တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေအရာရှိများ၏ ကျင့်ဝတ်သိက္ခာစောင့်ထိန်းမှု
ဥပဒေအရာရှိတစ်ဦး
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းရေးတို့ကို နိုင်ငံတော်အစိုးရက ဘက်စုံထောင့်စုံမှ ဖော်ဆောင်လျက်ရှိရာ တရားဥပဒေစိုးမိုးရေး (Rule of Law) သည် အဓိကကျသောမောင်းနှင်အားဖြစ်ပါသည်။ ထိုသို့တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရာတွင် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ဥပဒေအရာရှိများသည် မရှိမဖြစ်အရေးပါသောကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။
သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ပေါ်ထွန်းလာစေရန် ပြည်သူလူထုက မျှတသော တရားစီရင်ရေးနှင့် မှန်ကန်သော ဥပဒေစနစ်အပေါ် ယုံကြည်ကိုးစားမှု (Public trust) ရှိခြင်းသည် အထူးလိုအပ်လှသည်။ ပြည်သူ့ယုံကြည်မှုကို တည်ဆောက်ရာတွင် “ဥပဒေပညာသည် အကျင့်သိက္ခာနှင့် ပြည့်စုံသောပညာဖြစ်သည်” ဟူသော ဥပဒေရေးရာဝန်ကြီးဌာန၏ ဆောင်ပုဒ်နှင့်အညီ ဥပဒေအရာရှိများ၏ စောင့်ထိန်းအပ်သည့် ကိုယ်ကျင့်သိက္ခာနှင့် ကျင့်ဝတ်စံနှုန်းများ သိရှိနားလည်မှုနှင့် လိုက်နာစောင့်ထိန်းမှုများ မြှင့်တင်ရေးသည် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ၏ဥပဒေယုံကြည်ချက်တည်ဆောက်ရာ၌ အခြေခံအကျဆုံးအုတ်မြစ်ဖြစ်ပါသည်။
ဥပဒေရေးရာဝန်ကြီးဌာန (ယခင်ပြည်ထောင်စုရှေ့နေချုပ်ရုံး) က ပြဋ္ဌာန်းခဲ့သည့် ဥပဒေအရာရှိကျင့်ဝတ် (Code of Ethics for Law Officers) သည် အောက်ပါအဓိက ရည်ရွယ်ချက်များဖြင့် ပေါ်ထွက်လာ ခြင်းဖြစ်သည်-
(၁) ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံပြီး အများပြည်သူ ယုံကြည်အားကိုးရသော ဥပဒေအရာရှိများ ဖြစ်စေရန်၊
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရာရှိများ ဖြစ်စေရန်၊
(၃) ဖြောင့်မတ်မှန်ကန်၍ မျှတသောတရားစီရင်ရေးစနစ် ဖြစ်ထွန်းလာစေရေးနှင့် တရားဥပဒေစိုးမိုးရေးကို အထောက်အကူ ဖြစ်စေရန်၊
(၄) ပြည်သူလူထု၏ အကျိုးစီးပွားကို အဂတိတရားကင်းရှင်းစွာ ဖော်ဆောင်၍ တရားမျှတမှု၊ သာတူညီမျှရရှိရေးကို အထောက် အကူပြုသည့် ဥပဒေအရာရှိများဖြစ်စေရန်၊
(၅) အရည်အသွေးနှင့် အရည်အချင်းမြင့်မားပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ဥပဒေအရာရှိများ ဖြစ်စေရန်။
ထို့ပြင် ဥပဒေအရာရှိကျင့်ဝတ်တွင် အခြေခံမူများဖြစ်သော -
(၁) ရာထူးနှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်းမှ ရှောင်ကြဉ်၍ ကိုယ်ကျင့်တရား ကောင်းမွန်စွာ ရပ်တည်မည့် ရိုးသားဖြောင့်မတ်ခြင်း (Integrity)၊
(၂) နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဩဇာလွှမ်းမိုးမှုမခံဘဲ အဂတိတရားကင်းရှင်းစွာ မည်သူ့ကိုမဆို ဘက်လိုက်မှုကင်း၍ တရားမျှတစွာ ဆောင်ရွက်ခြင်း (Impartiality)၊
(၃) တည်ဆဲဥပဒေများကို လေးစားလိုက်နာ၍ ဥပဒေနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်ခြင်း (Propriety)၊
(၄) လူမျိုး၊ ဘာသာ၊ လိင်နှင့် ရာထူးအဆင့်အတန်း မခွဲခြားဘဲ တရား ဥပဒေ၏ အကာအကွယ်ကို အညီအမျှရရှိစေမည့် တန်းတူညီမျှ ရှိခြင်း(Equality)၊
(၅) မိမိရာထူးနှင့်လျော်ညီသော ပညာရပ်ဆိုင်ရာ ဗဟုသုတကို စဉ်ဆက်မပြတ် လေ့လာရမည့် အရည်အချင်းနှင့် လုံ့လဝီရိယရှိခြင်း (Competence and Diligence)၊
(၆) ဌာနတွင်း အပြန်အလှန်လေးစားမှုရှိစွာ တရားဥပဒေနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်း (Responsibility and Accountability) ဟူသော အဓိကမဏ္ဍိုင်ကြီးများ သတ်မှတ်ထားပြီး ဥပဒေအရာရှိများကို လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိသည်။
နိုင်ငံတော်သမ္မတ၏ “နိုင်ငံသားတိုင်း ဥပဒေ၏ အကာအကွယ်ကို အညီအမျှရရှိစေရမည်” ဟူသည့် လမ်းညွှန်ချက်ကို အထူးအလေးပေးပြီး ယခုအခါ ဥပဒေအရာရှိကျင့်ဝတ်ကို ပိုမိုလေးစားလိုက်နာမှု အားကောင်းစေရေးအတွက် ဥပဒေအရာရှိကျင့်ဝတ်များကို “အသိပညာပေးခြင်း” အဆင့်မှ “လိုက်နာစေရန် ထိန်းကျောင်းဆောင်ရွက်ခြင်း” အဆင့်သို့ တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။
ယခုအခါ ဥပဒေရေးရာဝန်ကြီးဌာန (Ministry of Legal Affairs- MOLA) သည် ဥပဒေအရာရှိများ၏ ကျင့်ဝတ်လိုက်နာမှုအခြေအနေများကို ပိုမိုအားကောင်းခိုင်မာလာစေရန် ရည်ရွယ်၍ အဆင့်မြင့်အရာရှိကြီးများမှစ၍ အရာရှိငယ်များအထိ ပါဝင်သော ဥပဒေအရာရှိ ကျင့်ဝတ် လိုက်နာရေး အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းမှုများကို မေလ ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၉ ရက်နေ့များတွင် ဆောင်ရွက်ခဲ့ပါသည်။
ဤတွေ့ဆုံမေးမြန်းမှုများမှ ထွက်ပေါ်လာသည့် အဖိုးတန်အမြင်များ၊ သုံးသပ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ပြည်သူလူထုနှင့် ဥပဒေလောကသားများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အမေးအဖြေပုံစံဖြင့် စိတ်ဝင်စားဖွယ် ထုတ်နုတ်ဖော်ပြ ပေးလိုက်ရ ပါသည်။
(၁) ဥပဒေအရာရှိကျင့်ဝတ်များ သိရှိနားလည်မှုနှင့် လက်တွေ့ ကျင့်သုံးမှုအခြေအနေ
မေး။ ။ ပထမဦးဆုံးအနေနဲ့ ဥပဒေအရာရှိ ကျင့်ဝတ်တွေကို စောင့်ထိန်းလိုက်နာမှု ပိုမိုအားကောင်းလာစေဖို့ လက်ရှိမှာ ဝန်ကြီးဌာနအတွင်း အရာရှိတွေ လက်တွေ့ကျင့်သုံးနေတဲ့နည်းလမ်းတွေကို သိပါရစေ။
ဖြေ။ ။ လက်ရှိမှာ ဝန်ကြီးဌာနအနေနဲ့ ဥပဒေအရာရှိကျင့်ဝတ်ရဲ့ ရည်ရွယ်ချက်တွေဖြစ်တဲ့ ပြည်သူလူထု ယုံကြည်အားကိုးတဲ့ ဥပဒေအရာရှိများ ဖြစ်စေရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသား များရဲ့အခွင့်အရေးကို ဥပဒေနဲ့အညီ ကာကွယ်စောင့်ရှောက်ရေးနဲ့ ဖြောင့်မတ်မှန်ကန်တဲ့ တရားစီရင်ရေးစနစ် ဖြစ်ထွန်းလာစေရေးတို့ကို အဓိကဦးတည်လုပ်ဆောင်နေပါတယ်။ လက်တွေ့ကျင့်သုံးမှုအနေနဲ့ကတော့ ဥပဒေအရာရှိတစ်ဦးချင်းစီရဲ့ ရုံးလုပ်ငန်းခွင်အတွင်း နေ့စဉ် ဆောင်ရွက်ချက်တွေမှာ ကျင့်ဝတ်ပါ အခြေခံမူတွေဖြစ်တဲ့ ရိုးသားဖြောင့်မတ်ခြင်း၊ ဘက်လိုက်မှုကင်းခြင်းတွေကို အခြေခံဆောင်ရွက်ပါတယ်။ ဥပဒေအကြံဉာဏ်ပေးတဲ့အခါမှာ ခိုင်မာတဲ့ အထောက်အထား၊ ဥပဒေပြဋ္ဌာန်းချက်တွေအပေါ်မှာပဲ မှန်ကန်စွာ စဉ်းစားတွေးခေါ်ပြီး အဂတိတရားကင်းကင်းနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်တဲ့အလေ့အထကို လက်ဆင့်ကမ်းအကောင်အထည်ဖော်နေကြပါတယ်။
မေး။ ။ အရင်က အခြေအနေတွေနဲ့ နှိုင်းယှဉ်ရင် အခုမျက်မှောက်ခေတ်ကာလမှာ အရာရှိတွေရဲ့ ဥပဒေအရာရှိကျင့်ဝတ် လိုက်နာမှုအဆင့်အတန်း ဘယ်လောက်အထိ တိုးတက်ပြောင်းလဲလာ တယ်လို့ သုံးသပ်မိပါသလဲ။
ဖြေ။ ။ အကယ်၍ အရင်က ဥပဒေအရာရှိကျင့်ဝတ်လိုက်နာမှုအဆင့်ကို အဆင့်(၁)ကနေ (၁၀) အတွင်း သတ်မှတ်မယ်ဆိုရင် အရင်ကာလတွေက အဆင့်(၅) ဒါမှမဟုတ် (၆) ဝန်းကျင်မှာ ရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဝန်ကြီးဌာနရဲ့ စဉ်ဆက်မပြတ်ကြီးကြပ်မှု၊ သင်တန်းတွေ ပေးနိုင်မှုကြောင့် အခုအချိန်မှာတော့ အဆင့် (၉) ဝန်းကျင်အထိ သိသိသာသာတိုးတက်ပြောင်းလဲလာတယ်လို့ ယူဆပါတယ်။ အထူးသဖြင့် အရာရှိငယ်တွေကြားထဲမှာ မိမိတို့ရဲ့ဂုဏ်သိက္ခာ၊ ဝန်ကြီးဌာနရဲ့ ပုံရိပ်အတွက် မဖြစ်မနေလိုက်နာရမယ်ဆိုတဲ့ အသိစိတ်ဓာတ် ပိုမိုမြင့်မားလာတာကို တွေ့ရပါတယ်။
(၂) လုပ်ငန်းခွင်တွင် တာဝန်ယူမှုနှင့် တာဝန်ခံမှုဆိုင်ရာ တိုးတက်ပြောင်းလဲလာသည့် အခြေအနေ
မေး။ ။ ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ အချက်အလက်တွေထဲမှာ ဥပဒေအရာရှိတွေအနေနဲ့ ဘယ်အချက်တွေကို ပိုပြီး အလေးထား လိုက်နာကြတာကို တွေ့ရပါသလဲ။
ဖြေ။ ။ အဓိကတွေ့ရတာကတော့ အခြေခံမူ (၆) ချက်ထဲက “ရိုးသားဖြောင့်မတ်ခြင်း” နဲ့ “တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိခြင်း” အချက်တွေကို ပိုမိုအလေးထားလာကြပါတယ်။ “ရိုးသားဖြောင့်မတ်ခြင်း” အခြေခံမူပါ ကိုယ်ကျင့်တရားကောင်းမွန်ပြီး ရိုးသားဖြောင့်မတ်စွာ ဆောင်ရွက်ခြင်း၊ ရာထူးနှင့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားမပြုခြင်း၊ ရုံးတံဆိပ်၊ အမှတ်အသားများကို အလွဲသုံးစားမပြုခြင်း၊ ရုံးအသုံးအဆောင်၊ ဌာနပိုင်ပစ္စည်းများကို မိမိပိုင်ပစ္စည်းကဲ့သို့ ထိန်းသိမ်း စောင့်ရှောက်ခြင်းနဲ့ ရာထူးအဆင့်နဲ့လျော်ညီစွာ ပြောဆိုကျင့်ကြံနေထိုင်ခြင်းတွေကို အရာရှိကြီးတွေကရော အရာရှိငယ်တွေကပါ အထူးဂရုပြုဆောင်ရွက်နေကြတာတွေ့ရပါတယ်။
ဒါ့အပြင် “တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိခြင်း” ဆိုတဲ့အတိုင်း မိမိကို ပေးအပ်လာတဲ့တာဝန်ကို ဌာနရဲ့ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်တွေနဲ့အညီ လျှို့ဝှက်ချက်များ မပေါက်ကြားအောင် ထိန်းသိမ်းပြီး တာဝန်ယူဆောင်ရွက်ခြင်း၊ ဒီလိုဆောင်ရွက်ရာမှာ ဖြစ်ပေါ်လာတဲ့ အကောင်းအဆိုးကိုလည်း တာဝန်ခံမှုရှိစွာဖြင့် ဖြေရှင်းဆောင်ရွက်ခြင်း တွေကို ဆောင်ရွက်နေကြပါတယ်။
(၃) စိန်ခေါ်မှုများနှင့် တားဆီးကာကွယ်ရေး ယန္တရားများ
မေး ။ ။ ဥပဒေအရာရှိကျင့်ဝတ် ဖောက်ဖျက်မှုတွေကို ထိထိရောက်ရောက် ဟန့်တားနိုင်ဖို့ လက်ရှိစစ်ဆေးအရေးယူနေတဲ့စနစ်အပြင် နောက်ထပ်ဘာတွေ ဖြည့်စွက်လုပ်ဆောင်သင့် တယ်လို့ မြင်ပါသလဲ။
ဖြေ။ ။ လက်ရှိ စစ်ဆေးအရေးယူမှုတွေက ထိရောက်မှုရှိသလို နောက်ထပ်ဖြည့်စွက်ရမှာကတော့ တိုင်ကြားစာတွေအပေါ် လျင်လျင်မြန်မြန်နဲ့ ဘက်လိုက်မှုကင်းကင်း စုံစမ်းစစ်ဆေးမယ့် အမှီ အခိုကင်းတဲ့ကော်မတီ သို့မဟုတ် အဖွဲ့အစည်းတစ်ခု ပိုမိုအားကောင်းလာဖို့ ဖြစ်ပါတယ်။ တိုင်ကြားသူကို လုံခြုံမှုရှိစေဖို့ နည်းလမ်းတွေ၊ မမှန်မကန်တိုင်ကြားရင်လည်း အရေးယူမယ့်နည်းလမ်းတွေ ထည့်သွင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြစ်ဒဏ်ပေးတာ သက်သက်သာမဟုတ်ဘဲ မဖောက်ဖျက်မိအောင် ကြိုတင်တားဆီးတဲ့(Preventive measures) အနေနဲ့ ကျင့်ဝတ်ဆိုင်ရာ ဆွေးနွေးပွဲတွေကို ပုံမှန်လုပ်ပေးဖို့ လိုအပ်ပါတယ်။
မေး ။ ။ လုပ်ငန်းခွင်အတွင်းမှာ ဥပဒေအရာရှိကျင့်ဝတ်နဲ့ မညီညွတ်တဲ့ လုပ်ဆောင်မှုတွေ တွေ့ရှိခဲ့ရင် ဒါမှမဟုတ် သိရှိခဲ့ရင် ဘယ်လိုပုံစံမျိုးနဲ့ အသိပေးတိုင်ကြားတာက ပိုပြီးထိရောက်မှုရှိမယ်လို့ ယူဆပါသလဲ။
ဖြေ။ ။ အလုပ်ခွင်မှာ ကျင့်ဝတ်ပျက်ယွင်းတာတွေ့ရင် အမည်မဖော်လိုတဲ့ လျှို့ဝှက်တိုင်ကြားနိုင်တဲ့စနစ် (Confidential Reporting/ Whistleblowing system) က အထိရောက်ဆုံး ဖြစ်ပါလိမ့်မယ်။ တိုင်ကြားသူရဲ့ လုံခြုံရေးကို ရာနှုန်းပြည့်အာမခံချက်ပေးနိုင် မယ်ဆိုရင် ပိုပြီးပွင့်လင်းမြင်သာလာမှာဖြစ်သလို ဝန်ကြီးဌာနရဲ့ အွန်လိုင်း Complaint Portal တွေကတစ်ဆင့် တိုက်ရိုက်အသိပေး နိုင်တဲ့ပုံစံမျိုးက ပိုမိုထိရောက်မြန်ဆန် စိတ်ချရပါလိမ့်မယ်။
(၄) မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု
မေး။ ။ ဥပဒေရေးရာဝန်ကြီးဌာနဟာ ရဲတပ်ဖွဲ့၊ တရားရုံး စတဲ့ မိတ်ဖက်ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ကိုင်ရတာ ဖြစ်ပါတယ်။ အဲဒီလို ပူးပေါင်းဆောင်ရွက်တဲ့အခါ ဥပဒေအရာရှိတွေဘက်က ဥပဒေအရာရှိကျင့်ဝတ်ကို တိတိကျကျ လိုက်နာခြင်းအားဖြင့် ဌာနအချင်းချင်း ယုံကြည်မှုနဲ့လေးစားမှုကို ဘယ်လိုတိုးတက် ကောင်းမွန်လာစေနိုင်မလဲ။
ဖြေ။ ။ အဓိကကတော့ ဥပဒေအရာရှိတွေဘက်က ဥပဒေအရာရှိကျင့်ဝတ်ကို စံပြအနေနဲ့ လိုက်နာပြခြင်းအားဖြင့် အခြားမိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ တရားစွဲအဖွဲ့အစည်းနဲ့ တရားရုံးတွေကပါ အပြန်အလှန်လေးစားမှု ပိုရှိလာမှာပါ။
တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့နေရာမှာ ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် ရပ်တည်ပြမယ်ဆိုရင် အပြန်အလှန်ယုံကြည်မှု (Mutual Trust) တိုးတက်လာပြီး လုပ်ငန်းကိစ္စတွေ ပိုမိုချောမွေ့ မြန်ဆန်လာမှာ ဖြစ်ပါတယ်။
(၅) မျိုးဆက်သစ် ဥပဒေအရာရှိများ၏ သဘောထားနှင့် မျှော်လင့်ချက်များ
မေး။ ။ အခုလိုတွေ့ဆုံမေးမြန်းမှုတွေထဲမှာ ဝန်ကြီးဌာနရဲ့ အနာဂတ်ကိုပုံဖော်ကြမယ့် မျိုးဆက်သစ်အရာရှိငယ်တွေရဲ့ ဥပဒေအရာရှိ ကျင့်ဝတ်အပေါ် နားလည်သဘောပေါက်မှုက ဘယ်လို ရှိပါသလဲ။
ဖြေ ။ ။ အရာရှိငယ်တွေကတော့ ဥပဒေအရာရှိကျင့်ဝတ်နဲ့ ပတ်သက်ပြီး နားလည်သဘောပေါက်မှုအားကောင်းကြတာကို တွေ့ရပါတယ်။ သူတို့အနေနဲ့ အလွတ်ကျက်မှတ်ရုံတင်မဟုတ်ဘဲ လက်တွေ့လုပ်ငန်းခွင်မှာ ကိစ္စရပ်တွေကြုံလာရတဲ့အခါ ဥပဒေအရာရှိကျင့်ဝတ်ကို အခြေခံပြီး ရိုးသားဖြောင့်မတ်စွာနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ ဆောင်ရွက်လိုကြတာ တွေ့ရပါတယ်။
မေး ။ ။ ဒါဆိုရင် လက်ရှိလုပ်ငန်းခွင်အတွင်းမှာ ဥပဒေအရာရှိ ကျင့်ဝတ်စောင့်ထိန်းမှု အားကောင်းလာစေဖို့အတွက် ဘယ်လိုအချက်တွေကို ပံ့ပိုးပေးစေချင်ကြောင်း အကြံပြုထားတာမျိုး ရှိပါသလဲ။
ဖြေ။ ။ အရာရှိငယ်တွေက လုပ်ငန်းခွင်မှာ လမ်းညွှန်မှုပေးနိုင်မယ့် အုပ်ထိန်းမှုစနစ်ကို လိုလားကြပါတယ်။ အတွေ့အကြုံရင့် စီနီယာအရာရှိကြီးတွေရဲ့ လက်တွေ့လုပ်ငန်းခွင်အတွင်း ဥပဒေအရာရှိ ကျင့်ဝတ်နဲ့အညီ စံပြနေထိုင်ဆုံးဖြတ်ပြမှုတွေကို နမူနာယူပြီး ကျင့်ဝတ် ပိုင်းဆိုင်ရာ လမ်းမှန်ရောက်စေဖို့ အနီးကပ်လမ်းညွှန်ပေးစေချင်ကြပါတယ်။ ဒါ့အပြင် ဥပဒေအရာရှိ ကျင့်ဝတ်စောင့်ထိန်းလိုက်နာမှု အားကောင်းလာစေဖို့ အထက်အောက် အပြန်အလှန်အကဲဖြတ်ခြင်းကို ဆောင်ရွက်သင့်ကြောင်းလည်း ဖြေကြားကြပါတယ်။ ဒီလို အပြန်အလှန်အကဲဖြတ်တဲ့အခါ လုပ်ငန်းခွင်မှာ မလိုလားအပ်တဲ့ အဆင်မပြေမှုတွေမဖြစ်စေဖို့ စနစ်တကျနဲ့ ပြုပြင်ပြောင်းလဲရေးကိုသာ ဦးတည်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ဥပဒေရေးရာဝန်ကြီးဌာန၏ အဆင့်ဆင့်သော ဥပဒေအရာရှိများနှင့် ပြုလုပ်ခဲ့သည့် ဤတွေ့ဆုံမေးမြန်းမှုက ဝန်ကြီးဌာန၏ ထူးခြားသည့် ခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။ ဥပဒေအရာရှိများ၏ ကျင့်ဝတ်သိက္ခာကို မြှင့်တင်ခြင်းသည် ဝန်ထမ်းတစ်ဦးချင်းစီ၏ အရည်အသွေးကို မြှင့်တင်ခြင်းသာမကဘဲ တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြုပြင် ပြောင်းလဲမှုကို ဖော်ဆောင်ပေးနေခြင်းလည်း ဖြစ်ပါသည်။
တွေ့ဆုံမေးမြန်းမှုများအပေါ် စနစ်တကျကောက်ယူခဲ့သော အခြေခံအချက်အလက် (Baseline Data) လေ့လာဆန်းစစ်ချက်များအရ ဥပဒေအရာရှိများသည် မိမိတို့၏ ဥပဒေအရာရှိ ကျင့်ဝတ်စောင့်ထိန်းမှု အခြေအနေကို ယခင်ကာလများနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ပိုမို နားလည်သဘောပေါက်ပြီး ကောင်းမွန်စွာ မြှင့်တင်လာနိုင်ကြောင်း တွေ့ရှိရသည်။
ဥပဒေအကြံဉာဏ်ပေးခြင်း၊ တရားစွဲနှင့် အမှုလိုက်လုပ်ငန်း ဆောင်ရွက်ခြင်းတို့တွင် နစ်နာသူတို့ ဥပဒေအရ ရထိုက်ခွင့်ရှိသော အခွင့်အရေးများ မဆုံးရှုံးစေရေးတို့အတွက် တည်ဆဲဥပဒေနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းများတွင်လည်း ရာထူးနှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာခြင်း၊ အဂတိလိုက်စားမှုမှ ရှောင်ကြဉ်ခြင်းဖြင့် အမှန်တရားပေါ်ပေါက်စေပြီး အများပြည်သူက ယုံကြည်ကိုးစားမှုရရှိစေရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။
အမှန်စင်စစ် ဥပဒေအရာရှိတစ်ဦး၏ ကျင့်ဝတ်စောင့်ထိန်းမှုသည် လုပ်ငန်းခွင်အတွင်း၌သာမက ပြင်ပမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ကိုင်ရာတွင်လည်း ဝန်ကြီးဌာန၏ ပုံရိပ်ကို အဆုံးအဖြတ်ပေးသည့်အရာဖြစ်သည်။ အထူးသဖြင့် ပြည်သူလူထုနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံရာတွင်လည်းကောင်း၊ ရဲတပ်ဖွဲ့၊ တရားရုံး၊ အကျဉ်းဦးစီးဌာနစသည့် ဆက်စပ်မိတ်ဖက်အဖွဲ့အစည်းများနှင့် လုပ်ငန်းသဘောအရ ညှိနှိုင်းဆောင်ရွက်ရာတွင် လည်းကောင်း ဥပဒေအရာရှိ ကျင့်ဝတ်ကို တိကျစွာ လိုက်နာဆောင်ရွက်ခဲ့ကြသည်။ ဥပဒေအရာရှိများက မိမိတို့၏ ကျင့်ဝတ်ကို ခိုင်မာစွာရပ်တည်ပြခြင်းကြောင့် မိတ်ဖက် အဖွဲ့အစည်းများအကြား ဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်များနှင့် ဥပဒေ အကြံပြုချက်များအပေါ် ယုံကြည်မှုနှင့် လေးစားမှုမှာ ယခင်ကထက် ပိုမိုမြင့်မားလာပြီး ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများလည်း ပိုမိုစနစ်ကျ အားကောင်းလာစေခဲ့သည်။
သို့ဖြစ်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၏ အမြော်အမြင်ရှိသော ကြပ်မတ်မှု၊ ဥပဒေရေးရာဝန်ကြီးဌာနရှိ အဆင့်မြင့် အရာရှိကြီးများ၏ ကြီးကြပ်မှု၊ အရာရှိငယ်များ၏ တက်ကြွပြီး ဖြောင့်မတ်သော အသိစိတ်ဓာတ်များ ပေါင်းစပ်၍ ကျင့်ဝတ်သိက္ခာ အပြည့်ဖြင့် လျှောက်လှမ်းလျက်ရှိသည့် “တရားဥပဒေစိုးမိုးရေး” ဆောင်ရွက်မှုခရီးလမ်း (Moving forwards to the Rule of Law) သည် ပြည်သူများ ယုံကြည်အားကိုးရာ ပန်းတိုင်သို့ မုချဧကန် ဆိုက်ရောက်လိမ့်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။
