Skip to main content

နို့စားနွားမွေးမြူရေးအား သမားရိုးကျမွေးမြူခြင်းမှသည် ခေတ်နှင့်အညီ သိပ္ပံနည်းကျ စီးပွားဖြစ် မွေးမြူကြပါစို့

ဒေါက်တာရဲထွန်းဝင်း

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းတွင် နို့စား နွားမွေးမြူရေးသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ယခင်က နို့စားနွားမွေးမြူရေးကို မိသားစုသုံး နို့ရရှိရေးအတွက်သာ ရိုးရာနည်းလမ်းများဖြင့် မွေးမြူခဲ့ကြသော်လည်း ယနေ့ခေတ်တွင် လူဦးရေတိုးပွားလာခြင်း၊ မြို့ပြဖွံ့ဖြိုးလာခြင်းနှင့် အာဟာရပြည့်ဝသော အစားအစာလိုအပ်ချက် မြင့်တက်လာခြင်းတို့ကြောင့် နို့နှင့် နို့ထွက်ပစ္စည်းများ၏ လိုအပ်ချက်မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာလျက်ရှိပါသည်။ နှစ်စဉ်ပြည်ပမှ နို့နှင့် နို့ထွက်ပစ္စည်း (နို့မှုန့်၊ နို့ဆီ၊ နို့စိမ်းနှင့် အသင့်စားနို့ထွက်ပစ္စည်း) ဒေါ်လာသန်း ၆၀ မှ ၁၀၀ ကျော်ဖိုးအထိ တင်သွင်းနေရပါသည်။ ထို့ကြောင့် နို့စားနွားမွေးမြူရေးကို ရိုးရာမွေးမြူမှုစနစ်မှ ခေတ်မီသိပ္ပံနည်းကျ စီးပွားဖြစ်မွေးမြူရေးစနစ်သို့ ပြောင်းလဲတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

နို့စားနွားမွေးမြူရေး၏ အရေးပါမှု

နို့သည် လူသားတို့အတွက် အရေးကြီးသော အာဟာရအရင်းအမြစ်တစ်ခုဖြစ်သည်။ နို့တွင် အသားဓာတ်၊ ကယ်ဆီယမ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များ များစွာပါဝင်သဖြင့် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်ကြီးသူများအတွက် ဘက်စုံအာဟာရကြွယ်သောအစာ ဖြစ်ပါသည်။ နွားနို့ တစ်လီတာတွင် အသားဓာတ် ၃၅ ဂရမ် (နှစ်ကျပ်သား) ခန့်ပါဝင်ပါသည်။ နွားနို့၏ အသားဓာတ်ထဲတွင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်စစ် ကိုးမျိုးအပါအဝင် အခြားအမိုင်နိုအက်စစ် အမျိုး ၂၀ ခန့် ပါဝင်ပါသည်။ ထို့အပြင် ကြွက်သား၊ အရိုးနှင့် ကိုယ်ခံစွမ်းအားအတွက် အလွန်အရေးကြီသော အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပါသည်။ 

ယနေ့မြို့ပြတွင် နို့ (Fresh Milk) သောက်သုံးမှုမြင့်မားလျက်ရှိပါသည်။ ဟိုတယ်များ၊ မုန့်လုပ်ငန်းများ၊ ကော်ဖီဆိုင်များ၊ ကလေးအာဟာရဈေးကွက်များတွင် နို့လိုအပ်ချက်တိုးနေပါသော်လည်း ပြည်တွင်းတွင် လုံလောက်အောင် မထုတ်နိုင်သေးသဖြင့် ပြည်ပမှ တင်သွင်းနေရပါသည်။

နို့စားနွားမွေးမြူရေးကို စနစ်တကျ တိုးချဲ့လုပ်ကိုင်လာနိုင်ခြင်းဖြင့် ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများ များစွာပေါ်ထွက်လာမည် ဖြစ်ပါသည်။ နို့စားနွားတစ်ကောင်သည် တစ်ရက် နို့ခြောက်ပိဿာမှ ၁၀ ပိဿာခန့် ထွက်နိုင်ပြီး “နေ့စဉ်ဝင်ငွေရသော စီးပွားရေးလုပ်ငန်း” ဖြစ်ပါသည်။ ခြံလုပ်ငန်း၊ နို့ညှစ်လုပ်ငန်း၊ အစာရရှိရေး၊ စားကျက်စိုက်ပျိုးရေး၊ သားစပ်ခြင်း၊ ဆေးကုခြင်း၊ နို့စုဆောင်းခြင်း၊ နို့သယ်ယူပို့ဆောင်ခြင်း၊ နို့ထွက်ပစ္စည်းထုတ်လုပ်ခြင်းစသည့် လုပ်ငန်းများတွင် အလုပ်အကိုင်အခွင့်အလမ်းမျိုးစုံ ပေါ်ပေါက်လာမည်ဖြစ်ပါသည်။ နွားချေးသည်လည်း အလွန်တန်ဖိုးရှိသော သဘာဝမြေဩဇာဖြစ်သည့်အပြင် နွားချေးမှ ဇီဝဓာတ်ငွေ့လည်း ထုတ်လုပ်နိုင်ပါသည်။ ထို့အပြင် နို့ထုတ်လုပ်မှုကျဆင်းလာသော နို့စားနွားမများနှင့် နို့စားနွားအထီးလေးများကို အသားထုတ်လုပ်မှုအတွက် အသုံးပြုနိုင်ပါသည်။ 

နို့ထုတ်လုပ်မှုတိုးတက်လာလျှင် နို့ထွက်ပစ္စည်းထုတ်လုပ်သောလုပ်ငန်းလည်း ဖွံ့ဖြိုးလာပါမည်။ နို့ချဉ်၊ ထောပတ်၊ နို့ဆီ၊ အသင့်သောက်နို့၊ နို့စိမ်းနှင့် နို့ခဲထုတ်လုပ်ခြင်း စသည့်လုပ်ငန်းများ ဖွံ့ဖြိုးလာပါမည်။ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းနှင့် ဆက်စပ်သည့် အိမ်တွင်းမှုလုပ်ငန်းများဖွံ့ဖြိုးလာပြီး ဒေသတွင်း ကုန်ထုတ်လုပ်ငန်းများတိုးတက်လာကာ အမျိုးသမီးအလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုရရှိလာပါမည်။

နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းတိုးတက်လာခြင်းဖြင့် ပြည်ပသွင်းကုန် အစားထိုးနိုင်မည့်အပြင် နို့စားနွားမွေးမြူခြင်းမှ အကျိုးအမြတ်ရရှိပြီး ကျေးလက်အခြေပြုစီးပွားရေး ထွန်းကားလာပါမည်။ နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးလာသည်နှင့်အမျှ အခြားဆက်စပ်လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ အစာစက်ရုံ၊ ဆေးဝါးလုပ်ငန်းများလည်း ဖွံ့ဖြိုးလာပါမည်။ 

ရိုးရာမွေးမြူရေးမှ စနစ်တကျမွေးမြူရေးသို့

ယခင်က နွားများကို လွှတ်ကျောင်းခြင်း၊ လှန်ကျောင်းခြင်းဖြင့် ရိုးရာမွေးမြူရေးစနစ်အရ မွေးမြူခဲ့ပါသည်။ ထိုသို့မွေးမြူခြင်းဖြင့် အစာအာဟာရမညီမျှခြင်း၊ မျိုးကောင်းမျိုးသန့် အသုံးမပြုနိုင်ခြင်းနှင့် ရောဂါကာကွယ်ရေးအားနည်းခြင်းတို့ကြောင့် နို့ထွက်နှုန်းနည်းပါးခြင်းနှင့် စီးပွားရေးအကျိုးအမြတ်ရရှိမှု နည်းပါးခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။ ယနေ့ခေတ်တွင် နို့စားနွားမွေးမြူရေးကို စနစ်တကျ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အောက်ပါအချက်များကို အထူးဂရုပြုဆောင်ရွက်ရမည်ဖြစ်ပါသည်- 

(က) မျိုးကောင်းမျိုးသန့် မွေးမြူခြင်း

နို့ထွက်နှုန်းကောင်းသော ဖရီရှန်၊ ဂျာဆီစပ်မျိုးများ (Friesian Cross, Jersey Cross) စသည့် မျိုးကောင်းမျိုးသန့်များကို အသုံးပြုမွေးမြူခြင်းဖြင့် နို့ထွက်နှုန်းတိုးတက်လာနိုင်ပါသည်။ မေထုန်မဲ့သားစပ်ခြင်း (Artificial Insemination - AI) နည်းပညာကို အသုံးပြု၍ မျိုးရိုးမြင့်မျိုးရည်ဖြင့် သားစပ်ခြင်းသည် နို့စားနွားမျိုးမြှင့်တင်မှုအတွက် အကောင်းဆုံးနည်းစနစ် ဖြစ်ပါသည်။ 

(ခ) စနစ်တကျအစာကျွေးမွေးခြင်း

နို့စားနွားများတွင် အစာအာဟာရသည် အလွန်အရေးကြီးပါသည်။ အစာစိမ်း၊ အစာခြောက်၊ အားဖြည့်အစာ၊ ဗီတာမင်နှင့် သတ္တုဓာတ်များကို မျှတစွာကျွေးမွေးရပါမည်။ နေပီယာမြက်၊ ပြောင်းချဉ်ဖတ်၊ အေဇိုလာ၊ ပြောင်း၊ ဆန်ကွဲ၊ ဆီကြိတ်ဖတ်စသည်တို့ကို အသုံးပြု၍ အချိုးညီရောစပ်စာစနစ်ဖြင့် အစာကို ရောစပ်ကျွေးမွေးခြင်းဖြင့် နို့ထွက်နှုန်း တိုးတက်လာမည်ဖြစ်ပါသည်။ 

(ဂ) နွားခြံစနစ် ကောင်းမွန်ရေး

နွားခြံသည် လေဝင်လေထွက်ကောင်းမွန်၍ သန့်ရှင်းရမည်။ နွားခြံသည် နွားများအတွက် နေထိုင်ရန် သက်သောင့်သက်သာရှိရန်လိုအပ်ပြီး ခြံတွင်းအလုပ်လုပ်သူများအတွက် လုပ်ရကိုင်ရလွယ်ကူသော ခြံအဆောက်အအုံအပြင်အဆင်ဖြစ်ရန် အရေးကြီးပါသည်။ အပူချိန်မြင့်သောနေရာများ၊ ရာသီများတွင် နွားများကို အပူဒဏ်မှကာကွယ်ရန် စီမံထားရှိရန်နှင့် လိုအပ်ပါက ရေပန်း/ အအေးပေးစနစ်များ စီမံထားရပါမည်။ 

(ဃ) ရောဂါကာကွယ်ထိန်းချုပ်ရေး

ခွာနာလျှာနာရောဂါ (Foot and Mouth Dise-ase-FMD) ၊ အရေပြားအကြိတ်နာရောဂါ (Lumpy Skin Disease-LSD) ၊ နို့အုံရောင်ရောဂါ (Mastitis) စသည့်ရောဂါများကို ကာကွယ်နိုင်ရန် ကာကွယ်ဆေးထိုးခြင်း၊ ဇီဝလုံခြုံမှုစနစ်ကျင့်သုံးခြင်း၊ သန့်ရှင်းစွာ စနစ်တကျ နို့ညှစ်ခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ပုံမှန်ပြုလုပ်ရပါမည်။ 

(င) စီးပွားရေးတွက်ချက်မှုဖြင့် မွေးမြူခြင်း

ခေတ်မီနို့စားနွားမွေးမြူရေးသည် စီးပွားရေးတွက်ချက်မှုဖြင့် ဆောင်ရွက်ရမည်ဖြစ်သည်။ အစာကုန်ကျစရိတ်၊ နို့ထွက်နှုန်း၊ မျိုးပွားမှုမှတ်တမ်း၊ ကျန်းမာရေးမှတ်တမ်းနှင့် အရှုံး/ အမြတ်များကို စနစ်တကျ မှတ်တမ်းထားတွက်ချက်ပြီး အကျိုးအမြတ်ပိုမိုရရှိရေးအတွက် လိုအပ်သလို စီမံဆောင်ရွက်ရပါမည်။

ခေတ်နှင့်အညီ သိပ္ပံနည်းကျမွေးမြူရေး

ယနေ့ကမ္ဘာတွင် Smart Dairy Farming စနစ်များ အသုံးပြုလာကြပြီး နို့ညှစ်စက်များနှင့် အလိုအလျောက်နို့ညှစ်စနစ်များ (Milking Machine, Automatic Milking System)၊ နို့အအေးချကန်များ (Cooling Tank)၊ အီလက်ထရောနစ်ခြံမှတ်တမ်း (Digital Farm Record) နှင့် အာရုံခံစနစ်နည်းပညာ (Sensor Technology)များ အသုံးပြု၍ ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်လာကြပါသည်။ ထို့ကြောင့် နို့စားနွားမွေးမြူရေးသည် “နွားမွေးခြင်း” အဆင့်ကို ကျော်လွန်ပြီး Technology နှင့် Data ကို အသုံးပြုသည့် Smart Dairy Farming စနစ်သို့ တိုးတက်ပြောင်းလဲလာပြီ ဖြစ်ပါသည်။ 

ယခင်က လူအင်အားအပေါ် အခြေခံခဲ့သော မွေးမြူရေးလုပ်ငန်းများသည် ယနေ့တွင် စက်ကိရိယာများ၊ Sensor Technology များနှင့် Digital Management စနစ်များ အသုံးပြုလာခြင်းကြောင့် ထုတ်လုပ်မှုမြင့်မားလာပြီး ကုန်ကျစရိတ်များကိုလည်း လျှော့ချနိုင်လာပါသည်။

(က) နို့ညှစ်စက်နှင့်အလိုအလျောက် နို့ညှစ်စနစ် အသုံးပြုခြင်း

ယခင်က နွားနို့ညှစ်ခြင်းကို လက်ဖြင့်ဆောင်ရွက်ခဲ့ရာ အချိန်ကြာမြင့်ခြင်း၊ အလုပ်သမားလိုအပ်ချက်များခြင်း၊ နို့အရည်အသွေးမတည်ငြိမ်ခြင်းတို့ ဖြစ်ပေါ်ခဲ့ပါသည်။ ယနေ့ခေတ်တွင် နို့ညှစ်စက်များ အသုံးပြုလာခြင်းကြောင့် နွားတစ်ကောင်ချင်းစီ၏ နို့ထွက်ပမာဏကို တိကျစွာသိရှိနိုင်ခြင်း၊ နို့ညှစ်ချိန် လျော့နည်းခြင်း၊ သန့်ရှင်းမှုပိုမိုကောင်းမွန်ခြင်း၊ နို့အုံရောင်ကဲ့သို့သောရောဂါများ ဖြစ်ပွားမှုလျော့နည်းလာခြင်း အကျိုးကျေးဇူးများ ရရှိလာပါသည်။

 နိုင်ငံတချို့တွင် အလိုအလျောက် နို့ညှစ်စနစ် ဖြစ်သည့် Robotic Milking System များ အသုံးပြုလာပြီး နွားများသည် ၎င်းတို့ကိုယ်တိုင် စက်ထဲသို့ ဝင်ရောက်ကာ နို့ညှစ်ယူသည့်စနစ်များပင် ရှိလာပါသည်။

(ခ) Cooling Tank နှင့် Cold Chain System ၏ အရေးပါမှု

နို့သည် ပျက်စီးလွယ်သော အစားအစာဖြစ်သောကြောင့် နို့ညှစ်ပြီးနောက် အပူချိန်မထိန်းနိုင်ပါက ဗက်တီးရီးယားများ မြန်ဆန်စွာပေါက်ပွားလာနိုင်ပါသည်။ ထို့ကြောင့် ယနေ့ခေတ် နို့စားနွားခြံများ၊ နို့ကောက်စခန်းများ၊ နို့နှင့်နို့ထွက်ပစ္စည်းစက်ရုံများတွင် နို့အအေးချသိုလှောင်ကန် (Milk Cooling Tank)၊ အအေးချသယ်ယူပို့ဆောင်ခြင်းစနစ် (Re-frigerated Transportation System)၊ အအေးခံ သိုလှောင်သိမ်းဆည်းစနစ် (Cold Storage Syst-em) များကို အသုံးပြုလာကြပါသည်။

နို့သိုလှောင်ခြင်း၊ နို့သယ်ဆောင်ခြင်းနှင့် နို့နှင့် နို့ထွက်ပစ္စည်းများ သိမ်းဆည်းရောင်းချခြင်း လုပ်ငန်းစဉ်တစ်လျှောက် အအေးချစနစ်ကို အသုံးပြုခြင်းဖြင့် နို့အရည်အသွေးကောင်းမွန်လာခြင်း၊ နို့သက်တမ်း (Shelf Life) ပိုရှည်လာခြင်း၊ နို့ထွက်ပစ္စည်းထုတ်လုပ်သောစက်ရုံများသို့ အရည်အသွေးမြင့်နို့ပို့ဆောင်နိုင်ခြင်း၊ ပြည်ပပို့နိုင်သောအဆင့်မီ နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ခြင်းတို့ကို အထောက်အကူပြုပါသည်။

(ဂ) Digital Farm Record စနစ်

ယခင်က မွေးမြူရေးမှတ်တမ်းများကို စာအုပ်များတွင် ရေးမှတ်ခဲ့ကြသော်လည်း ယနေ့ခေတ်တွင် Mobile App နှင့် Computer Software များ အသုံးပြုလာကြပါသည်။ Digital Recording System တွင် နို့ထွက်နှုန်း၊ အစာကျွေးနှုန်း၊ မျိုးပွားမှတ်တမ်း၊ ကာကွယ်ဆေးထိုးမှတ်တမ်း၊ ရောဂါကုသမှု၊ ဝင်ငွေ/ ကုန်ကျစရိတ်များကို စနစ်တကျသိမ်းဆည်းနိုင်ပြီး ခြံ၏အခြေအနေကို လွယ်ကူစွာ သုံးသပ်နိုင်ပါသည်။ ဥပမာအားဖြင့် နို့ထွက်ကျဆင်းလာသောနွားကို အချိန်မီသိရှိနိုင်သကဲ့သို့ အစာပြဿနာ၊ ကျန်းမာရေးပြဿနာ၊ မျိုးပွားပြဿနာများကို မှတ်တမ်းအချက်အလက်များကို အခြေခံ၍ ခွဲခြမ်းစိတ်ဖြာနိုင်လာပါသည်။

(ဃ) Sensor Technology အသုံးပြုခြင်း

ယနေ့ Smart Dairy Farm များတွင် Sensor များကို နွားများ၏ လည်ပင်း သို့မဟုတ် ခြေထောက်တွင် တပ်ဆင်၍ နွား၏လှုပ်ရှားမှု၊ အစာစားနှုန်း၊ ကိုယ်အပူချိန်၊ မြိုင်ပေါ်မှု၊ ကျန်းမာရေးအခြေအနေ စသည်များကို ၂၄ နာရီ စောင့်ကြည့်နိုင်ပါသည်။ ဥပမာ နွားတစ်ကောင်သည် ပုံမှန်ထက် အစာလျှော့စားနေပါက Sensor က Alert ပေးနိုင်ပြီး ရောဂါဖြစ်မည့် အစောပိုင်းအဆင့်တွင်ပင် ကုသနိုင်ပါသည်။ ထို့ကြောင့် ရောဂါဖြစ်ပွားမှု လျော့နည်းလာခြင်း၊ ဆေးကုသစရိတ်လျော့ကျခြင်း၊ နို့ထွက်နှုန်းတိုးတက်လာခြင်း အကျိုးများရရှိလာပါသည်။

မြန်မာနိုင်ငံတွင် မိရိုးဖလာ နို့စားနွားမွေးမြူခြင်း၊ စီးပွားဖြစ် မွေးမြူခြင်းမှသည် ခေတ်မီသိပ္ပံနည်းကျ Smart Dairy Farm များသို့ မြန်မာနိုင်ငံ၏ နို့စားနွား မွေးမြူရေးလုပ်ငန်း ခေတ်မီသိပ္ပံနည်းကျမွေးမြူရေးအဆင့်သို့ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစုအဖွဲ့ (သို့မဟုတ်) သမဝါယမ နို့စားနွားမွေးမြူရေးစနစ်များ/ ခြံများပေါ်ထွန်းလာရေး၊ အစာထုတ်စက်ရုံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နို့ကောက်စခန်းများ၊ နို့အေးခံစနစ်များနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်သော စက်ရုံများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်ပါသည်။

(က) သမဝါယမ နို့စားနွားမွေးမြူရေး 

မြန်မာနိုင်ငံရှိ မွေးမြူရေးသမားအများစုမှာ နွားအရေအတွက်နည်းပါးသော Smallholder Farmers များ ဖြစ်ကြပါသည်။ ထို့ကြောင့် သမဝါယမစနစ်ဖြင့် နို့စုဆောင်းခြင်း၊ အစာဝယ်ယူခြင်း၊ ဆေးဝါးဝယ်ယူခြင်း၊ နို့အအေးချသိမ်းဆည်းပို့ဆောင် သည့်စနစ်အသုံးပြုခြင်း၊ နို့ထွက်ပစ္စည်းထုတ်ကုန်များ ထုတ်လုပ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ပါက ကုန်ကျစရိတ်လျော့နည်းပြီး အကျိုးအမြတ် ပိုမိုရရှိနိုင်ပါသည်။

(ခ) အစာထုတ်စက်ရုံများ ဖွံ့ဖြိုးတိုးတက်ရေး 

နို့စားနွားမွေးမြူရေး၏ အဓိကကုန်ကျစရိတ်မှာ အစာကုန်ကျစရိတ် ဖြစ်ပါသည်။ ထို့ကြောင့် ပြောင်းချဉ်ဖတ်၊ မြက်ခြောက်၊ ဆီကြိတ်ဖတ် (ပဲဖတ်၊ နှမ်းဖတ်၊ ပဲပုပ်ဖတ်၊ ဝါစေ့ဖတ်)၊ အချိုးညီရောစပ်စာများကို ပြည်တွင်းတွင် လုံလောက်စွာ ထုတ်လုပ်နိုင်ရန် Feed Industry ဖွံ့ဖြိုးရန် လိုအပ်ပါသည်။ အစာအရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသက်သာသည့်အစာကို လုံလောက်စွာ ရရှိကျွေးမွေးနိုင်ပါက နို့ထွက်နှုန်းတိုးလာမည်၊ နွားကျန်းမာရေးကောင်းလာမည်၊ မွေးမြူရေးအကျိုးအမြတ် မြင့်တက်လာမည် ဖြစ်ပါသည်။

(ဂ) နို့ကောက်စခန်းများ တည်ထောင်ခြင်း

ကျေးလက်ဒေသများတွင် နို့ထုတ်လုပ်နိုင်သော်လည်း စျေးကွက်သို့ သယ်ယူပို့ဆောင်ရန် အခက်အခဲများရှိနေပါသည်။ တစ်ပိုင်တစ်နိုင် နို့စားနွား မွေးမြူမှုများသည့် နေရာများတွင် အအေးချစနစ်ပါသည့် နို့ကောက်စခန်းများ တည်ထောင်ခြင်းဖြင့် အရည်အသွေးကောင်းသော နို့ကိုစုဆောင်းနိုင်ခြင်း၊ နို့စက်ရုံများသို့ စနစ်တကျ ပို့ဆောင်နိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။

(ဃ) နို့ထွက်ပစ္စည်းထုတ်စက်ရုံဖွံ့ဖြိုးရေး

နို့ထုတ်လုပ်မှုတိုးတက်လာသည်နှင့်အမျှ နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်၊ နို့ချဉ်၊ ဒိန်ခဲ၊ ထောပတ်၊ ရေခဲမုန့်၊ အသင့်သောက်နို့စသည့် တန်ဖိုးမြင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ပါသည်။ထို့ကြောင့် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများဖွံ့ဖြိုးလာမည်၊ အမျိုးသမီးအလုပ်အကိုင်အခွင့်အလမ်း တိုးလာမည်၊ ပြည်ပမှနို့ထွက်ပစ္စည်းများ တင်သွင်းမှုလျှော့ချနိုင်မည့် ပြည်တွင်းထုတ်ကုန်များ ပေါ်ထွက်လာမည်ဖြစ်ပြီး နိုင်ငံ၏ စားရေရိက္ခာဖူလုံမှု အားကောင်းလာမည်ဖြစ်ပါသည်။

နိဂုံး

ခေတ်နှင့်အညီ သိပ္ပံနည်းကျ နို့စားနွားမွေးမြူရေးသည် နည်းပညာ၊ အချက်အလက်နှင့် စနစ်တကျ စီမံခန့်ခွဲမှုတို့ကို အခြေခံထားသော Modern Agri-business တစ်ခု ဖြစ်လာပြီဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း Smart Dairy Farming၊ သမဝါယမ မွေးမြူရေးစနစ်၊ တိရစ္ဆာန်အစာစိုက်ပျိုးထုတ်လုပ်မှုနှင့် အစာထုတ်လုပ်သည့်လုပ်ငန်းများ၊ အအေးချစနစ်ဖြင့် နို့ကောက်/ နို့ပို့စနစ်၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်ခြင်းဖြင့် နို့စားနွားမွေးမြူရေးကဏ္ဍသည် နိုင်ငံ၏ စားရေရိက္ခာဖူလုံရေး၊ ကျေးလက်ဝင်ငွေ တိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော ကုန်ထုတ်လုပ်မှု တိုးတက်ရေး (Agro-based Industry Development) တို့အတွက် အရေးပါသော စီးပွားရေးကဏ္ဍကြီး တစ်ခုဖြစ်လာမည်မှာ သေချာပါသည်။ ထို့ကြောင့် သမားရိုးကျမွေးမြူရေးစနစ်မှ ခေတ်မီသိပ္ပံနည်းကျ စီးပွားဖြစ်မွေးမြူရေးစနစ်သို့ ပြောင်းလဲကာ မျိုးကောင်းမျိုးသန့်၊ အစာအာဟာရ၊ ကျန်းမာရေးနှင့် စီမံခန့်ခွဲမှုစနစ်များကို စနစ်တကျ ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း တင်ပြလိုက်ရပါသည်။