Skip to main content

ပို့ကုန်နှစ်ဆတိုးမြှင့်ဖို့ တန်ဖိုးမြင့်ရေထွက်ကုန်များ တိုးထုတ်စို့

ဒေါက်တာ တိုးနန္ဒာတင်

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ရေလုပ်ငန်းကဏ္ဍသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ နိုင်ငံတော်၏ GDP သည်လည်း တိုးတက်လာမည့်အပြင် နိုင်ငံတော်၏စားရေရိက္ခာဖူလုံ‌ရေးနှင့် နိုင်ငံခြားငွေလိုအပ်ချက်ကို အ‌ထောက်အပံ့ပြုနိုင်မည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်နှင့် သက်ဆိုင်ရာအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ ညှိနှိုင်းဆောင်ရွက်ရန် အထူးလိုအပ်လာပါသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ကို ၁၉၉၈ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ အဖွဲ့ချုပ်ဦးဆောင်မှုအောက်တွင် လုပ်ငန်းဆိုင်ရာ အသင်း ၁၀ သင်း၊ တိုင်းဒေသကြီး/ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ၁၄ သင်း၊ ခရိုင်ငါးလုပ်ငန်း အဖွဲ့ချုပ် ၂၆ သင်းနှင့် မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ် ၆၃ သင်းတို့ ရှိပါသည်။

ရေလုပ်ငန်းကဏ္ဍတိုးတက်ရေးတွင် နိုင်ငံတကာ၌ ဖမ်းဆီးရေးကို လျှော့ချပြီး မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နေကြပြီဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ‌ရေထွက်ကုန်များ မွေးမြူထုတ်လုပ်မှုတွင် မည်သို့စီမံဆောင်ရွက်ရမည်ကို ဦးစားပေးစဉ်းစားရမည့်အချိန်အခါသို့ ရောက်ရှိ နေပြီ ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ကမ်းရိုးတန်းအရှည်သည် ၂၈၃၂ ကီလိုမီတာ ရှည်လျားပြီး ကျွန်းပေါင်း ၈၀၀ ‌ကျော် ရှိသည့် မြိတ်ကျွန်းစုတွင် ရေချို၊ ရေငန်သဘာဝသယံဇာတကြွယ်ဝမှုကြောင့် ရေလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် အခွင့်အလမ်းများစွာအသင့်ရှိနေသည်။ မြန်မာနိုင်ငံ၏ ရေချို အရင်းအမြစ်များဖြစ်သည့် ကီလိုမီတာ ၂၁၇၀ ရှည်လျားသည့် ဧရာဝတီမြစ်၊ ၁၂၇၄ ကီလိုမီတာ ရှည်လျားသည့် သံလွင်မြစ်၊ ကီလိုမီတာ ၉၆၀ ရှည်လျားသည် ချင်းတွင်းမြစ်နှင့် ၂၉၄ မီတာ ရှည်လျားသော စစ်တောင်းမြစ်တို့သည် ရေချိုသုံးစွဲမှုကို ဖူလုံစေပြီး အဆိုပါ ရေချိုအရင်းအမြစ်များက ရေချိုမွေးမြူထုတ်လုပ်ရေးကဏ္ဍ၏ ပင်မအသက်သွေးကြောများဖြစ်၍ ရေလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာလုပ်ဆောင်နိုင်သော အခွင့်အလမ်းများ ရှိနေသည်။

ရေချို၊ ရေငန်မွေးမြူရေးကဏ္ဍတွင် အရေးကြီးဆုံးမှာ မျိုးငါးနှင့် မျိုးပုစွန်ကဏ္ဍဖြစ်၍ မျိုးကောင်းမှသာ မျိုးစိတ်များ ကျန်းမာသန်စွမ်းခံနိုင်ရည်ရှိမည်ဖြစ်ကာ ကြီးထွားမှုကောင်းသော သားပေါက်များကို ရရှိနိုင်မည်ဖြစ်သည်။ မျိုးကောင်း၊ မျိုးသန့်ထုတ်လုပ်နိုင်မည့် ပထမဆုံးခြေလှမ်းမှာ မျိုးဗီဇပညာနှင့်ဆိုင်သောပညာရပ်(Genetic engineer-ing)ကို သက်ဆိုင်ရာ မွေးမြူရေးတက္ကသိုလ်များ၊ ရန်ကုန်တက္ကသိုလ် ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးပညာ သတ္တဗေဒဌာနနှင့် ငါးလုပ်ငန်းသိပ္ပံ ကျောင်းများတွင် သင်ကြားပို့ချပေးရန် လိုအပ်မည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာဈေးကွက်မှ လိုအပ်သော ရေသတ္တဝါများကို ထုတ်လုပ်နိုင်မှသာ စီးပွားဖြစ်မည်ဖြစ်၍ နိုင်ငံတကာဈေးကွက်ကို အမြဲမပြတ်လေ့လာရန် လိုအပ်မည်ဖြစ်သည်။

ရေချို၊ ရေငန်မွေးမြူရေးတွင် အဓိကလိုအပ်ချက်မှာ အစာဖြစ်သည်။ ထို့ကြောင့် လယ်ယာစိုက်ပျိုးရေးမှ ထွက်ရှိသည့် ဖွဲ၊ ဆန်ကွဲ၊ ပဲဖတ်၊ နှမ်းဖတ်နှင့် ပဲပုတ်ဖတ် စသည့်ကုန်ကြမ်းပစ္စည်းများ လစဉ် မည်မျှထွက်သည်ကို သိရှိရန်လိုမည်ဖြစ်သည်။ ငါး၊ ပုစွန် မွေးမြူရေးကဏ္ဍတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍပူးပေါင်း၍ Data Based System တစ်ခုကို မဖြစ်မနေထူထောင်ရမည်ဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍမှ ထွက်ရှိသည့် ဘေးထွက်ပစ္စည်းများ မည်သည့်လတွင် ရရှိနိုင်မည်ကိုသိလျှင် မွေးမြူရေးအတွက် လိုအပ်သည့်အစာကို တွက်ချက်နိုင်ပြီး လိုအပ်ချက်ရှိပါက မည်မျှဝယ်ယူ တင်သွင်းရမည်ကို သိရှိမည်ဖြစ်သည်။

ငါးမွေးမြူရေးကဏ္ဍသည် နိုင်ငံတော်၏ စားရေရိက္ခာဖူလုံရေးနှင့် ပြည်ပပို့ကုန်အတွက် လွန်စွာအရေးပါ၍ မြန်မာနိုင်ငံ၏ အမျိုးသားမြေအသုံးချ မူဝါဒ(National Land Use Policy)တွင် ငါးမွေးမြူရေးကို ထည့်သွင်းရန် လိုအပ်မည်ဖြစ်သည်။ ဗီယက်နမ်နိုင်ငံတွင် ၂၀၁၃-၂၀၃၀ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာရေးဆွဲရာ၌ ၂၀၁၃ - ၂၀၂၀ အတွင်း ငါးမွေးမြူရေးအတွက် မြေ ၁ ဒသမ ၂ သန်းဟက်တာ (၃ ဒသမ ၀ သန်းဧက) ကို နိုင်ငံတော်မှ ခွဲဝေပိုင်းခြားပေးခဲ့သည်။ ထို့ကြောင့် ဗီယက်နမ်နိုင်ငံ၏ ရေလုပ်ငန်းပို့ကုန်သည် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာသန်း ၁၀၀၀၀ ကျော်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆ - ၂၀၃၀) အကောင်အထည်ဖော် ဆောင်ရွက် မည့်အစီအမံ (၁.၁.၅)တွင် အမျိုးသားမြေအသုံးချမှု မူဝါဒ၌ အခြားရည်ရွယ်ချက်များအတွက် မြေအသုံးချမှု၊ လယ်ယာမြေကို ငါးမွေးမြူရေးလုပ်ငန်းအတွက် အသုံးပြုမှုကိုခွင့်ပြုရန်နှင့် ငါးမွေးမြူရေးလုပ်ငန်းကို လယ်ယာလုပ်ငန်းနည်းတူ တန်းတူညီမျှအခွင့်အရေး ရရှိစေမည့် အစီအမံထည့်သွင်းရေးဆွဲရန် ဆောင်ရွက်ထားပြီးဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်၏ အမျိုးသားမြေအသုံးချမှုဥပဒေတွင် ငါးမွေးမြူရေး လုပ်ငန်းအတွက် မြေဧကမည်မျှကို နိုင်ငံတော်က ခွဲဝေပိုင်းခြားပေးနိုင်မည်ဆိုသည်ကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် လိုအပ်လာမည်ဖြစ်သည်။

ယနေ့ မိမိတို့နိုင်ငံ၏ ရေထွက်ပစ္စည်း ပြည်ပပို့ကုန်အနေဖြင့် ရေငန် ၇၀ ရာခိုင်နှုန်းနှင့် ရေချို ၃၀ ရာခိုင်နှုန်းရှိနေပြီး ရေငန်ထွက်ကုန်အများစုသည် ပင်လယ်ပြင်ဖမ်းဆီးမှုမှ ရရှိခြင်းဖြစ်သည်။ ပင်လယ်ပြင် ငါးသယံဇာတလျော့နည်းလာချိန်တွင် ရေထွက်ကုန်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော် အစိုးရ၊ ပညာရှင်များ၊ အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ ပူးပေါင်း၍ မဟာဗျူဟာရေးဆွဲခြင်းဖြင့် နိုင်ငံအတွက် လိုအပ်ချက်နှင့် နိုင်ငံတကာဈေးကွက် ၏ လိုအပ်ချက်တို့ကို လေ့လာဆန်းစစ်နိုင်မည်ဖြစ်သည်။ ယနေ့ နိုင်ငံတကာဈေးကွက်၌ ကျားပုစွန် နှင့် ပုစွန်ဖြူ၊ ငါးတန်၊ တီလားဗီးယားအပြင် ရေချိုငါး၊ ပုစွန်နှင့် အခြားမျိုးစိတ်များ၊ ရေငန်ပုစွန်မျိုးစိတ်များ၊ ရေငန်မွေးမြူရေး ငါးများ၊ ကျောက်ပုစွန်၊ ခရု၊ ဂုံးအပြင် ရေမှော်များကိုလည်း သဘာဝရေပြင်များ တွင် မွေးမြူရန် ကြိုးပမ်းလာကြသည်။

ယနေ့နိုင်ငံတကာဈေးကွက်၏ အဓိကဈေးကွက်သည် အသင့်ချက်၊ အသင့်စားဈေးကွက်ဖြစ်၍ တန်ဖိုးမြှင့်ရေထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်သည်။ လက်ရှိအသုံးပြုနေသည့် အအေးခန်းနှင့် ပြုပြင်ထုတ်လုပ်မှုစက်ရုံများသည် များသောအားဖြင့် သက်တမ်းကြာမြင့်သည့်စက်ရုံ ၇၀ ရာခိုင်နှုန်း နှင့် စက်ရုံအသစ် ၃၀ ရာခိုင်နှုန်း အသုံးပြု လျက်ရှိရာ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရာ၌ စက်ရုံများအဆင့်မြှင့်တင်ရန် လိုအပ်မည်ဖြစ်သည်။ အဆင့်မြှင့်တင်ရာ၌ လိုအပ်သောစက်ပစ္စည်းများနှင့် တန်ဖိုးမြှင့်ထုတ်ကုန်အတွက် ဖြည့်စွက်ပစ္စည်းများ လွယ်ကူစွာဝယ်ယူတင်သွင်းခွင့်ရရှိရန်နှင့် စက်ပစ္စည်းများ ဝယ်ယူတင်သွင်းရန်အတွက် ချေးငွေရရှိရန် စီစဉ်ဆောင်ရွက်မှုဖြင့် ရေထွက်ကုန်တန်ဖိုးမြှင့် ထုတ်လုပ်မှုလုပ်ငန်း အောင်မြင်မှုကို ရရှိစေမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ငါးမွေးမြူရေးကဏ္ဍတွင် ယခင်က တစ်ဧကလျှင် ငါးသားပေါက်ကောင်ရေ ၂၀၀၀ မှ ၅၀၀၀ မွေးမြူရေးစနစ်မှ ယခုအခါ တစ်ဧကလျှင် ငါးကောင်ရေ ၁၂၀၀၀၀ ခေတ်မီမွေးမြူရေးစနစ် ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်။ ထို့အပြင် ငါးတစ်ကောင်လုံးကို စွန့်ပစ်ပစ္စည်း မကျန်စေဘဲ Zero waste စနစ်ကို စတင်အကောင်အထည်ဖော်နေပြီဖြစ်သည်။ ထိုစနစ်ကို ငါးမွေးတောင်သူနှင့် လုပ်ငန်းရှင်များ ဟန်ချက်ညီညီ ပြောင်းလဲကျင့်သုံးနိုင်ပါက မြန်မာနိုင်ငံ၏ တန်ဖိုးမြှင့်ထုတ်ကုန်ကဏ္ဍသည် ဒေသတွင်းနိုင်ငံများအကြား ဂုဏ်သတင်းသင်းပျံ့လာမည်မှာ အမှန်ဖြစ်သည်။

ထို့အပြင် ရေထွက်ကုန်များအား အသင့်စား (Ready to eat)နှင့် အသင့်ချက် (Ready to cook) အဆင့်အထိ တက်လှမ်းနိုင်ရန် ပြင်ဆင်နေပြီဖြစ်ပါသည်။ ယခုဘဏ္ဍာရေးနှစ်အတွင်း ရေထွက်ကုန်များ နှစ်ဆတိုးမြှင့်ထုတ်လုပ်နိုင်ရန် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ စွမ်းဆောင်မှုဖြင့် နိုင်ငံတော်က မျှော်မှန်းဆောင်ရွက်နေသည့် ထုတ်ကုန်နှစ်ဆတိုးမြှင့်ကြဟူသော လမ်းညွှန်မှု နှင့်အညီ မြန်မာ့ရေထွက်ကုန်ကဏ္ဍကလည်း “ပို့ကုန်နှစ်ဆ တိုးမြှင့်ဖို့ တန်ဖိုးမြင့် ရေထွက်ကုန်များ တိုးထုတ်စို့”ဟု တိုက်တွန်းရေးသားလိုက်ပါသည်။

ဓာတ်ပုံ - မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်