ သစ်ခွ၊ မှိုအစရှိသည့် သစ်မဟုတ်သောသစ်တော ထွက်ပစ္စည်းများသည် ဒေသခံပြည်သူများအတွက် ဝင်ငွေရရှိရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖြစ်သည်။
သစ်တောများသည် ကမ္ဘာ့ကုန်းနေဇီဝမျိုးစုံ မျိုးကွဲ ၈၀ ရာခိုင်နှုန်း၏ ခိုလှုံရာလည်းဖြစ်သည်။ ကမ္ဘာ့လူဦးရေ၏ ၁ ဒသမ ၆ ဘီလီယံခန့်သည် အစားအစာ၊ ဆေးဝါး၊ စွမ်းအင်နှင့် ဝင်ငွေအတွက် သစ်တောများကို တိုက်ရိုက်မှီခိုလျက်ရှိပြီး လူဦးရေ ၃၃ သန်းအတွက် အလုပ်အကိုင်များ ဖန်တီးပေးထားနိုင်ကြောင်း သိရသည်။
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအတွက်အရေးပါသည့် အရင်းအမြစ်သစ်ပင်သစ်တောတို့ကို ထိန်းသိမ်းကာကွယ်ရမည်။ သစ်ပင်သစ်တောများသည် ဇီဝမျိုးစုံမျိုးကွဲများနေထိုင်ကျက်စားရာ မူရင်းဒေသဖြစ်သဖြင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းခြင်းသည် သဘာဝ ပတ်ဝန်းကျင်ဂေဟစနစ်ကို မယိုယွင်းမပျက်စီးအောင် စောင့်ရှောက်ခြင်းလည်းဖြစ်သည်။
သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၏အကျိုးဆက်
ယနေ့အချိန်တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု၏ အကျိုးဆက်အဖြစ် ကမ္ဘာတစ်ဝန်းငလျင်လှုပ်ခတ်မှုများကို ခပ်စိတ်စိတ်ကြားသိလာရသည်။ မြန်မာနိုင်ငံသည်လည်း ပြီးခဲ့သည့်နှစ် မတ်လ ၂၈ ရက်တွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီး၏ ဒဏ်ကို ခါးသီးစွာခံစားခဲ့ရသည်။
ငလျင်ဘေးကဲ့သို့ပင် ရေကြီးခြင်းနှင့် မုန်တိုင်းတိုက်ခတ်ခြင်းစသည့် သဘာဝဘေးအန္တရာယ် များကိုလည်း မကြာခဏ ရင်ဆိုင်ကြုံတွေ့လာရသည်။ ဖန်လုံအိမ်ဓာတ်ငွေ့များ လေထုထဲတွင် လိုသည်ထက်ပိုမိုများပြားလာသည့် အကျိုးဆက်အဖြစ် ကမ္ဘာကြီးပူနွေးလာခြင်း၊ အပူချိန်မြင့်တက်လာခြင်းများကို ခံစားကြရသည်။
အလားတူ လေထုညစ်ညမ်းမှုကြောင့် ရောဂါကပ်ဘေးများကို ရင်ဆိုင်ကြုံတွေ့လာရပြီး ကျန်းမာ ရေးထိခိုက်ခြင်း၊ သေဆုံးမှုနှုန်းမြင့်တက်လာခြင်းများအထိ သက်ရောက်လာသည်။ ထို့ပြင် ရာသီဥတုပြောင်းလဲမှု၊ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးလာမှုတို့သည် ငတ်မွတ်ခေါင်း ပါးမှု၊ ဆင်းရဲမွဲတေမှုနှင့် စားရေရိက္ခာမလုံလောက်မှုများသို့ ဦးတည်စေသည်။
သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွင် သဘာဝကြောင့်ဖြစ်ရခြင်းသည် ၁၀ ရာခိုင်နှုန်းခန့်သာဖြစ်ပြီး လူသားတို့၏ ပယောဂကြောင့်ဖြစ်ရခြင်းသည် ၉ဝ ရာခိုင်နှုန်းဖြစ်ကြောင်း အချက်အလက်များက ဖော်ပြထားသည်။ သို့အတွက် လူသားတို့၏ အသိ၊ သတိ၊ ဆောင်ရွက်လိုမှု၊ ဆောင်ရွက်တတ်မှု သတိတမံပညာဉာဏ်ဖြင့် တတ်နိုင်သမျှ ထိန်းသိမ်းစောင့်ရှောက်ကြရမည်။
မြန်မာ့သစ်တောများ၏ ကာဗွန်စုပ်ယူနိုင်စွမ်းသည် လက်ရှိအနေအထားမှာပင် ကမ္ဘာ့နိုင်ငံအများ အပြားထက်သာလွန်နေဆဲဖြစ်သော်လည်း ထိုအခြေအနေမှ ယုတ်လျော့မသွားစေရန်လိုအပ်သော ကြိုတင်ပြင်ဆင်များကို ဆောင်ရွက်ကြရမည်ဖြစ်သည်။
ဥပဒေများအားကောင်းစေရေးဆောင်ရွက်
ဂေဟစနစ်ကောင်းမွန်စေရန် သစ်တောများ ပြန်လည်စိုက်ပျိုးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆောင်ရွက်ခြင်း၊ မြေ၊ ရေ၊ လေထုညစ်ညမ်းမှု လျှော့ချနိုင်ရေးအစီအမံများချမှတ်ခြင်း၊ ရေရှည်တည်တံ့သောစိုက်ပျိုးရေး၊ စီးပွားရေးလုပ်ငန်းများ အားပေးခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေများ အားကောင်းစေရေးဆောင်ရွက်ခြင်းတို့သည် မဖြစ်မနေလုပ်ဆောင်သင့်သည့် အချက်များဖြစ်သည်။
သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကောင်းမွန်ခြင်းသည် ရာသီဥတုကို ညီညွတ်မျှတစေသည်။ သစ်တောများ၊ တောတောင်ရေမြေတို့သည် မိုးရေကို စုပ်ယူသိုလှောင်ကာ မြစ်၊ ချောင်း၊ အင်းအိုင်များကို ရေအဆက်မပြတ် ဖြည့်တင်းပေးသည်။ သီးနှံပိုးမွှားများကို သဘာဝအတိုင်း ထိန်းညှိပေးပြီး မြေဆီဩဇာပြည့်ဝသည့်အတွက် ကောက်ပဲသီးနှံတို့ အောင်မြင်ဖြစ်ထွန်းကာ စားရေရိက္ခာပြည့်စုံစေသည်။ သစ်ပင်ပန်းပင်တို့သည် ရာသီအလိုက် ဖူးချိန်တန်ဖူး၊ ပွင့်ချိန်တန်ပွင့်ကြပြီး ရာသီဥတုစက်ဝန်းကို မှန်စွာအကျိုးပြုစေနိုင်သည်။
သစ်ပင်ပန်းမန်များသည် ကာဗွန်ဒိုင်အောက် ဆိုဒ်ကိုစုပ်ယူကာ အောက်ဆီဂျင်ထုတ်လွှတ်ပေးသလို၊ လေထုထဲရှိဖုန်မှုန့်နှင့် အဆိပ်သင့်ဓာတ်ငွေ့များကိုလည်း စစ်ထုတ်သန့်စင်ပေးနိုင်သည့်အတွက် ကျန်းမာရေးကို အထောက်အကူပြုစေသည်။
ဂေဟစနစ်ကောင်းမွန်ခြင်းသည် လူသားတို့၏ ရှင်သန်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကမ္ဘာကြီး၏ရေရှည် တည်တံ့မှုအတွက် အဓိကသော့ချက်ဖြစ်သည်။ ဂေဟစနစ်ကောင်းမွန်သောဒေသများသည် သဘာဝအခြေခံခရီးသွားလုပ်ငန်း (Eco-tourism) ကို ဖွံ့ဖြိုးစေပြီး ဒေသခံများအတွက် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည်။
သစ်ပင်၊ ပန်းပင်များမြတ်နိုးတတ်ရန် ငယ်စဉ်ကပင် ပျိုးထောင်ကြရမည်
သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကောင်းမွန်ခြင်းသည် စားရေရိက္ခာ၊ ကျန်းမာရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေးအထိသက်ရောက်စေပြီး လူ့အဖွဲ့အစည်းအတွက်အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးနိုင်ရာ လူသားတိုင်းတွင် ဖိုးထောင်ကဲ့သို့ အတွေးအခေါ်များ မတိမ်းချော်ရအောင် သစ်ပင်၊ ပန်းပင်၊ ရေမြေတောတောင်များကို မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပြည့်ဝစေရန် ငယ်စဉ်ကပင် ပျိုးထောင်ကြရမည်ဖြစ်သည်။
သို့မှသာလူသားတို့၏ ပယောဂကြောင့်ယိုယွင်းပျက်စီးစပြုလာသည့် ကမ္ဘာမြေကြီးကိုကယ်တင်ပြီး သဘာဝအရင်းအမြစ်များက ထိန်းသိမ်းခြင်းဖြင့် ပြုပြင်ကုစားကာ မိမိတို့၏သားသမီးမြေးမြစ်၊ အနာဂတ်မျိုးဆက်သစ်များလက်ထက်တွင် သာယာလှပသည့် သဘာဝပတ်ဝန်းကျင်၊ ကျန်းမာသည့် ကမ္ဘာမြေ၊ ပျော်ရွှင်စရာလူ့အဖွဲ့အစည်းကို ဖန်တီးလိုက်ကြရအောင်ဟု တိုက်တွန်းလိုပါသည်။ ။
