ပဲခူးသာလျှင် ဇေယျာဆောင်မြတ်နက်သန်တည်း

ကျွန်တော်သည် ဥပစာတန်းသားဘဝက ရန်ကုန် တက္ကသိုလ် ပဲခူးဆောင် ပထမထပ် အခန်းနံပါတ် ၅၈ တွင် နေရပါသည်။ အခန်းဖော်မှာ တောင်ငူမှ ကိုကို (နောင်တွင် မြို့ပိုင်အဖြစ် အမှုထမ်းသူဖြစ်ပါသည်။) အခန်းချင်းကပ် လျက်တွင် မိတ္ထီလာသား ကိုမောင်မောင်လင်း (နောင် တွင် ဒဂုံတက္ကသိုလ်၊ သတ္တဗေဒဌာန၊ တွဲဖက်ပါမောက္ခ) နှင့် သထုံသား ကိုခင်မောင်မြင့် (ရန်ကုန် အရှေ့ပိုင်းဆေးရုံ)တို့ နေကြပါသည်။
ကျွန်တော် မောင်သစ်လွင်အဖြစ် ပဲခူးဆောင်သို့ ရောက်၍မကြာမီ အဆောင်အပေါ်ဆုံးထပ်ရှိ တံခါး အမြဲပိတ်လျက်ရှိသော အခန်းတစ်ခန်းကို သတိပြုမိပါသည်။ တံခါးပေါင်တွင် နံပါတ် ၁၁၃ ဟုရေးထားပါသည်။ ထိုအခန်းတွင် ကျောင်းသား မထားသော်လည်း ကျောင်းတွင်းပရိဘောဂ အစုံအလင်ရှိပါသည်။ ကျောင်းသား အသုံးအဆောင်အချို့ကို တွေ့ရပါ သည်။ ခြင်ထောင် ချိတ်လျက်သားထားသည်ကိုပင် သတိပြုမိပါသည်။ ကျောင်းသားတစ်ဦးဦး နေနေဘိသကဲ့သို့ ရှိပါသည်။
မကြာမီမှာပင် နောင်တော် ကျောင်းသားကြီးများမှ တစ်ဆင့် သိလာရသည်ကား အဆိုပါ အခန်းသည် အမျိုး သားခေါင်းဆောင်ကြီး၊ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး၊ ဗိုလ်ချုပ်အောင်ဆန်း ပဲခူးဆောင်သဟာယနှင့် စာဖတ် အသင်း ဥက္ကဋ္ဌဘဝ (၁၉၃၆-၃၇) က နေခဲ့ဖူးရာအခန်း၊ ပဲခူးဆောင်၏ ဂုဏ်ယူဖွယ်အခန်းဟူ၍ ဖြစ်ပါသည်။
မေးရင်း၊ မြန်းရင်း စုံစမ်းရင်းဖြင့် အချိန်အတန်ကြာသည်အထိ အကြောင်းမထူးပါ။ အခန်း ၁၁၃ ၏ နောက်ခံ သမိုင်း ခြေရာခံ မရပါ။ သို့သော် ရှာဖွေလေ၊ တွေ့ရှိလေ ဆိုသကဲ့သို့ ဗဟုသုတ တိုးခဲ့ပါသည်။
ပဲခူးဆောင်တွင် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များ အဆောင်တာဝန်ယူခဲ့ကြဖူးပါသည်-
ဗိုလ်မှူးချုပ် မောင်မောင်ကျော်ဝင်း အဆောင် နည်းပြ (၁၉၂၈-၂၉)၊ ဆရာဇော်ဂျီ အဆောင်နည်းပြ (၁၉၂၉-၃၀)၊ ဆရာမင်းသုဝဏ် အဆောင်နည်းပြ (၁၉၃၄-၃၅)၊ ဝန်ကြီးချုပ် အကြံပေးအရာရှိ ဦးအုံး အဆောင်နည်းပြ၊ ပါဠိဆရာ ဦးလှအောင် အဆောင်မှူး (၁၉၃၅-၃၆)၊ ဦးကျော်ရင် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် အဆောင်မှူး (၁၉၅၃-၅၉) တို့ဖြစ်ပါသည်။
အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် ပဲခူးဆောင်သား များ ဖြစ်ခဲ့ဖူးပါသည် -
ဆရာဇော်ဂျီ ၊ ပါမောက္ခ ဦးမျိုးမင်း၊ မင်းသုဝဏ်၊ ဗိုလ်မှူးကြီးဘာဘာ၊ ဗိုလ်မှူးကြီး မောင်မောင်ရှင်၊ မန္တလေးတက္ကသိုလ်ပါမောက္ခ ဦးလှရွှေ ၊ သမိုင်းပါမောက္ခ ဦးတင်အုံး၊ ဝန်ကြီးချုပ်ဟောင်း ဦးနု၊ လက်ရွေးစင် ဘောလုံးသမား မောင်ဝင်း ၊ သံအမတ်ကြီး ဦးလှမောင်၊ သံအမတ်ကြီး ဦးဖေခင်၊ ဗိုလ်ချုပ်အောင်ဆန်း၊ အတွင်းဝန် ဦးထွန်းရှိန်၊ မန်းတင်၊ တက္ကသိုလ်ထင်ကြီး၊ ဗိုလ်မှူး ကြီးမောင်ရွှေ၊ ဗိုလ်စိုးမောင်၊ ဒါရိုက်တာ ဗိုလ်ဗကို၊ တက္ကသိုလ်နန္ဒမိတ် စသည်တို့ဖြစ်ပါသည်။ ခေါင်းဆောင် ကောင်းတို့၏ သန္ဓေ၊ စာဆိုပညာရှင်တို့ ပေါက်ဖွားရာ မြေအဖြစ် ပို၍ဂုဏ်ယူမိပါသည်။
ပဲခူးဆောင်နှင့်ပတ်သက်သည့် စာစောင်
များမကြာမီ ကံအားလျော်စွာပင် စာပေဝါသနာရှင် တစ်ဦးထံမှ စာစောင်လေးတစ်စောင် ရခဲ့ပါသည်။ ပဲခူး ဆောင်နှင့်ပတ်သက်သည့်စာစောင် ဖြစ်နေပါသည်။ အတိ အကျဆိုရလျှင် မြန်မာ့သားကောင်းရတနာ ဗိုလ်ချုပ် အောင်ဆန်း အခန်းဖွင့်ပွဲ အထိမ်းအမှတ် ထုတ်ဝေသည့် စာစောင်ဖြစ်ပါသည်။ အထိမ်းအမှတ် စာစောင်တွင် စာမျက် နှာ ၂၆ မျက်နှာ ပါရှိပါသည်။ သမိုင်ဝင်ရှားပါး ဓာတ်ပုံလေးပုံ ပါဝင်ပါသည်။ ဓာတ်ပုံ များကို စာမျက်နှာ ထည့်မတွက်ပါ။ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာ ပါဝင်ပါသည်။ မြန်မာဘာသာတွင် ဆောင်းပါးနှင့် မော်ကွန်းကဗျာဟူ၍ တွေ့ရပြီး အင်္ဂလိပ် ဘာသာတွင် ဆောင်းပါးနှင့် ပေးစာဟူ၍ တွေ့ရပါသည်။
မြန်မာဘာသာကဏ္ဍတွင် ဆောင်းပါးလေးပုဒ်နှင့် မော်ကွန်းတစ်ပုဒ် ပါဝင်သည်။ ကျောင်းသားဝတ္တရား (အောင်ဆန်း)၊ မှတ်မိသမျှ ကိုအောင်ဆန်း ကျောင်းသားဘဝ (သခင်ကျော်စိန်)၊ နွားချေးပုံကြားမှ ကြာပန်းတစ်ပွင့် (မောင်လှရွှေ၊ မြန်မာစာဌာန)၊ ပဲခူးဆောင်ဘွဲ့ အဖြည့်ခံ မော်ကွန်း (အဆောင်မှူး ဦးကျော်ရင်)၊ လျှပ်တစ်ပြက် (ဦးကျော်ရင်) အစီရင်ခံပါသည်။ (အခန်း တည်ထားရေးအဖွဲ့၊ အကျိုးဆောင် ပဲခူးဆောင် သဟာယနှင့် စာဖတ်အသင်း အမှုဆောင်အဖွဲ့ - ၁၉၅၇)။ အင်္ဂလိပ်စာကဏ္ဍတွင် ဆောင်း ပါး တစ်ပုဒ်နှင့် ပေးစာသုံးပုဒ် ပါဝင်သည်။
- Freedom of dress in school (Aung San)
- Letter (ဂျော့ဂျ်ဦးတင်အောင်သို့ နတ်မောက်မှ ပေးစာ) May 8, 1935 (Aung san)
- Letter (ဂျော့ဂျ်ဦးတင်အောင်သို့ နတ်မောက်မှ ပေးစာ) April 24 (Aung san)
- Rangoon University Student's Union Aug 9, 1938 (Aung San)
ရှားပါးဓာတ်ပုံများမှာ (၁) ၁၉၃၇ ခု ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများသမဂ္ဂ ကိုအောင်ဆန်းပုံ၊ (၂) ဥက္ကဋ္ဌ ကိုအောင်ဆန်း ဦးဆောင်သော ရန်ကုန်တက္ကသိုလ် ပဲခူး ဆောင် သဟာယနှင့် စာဖတ်အသင်း အမှုဆောင်အဖွဲ့ (၁၉၃၆-၃၇)(ပုံ)၊(၃) အဆောင်မှူး ဦးကျော်ရင် သဘာပတိ အဖြစ်ပါဝင်သော ပဲခူးဆောင် ဗိုလ်ချုပ်အောင်ဆန်း အခန်း တည်ထားရေးအဖွဲ့ပုံ၊ (၄) ရန်ကုန်တက္ကသိုလ် ပဲခူးဆောင် သဟာယနှင့် စာဖတ်အသင်း အမှုဆောင်အဖွဲ့ (၁၉၅၇-၅၈) ပုံတို့ဖြစ်ပါသည်။
မြန်မာစာကဏ္ဍလာ ပဲခူးဆောင် ဗိုလ်ချုပ်အောင်ဆန်း အခန်း တည်ထားရေးအဖွဲ့ အကျိုးဆောင်၏ အစီရင်ခံစာ တွင် ဗိုလ်ချုပ်အောင်ဆန်းနေထိုင်သွားရာ အခန်းနံပါတ် ၁၁၃ ကို သီးသန့်ထားရှိပြီး အမှတ်တရတည်ထားရခြင်း၏ (၁) ရည်ရွယ်ချက်၊ (၂) လုပ်ငန်းအကောင်အထည်ဖော်ရေးနှင့် (၃) ကျေးဇူးစကားများ ပါရှိပါသည်။
(၁) ရည်ရွယ်ချက်တွင် “... ယခုနှစ် ပဲခူးဆောင် သဟာယနှင့် စာဖတ်အသင်း အမှုဆောင်အဖွဲ့သည် ကျွန်ုပ် တို့ နောင်တော်ကြီးများဖြစ်ကြသည့် အမျိုးသား ခေါင်းဆောင်ကြီးများကို ပဲခူးဆောင်သားများသာမက နိုင်ငံ တစ်ဝန်းလုံးကပါ ဂုဏ်ပြုစေလိုသည်။ အမှတ်တရဖြစ်စေ လိုသည်၊ ထိုသို့သော ဆန္ဒဖြစ်ပေါ်ရုံဖြင့် ကျွန်ုပ်တို့ မတင်း တိမ်နိုင်ပေ။ အကောင် အထည်ပေါ်ရန် နည်းလမ်းများကို ရှာကြံကြရပေသည်။ နောက်ဆုံးရရှိသော နည်းလမ်းကား နိုင်ငံတော်အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နေထိုင်သွားရာ အခန်းနံပါတ် ၁၁၃ ကိုသီးသန့်ထားရှိပြီး အမှတ်တရ တည်ထားရန်ပင် ဖြစ်သည်။” ဟု တင်ပြထား သည်။
(၃) နိဂုံးတွင် ကျေးဇူးစကားကို “ဗိုလ်ချုပ်အောင်ဆန်း အခန်းဖွင့်လှစ်ပွဲနှင့် တည်ထားရေးအတွက် စေတနာ ထက်သန်စွာ အားပေးချီးမြှင့်ပေးသော ပဲခူးဆောင်သားဟောင်း၊ တက္ကသိုလ် အဓိပတိ နိုင်ငံတော်ဝန်ကြီးချုပ်အား လည်းကောင်း၊ ပါမောက္ခချုပ်အား လည်းကောင်း၊ တပ်မတော် မော်ကွန်းတိုက်မှ အရာရှိကြီးငယ်များအား လည်းကောင်း၊ ဗိုလ်ချုပ်၏ ကျောင်းနေဖက် သူငယ်ချင်း များအားလည်းကောင်း၊ အလှူရှင်များအား လည်းကောင်း၊ အခြားပုဂ္ဂိုလ်ကြီးများအား လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် အနုပညာအသင်း အကဌာနစိတ်အား လည်း ကောင်း၊ ပဲခူးဆောင် ဗိုလ်ချုပ်အောင်ဆန်း အခန်းတည်ထား ရေးအဖွဲ့မှ အထူးကျေးဇူးဥပကာရတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။”ဟု ဖော်ပြပါရှိသည်။
ဤတွင် ဗိုလ်ချုပ်အောင်ဆန်း အခန်းဖွင့်ပွဲ အထိမ်း အမှတ်စာစောင်တွင် လွမ်းတသသ ခံစားရေးဖွဲ့ တင်ပြ ထားသော ဆောင်းပါးတစ်စောင်ကို တင်ပြပါမည်။ မောင်လှရွှေ (မြန်မာစာဌာန)၏ ဆောင်းပါးဖြစ်ပါသည်။
ဆောင်းပါးရှင်သည် ဗိုလ်ချုပ်နှင့် ကျောင်းနေဖက်၊ ပဲခူးအဆောင်သားချင်းဖြစ်ပါသည်။ ဆရာသည် ထိုစဉ်က ပဲခူးဆောင် သဟာယနှင့် စာဖတ်အသင်းဝင်၊ ဟံသာကြေးမုံ တာဝန်ခံ၊ ရန်ကုန်တက္ကသိုလ်မြန်မာစာအသင်း အကျိုး ဆောင် ဖြစ်ပါသည်။ နောင်တွင် ရန်ကုန်တက္ကသိုလ် အနု ပညာအသင်းခေါင်းဆောင်၊ မြန်မာစာဌာန လက်ထောက် ကထိကက အုပ်ချုပ်ရေးဆိုင်ရာ ရာထူးအဆင့်ဆင့်တိုးတက် ပြီး မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဖြစ်လာသူ ဆရာကြီး ဦးလှရွှေပင် ဖြစ်ပါသည်။
ဆရာက မိမိဆောင်းပါးကို “နွားချေးပုံကြားမှ ကြာပန်းတစ်ပွင့်”ဟု အမည်ပေးခဲ့ပါသည်။ ဆရာသည် မိမိနှင့်ရင်းရင်း နှီးနှီးနေထိုင်ခဲ့ဖူး၊ နိုင်ငံနှင့် လူမျိုးအတွက် အတူတကွ လုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးသည့် မိမိတို့ အချင်းချင်း မတွေ့ဆုံဖြစ်ကြသည်မှာ ကြာပြီဖြစ်ကြောင်း သတိပြုမိသည်။ ဆောင်းပါးတွင် ထိုအကြောင်းကို “အတိတ်ကို ပြည်ဖုံးကားချသည်မှာ ကြာလေပြီ”ဟု နိဒါန်းပြုပါသည်။ တစ်ဆက်တည်းမှာပင် “သို့သော် ယနေ့တွင်ကား ကျွန်တော်နှင့်အတူ ၁၉၃၆-၃၇ ခုနှစ် ပဲခူးဆောင် သဟာယနှင့် စာဖတ်အသင်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သော မြန်မာပြည်ကြီး၏ သားကောင်း ရတနာ ဇာနည်မွန် “ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းဖွင့်ပွဲ အထိမ်းအမှတ်” ဖြစ်သည့်အတွက် ဝမ်းသာဝမ်းနည်း အထူးပင် စိတ်နှလုံးဆွတ်ပျံ့သဖြင့် ပြောသင့်သည်ကို ပြော၍ ဂုဏ်ယူသင့်သည်ကို ဂုဏ်ယူရမည့် အခါသမယ ဖြစ်ရကား “ဆိုရေးရှိက ဆိုအပ်စွရှင့်၊ ဆိုစများလျား၊ ထားပချေမိ၊ ငါဝန်ရှိခဲ့...” ဆိုသည့် ရှင်မဟာရဋ္ဌသာရ အရှင်မြတ်၏ စကားအရ နှစ်ပေါင်း ၂၀ ကျော်မျှ ပြည်ဖုံး ကားချထားသည့် ပဲခူးဆောင်၏ အတိတ်ပန်းချီကားချပ်ကို ပြန်၍ ဖွင့်လှစ်ကာ ကြည့်ရှုမိ၏။ မင်းလွင်တွေဆိုင်းကာ မြူတွေဖြင့် မှိုင်းနေသည့်အကြားဝယ် ဝိုးတဝါးဖြစ်နေ၏။ ကြိုးစား၍ ကြည့်ပါမှ မှုန်မွှားမွှားသာ မြင်နိုင်တော့၏။ ကြည့်ရင်း ကြည့်ရင်းနှင့်ပင် မြူနှင်းမှုန်အကြားမှ အတိတ် ၏ အရိပ်သည် တဖြည်းဖြည်းနှင့် တရေးရေးမြင်လာ တော့၏။ သို့သော် မထင်ရှားတော့ပေ” ဟု စကားခံကာ ပဲခူးဆောင်၏ ၁၉၃၅-၃၆ ခုနှစ်ကာလအကြောင်းကို နောက်ခံအဖြစ် ပြန်လည်တင်ပြပါသည်။ ပြီးမှ ၁၉၃၆-၃၇ ခုနှစ်ကာလများအကြောင်းကို “၁၉၃၆-၃၇ ခုနှစ်သို့ ရောက်လာလေပြီ။ ထိုနှစ်ကား ကမ္ဘာ့ရာဇဝင်တွင်လည်း ကောင်း၊ ဗမာ့ရာဇဝင်တွင်သော်လည်းကောင်း၊ ပဲခူး ဆောင် ရာဇဝင်တွင်သော်လည်းကောင်း မော်ကွန်းတင်ရ မည့် နှစ်ပင်ဖြစ်ပေသည်။ အမျိုးသား စိတ်ဓာတ် ပြင်းပြသော နှစ်ဖြစ်ပေ၏။ ပဲခူးဆောင်တွင် ကိုကြီးနု လည်း အဆောင်သားအဖြစ် နေထိုင်လျက်ရှိပြီ။ နှစ်စက ပင် မျိုးချစ်စိတ်ဓာတ်ပြင်းပြသော အဆောင်သား ဟောင်း များ၏ အင်အားစုမှာ ပိုမိုတောင့်တင်းလာ၏။ သဟာယ နှင့် စာဖတ်အသင်းဖွင့်ပွဲတွင် ကိုအောင်ဆန်းအမှူးပြုသော ကျွန်တော်တို့ လူသိုက်သည် ပြိုင်ဘက်မရှိ အရွေးခံ ခဲ့ကြရ၏။
ဥက္ကဋ္ဌ ကိုအောင်ဆန်း
ဒု-ဥက္ကဋ္ဌ ကိုစိုးမြင့်
အကျိုးဆောင် ကိုကြည်စိန်
တွဲဖက် ကိုချစ်လှ
ဟံသာကြေးမုံ တာဝန်ခံ ကိုလှရွှေ
ကစားခုန်စားရေးတာဝန်ခံ ကိုထွန်းရှိန်
စည်းရုံးရေးမှူး ကိုသောင်းစိန်
စားသောက်ရေးတာဝန်ခံ ကိုအုန်းရွှေ၊ ကိုလှကျော်၊
ကိုရာဝှီး၊ ကိုချစ်လှ တို့ဖြစ်၏။
ထိုနှစ်ပင် ကျွန်တော့်အား ကိုအောင်ဆန်းနှင့်တကွ အမှုဆောင်အဖွဲ့မှ တိုက်တွန်းပါသဖြင့် ရန်ကုန်တက္ကသိုလ် မြန်မာအသင်းတွင် အကျိုးဆောင်နေရာတွင် အရွေးခံခိုင်း၏။ ဝင်ရောက်အရွေးခံရာ ရခဲ့၏။ တစ်ဖန် ကိုဘို (ဒု-ဗိုလ်မှူးကြီးဘို)ကို ရာဇဝင်အသင်းတွင် အရွေးခံစေ၍ ရာဇဝင်အသင်း၏ အကျိုးဆောင်ဖြစ်၏။ ပဲခူးဆောင် သဟာယနှင့် စာဖတ်အသင်း ဒု-ဥက္ကဋ္ဌ ကိုကြည်စိန်ကို တင်းနစ်အသင်းတွင် ကပ္ပတိန် အရွေးခံစေ၏။ ၁၉၃၆-၃၇ ခုနှစ်ကား ပဲခူးဆောင်သည် ရန်ကုန်တက္ကသိုလ်တွင် “သရဖူ မဆောင်းရသည့်’ ဘုရင်ဘဝအထွတ်အထိပ်သို့ ရောက်ခဲ့ ၏။”ဟု ဂုဏ်ယူဖွယ်ဖော်ကျူးခဲ့ပါသည်။
ဆက်လက်၍ မိမိနှင့် ရင်းရင်းနှီးနှီးဆက်ဆံ၍ ကျောင်းသားထုအရေး အတူတကွဆောင်ရွက်ခဲ့သော ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၏ ထူးခြား အံ့ဩဖွယ် စရိုက်သဘာဝကို ရေးခြယ်ရင်း မျက်နှာဖြူများ ဖိနှိပ်၍ ကျောင်းသားများ လှုပ်ရှား ထကြွလာပုံ၊ မျိုးချစ် စိတ်ပြင်းထန်လာပုံ၊ ရွှေတိဂုံဘုရား မော်လမြိုင်ဇရပ်တွင် ဆင်နွှဲသည့် တက္ကသိုလ်ကျောင်းကြီးသပိတ်နှင့် ကိုရာရှစ်၊ ကိုသီဟန်၊ ကိုကြီးနု၊ ကိုသာလှ၊ ကိုလှဖေ(ဗိုလ်လက်ျာ)၊ အင်းလျားဆောင်မှ မမကြီး၊ မခင်မြ (ပညာရေး)၊ မာဂရက်၊ မခင်ရီ၊ မခင်စီ၊ မပု(ဦးမျိုးမင်း၏ဇနီး) တို့ ပါဝင်လှုပ်ရှားပုံ များကို ပြန်လည်ရေးခြယ်ထားပါသည်။
ဆောင်းပါး၏နိဂုံးအဖြစ် ရက်တွေလတွေ ကြာညောင်း၍ နှစ်ပေါင်း ၂၀ ကျော်ခဲ့လေပြီ။ ၁၉၃၆-၃၇ ခုနှစ် ပဲခူးဆောင်မှ အဆောင်သား ရောင်းရင်းဖက်များလည်း တိုင်းပြည်၏ တာဝန်အသီးသီးကို ထမ်းဆောင် နေကြပေပြီ။ သို့သော် ပတ်ဝန်းကျင် နွားချေးပုံကြားမှ ကားကားစွင့်စွင့်၊ တင့်တင့်တယ်တယ် ပွင့်လန်းခဲ့သော ပန်းတစ်ပွင့်ကား ကြွေကျ၍ မြေသို့ခလေပြီ။
အဇနာပြင်ကျယ် ကောင်းကင်လယ်တွင် စံပယ်မြူး ရွှင်၊ ဟူးဟူးနှင်သော ငွေစင်ယုန်နတ်၊ လပြာသာဒ်မှ ယိုကျစီးထွက်သည့် စက်ရွှေရောင်လျှံသည်ပင်လျှင် လဆုတ်ရောက်က ပျောက်ရစမြဲဖြစ်၏။
သို့သော် ဗိုလ်ချုပ်အောင်ဆန်း၏ သတင်းဂုဏ်ပြန့်၊ မွှေးရနံ့သည်ကား မပြတ်သင်းကြိုင် ရွှေကြာခိုင်ကဲ့သို့ မြန်မာပြည် ကြီးနှင့်တကွ ပဲခူးဆောင်၏ ကျက်သရေကို အမြဲတစေ တတ်ပေနိုင်စွမ်း ရှိစွတကား။
မောင်လှရွှေ (မြန်မာစာဌာန) ၁၉၃၆-၃၇ ခုနှစ်၊ ပဲခူးကျောင်းဆောင် သဟာယနှင့် စာဖတ်အသင်း အမှုဆောင်ဟောင်း ဟူ၍ ပဲခူးဆောင်၏ ဂုဏ်အထူးကို ဖော်ကျူးထားပါသည်။
ဆရာသည် ပါရမီထူးသည့် အနုပညာရှင်ပီပီ နိုင်ငံအကျိုး စွမ်းစွမ်းတမံသယ်ပိုးခဲ့ကြသော မိမိ၏ လုပ်ဖော်ကိုင်ဖက် များအကြောင်းကို နည်းမှီးအားကျဖွယ်၊ လွမ်းဆွတ်တသ၊ သတိရအောက်မေ့ဖွယ် စာပန်းချီခြယ် နိုင်ခဲ့ပါသည်။ တက္ကသိုလ်ပုံရိပ်သည် လွတ်လပ်ရေး သမိုင်းနှင့်အတူ တစ်ထပ်တည်းရှိခဲ့သည်ဟု ဆိုနိုင်ပါ သတည်း။ ။
ပါမောက္ခ ဒေါက်တာအောင်ဇော်
33
34
31
32
35