မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေးမှုတို့ ဟန်ချက်ညီပေါင်းစုတည်ရှိရာ ဟေလုံကျန်းပြည်နယ် ဟာဘင်းမြို့ဆီသို့ …
ရတနာ၊ နန္ဒာ
(ယမန်နေ့မှအဆက်)
သတိပြုမိသည့်အချက်မှာ Jile Temple သည် ဘာသာရေးအခန်းကဏ္ဍတစ်ခုသာမက ယဉ်ကျေးမှုနှင့် ခရီးသွားဆွဲဆောင်မှုနေရာတစ်ခုအဖြစ်လည်း တည်ရှိနေခြင်းဖြစ်သည်။ ဆောင်းရာသီကာလတွင် နှင်းဖုံးလွှမ်းနေသည့်အလှအပနှင့် ရိုးရာဗုဒ္ဓဘာသာဗိသုကာပုံစံတို့ ပေါင်းစပ်သွားသဖြင့် အထူးသဖြင့် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် မြင်ကွင်းတစ်ခုဖြစ်ကြောင်း တာဝန်ခံဆရာတော်က ရှင်းလင်းပြောကြားသည်။
ထို့အပြင် ကျောင်းဝင်းအတွင်း၌ စုန်မင်းဆက်ခေတ်မှ ကျောက်ထက်အက္ခရာရေးထိုးထားသော ဗုဒ္ဓဘာသာကျမ်းစာများကိုလည်း ထိန်းသိမ်းပြသထားပြီး ယင်းအရာများသည် တရုတ်နိုင်ငံ၏ ဘာသာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်ကိုလေ့လာရာတွင် အလွန်အရေးပါသော အထောက်အထားများပင်ဖြစ်သည်။
Jile Temple တွင် ဘာသာရေးပွဲတော်များကို လဆန်း၊ လဆုတ်ရက်များအပြင် လစဉ်တိုင်း၏ ၈ ရက်၊ ၁၈ ရက်နှင့် ၂၈ ရက်တို့တွင် ကျင်းပလေ့ရှိပြီး ဘုရားဖူးများနှင့် ဒေသခံယုံကြည်သူများအတွက် ဓမ္မဆိုင်ရာလှုပ်ရှားမှုများကို ပုံမှန်ပြုလုပ်ပေးလျက်ရှိသည်။ နေ့စဉ်ဖွင့်လှစ်ချိန်မှာ နံနက် ၈ နာရီမှ ညနေ ၃ နာရီခွဲအထိဖြစ်ကြောင်း သိရှိရသည်။ ဟာဘင်းမြို့၏ ခေတ်သစ်ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ Jile Temple သည် ရိုးရာယဉ်ကျေးမှု၊ ဘာသာရေးယုံကြည်မှုနှင့် ခေတ်သစ်ခရီးသွားလုပ်ငန်းတို့ကို ပေါင်းစပ်ထားသည့် အရေးပါသောယဉ်ကျေးမှုအမွေအနှစ်နေရာတစ်ခုအဖြစ် သုံးသပ်ရသည်။
လေ့လာရေးခရီးစဉ်အတွင်း Huagong Zhiyun Technology Company သို့ ရောက်ရှိလေ့လာခွင့်ရရှိခဲ့သည်။ ယင်းလုပ်ငန်းစုကို ၁၉၇၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံ၏ လေဆာနည်းပညာဖွံ့ဖြိုးတိုးတက်မှုတွင် ထိပ်ဆုံးအဆင့် ရပ်တည်လျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။ မော်တော်ကားထုတ်လုပ်ခြင်း၊ အီလက်ထရွန်နစ်ပစ္စည်းထုတ်လုပ်ခြင်းနှင့် စွမ်းအင်ထုတ်လုပ်ခြင်းများတွင် ဦးဆောင်လျက်ရှိသည့် အပြင် HGTECH Laser Welding System ကို စိုက်ပျိုးရေးကဏ္ဍ၌ နည်းပညာသစ်အဖြစ် ဖော်ဆောင်လျက်ရှိသည်ကို မြင်တွေ့ရသည်။
စိုက်ပျိုးသီးနှံများအား ထိခိုက်မှုမရှိသည့် လေဆာနည်းပညာဖြင့် ပေါင်းပင်များကို အမြစ်အထိ လောင်ကျွမ်းစေရန် ရှင်းလင်းဖယ်ရှားနိုင်သည့် စနစ်ဖြစ်သည်။ အဆိုပါလေဆာပေါင်းရှင်းစက်မှာ တစ်နာရီလျှင် ပေါင်းပင် ၃၂၀၀၀၀ အထိ ရှင်းလင်းပေးနိုင်ပြီး ဓာတုပေါင်းသတ်ဆေးများမလိုဘဲ မြေဆီလွှာကို ထိခိုက်မှုမရှိသည့် စနစ်တစ်ခုလည်းဖြစ်သည်။ ယင်းမှာ အနာဂတ် Smart Agriculture အတွက် အလားအလာကောင်းတစ်ရပ်ပင်ဖြစ်သည်။ ၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် ဟာဘင်းနည်းပညာတက္ကသိုလ် သုတေသနဌာနနှင့် လုပ်ငန်းစုတို့ ပူးတွဲတီထွင်ခဲ့ခြင်းဖြစ်ပြီး သီးနှံနှင့် ပေါင်းပင်များကို ၁၀ မီလီစက္ကန့်အတွင်း ခွဲခြားနိုင်ကာ တိကျမှု ၉၅ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ပေါင်းရှင်းပေးကြောင်း လေ့လာခွင့်ရရှိခဲ့သည်။
လက်ရှိတွင် အဆိုပါနည်းပညာကို ယူနန်ပြည်နယ်နှင့် ဟေလုံကျန်းပြည်နယ်တို့ရှိ စိုက်ပျိုး ရေးကဏ္ဍတွင် အသုံးပြုလျက်ရှိကာ ယခုနှစ်အတွင်း အမြောက်အမြားစတင်ထုတ်လုပ်ရန် စီစဉ်လျက်ရှိသည်။ လက်ရှိတွင် ယူနန်ပြည်နယ်ရှိ ဆေးရွက်ကြီးစိုက်ခင်းများ၊ ဟေလုံကျန်းပြည်နယ်ရှိ ကောက်ပဲသီးနှံစိုက်ခင်းများနှင့် ရှန်တုံးပြည်နယ်တို့၌ စတင်အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း တစ်နှစ်လျှင် အစီးရေ ၂၀၀ ခန့် ထုတ်လုပ်နိုင်မည့်စက်ရုံကို တည်ဆောက်လည်ပတ်နိုင်ခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ ဟေလုံကျန်းပြည်နယ်အတွင်း တရုတ်နိုင်ငံ၏ ပထမဆုံးစီးပွားဖြစ်လေဆာပေါင်းသတ်စနစ် စီမံကိန်းစတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများက ရှင်းပြသည်။
ထို့နောက် ဟာဘင်းမြို့ ဟေလုံကျန်းပြည်နယ်ရှိ Siberian Tiger Park သို့ ရောက်ရှိခဲ့ကြသည်။ ယင်းဥယျာဉ်မှာ စတုရန်းမီတာ ၁ ဒသမ ၄၄ သန်း ကျယ်ဝန်းသည့် ကမ္ဘာ့အကြီးဆုံး ဆိုက်ဘေးရီးယား ကျားထိန်းသိမ်းမွေးမြူရေးစခန်းတစ်ခုဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် အဆိုပါဥယျာဉ်သည် ယနေ့အချိန်အထိ မျိုးရင်းစစ် ဆိုက်ဘေးရီးယားကျားအကောင်ရေ ၁၀၀၀ ကျော်ကို အောင်မြင်စွာ မွေးမြူထိန်းသိမ်းနိုင်ခဲ့ပြီး ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
ဥယျာဉ်အတွင်းတွင် ဆိုက်ဘေးရီးယားကျားများအပြင် ကျားဖြူ၊ နှင်းကျား၊ လိုင်ဂါး (Liger)၊ အာဖရိကခြင်္သေ့၊ လင်းစ်၊ ကျားသစ်နှင့် အနက်ရောင်ဂျာဂါတို့ကဲ့သို့ ရှားပါးသားရဲတိရစ္ဆာန်မျိုးစုံကိုလည်း ထိန်းသိမ်းပြသထားသည်။ အထူးသဖြင့် ခြင်္သေ့ဖခင်နှင့် ကျားမိခင်တို့မှ မွေးဖွားလာသည့် လိုင်ဂါးမျိုးစပ်သည် ကမ္ဘာပေါ်တွင် အလွန်ရှားပါးသည့် တိရစ္ဆာန်မျိုးဖြစ်ပြီး ခြင်္သေ့၏ဦးခေါင်းပုံသဏ္ဌာန်နှင့် ကျား၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံကို ပေါင်းစပ်ပိုင်ဆိုင်ထားကြောင်း သိရသည်။
Siberian Tiger Park ၏ ထူးခြားချက်တစ်ရပ်မှာ ဧည့်သည်များအား အထူးအကာအကွယ်ပြုလုပ်ထားသည့် ကားများဖြင့် လှည့်လည်ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားခြင်းဖြစ်သည်။ ကျားများလွတ်လပ်စွာကျက်စားနေသည့် နယ်မြေများအတွင်း ဘတ်စ်ကားများဖြင့် ဖြတ်သန်းသွားလာရခြင်းကြောင့် ၎င်းတို့၏သဘာဝအပြုအမူများကို အနီးကပ်လေ့လာခွင့်ရရှိခဲ့သည်။
ထို့ပြင် ဥယျာဉ်သည် သုတေသနလုပ်ငန်းများတွင်လည်း တက်ကြွစွာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မျိုးရိုးဗီဇဆိုင်ရာ သုတေသနများ၊ ကျားငယ်များ၏အမူအကျင့်များကို AI နည်းပညာဖြင့် မှတ်တမ်းတင်လေ့လာခြင်းနှင့် မျက်နှာအသွင်အပြင်အပေါ်အခြေခံ၍ ကျားများ၏ အသက်အရွယ်ကို ခန့်မှန်းသည့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် ရုရှားနိုင်ငံ သိပ္ပံအကယ်ဒမီနှင့်ပူးပေါင်း၍ ကျားများ၏ အိပ်စက်မှုပုံစံများကို လေ့လာသည့် သိပ္ပံနည်းကျစမ်းသပ်မှုများကိုလည်း အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။
အဆိုပါဥယျာဉ်သို့ သွားရောက်လေ့လာခဲ့ရာတွင် ရှားပါးတိရစ္ဆာန်မျိုးစုံကို ကိုယ်တိုင်မြင်တွေ့ခွင့် ရရှိခဲ့ရုံသာမက ၎င်းတို့၏ မျိုးစိတ်ထိန်းသိမ်းရေး အတွက် သိပ္ပံနည်းကျ ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း လေ့လာခွင့်ရရှိခဲ့သည်။ ယင်းအတွေ့အကြုံများက သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်များကို ကာကွယ်ထိန်းသိမ်းခြင်း၏အရေးပါမှုကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်စေခဲ့သည်။
မီဒီယာကဏ္ဍလေ့လာရေးအနေဖြင့် Heilong- jiang Broadcasting Station (HLBS) သို့ သွားရောက်လေ့လာခဲ့ရာ ဟေလုံကျန်းပြည်နယ်၏ အဓိကနိုင်ငံပိုင်မီဒီယာ ကွန်ရက်တစ်ခုအဖြစ် ဒေသတွင်းနှင့် နိုင်ငံတကာသတင်းအချက်အလက်များကို ထိရောက်စွာဖြန့်ဝေပေးလျက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။ အထူးသဖြင့် ရေဒီယိုနှင့် ရုပ်မြင်သံကြားစနစ်များမှ အင်တာနက်၊ မိုဘိုင်းအက်ပလီကေးရှင်းများနှင့် လူမှုကွန်ရက်ပလက်ဖောင်းများကို ပေါင်းစပ်အသုံးပြုသည့် Omni-media စနစ်သို့ ကူးပြောင်းဆောင်ရွက်နေမှုများမှာ ခေတ်မီမီဒီယာဖွံ့ဖြိုးတိုးတက်မှု၏ ထင်ရှားသောပုံရိပ်တစ်ရပ်ဖြစ်သည်။
ရုရှားနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဒေသဆိုင်ရာအားသာချက်ကိုအသုံးချ၍ ရုရှား ဘာသာစကားဖြင့် ထုတ်လွှင့်မှုများပြုလုပ်နေခြင်းသည်လည်း ဒေသတွင်းနှင့် နိုင်ငံတကာဆက်သွယ်မှုများကို မြှင့်တင်ပေးလျက်ရှိကြောင်း လေ့လာသိရှိခဲ့ရသည်။ ယင်းကဲ့သို့ မီဒီယာနည်းပညာနှင့် သတင်းဖြန့်ဝေမှုပုံစံများ ပြောင်းလဲလာမှုသည် သတင်းမီဒီယာများ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အတွေ့အကြုံတစ်ရပ်ဖြစ်ခဲ့သည်။
ခရီးစဉ်အတွင်း လေ့လာရေးအဖွဲ့များက Harbin Ice and Snow World သို့ သွားရောက် လေ့လာရာရေခဲနှင့် နှင်းတို့ကိုအခြေခံ၍ ဖန်တီးထားသည့် ထူးခြားသောအနုပညာကမ္ဘာတစ်ခုကို မြင်တွေ့ခွင့်ရရှိခဲ့ခြင်းပင်ဖြစ်သည်။ Songhua မြစ်မှ ရယူထားသော ရေခဲတုံးများကို အဆင့်မြင့်နည်းပညာများ၊ လေဆာထုဆစ်မှုများနှင့် အလင်းရောင်ဒီဇိုင်းများဖြင့် ပေါင်းစပ်ဖန်တီးထားသည့် လက်ရာများသည် လူသားတို့၏ တီထွင်ဖန်တီးနိုင်စွမ်းနှင့် အနုပညာစွမ်းရည်ကို ထင်ဟပ်ပြသနေသည်။ ရေခဲနှင့် ဖန်တီးတည်ဆောက်ထားသည့် အဆောက်အအုံများ၊ ရုပ်တုများမှာ သဘာဝအရင်းအမြစ်များကို ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးရေးအတွက် အကျိုးရှိစွာအသုံးချထားသည့် နမူနာကောင်းတစ်ရပ်ဖြစ်ကြောင်း တွေ့မြင်ခဲ့ရသည်။
ထို့အတူ ဟာဘင်းမြို့ရှိ Harbin Opera House သို့ လေ့လာခွင့်ရရှိခဲ့ရာ ခေတ်သစ်ဗိသုကာပညာ၏ အံ့မခန်းလက်ရာတစ်ခုအဖြစ် လေ့လာခဲ့ရသည်။ သဘာဝပတ်ဝန်းကျင်နှင့် လိုက်ဖက်ညီစွာ ဒီဇိုင်းရေးဆွဲထားသည့် အဆိုပါအဆောက်အအုံသည် နိုင်ငံတကာဗိသုကာဆုများစွာ ရရှိထားရုံသာမက ဟာဘင်းမြို့၏ ယဉ်ကျေးမှုအမှတ်အသားတစ်ခုအဖြစ်လည်း ထင်ရှားလျက်ရှိသည်။ အဆောက်အအုံ၏ အပြင်ပိုင်းဒီဇိုင်းနှင့် အတွင်းပိုင်းအသံပိုင်းဆိုင်ရာ ဖန်တီးမှုများက ဗိသုကာပညာ၊ အနုပညာနှင့် ယဉ်ကျေးမှုတို့ကို အဆင့်မြင့်စွာပေါင်းစပ်ထားနိုင်ကြောင်း ပြသနေပြီး မြို့တစ်မြို့၏ယဉ်ကျေးမှုအဆင့်အတန်းကို ဖော်ညွှန်းပေးသည့်အရေးပါသော Land-mark တစ်ခုဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။
ထို့နောက် ကမ္ဘာကျော် Harbin Institute of Technology (HIT) သို့ သွားရောက်လေ့လာခွင့်ရရှိခဲ့ရာ တရုတ်နိုင်ငံ၏ အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုများကို အနီးကပ်လေ့လာခွင့်ရရှိခဲ့ ခြင်းပင်ဖြစ်သည်။ Space Museum အတွင်း ပြသထားသည့် ဒုံးပျံများ၊ ဂြိုဟ်တုများ၊ အာကာသအင်ဂျင်များ၊ အာကာသဝတ်စုံများနှင့် လကမ္ဘာစူးစမ်းလေ့လာရေးစီမံကိန်းများက တရုတ်နိုင်ငံ၏ သိပ္ပံနှင့်နည်းပညာစွမ်းရည်တိုးတက်မှုကို ထင်ဟပ်ပြသနေသည်။ အထူးသဖြင့် Shenzhou-V လူလိုက်ပါ အာကာသယာဉ်နှင့် Chang’e စီမံကိန်းဆိုင်ရာ ပြသမှုများသည် လူသားတို့၏ အာကာသစူးစမ်းလိုစိတ်၊ သိပ္ပံနည်း ပညာတိုးတက်မှုနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် သုတေသနလုပ်ငန်းများ၏ အရေးပါမှုကို ပိုမိုသိမြင်ခွင့်ရရှိခြင်းပင်ဖြစ်သည်။
ခရီးစဉ်၏ နောက်ဆုံးလေ့လာရေးအစီအစဉ်အဖြစ် Aijian Community သို့ သွားရောက်ခဲ့ရာ ခေတ်မီမြို့ပြစီမံခန့်ခွဲမှုစနစ်များကို လေ့လာခွင့်ရရှိခဲ့သည်။ One Stop Service စနစ်ဖြင့် လူမှုဖူလုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် အခြားပြည်သူ့ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် ပေါင်းစပ်ဆောင်ရွက်ပေးနေမှုများမှာ ဒစ်ဂျစ်တယ်နည်းပညာ၏ အကျိုးကျေးဇူးများကို ထိရောက်စွာအသုံးချထားသည့် နမူနာကောင်းတစ်ရပ်ဖြစ်သည်။ Smart Community စနစ်များမှတစ်ဆင့် လူနေမှုဆိုင်ရာအချက်အလက်များ စီမံခန့်ခွဲခြင်း၊ လုံခြုံရေးစောင့်ကြည့်ခြင်းနှင့် ပြည်သူများ၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ပေးနေမှုများက ခေတ်မီမြို့ပြအုပ်ချုပ်ရေးစနစ်၏ ထိရောက်မှုကို ထင်ရှားစွာဖော်ပြနေသည်။
ယခု ဟေလုံကျန်းပြည်နယ် လေ့လာရေးခရီးစဉ်အတွင်း မီဒီယာ၊ သိပ္ပံနှင့်နည်းပညာ၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် လူမှုဝန်ဆောင်မှုကဏ္ဍများတွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများကို လက်တွေ့ကျကျ လေ့လာခွင့်ရရှိခဲ့သည်။ ခရီးစဉ်တစ်လျှောက်တွေ့မြင်ခဲ့ရသည့် အောင်မြင်မှုများသည် တရုတ်နိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို ထင်ဟပ်စေသည့်အပြင် နှစ်နိုင်ငံပြည်သူများအကြား နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာလစေရေးတွင် မီဒီယာများ၏အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်းကိုလည်း ပိုမိုသဘောပေါက်စေခဲ့သည်။
ခရီးစဉ်အတွင်း ဟေလုံကျန်းပြည်နယ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ အပြန်အလှန်ဆက်သွယ်မှုများ၊ စက်မှုလုပ်ငန်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ နည်းပညာဆိုင်ရာ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ၊ ခရီးသွားလာရေးဆိုင်ရာနှင့် လူငယ်ဖွံ့ဖြိုးရေးဆိုင်ရာများ၊ နှစ်နိုင်ငံ ပြန်ကြားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံယဉ်ကျေးမှုနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ယခုခရီးစဉ်မှရရှိခဲ့သော အတွေ့အကြုံများနှင့် ဗဟုသုတများသည် မြန်မာ–တရုတ် နှစ်နိုင်ငံပြည်သူများအကြား၊ ဟေလုံကျန်းပြည်နယ်နှင့် မြန်မာပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေးအတွက် အထောက်အကူပြုမည်ဟု ယုံကြည်မိပါတော့သည်။ ။
