ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းဖို့ ရပ်ရွာဒေသမှ စတင်ဆောင်ရွက်စို့
သစ်တောမောင်
အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့
၁၉၉၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံအစီအစဉ်၏ ဒုတိယအကြိမ်မြောက် ကော်မတီအစည်းအဝေးတွင် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အကြောင်းကိစ္စရပ်များကို ပိုမိုနားလည်သဘောပေါက်စေရန်နှင့် ထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်စေရန် ရည်ရွယ်၍ နှစ်စဉ် မေလ ၂၂ ရက်နေ့အား “အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့” အဖြစ် သတ်မှတ်ကြေညာခဲ့ပါသည်။
ယခုနှစ် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့ဆောင်ပုဒ်မှာ “ကမ္ဘာ့ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းဖို့၊ ရပ်ရွာဒေသမှစတင်ဆောင်ရွက်စို့” (Acting Locally for Global Impact)" ဖြစ်သည်။ “ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသမှစတင်ပြီး တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း၏ အသေးစားလုပ်ဆောင်မှုများသည် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုများ ဖြစ်စေနိုင်သည်”ဟူ၍ ဆိုလိုခြင်းဖြစ်ပါသည်။
ဇီဝမျိုးစုံမျိုးကွဲများ
ကမ္ဘာပေါ်ရှိ သစ်တောများ၊ ရေဝပ်ဒေသများ၊ တောရိုင်းတိရစ္ဆာန်များ၊ ရေနေသတ္တဝါများ၊ အပင်မျိုးစုံနှင့် မျိုးရိုးဗီဇအရ အမျိုးမျိုးကွဲပြားသော သက်ရှိများအားလုံးကို “ဇီဝမျိုးစုံမျိုးကွဲ” (Biodiversity) ဟု ခေါ်ဆိုပါသည်။ ကမ္ဘာပေါ်တွင် ဇီဝမျိုးစုံမျိုးကွဲ ပေါင်း (အပင်နှင့် တိရစ္ဆာန်မျိုးစိတ်ပေါင်း) ၈ ဒသမ ၇ သန်းခန့်ရှိပြီး ကုန်းနေ၊ ရေနေသတ္တဝါမျိုးစိတ်များ၏ ၈၀ ရာခိုင်နှုန်း၊ ငှက်မျိုးစိတ်များ၏ ၇၅ ရာခိုင်နှုန်းနှင့် နို့တိုက်သတ္တဝါမျိုးစိတ်များ၏ ၆၈ ရာခိုင်နှုန်းသည် သစ်တောများအတွင်း ရှင်သန်နေထိုင်ကြသည်။
မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ ဟိမဝန္တာတောင်စဉ် တောင်တန်းဒေသများတွင် ပါဝင်နေသည်သာမက အင်ဒိုချိုင်းနားနှင့် မလေးကျွန်းဆွယ်ဒေသတို့အတွင်း ထိစပ်ပါဝင်နေသည့် အတွက် ဇီဝမျိုးစုံမျိုးကွဲများစွာကြွယ်ဝပြီး သဘာဝအပင်မျိုးစိတ်များနှင့် သတ္တဝါမျိုးစိတ်များစွာတို့ကို တွေ့ရှိနိုင်ပါသည်။ ၂၀၂၅ ခုနှစ်အထိ သုတေသနပြုလေ့လာမှုများအရ မြန်မာနိုင်ငံတွင် အပင်မျိုးစိတ် ၁၄၀၂၀၊ နို့တိုက်သတ္တဝါမျိုးစိတ် ၃၆၅ ခု၊ ငှက်မျိုး စိတ် ၁၁၀၀၊ တွားသွားသတ္တဝါမျိုးစိတ် ၂၉၁ ခု၊ ကုန်းနေရေနေသတ္တဝါမျိုးစိတ် ၁၂၀၊ ရေချိုနှင့် အဏ္ဏဝါငါးမျိုးစိတ် ၁၁၀၀၊ သန္တာမျိုးစိတ် ၂၈၇ ခု၊ ပင်လယ်မြက်မျိုးစိတ် ၁၂ ခု၊ ပင်လယ်ရေညှိ ၃၈ မျိုးတို့ကို မှတ်တမ်းတင်ထားရှိပြီးဖြစ်သည်။
ဇီဝမျိုးစုံမျိုးကွဲများက ပံ့ပိုးသောအကျိုးကျေးဇူးများ
ဇီဝမျိုးစုံမျိုးကွဲများက လူသားတို့အတွက် အစားအစာ၊ ဆေးဝါး၊ ရေကောင်းရေသန့်၊ လေကောင်းလေသန့်များ ပံ့ပိုးပေးသကဲ့သို့ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းများအတွက်လည်း အခြေခံအရင်းအမြစ်များဖြစ်သည်။ ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်ဝန်ဆောင်မှုများဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ အကဲဖြတ်အစီရင်ခံစာအရ ဇီဝမျိုးစုံမျိုးကွဲတို့က ပံ့ပိုးသော အကျိုးကျေးဇူးများကို အောက်ပါအတိုင်းတွေ့နိုင်ပါသည်-
စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေး။ ဇီဝမျိုးစုံမျိုးကွဲများက စိုက်ပျိုးရေး၏ အခြေခံအုတ်မြစ်ဖြစ်ပြီး သီးနှံများနှင့် မွေးမြူရေးတိရစ္ဆာန်များအတွက် လိုအပ်သော မျိုးရိုးဗီဇအမျိုးမျိုးကို ပံ့ပိုးပေးပါသည်။ စားသုံးရန်အတွက် အပင်မျိုးစိတ် ၇၀၀၀ ခန့်ကိုစိုက်ပျိုးကြသည်။ ပျားများနှင့် အင်းဆက် ပိုးမွှားများကဲ့သို့သော ဝတ်မှုန်ကူးပေးသည့် သတ္တဝါများသည် ကမ္ဘာ့ထိပ်တန်းအစားအစာသီးနှံများ၏ ၇၅ ရာခိုင်နှုန်းကျော်အတွက် မရှိမဖြစ်လိုအပ်ပြီး သဘာဝမှရရှိသည့် ငါးများသည် လူဦးရေ ၃ ဘီလီယံ ခန့်အတွက် အဓိကပရိုတင်းအရင်းအမြစ်ကို ပံ့ပိုးပေးပါသည်။
ကျန်းမာရေး။ နွယ်မြက်သစ်ပင်ဆေးဖက်ဝင်ဆိုသကဲ့သို့ အစွမ်းထက်သော ဆေးဝါးများကို သစ်ပင်အမျိုးမျိုးမှ ရရှိနိုင်ပါသည်။ ယနေ့ခေတ်တွင်အသုံးပြုနေသော ကင်ဆာဆေးဝါးအားလုံး၏ ၇၀ ရာခိုင်နှုန်းကို သဘာဝတရားက ပံ့ပိုးပေးပြီး ဆေးဝါးများ၏ ရာခိုင်နှုန်းအများစုကို အပင်များ၊ မှိုများနှင့် ဗက်တီးရီးယားများအပါအဝင် သဘာဝအရင်းအမြစ်များမှရရှိသည်ဟု သိရှိရသည်။ လူ ၄ ဘီလီယံသည် ကျန်းမာရေးစောင့်ရှောက်မှုအတွက် သဘာဝဆေးဝါးများကို အဓိကအားကိုးကြရလျက်ရှိသည်။
ပင်နီဆီလင် ကမ္ဘာပေါ်တွင် အရေးအကြီးဆုံး ပဋိဇီဝဆေးများထဲမှ တစ်ခုဖြစ်ပြီး မှိုမှထုတ်လုပ်သည်။ သဘာဝဓာတုပစ္စည်းဖြစ်သည့် ပက်လီတဆဲလ် (Paclitaxel) သည် ကင်ဆာကုသဆေးတစ်မျိုးဖြစ်ပြီး ကျောက်ထင်းရှူးပင် (Yew Tree) (Taxus brevifolia) အပင်၏ အခေါက်မှ ထုတ်လုပ်ခြင်းဖြစ်သည်။ မိုးမခပင်၏ သစ်ပင်အခေါက်တွင် ပါဝင်သော သဘာဝဓာတုဒြပ်ပေါင်း ဆလီစင် (Salicin) သည် ယနေ့ အက်စပရင်ဆေးဖွံ့ဖြိုးလာစေရန်အတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး ခေါင်းကိုက်ခြင်း၊ ကိုယ်လက်နာကျင်ခြင်း၊ ဖျားနာခြင်း၊ အဆစ်ရောင်ရမ်းခြင်း စသည့်ရောဂါများအတွက် အသုံးပြုလျက်ရှိသည်။ ပဋိဇီဝဆေး အများစုသည် မြေဆီလွှာမှ ဗက်တီးရီးယားများနှင့် မှိုများကိုအခြေခံကာ ပြုလုပ်ထားခြင်းဖြစ်သည်။
စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းမှု။ ကမ္ဘာ့ဂျီဒီပီ၏ ထက်ဝက်ကျော် (အမေရိကန်ဒေါ်လာ ၄၄ ထရီလီယံ)သည် သဘာဝတရားအပေါ် မြင့်မားစွာမှီခိုနေရသည်။ အစိမ်းရောင်စီးပွားရေးနှင့် ဇီဝစီးပွားရေးလုပ်ငန်းနယ်ပယ်တို့သည် ဇီဝမျိုးစုံမျိုးကွဲများပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။
သဘာဝသစ်တောကြီးများနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများသည် အလုပ်အကိုင်သန်းပေါင်းများစွာကို ပံ့ပိုးပေးသည်။ ရေဝေရေလဲဒေသရှိ သစ်တော၊ သစ်ပင်များသည် မြေပေါ်၊ မြေအောက်ရေများကို သဘာဝအလျောက်စစ်ထုတ်သန့်စင်ပေးခြင်းသည် စက်ကိရိယာများဖြင့် စစ်ထုတ်ခြင်း လုပ်ငန်းအတွက် ကုန်ကျစရိတ်များကို ဘီလီယံနှင့်ချီ၍ သက်သာစေပါသည်။ သဘာဝပတ်ဝန်းကျင် ကောင်းမွန်ပြီး ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝခြင်းဖြင့် လူသားများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပြီး အပန်းဖြေရန်နှင့် စိတ်ဖိစီးမှုကိုလျှော့ချရန် အခွင့်အလမ်းများနှင့် ကောင်းကျိုးချမ်းသာများ ရရှိစေပါသည်။
ဂေဟစနစ်ဝန်ဆောင်မှုများ။ ဇီဝမျိုးစုံမျိုးကွဲများသည် လေနှင့်ရေကို သန့်စင်ပေးခြင်း၊ ရေတွင် ပါဝင်နေသည့် အဆိပ်အတောက်နှင့် အညစ်အကြေးများ ဖယ်ရှားခြင်းနှင့် မြေဆီလွှာပိုမိုကောင်းမွန်စေရန် ဆောင်ရွက်ပေးသည်။ သန္တာကျောက်တန်းများသည် ကမ်းရိုးတန်းများကို ကာကွယ်ရန် လှိုင်းရိုက်ခတ်မှုကို ၉၇ ရာခိုင်နှုန်း လျှော့ချပေးနိုင်သည်။ ဒီရေတောများ၊ သန္တာကျောက်တန်းများနှင့် သစ်တောများသည် လေမုန်တိုင်းတိုက်ခတ်မှု၊ ကမ်းရိုးတန်းရေကြီးမှု၊ ဒီရေလှိုင်းများ၊ မြေပြိုခြင်း၊ ရေကြီးရေလျှံ ဖြစ်မှုနှင့် မိုးခေါင်ရေရှားမှုတို့ကို လျော့ပါးသက်သာစေရန် တားဆီးကာကွယ်ပေးပါသည်။
ပင်လယ်နှင့် ကုန်းမြေဂေဟစနစ်များသည် လူသားများပယောဂကြောင့် ထုတ်လွှတ်သည့် ကာဗွန်ထုတ်လွှတ်မှု၏ ၅၀ ရာခိုင်နှုန်းကို စုပ်ယူဖယ်ရှားပြီး လေထုပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲမှုကို လျှော့ချပေးသည်။ မြို့ပြသစ်ပင်များ၊ သစ်တောများသည် အရိပ်ရစေပြီးဒေသတွင်း လေထုအပူချိန်ကို ၈ ဒီဂရီဆဲလ်စီးယပ်အထိ လျှော့ချပေးပြီး ရာသီဥတုမျှတသာယာစေသည်။
ဇီဝမျိုးစုံမျိုးကွဲများ လျော့ပါးပျောက်ကွယ်ခြင်းနှင့် အကျိုးဆက်များ
သက်ရှိလောကအတွက် မရှိမဖြစ်အရေးပါသော ဇီဝမျိုးစုံမျိုးကွဲများသည် လူသားများ၏ ပယောဂကြောင့် ဖြစ်ပေါ်လာသော သစ်တောပြုန်းတီးခြင်း၊ အပင်နှင့် တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများ လျော့ပါးပျက်စီးခြင်း၊ စိုက်ပျိုးမြေများ တိုးချဲ့လာခြင်း၊ သစ်တောမြေမှ အခြားမြေသို့ အသုံးချမှုများ ပြောင်းလဲခြင်း၊ ရာသီဥတုပြောင်းလဲလာခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်းနှင့် သဘာဝအရင်းအမြစ်များ အလွန်အကျွံထုတ်ယူအသုံးချခြင်း စသည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများနှင့်အတူ လျော့ပါးဆုံးရှုံး ပျောက်ကွယ်လျက်ရှိသည်။ ကမ္ဘာတစ်ဝန်းမျိုးစိတ်ပေါင်း တစ်သန်းခန့်သည် မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး ကမ္ဘာ့ရေဝပ် ဒေသများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ရာစုနှစ်အတွင်း ပျက်စီးဆုံးရှုံးခဲ့သည်။
ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးမှုများသည် သဘာဝတရားက ဖြည့်ဆည်းပေးစွမ်းနိုင်သောပမာဏ၊ အကန့်အသတ်ထက် ပိုမိုများပြားလာပါက ကျန်းမာရေးနှင့် အစားအစာစနစ်များ ပျက်စီးဆုံးရှုံးနိုင်ပြီး လူသားများအပေါ် ပြင်းထန်သော ဆိုးကျိုးသက်ရောက်မှုများ ကျရောက်လာနိုင်ပါသည်။ ဇီဝမျိုးစုံမျိုးကွဲစနစ်နှင့် ပတ်ဝန်းကျင်ဂေဟစနစ် ပျက်စီးခြင်းကြောင့် လူသားများ၏ သဘာဝအတိုင်း တုံ့ပြန်နိုင်မှု၊ ခံနိုင်ရည်ရှိမှု၊ ပြန်လည်နိုးထကောင်းမွန် လာစေမှုဆိုင်ရာ စွမ်းဆောင်ရည်များပါ လျော့နည်းဆုံးရှုံးလာပြီး ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ရင်ဆိုင်ကြရသည်။
ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများ
သစ်တောဂေဟစနစ်များသည် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအတွက် အခြေခံအကျဆုံးဖြစ်သည့်အတွက် သစ်တောဖုံးလွှမ်းမှုကို နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းထိ တိုးမြှင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေး၊ ကမ်းရိုးတန်းဒီရေတောဂေဟစနစ်များ၊ တောင်ကုန်းတောင်ထိပ် တောကျဲပါးသောနေရာများနှင့် လမ်းဘေးဝဲယာအရိပ်ရစိုက်ခင်းများ၊ ကျေးရွာထင်းစိုက်ခင်းများ၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောများအပါအဝင် သစ်တောစိုက်ခင်းအမျိုးမျိုးကို နိုင်ငံတစ်ဝန်း အရှိန်အဟုန်ဖြင့် တိုးမြှင့်တည်ထောင်စိုက်ပျိုးလျက်ရှိသည်။ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ တိုးချဲ့ဖွဲ့စည်းခြင်းဖြင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ယနေ့အချိန်ထိ ကြိုးဝိုင်းတော ဧက ၂၉ ဒသမ ၆၈ သန်း၊ ကြိုးပြင်ကာကွယ်တော ဧက ၁၃ ဒသမ ၉၈ သန်း စုစုပေါင်း ဧက ၄၃ ဒသမ ၆၆ သန်း (၂၆ ဒသမ ၁၁ ရာခိုင်နှုန်း) ဖွဲ့စည်းပြီးဖြစ်သကဲ့သို့ ဇီဝ မျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအတွက် သဘာဝထိန်းသိမ်းရေးနယ်မြေ ၆၂ ခု၊ ဧရိယာဧက ၁၁ ဒသမ ၀၂ သန်း (၆ ဒသမ ၅၉ ရာခိုင်နှုန်း) ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်သည်။ တောရိုင်းတိရစ္ဆာန်များ နေရင်းဒေသ ပြန်လည်တည်ထောင်ရေးစီမံကိန်း (၂၀၁၉-၂၀၂၉)ကို အကောင်အထည်ဖော်ဆောင်ရွက်နေသကဲ့သို့ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝသယံဇာတများအပေါ် ခြိမ်းခြောက်မှုများကို စောင့်ကြည့်အစီရင်ခံတင်ပြနိုင်မည့် ဒေသခံပြည်သူအခြေပြု စောင့်ကြည့်သတင်းပို့စနစ်ကို စနစ်တကျအကောင်အထည် ဖော်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများကို ကုလသမဂ္ဂဇီဝမျိုးစုံမျိုးကွဲကွန်ဗင်းရှင်း (United Nations Convention on Biological Diversity-UNCBD)နှင့် ၂၀၂၂ ခုနှစ်တွင် အတည်ပြုခဲ့သော ကူမင်း-မွန်ထရီယယ် ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲ မူဘောင် (Kun-ming-Montreal Global Biodiversity Frame-work-KMGBF)ရည်မှန်းချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ကမ္ဘာ့ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းဖို့ ရပ်ရွာဒေသမှ စတင်ဆောင်ရွက်စို့
ယခုနှစ် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်နှင့်အညီ လူတိုင်း၏ နေ့စဉ်ဘဝ၊ အိမ်ထောင်စုတစ်စုချင်းဆီမှစတင်ပြီး မိမိတို့ရပ်ရွာ၊ ဒေသတွင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မိမိတို့ဒေသ၊ မိမိတို့နိုင်ငံအတွက် သာမကကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်တည်ငြိမ်မှု၊ ရာသီဥတုမျှတမှု၊ စားရေရိက္ခာဖူလုံရေးနှင့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ရေးအတွက် ကြီးမားသော အကျိုးသက်ရောက်မှုများဖြစ်စေမည်ဖြစ်သည်။
ဥပမာ မိသားစုအလိုက် သစ်ပင်တစ်အုပ်တစ်မ စိုက်ပျိုးထိန်းသိမ်းခြင်း၊ အရိပ်ရပင်လေကာပင်များ စိုက်ပျိုးခြင်း၊ ကျေးငှက်များ၏ နားခိုရာ၊ အစာရှာရာ စားပင်သီးပင်များ စိုက်ပျိုးထိန်းသိမ်းခြင်း၊ ဒေသအလိုက်ရှားပါးအဖိုးတန်သည့် ဆေးဖက်ဝင်ပင်အမျိုးမျိုး၊ သစ်ခွအမျိုးမျိုး၊ ဒေသမျိုးရင်း ပန်းပင် အမျိုးမျိုးတို့ကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထိန်းသိမ်းခြင်း၊ ဒေသမျိုးရင်း ကောက်ပဲသီးနှံများနှင့် သီးပင် စားပင်မျိုးစိတ်များ စိုက်ပျိုးထိန်းသိမ်းခြင်း၊ ကျေးရွာအလိုက် သစ်တောများထိန်းသိမ်းခြင်း၊ ရေပျော်ငှက်များ၊ ဆောင်းခိုငှက်များ၊ ငါး၊ ပုစွန်၊ ကဏန်းတို့၏ နေရင်းဒေသဖြစ်သော ရေဝပ်ဒေသများထိန်းသိမ်းခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ပါသည်။
တစ်ဦးတစ်ယောက်ချင်းစီက မိမိတို့၏ ရပ်ရွာအဆင့်၊ ဒေသအဆင့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရေးတွင် ပါဝင်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။
