တောင်သူတွေဝင်ငွေတိုးစေဖို့ ဂျုံသီးနှံကို တိုးချဲ့စိုက်ကြစို့
ကိုကျော်စွာ(ကျိုက်ပိ)
ဂျုံသည် ကမ္ဘာ့နိုင်ငံအသီးသီးက စားသုံးကြသော သီးနှံတစ်မျိုးဖြစ်သည်။ ထို့ပြင် လူတို့အဓိကစားသုံးသော သီးနှံသုံးမျိုးရှိပြီးဂျုံမှာ လူအများစားသုံးမှု အများဆုံးသီးနှံသုံးမျိုးအနက် တစ်ခုအပါအဝင် ဖြစ်သည်။
မြန်မာနိုင်ငံတွင်ဂျုံမှာ စပါးသီးနှံပြီးလျှင် ဒုတိယစားသုံးမှု အများဆုံးသီးနှံဖြစ်သည်။ ကုန်ကြမ်းဖြစ်သည့် ဂျုံသီးနှံမှ ဂျုံစေ့ကိုကြိတ်ခွဲ၍ အမှုန့်ဖြစ်အောင်ပြုလုပ်ကာ စားသုံးကြရသည်။ ဂျုံသီးနှံကို ရှေးယခင်ကတည်းက စားသုံးခဲ့ကြောင်းလည်း သိရသည်။ ပြည်တွင်း၌ ဂျုံစားသုံးမှုမှာ နှစ်စဉ်တန်ချိန် ၁ ဒသမ ၅ သိန်းခန့်ရှိပြီး မြန်မာနိုင်ငံမှ နှစ်စဉ်ဂျုံအထွက်နှုန်းမှာ တန်ချိန် ၁ ဒသမ ၂ သိန်း ခန့်ရှိသည်။
ထို့ကြောင့် ပြည်တွင်းဂျုံစားသုံးမှုနှုန်းမှာ မြင့်မားနေပြီး ပြည်တွင်းဂျုံအထွက်နှုန်းအနေဖြင့် နည်းပါးနေသည့်အတွက် နှစ်စဉ်ပြည်ပမှ တန်ချိန်သုံးသောင်းခန့် တင်သွင်းနေရသည်။ ယနေ့အချိန် အထိလည်း ပြည်ပမှ ဂျုံတင်သွင်းမှုမှာ ယခင်ကထက် မြင့်တက်လျက်ရှိနေသည်ကို တွေ့ရသည်။ နိုင်ငံတော်အနေဖြင့် ဂျုံသီးနှံကို တိုးချဲ့စိုက်ပျိုးနိုင်ရန် ချေးငွေများထုတ်ချေးခြင်းဖြင့် ဂျုံသီးနှံစိုက်ပျိုးနိုင်အောင် စီမံကိန်းများချမှတ်ဆောင်ရွက်ပေး လျက်ရှိသည်။
ပြည်ပမှဂျုံတင်သွင်းမှု
ပြည်တွင်းဂျုံစိုက်ပျိုးမှု နည်းသော်လည်း ဂျုံစားသုံးမှုမှာ မြင့်တက်လျက်ရှိရာ နှစ်စဉ်ပြည်ပမှ ဝယ်ယူတင်သွင်းနေရသည်။ ပြည်တွင်းလိုအပ်သောဂျုံကို မိမိနိုင်ငံအတွင်း စိုက်ပျိုးထုတ်လုပ်ပါက ပြည်ပမှဝယ်ယူရသောငွေကြေးနှင့် ကုန်ကျစရိတ် သက်သာမည်ဖြစ်သည်။ နှစ်စဉ် အမေရိကန် ဒေါ်လာသန်းပေါင်းများစွာ ပြည်တွင်းလိုအပ်သည့် ဂျုံစေ့နှင့် ဂျုံမှုန့်များကို ဝယ်ယူတင်သွင်း နေရသည်။ ပြည်ပမှ ဂျုံစေ့ဝယ်ယူမှုမှာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် အနည်းငယ် လျော့နည်းသွားသော်လည်း ဂျုံမှုန့် ဝယ်ယူတင်သွင်းမှုမှာ မြင့်တက်လာကြောင်း တွေ့ရသည်။ ကုန်ကျစရိတ်မှာလည်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၁၆ သန်းအထိရှိသည်။ ပြည်တွင်း၌သာ ဂျုံသီးနှံကို ဖူလုံအောင်တိုးချဲ့ စိုက်ပျိုးပါက ပြည်ပမှတင်သွင်းသည့် ဝယ်လိုအား လျော့နည်းပြီး ကုန်ကျစရိတ်လည်း သက်သာမည် ဖြစ်သည်။
ပြည်တွင်းဂျုံစိုက်ပျိုးထုတ်လုပ်မှု
မြန်မာနိုင်ငံတွင် ဂျုံသီးနှံကို ၁၈၈၈ ခုနှစ်တွင် စတင်စိုက်ပျိုးခဲ့သည်။ ရှမ်းပြည်နယ်(တောင်ပိုင်း) ပွေးလှကျေးရွာအုပ်စုရှိ ကျေးရွာငါးရွာတွင် စမ်းသပ်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် ညောင်ကွဲ၊ ရပ်စောက်၊ ညောင်မွန်၊ သထုံ၊ ပင်းတယတို့တွင်လည်း စမ်းသပ်စိုက်ပျိုးခဲ့သည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မုံရွာခရိုင်တို့တွင်လည်း စိုက်ပျိုးရာအောင်မြင်ဖြစ်ထွန်းသည့်အတွက် တဖြည်းဖြည်းနှင့် တိုးချဲ့စိုက်ပျိုးလာခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ်သည်။ ယခုအခါ ဂျုံစိုက်ပျိုးမှုအများဆုံးမှာ စစ်ကိုင်းတိုင်းဒေသကြီးဖြစ်ပြီး ဒုတိယအများဆုံး စိုက်ပျိုးဒေသမှာ ရှမ်းပြည်နယ်ဖြစ်သည်။ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြသည်။ ၁၉၀၅- ၁၉၀၆ ခုနှစ်တွင် ဂျုံစိုက်ဧကပေါင်း ၃၅၁၇၈ ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၄၃၆၁ ဧက စိုက်ပျိုး နိုင်ခဲ့သည်။ ၁၉၈၄-၁၉၈၅ ခုနှစ်မှ ၁၉၉၃- ၁၉၉၄ ခုနှစ်အထိ ဧရိယာစုစုပေါင်း သုံးသိန်းကျော် စိုက်ပျိုးခဲ့ပြီး ၁၉၈၄-၁၉၈၅ ခုနှစ်တွင် တင်းပေါင်း ၆၄ သိန်း ထွက်ရှိခဲ့သည်။
ဆယ်စုနှစ်တစ်ခုအတွင်း အများဆုံးစိုက်ပျိုးနှစ်မှာ ၁၉၉၂-၁၉၉၃ ခုနှစ်တွင် ဧက ၃ ဒသမ ၈ သိန်းကျော် စိုက်ပျိုးနိုင်ခဲ့သည်။ ထိုနှစ်များတွင် တစ်ဧကကို ၁၂ တင်းကျော်ထွက်ရှိပြီး ၁၉၉၄-၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် တဖြည်းဖြည်းကျဆင်းလာကာ စိုက်ပျိုးဧရိယာ နှစ်သိန်းကျော်သာ စိုက်ပျိုးနိုင်ခဲ့ သည်။ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ဧကတစ်သိန်းကျော်သာ စိုက်ပျိုးနိုင်တော့သည်။ ယခင်က ဂျုံတစ်ဧက ကို ၁၀ တင်း၊ ၁၂ တင်းမှ ယခုအခါ တစ်ဧကကို ၂၃ တင်းအထိ ထွက်ရှိလာခဲ့သည်။ သို့သော်လည်း ဂျုံစိုက်ပျိုးမှုမှာ အလွန်နည်းပါးလျက်ရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် ပြည်ပမှ နှစ်စဉ်ဝယ်ယူ တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေများစွာသုံးစွဲ နေရသည်။ ထို့ကြောင့် ပြည်တွင်းကုန်ကျစရိတ် သက်သာစေရန်နှင့် ပြည်တွင်းဂျုံစားသုံးမှု ဖူလုံစေရန်အတွက် ပြည်တွင်း၌ ဂျုံစိုက်ပျိုးမှုကို တိုးချဲ့ကြရမည်ဖြစ်ပါသည်။
ဂျုံသီးနှံစိုက်ပျိုးနည်း
ဂျုံ၏မူရင်းဒေသမှာ တူကီယဲနိုင်ငံ အရှေ့ တောင်ပိုင်းရှိ တောင်တန်းဒေသများဖြစ်သည်။ ဂျုံသည် လယ်မြေနှင့် ယာမြေနှစ်မျိုးလုံးတွင် ဖြစ်ထွန်းသည်။ မိုးရေချိန်အနေဖြင့် လက်မ ၂၀ မှ လက်မ ၄၀ အတွင်းဖြစ်ပြီး မြေအမျိုးအစားမှာ နုန်းမြေ၊ နုန်းမြေစေး၊ သဲနုန်းမြေမျိုးတွင် ဖြစ်ထွန်းသည်။ အပူချိန်အနေဖြင့် နွေရာသီတွင် အပူချိန် ၂၂ ဒီဂရီ စင်တီဂရိတ်မှ ၃၄ ဒီဂရီစင်တီဂရိတ်အတွင်းဖြစ်ပြီး ဆောင်းရာသီတွင် အပူချိန် ၅ ဒီဂရီစင်တီဂရိတ်မှ ၂၅ ဒီဂရီစင်တီဂရိတ်အတွင်း စိုက်ပျိုးနိုင်သည်။ မြေချဉ်ငန်ကိန်းမှာ ၅ ဒသမ ၅ မှ ၇ ဒသမ ၅ အတွင်း စိုက်ပျိုးနိုင်သည်။ အကောင်းဆုံးမြေချဉ်ငန်နှုန်းမှာ ၆ ဒသမ ၄ ဖြစ်သည်။ ဂျုံစိုက်ပျိုးရန်အတွက် ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက် ပြုလုပ်ရသည်။ ဂျုံစိုက်ပျိုးရန် မြေပြင်ချိန်တွင် သဘာဝမြေသြဇာဖြစ်သော နွားချေး၊ သစ်စိမ်းမြေသြဇာ ထည့်ပေးရသည်။ ဂျုံသီးနှံစိုက်ပျိုးမည်ဆိုပါက အဓိကအားဖြင့် အထွက်တိုး၊ အထွက်ကောင်းသောမျိုးကို ရွေးချယ်ရပါမည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးသော ဂျုံမျိုးများမှာ မုံရွာဂျုံဖြူ၊ ဇလုပ်ဂျုံဖြူ(၁)၊ ဇလုပ်ဂျုံဖြူ(၂)၊ ဇလုပ် ဂျုံဖြူ(၄)၊ မက္ကဆီပက်၊ V-၁၂၈၇၊ UP-၂၆၂၊ ရေဆင်း (၈)၊ ရေဆင်း(၉)၊ ရေဆင်း(၁၀)၊ ရေဆင်း(၁၁)၊ ရေဆင်း(၁၂)၊ ရင့်ကျီ ၄၃၇၊ China 98/15 နှင့် ဒေသ မျိုးရင်းတို့ဖြစ်သည်။ ဆည်ရေရရှိသည့် ဒေသများတွင် စပါး-ဂျုံသီးနှံ ပုံစံမျိုးစိုက်ပျိုးနိုင်သည်။ မိုးရာသီစိုက်ပျိုးသီးနှံများ ရိတ်သိမ်းပြီးနောက် ဂျုံကိုစိုက်ပျိုးနိုင်သည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲတီစိမ်း-ဂျုံ၊ နှမ်း-ဂျုံ၊ မိုးမြေပဲ-ဂျုံစသည်ဖြင့် သီးလှည့်စိုက်ပျိုးကြသည်။
ဂျုံစိုက်ပျိုးရန်အတွက် မြေပြင်ခြင်း၊ မျိုးစေ့ချစိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ချိန်မှ ရင့်မှည့်သည်အထိ မြေတွင်းအစိုဓာတ်ရှိနေရန်လိုသည်။ ဂျုံစိုက်ပျိုးနည်း နှစ်မျိုးရှိပြီး ကြဲပက်စိုက်ပျိုးခြင်းနှင့် ထယ်ထိုးကာ စိုက်ကြောင်းဆွဲ၍ မျိုးစေ့ချစိုက်ပျိုးခြင်းတို့ဖြစ်သည်။ အသီးအထွက်နှုန်းတိုးစေရန် အတွက်မူ မိုးကောင်းသောဧရိယာများအတွင်း စိုက်ပျိုးပါက ရှစ်လက်မတန်းကြား မျိုးစေ့ချစိုက်ပျိုးခြင်း၊ ရေသွင်း၍ စိုက်ပျိုးရသောဒေသ ဧရိယာများတွင် ခြောက်လက်မတန်းကြား မျိုးစေ့ဖြူးချ စိုက်ပျိုးရသည်။
ဂျုံစိုက်ပျိုးရန် အသင့်လျော်ဆုံးကာလမှာ အောက်တိုဘာလနှောင်းပိုင်းနှင့် နိုဝင်ဘာလ အစော ပိုင်းဖြစ်သည်။ တစ်ဧကအတွက် မျိုးစေ့နှုန်းထားမှာ ၁ ဒသမ ၅ တင်းမှ ၂ တင်းအထိဖြစ်သည်။ အပင်ပေါက်ပြီး ၁၅ ရက်သားတွင် ပေါင်းရှင်းပေးရသည်။ အပင်တစ်လသားတွင် တစ်ကြိမ် ပေါင်းရှင်းပေးရသည်။ ရေသွင်း၍ စိုက်ပျိုးရသောဒေသမျိုး၌ စိုက်ပျိုးပြီး ၂၅ ရက်သားတစ်ကြိမ်၊ ၄၅ ရက်သားတစ်ကြိမ်၊ ရက် ၆၀ တွင် တစ်ကြိမ်ရေသွင်းပေးရသည်။ ဂျုံစိုက်ခင်း၌ ပျ၊ ငမြှောင်တောင်၊ ခြပိုးများ၊ ရောဂါအနေဖြင့် သန်ချေးရောဂါ၊ ဖားဥမှိုရောဂါ၊ ကျပ်ခိုးရောဂါများ ကျရောက်တတ်သည်။ ခြ၊ ပုရစ်စသည့် ပိုးများအတွက် စတင်စိုက်ပျိုးစဉ်က မျိုးစေ့ကို ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်ပေးရပါမည်။ အထူးသဖြင့် စတင်စိုက်ပျိုးစဉ်က မျိုးရွေးချယ်ရာတွင် ပိုးမွှားနှင့် ရောဂါဒဏ်ခံနိုင်သောမျိုးကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။ ဂျုံရင့်မှည့်ချိန်တွင် ကြွက်အန္တရာယ်ကျရောက်တတ်သဖြင့် အထူးသတိပြု နှိမ်နင်းရန် လိုအပ်ပါသည်။
ဂျုံအထွက်နှုန်းမြင့်စေရန် လိုက်နာရမည့်အချက်များ
ဂျုံစိုက်ပျိုးရာတွင် ပြည်တွင်းစားသုံးမှု ဖူလုံရေးလိုအပ်ချက်အရ စိုက်သမျှဖြစ်ထွန်းပြီး အထွက်နှုန်း ကောင်းရန်လိုအပ်ပါသည်။ အထွက်နှုန်းကောင်းဖို့ဆိုလျှင် မျိုးစေ့ကောင်းရုံနှင့် မလုံလောက်ဘဲ အထွက်နှုန်းကောင်းစေမည့် နည်းစနစ်နှင့် စိုက်ပျိုးရာတွင် လိုက်နာရမည့်အချက်များကိုလည်း လိုက်နာရန် လိုအပ်ပါသည်။
ယင်းတို့မှာ-
(၁) မြေပြန့်ဒေသနှင့် တောင်ပေါ်ဒေသအလိုက် မိမိဒေသနှင့်ကိုက်ညီမည့် အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်ကို ရွေးချယ်စိုက်ပျိုးရမည်။
(၂) ဂျုံသီးနှံအတွက် မြေအစိုဓာတ် ထိန်းသိမ်းနိုင်ရန် လိုသည့်အတွက် မြေပြင်ရာတွင် ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက် ထွန်ရမည်။
(၃) စိုက်ပျိုးချိန်မှန်၊ စိုက်နည်းစနစ်မှန်၊ ပြုစု ပြုပြင်မှုစနစ်လည်း မှန်ကန်ရမည်။
(၄) စိုက်ပျိုးသည့်ရေမြေသဘာဝ၊ စိုက်ပျိုးသည့် မျိုးစေ့အပေါ်မူတည်၍ ဓာတ်မြေသြဇာ သုံးစွဲမှုနှုန်းထားနှင့် အချိုးအစားမှန်ကန်ရမည်။
ဂျုံ၏အသုံးဝင်ပုံနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ
ဂျုံသည် ကျန်းမာရေးကို အကျိုးပြုသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။ ဂျုံသီးနှံဖြင့်ပြုလုပ်ထားသည့် ပေါင်မုန့်၊ ခေါက်ဆွဲ စသည့်စားသောက်ကုန်များတွင် ဗီတာမင်အီး၊ ဗီတာမင်ဘီဝမ်း၊ ဗီတာမင်ဘီတူး၊ ဖောလစ်အက်စစ်၊ ကယ်လ်ဆီယမ်၊ ဖော့စဖောရပ်စ်၊ ဇင့်၊ သံဓာတ်နှင့် အမျှင်ဓာတ်တို့ ပါဝင်နေသည်။ ဂျုံကိုအခြေခံပြုလုပ်ထားသော အစားအစာများ သည် ကလေးဘဝ ပန်းနာရင်ကျပ်ဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်း လျှော့ချပေးကြောင်း သိရသည်။ ဂျုံကိုအခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ဘီစကွက်မုန့်၊ ပလာတာ၊ အီကြာကွေး၊ ပေါက်စီနှင့် ပေါင်မုန့်အမျိုးမျိုး၊ ကိတ်မုန့်အမျိုးမျိုး ပြုလုပ်နိုင်သည့်အပြင် ဂျုံဖွဲကို မြင်းစာ၊ နွားစာ၊ ဝက်စာအဖြစ်လည်း အသုံးပြုနိုင်သည်။
ထို့ပြင် ဂျုံပင်မှရသော ဂျုံရိုးဖြင့်လည်း တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်သော ဦးထုပ်အမျိုးမျိုးနှင့် အိတ်အမျိုးမျိုးကို ပြုလုပ်နိုင်သည့်အတွက် မိသားစု လက်မှုအတတ်ပညာ တတ်မြောက်သူများလည်း အပိုဝင်ငွေရရှိရန် ဖန်တီးပေးနိုင်ပါသည်။ အထူးသဖြင့် ဂျုံသီးနှံကို တိုးမြှင့်စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် မိသားစုတစ်နိုင်တစ်ပိုင်စီးပွားရေးမှသည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။
ဂျုံစိုက်ဧက တိုးချဲ့စိုက်ပျိုး
ယခုအခါ ပြည်တွင်းဂျုံလိုအပ်ချက်အရ ပြည်တွင်းဂျုံသီးနှံ ဖူလုံမှုရှိစေရန်အတွက် ဝိုင်းဝန်းကြိုးပမ်းရမည့် အချိန်ဖြစ်ပါသည်။ နိုင်ငံတော်အနေ ဖြင့်လည်း စီမံကိန်းများချမှတ်၍ ပံ့ပိုးပေးလျက်ရှိပါသည်။ တောင်သူများအတွက် သီးနှံစိုက်ပျိုး ထုတ်လုပ်ရာတွင် စီးပွားရေးအရ တွက်ခြေကိုက်မှုမှာ အဓိကဖြစ်သည်။ ဂျုံသီးနှံသည် အကျိုးအမြတ် အားဖြင့် တောင်သူများအတွက် စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ပြီး တောင်သူများ အမှန်တကယ် တိုးချဲ့စိုက်ပျိုးလာလျှင် နိုင်ငံအတွက်လည်း ဂျုံစိုက်ဧကတိုးလာသည့်အတွက် ဂျုံထုတ်လုပ်မှု ပိုမိုတိုးတက်လာကာ ပြည်ပမှဂျုံတင်သွင်းမှုလည်း လျော့နည်းသွားမည်ဖြစ်သကဲ့သို့ တောင်သူများလည်း ဝင်ငွေတိုးတက်လာမည်ဖြစ်ပါသည်။
တောင်သူများအနေဖြင့် ဂျုံဧကများများ စိုက်ပျိုးခြင်းဖြင့် နှစ်စဉ်အထွက်နှုန်းများ တိုးပွားလာမည်ဖြစ်ပြီး ပြည်တွင်းဂျုံလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်သည့်အတွက် ပြည်ပမှ နှစ်စဉ် ဂျုံဝယ်ယူ ရာတွင်ကုန်ကျမည့် နိုင်ငံခြားသုံးငွေများကိုလည်း လျှော့ချနိုင်မည် ဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ထိုကဲ့သို့အကျိုးကျေးဇူးများလှသည့် ဂျုံသီးနှံကို ပြည်တွင်း၌ တိုးချဲ့စိုက်ပျိုးကြခြင်းဖြင့် ဝိုင်းဝန်း ကြိုးပမ်းကြစေလိုကြောင်း ရေးသားတိုက်တွန်း လိုက်ရပါသည်။ ။
