Skip to main content

အစိမ်းရောင် လမ်းမများဆီသို့ EV ကားဖြင့် ချီတက်ရာဝယ်

ဗညားဦး

ပိုမိုဘေးကင်းသော လူမှုပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် နေအိမ်စနစ်၊ စွမ်းအင်ချွေတာမှု၊ ယာဉ်ကြောပိတ်ဆို့မှု၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုတို့ကို စနစ်တကျရရှိခံစားရမည့် AI စနစ်ပါ မြို့ပြများ ကမ္ဘာကြီးတွင် ပေါ်ပေါက်လာတော့မည်။ ဉာဏ်ရည်တုနည်းပညာ (AI) အသုံးပြုထားသည့် ဂျပန်နိုင်ငံရှိ Woven City ကမ္ဘာ့ပထမဆုံး AI မြို့ပြတစ်ခု ဖြစ်လာပြီဖြစ်သည်။

ဉာဏ်ရည်တုနည်းပညာအသုံးပြုပြီး နိုင်ငံတိုင်းက အများပြည်သူ လွယ်ကူလျင်မြန်စွာ၊ သက်သောင့်သက်သာရှိစွာ၊ လုံခြုံစွာနေထိုင်သွားလာနိုင်သော စနစ်များကို ဖော်ဆောင်လာကြသည်။ အစိမ်းရောင်မြို့ပြစနစ်များကိုလည်း ဖန်တီးလာကြသည်။ ထို့အတူ ရေရှည်ဖွံ့ဖြိုးမှုကို ဦးတည်ဖော်ဆောင်ရာတွင် သန့်ရှင်းသောစွမ်းအင်များကို အသုံးပြုသည့်ခေတ်ဆီ ကူးပြောင်းနေချိန်လည်းဖြစ်သည်။ တိုးပွားလာသော ကမ္ဘာ့လူဦးရေနှင့်အတူ ကမ္ဘာ့ရုပ်ကြွင်းလောင်စာများ လျော့နည်းရှားပါးလာမှု၊ စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာမှုတို့ကလည်း သန့်ရှင်းသောစွမ်းအင်နှင့် နည်းပညာပေါင်းစပ်တည်ဆောက်ထားသော မြို့ပြများဆီ လျင်လျင်မြန်မြန် တွန်းပို့နေသည်။

ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု လျှော့ချရေး တွန်းအားပေး ဆောင်ရွက်

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကြောင့် ကမ္ဘာ့နိုင်ငံများက ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုလျှော့ချရေး လုပ်ငန်းစဉ်များကို နိုင်ငံအလိုက် တွန်းအားပေးဆောင်ရွက်ကြရသည်။ ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုက် အသားတင်ထုတ်လွှတ်မှု သုညသို့ရောက်ရှိရေး ရည်မှန်းဆောင်ရွက်နေကြပြီး သယ်ယူပို့ဆောင်ရေးမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို တစ်နှစ်လျှင် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းကျော်လျှော့ချရန် ကြိုးပမ်းကြသည်။

ထို့ကြောင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ဓာတ်ငွေ့ထုတ်လွှတ်မှုကင်းစင်သော ယာဉ်များပြောင်းလဲသုံးစွဲလာကြသည်။ ကာဗွန်ထုတ်လွှတ်မှုမရှိသော လျှပ်စစ်သုံးယာဉ် (Electric car, Electric vehicle - EV) များ၏ အခန်းကဏ္ဍသည် ရှေ့တန်းရောက်ရှိလာသည်။ ဈေးကွက်တွင် လျှပ်စစ်သုံးယာဉ်များက ထိပ်တန်းရောက်ရှိလာသည်။ ကမ္ဘာ့နိုင်ငံများမှ အစိုးရများက ပြည်သူများအား လျှပ်စစ်ကားများ ပြောင်းလဲအသုံးပြုမှုကို တွန်းအားပေးဆောင်ရွက်လာကြသည်။ EV မူဝါဒများ ချမှတ်လာကြသည်။

လျှော့စျေးများ၊ အခွန်လျှော့စျေးများဖြင့် EV သုံးစွဲသူများကို ဆွဲဆောင်သည့် အစီအစဉ်များကို ချမှတ်ဖော်ဆောင်ကြသည်။ ပြည်သူများ သုံးစွဲမှုအဆင်ပြေရန် အားသွင်းရုံများ၊ ပြုပြင်ထိန်းသိမ်းရေးစင်တာများကို တစ်ပါတည်းလုပ်ဆောင်ပေးကြသည်။

တစ်ဖက်တွင်လည်း EV များ၏ စွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ် မြှင့်တင်လျက်ရှိသည်။ တပ်ဆင်ထားသည့် ကင်မရာများ၊ ရေဒါများနှင့် AI Chipset များက လမ်းအခြေအနေ၊ အတားအဆီးများကို မြန်ဆန်စွာတွက်ချက်ပြီး စတီယာရင်နှင့် ဘရိတ်ကို အလိုအလျောက် ထိန်းချုပ်မောင်းနှင်ပေးသည့်စနစ်၊ စမတ်ဖုန်းများကဲ့သို့ ကား၏ Operating System ကို အင်တာနက်မှတစ်ဆင့် Software Update ပြုလုပ်ရုံဖြင့် ကား၏ မောင်းနှင်မှုပုံစံ၊ ဘက်ထရီစွမ်းဆောင်ရည်နှင့် AI အသုံးပြုထားသည့် ပိုမိုကောင်းမွန်သည့်စနစ်၊ အသံအမိန့်ပေးစနစ်၊ ဘက်ထရီနှင့် စွမ်းအင်စီမံခန့်ခွဲမှုစနစ်ပါဝင်သည့် နည်းပညာမြင့် EV များက စက်သုံးဆီ သုံးယာဉ်များနေရာတွင် အစားထိုးဝင်ရောက်လာပြီဖြစ်သည်။

ကမ္ဘာ့ကားဈေးကွက်တွင် EV များ ရောင်းအားဆက်လက်မြင့်တက်

၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့ကားဈေးကွက်တွင် EV ၁၇ ဒသမ ၁ သန်းအထိ စံချိန်တင် ရောင်းချနိုင်ခဲ့သည်။ ထို့အတူ ၂၀၂၆ ခုနှစ်အတွင်း EV များ ရောင်းအားက ၂၃ သန်းအထိ ဆက်လက်မြင့်တက်လာရန် အလားအလာရှိပြီး ကားအသစ်ဈေးကွက် ၏ ၃၀ ရာခိုင်နှုန်းနီးပါးအထိ နေရာယူလာနိုင်ကြောင်း နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) ၏ အချက်အလက်များအရ သိရသည်။

နိုင်ငံတကာ စွမ်းအင်အေဂျင်စီ၏ နောက်ဆုံးထုတ်ပြန်ထားသော Global EV Outlook အစီရင်ခံစာအရ ၂၀၃၅ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ EV အစီးရေသည် သန်း ၅၁၀ အထိ ရောက်ရှိလာမည်ဖြစ်ပြီး ယင်းသည် လက်ရှိအသုံးပြုနေသော ပမာဏထက် ခြောက်ဆကျော် တိုးတက်လာနိုင်ကြောင်း သိရသည်။

 EV တစ်ခတ်ဆန်းသစ်လာချိန်တွင် တရုတ်နှင့် ဥရောပတို့၌ ကားအသစ်ရောင်းအား၏ ၉၀ ရာခိုင်နှုန်းကျော်အထိ လွှမ်းမိုးနိုင်သည့်အခြေအနေကို ရောက်ရှိနိုင်ပြီး အရှေ့တောင်အာရှ ဈေးကွက်တွင်လည်း EV ရောင်းအားပမာဏသည် လက်ရှိထက် သုံးဆအထိ မြင့်တက်လာနိုင်ကြောင်း IEA ၏ အချက်အလက်များအရ သိရသည်။ ထို့အတူ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် လျှပ်စစ်ဘတ်စ်ကားများ၊ လျှပ်စစ်ကုန်တင်ကားကြီးများ၊ လျှပ်စစ်နှစ်ဘီး/ သုံးဘီးတပ်ယာဉ်များသည်လည်း ထွန်းသစ်စ ဈေးကွက်တစ်ခု ဖြစ်လာမည်။

ပြောင်းလဲတိုးတက်လာသော EV များ၏ အခန်းကဏ္ဍတွင် AI နည်းပညာဖွံ့ဖြိုးမှုကို ပေါင်းစပ်လိုက်သည့်အခါ သယ်ယူပို့ဆောင်ရေးကဏ္ဍကို ကြီးမားစွာပြောင်းလဲစေသည့် နည်းပညာပေါင်းစပ်မှု ဖြစ်လာသည်။ မော်တော်ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီများက နည်းပညာကုမ္ပဏီများနှင့် ပူးပေါင်း၍ AI မောင်းနှင်မှုစနစ်များဖြင့် EV များကို နည်းပညာ တစ်ဆင့်ထက်တစ်ဆင့် မြှင့်တင်ရင်း ဖွံ့ဖြိုးမှုကို ကြိုးပမ်းဖော်ဆောင်ကြသည်။ ထို့အတူ EV ဝယ်ယူသုံးစွဲရာတွင် ဦးစားပေးစဉ်းစားကြသည့် ဘက်ထရီအကြမ်းခံမှု၊ အားသွင်းချိန်၊ ခရီးမိုင် အကန့်အသတ်စသည့် အချက်များကို သုံးစွဲသူများအတွက် အားသာချက်များရရှိအောင် EV ထုတ်လုပ်သူများက ကြိုးပမ်းလျက်ရှိသည်။

 EV များ၏ အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်သည့် ဘက်ထရီထုတ်လုပ်မှုနည်းပညာ တိုးတက်လာခြင်းကြောင့် ဘက်ထရီဈေးနှုန်းများက နှစ်စဉ်သိသိသာသာကျဆင်းမှုရှိကြောင်း IEA မှ သိရှိရပြီး ဘက်ထရီသက်တမ်းနှင့် ထိန်းသိမ်းမှု (Battery Life & Maintenance) အပိုင်းကို စဉ်ဆက်မပြတ် မြှင့်တင်လျက်ရှိကြသည်။

အခြားနိုင်ငံများကဲ့သို့ မြန်မာနိုင်ငံ၏ EV မူဝါဒသည် လျှပ်စစ်ကဏ္ဍနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည်။ မြန်မာနိုင်ငံတွင်လည်း EV ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ၂၀၂၂ ခုနှစ်က အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်သည်။ ထို့ပြင် ၂၀၂၃ ခုနှစ်တွင် EV ကဏ္ဍဖွံ့ဖြိုးရေး လမ်းပြမြေပုံကို စနစ်တကျရေးဆွဲချမှတ်ပြီး ဦးဆောင်ကော်မတီ၏ မူဝါဒနှင့် လမ်းညွှန်ချက်များနှင့် အညီ လုပ်ငန်းကော်မတီငါးခုကို ဖွဲ့စည်းကာ EV ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအလေးပေး ဆောင်ရွက်နေသည်။

YBS ယာဉ်လိုင်းအားလုံးကို လျှပ်စစ်ဘတ်စ်ကားများအဖြစ် အစားထိုးပြောင်းလဲရန် ရည်မှန်း

 EV များအတွက် အခွန်ကင်းလွတ်ခွင့်များ၊ အားပေးမြှင့်တင်မှုအစီအစဉ်များဖြင့် EV ကဏ္ဍဖွံ့ဖြိုးရေးကို ဖော်ဆောင်နေသည်။ EV တင်သွင်းသည့် ကုမ္ပဏီများသည် ကားရောင်းချရုံတင်မကဘဲ ပြုပြင်ထိန်းသိမ်းရေးစင်တာ (Showroom & Service Center) များနှင့် အားသွင်းရုံများကိုပါ တစ်ပါတည်း တည်ဆောက်ရသည့် မူဝါဒထားရှိသည်။ ရန်ကုန်မြို့တွင်းပြေးဆွဲနေသော Taxi အငှားယာဉ်များနှင့် YBS မြို့တွင်းဘတ်စ်ကားလိုင်းများတွင် အင်ဂျင်ကားများနေရာ၌ EV များကို အစားထိုးလဲလှယ်အသုံးပြုရန် ဦးစားပေးခွင့်ပြုပေးနေသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) အနေဖြင့် YBS ယာဉ်လိုင်းများတွင် EV Bus နှစ်စီးဖြင့် ရှေ့ပြေးစမ်းသပ်ပြေးဆွဲနေပြီဖြစ်သည်။ လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ၃၂ ရာခိုင်နှုန်းနှင့် ၂၀၅၀ ပြည့်နှစ်တွင် YBS ယာဉ်လိုင်းအားလုံးကို ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်ဘတ်စ်ကားများအဖြစ် အစားထိုးပြောင်းလဲရန် ရည်မှန်းထားသည်။

နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားပေးနေမှုကို တိုးတက်ဖြည့်ဆည်းပေးလျက်ရှိသည့်အတွက် တိုးတက်သုံးစွဲလာကြမည့် EV များအတွက် ဓာတ်အားရရှိရေးကိုအတူ ဖြည့်ဆည်းပေးနိုင်လာ မည်ဖြစ်သည်။ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်နှင့် မြို့ကြီးများရှိ အဓိကလမ်းဆုံများနှင့် စက်သုံးဆီဆိုင်များတွင် အများပြည်သူသုံး EV အားသွင်းရုံ (DC Fast Charging) များ ဖွင့်လှစ်ထားရှိပြီး ပြည်သူများ တိုးတက်သုံးစွဲမှုနှင့်အတူ EV အားသွင်းရုံများ တိုးတက်ဖွင့်လှစ်မည့် အလားအလာများရှိသည်။

ထို့အတူ ပြုပြင်ထိန်းသိမ်းရေး ကျွမ်းကျင်ပညာရှင်များ၊ လိုအပ်သည့်ကားအပိုပစ္စည်းများ လွယ်ကူစွာ စီမံပေးနိုင်ရန် လိုအပ်သည့်အတွက် EV တင်သွင်းသည့် ကုမ္ပဏီများက ကားရောင်းချ ပြုပြင်ထိန်းသိမ်းရေးစင်တာကို တစ်ပါတည်းဆောင်ရွက်ရသည်။ အလားတူ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ကဲ့သို့သော သင်တန်းကျောင်းများတွင် EV သင်တန်းများကို အရည်အသွေးပြည့်မီစွာ ဖွင့်လှစ်၍ ကျွမ်းကျင်ပညာရှင်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိသည်။

 EV များသည် သုံးစွဲသူများအတွက် အားသာချက်များစွာရှိသည်။ အဓိကအားဖြင့် လျှပ်စစ်ဓာတ်အားကိုသာ အသုံးပြုခြင်းကြောင့် ကားတစ်စီး၏ အသုံးစရိတ်သည် အခြားမော်တော်ယာဉ်တစ်စီး၏ ဓာတ်ဆီအသုံးစရိတ်ထက် ပို၍သက်သာသည်။ ပြုပြင်ထိန်းသိမ်းမှုစရိတ်လည်း သက်သာသည်။ EV များသည် မြန်မာနိုင်ငံတွင် အဦးအစ ဖွံ့ဖြိုးလာခြင်းဖြစ်သည့်အတွက် ဘက်ထရီသက်တမ်း၊ မီးဘေးအန္တရာယ်နှင့် ရေရှည်ကုန်ကျစရိတ် ချွေတာနိုင်မှုတို့နှင့်ပတ်သက်ပြီး သုံးစွဲသူများအကြား စိုးရိမ်ပူပန်မှုများ၊ အယူအဆအမှားများကို ကျော်လွှားနိုင်ရန် အသိပညာပေးလုပ်ငန်းများလည်း လိုအပ်နေသည်။

လျှပ်စစ်သုံးယာဉ် (EV) သုံးစွဲသူများက နိုင်ငံတော်အနေဖြင့် EV ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးရာတွင် ဆိုလာစွမ်းအင်သုံး အားသွင်းရုံ (Solar-Powered Charging Sta-tions) များ နိုင်ငံအနှံ့တည်ရှိလာရေးကို မျှော်လင့်ကြသည်။ After-Sales Service ဝန်ဆောင်မှု ပိုမိုကောင်းမွန်လိုကြသည်။ သုံးစွဲသူများ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ရန် ဘဏ်များနှင့်ချိတ်ဆက်၍ အတိုးနှုန်းသက်သာသော လျှပ်စစ်ယာဉ်ချေးငွေ (Green Loans) စနစ်များလည်း ပေါ်ပေါက်စေလို ကြသည်။

လက်ရှိ မြန်မာနိုင်ငံတွင် EV သုံးစွဲမှုအခြေအနေကို လေ့လာကြည့်သည့်အခါ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ထိ စာရင်းအရ EV အစီးနှစ်သောင်း ခုနစ်ထောင်ကျော်ရှိကြောင်း သိရသည်။ တိုးတက်သုံးစွဲမှု ရှိလာသည်။ မြန်မာ့ EV မူဝါဒသည် အစကောင်းခဲ့သည်။ ရေရှည်အောင်မြင်ရန်အတွက် နိုင်ငံတော်က ချမှတ်သည့် မူဝါဒအတိုင်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်းပြည်ပမှ ပူးပေါင်းပါဝင် ရင်းနှီးမြှုပ်နှံကြမည့် လုပ်ငန်းရှင်ကြီးများ၏ စုပေါင်းအားဖြင့် ဆက်လက်ချီတက်ကြရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။