မြကျွန်းညိုညိုမှာ ရင်ငွေ့ခိုလှုံခဲ့သည့် အမှတ်တရလေးများ

စာရေးသူသည် ရန်ကုန်တက္ကသိုလ်တွင် ၁၉၆၆ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ နှစ်နှစ်ကြာ ပညာသင်ယူခွင့် ရရှိခဲ့ပါသည်။ သို့သော် စာရေးသူသည် ရန်ကုန်တက္ကသိုလ်မှ ပေးအပ်သည့် ဘွဲ့ကြို၊ ဘွဲ့လွန်ဘာသာရပ်များ (under-graduate and postgraduate degrees) ကို သင်ယူရန် တက်ရောက်ခဲ့ခြင်းမျိုးတော့ မဟုတ်ပါ။

ဗြိတိသျှ ကိုလံဘိုစီမံကိန်း (British Colombo Plan) အရကျန်းမာရေးဝန်ကြီး ဌာနက ရန်ကုန်ဆေးရုံကြီးအတွင်း၌ ဖွင့်လှစ် ထားသည့် ဆေးဘက်ပညာသိပ္ပံ (Institute of Para-Medical Science) ၏ ပထမနှစ်နှင့် ဒုတိယနှစ်ကျောင်းသူ ကျောင်းသား ၁၂၀ ကို ရန်ကုန်တက္ကသိုလ်ရှိ ဘာသာရပ်အသီးသီးမှ ဆရာ ဆရာမများက ဆေးဘက်ပညာသင်ရိုးအတိုင်း အင်္ဂလိပ်စာ၊ မြန်မာစာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ ရုက္ခ ဗေဒနှင့် သတ္တဗေဒဘာသာရပ်များကို သီးသန့် သင်ကြားပေးခဲ့ကြခြင်းဖြစ်သည်။

ထိုစဉ်က ဆေးဘက်ပညာသိပ္ပံတွင် သင်ကြားပေးသည့်ပညာရပ်လေးမျိုးရှိသည်။ အကြောအဆစ်ပညာရပ် (Physiotherapy) ဆေးဝါးပညာရပ် (Pharmacy) ဓာတ်မှန်ပညာရပ် (Radiography) နှင့် ဓာတ်ခွဲစစ်ဆေးပညာရပ် (Medical Technology) တို့ဖြစ်ကြသည်။ ယင်းပညာရပ်တစ်ခုစီအတွက် တက္ကသိုလ် ဝင်တန်းအောင် ကျောင်းသူ ကျောင်းသား များထဲမှ နှစ်စဉ် ၁၅ ယောက်စီ ရွေးချယ်လျက် သင်ကြားမွေးထုတ်ပေးခဲ့သည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ကျောင်းသူ ကျောင်းသားများ အတွက် ပညာရေးဝန်ကြီးဌာနက ပုံနှိပ်ထုတ်ဝေသည့် တက္ကသိုလ်လမ်းညွှန်စာအုပ်တွင် ဆေးဘက် ပညာသိပ္ပံပညာကို ဆေးတက္ကသိုလ် (Institute of Medicine) သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (Institute of Dental Medicine) တို့နှင့်အတူ အထက်အောက် နေရာထားကာ ဖော်ပြပေးခဲ့ပါသည်။ ထိုအချိန်က အသက်မွေးဝမ်းကျောင်း ပညာရပ်သင်တက္ကသိုလ်များကို University ဟု မခေါ်ဝေါ်ဘဲ Institute ဟုသာ ခေါ်ဝေါ်သုံးစွဲခဲ့သည်။ ရန်ကုန်စက်မှုတက္ကသိုလ်ကို (Rangoon Institute of Technology-RIT) ဟုခေါ် ခဲ့ပါသည်။

နောင်လာမည့်တတိယနှစ်နှင့် စတုတ္ထ နှစ်များတွင် ဆေးဘက်ပညာသိပ္ပံကျောင်း၌ စာရေးသူတို့သည် ဘာသာရပ်အားလုံးကို (အင်္ဂလိပ်ဘာသာဖြင့်သာ ဆက်လက်သင်ကြားရမည်ဖြစ်သောကြောင့် ရန်ကုန်တက္ကသိုလ်မှ နည်းပြဆရာ၊ ဆရာမများ၊ လက်ထောက်ကထိကနှင့် ကထိကများက မိမိတို့၏ ဘာသာရပ်အများစုကို အင်္ဂလိပ်ဘာသာဖြင့် စေတနာထားလျက် သင်ကြား လေ့ကျင့်ပေးခဲ့ကြသဖြင့် ကျေးဇူးတင်လေးစားမိပါသည်။ အထူးသဖြင့် စာရေးသူတို့ အကြောအဆစ်ပညာရပ် ကျောင်းသူ ကျောင်းသားများအနေ ဖြင့် ရုက္ခဗေဒနှင့် သတ္တဗေဒဘာသာရပ်များအား အင်္ဂလိပ်လို သင်ယူခွင့် ရရှိသောကြောင့် တတိယနှစ်မှာ ဆေးတက္ကသိုလ်-၁ (လိပ်ခုံး)၌ ခန္ဓာဗေဒ (Anatomy) နှင့် ဇီဝကမ္မဗေဒ (Physiology) ဘာသာရပ်များကို သင်ယူရာတွင် များစွာ အထောက်အကူဖြစ် ခဲ့ပါတော့သည်။

သို့ဖြစ်ရာ ဆေးဘက်ပညာသိပ္ပံ ကျောင်းသူကျောင်းသားများ၏ ပထမနှစ်နှင့် ဒုတိယနှစ်သင်တန်းများကို ရန်ကုန် တက္ကသိုလ်က နှစ်ကာလတစ်ခုအထိ တာဝန်ယူလျက် သင်ကြားပေးခဲ့ဖူးသည်မှာ ယခုအခါ ဆယ်စုနှစ် ငါးခုမက ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် ယင်းကိုသတိပြုသိရှိမှတ်မိသူများ အလွန်နည်းနေလောက်ပြီဖြစ်သည်။ ထိုကြောင့် ရန်ကုန်တက္ကသိုလ်၏ ပညာရေး သမိုင်း အတွက် ပိုမိုပြည့်စုံမှုရှိစေရန် ဆေးဘက်ပညာသိပ္ပံကျောင်းသားတစ်ဦး၏ တစ်ခါတုန်းက ရန်ကုန်တက္ကသိုလ်အတွေ့ အကြုံလေး များကို ခံစားမျှဝေတင်ပြလိုသည့် ဆန္ဒဖြစ်မိပါသည်။

ရန်ကုန်တက္ကသိုလ်သည် မြန်မာနိုင်ငံရှိ တက္ကသိုလ်အားလုံးထက် ရှေးကျပြီး မြန်မာနိုင်ငံ၏ ပညာရေးသမိုင်းတွင် ဂုဏ်ရည်မြင့် မားထွန်းတောက်ခဲ့သည့် မိခင်တက္ကသိုလ် ကြီးလည်းဖြစ်ခဲ့ပါသည်။ ။

ရန်ကုန်တက္ကသိုလ်အကြောင်းကို ပြော ကြလျှင် ...

- ဘွဲ့နှင်းသဘင်ခန်းမ ပါတတ်သည်။

- အဓိပတိလမ်းမ ပါတတ်သည်။

− ကျောင်းသားသမဂ္ဂအဆောက်အအုံ ပါတတ်သည်။

− ဂျပ်ဆင်အဆောက်အအုံ ပါတတ်သည်။

- ဦးချစ်လက်ဖက်ရည်ဆိုင် ပါတတ် သည်။

− ကံ့ကော်တော၊ ရေတမာတန်း၊ ပျဉ်း မပင်နှင့် စိန်ပန်းပင်များအကြောင်း ပါတတ်သည်။

- အထီးကျန် ပင်သက်ရှည် သစ်ပုပ်ပင်ကြီးလည်း ပါတတ်သေးသည်။

၎င်းတို့အားလုံးသည်ကား ရန်ကုန် တက္ကသိုလ်၏အထင်ကရ ပြယုဂ်များဖြစ်ကြ လေသည်။ နောက်ပြီး ဖြောင့်ဖြူးသော အဓိပတိ လမ်းမကြီးကို ဗဟိုပြုဆက်သွယ်ထားသည့်လမ်းများ၊ အကွက်ကျကျတည်ဆောက်ထား သော စာသင်ဆောင်ကြီးများ၊ ကျောင်းသူ ကျောင်းသားတို့၏အဆောင်များ၊ ပါမောက္ခ တို့၏အိမ်များ၊ ဘွဲ့နှင်းသဘင်ခန်းမ၊ စိမ်းစိမ်း စိုစိုသစ်ပင်များနှင့် ထိုင်ခုံတန်းလေးများဖြင့် ရန်ကုန်တက္ကသိုလ်သည် လှပသော တက္ကသိုလ်ပရိဝုဏ်တစ်ခု ဖြစ်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်၌ အဆောင်နေ အဆောင်စားဖြင့် ပညာသင်ယူခဲ့ခြင်းနှင့် ပတ်သက်၍ စာရေးသူသည် များစွာ ဂုဏ်ယူမိ သည်နှင့် အမျှ အမှတ်ရစရာများနှင့် လွမ်းမောစရာများလည်း ရင်မှာ ထွေးပိုက်ကာ တစ်ပုံတစ်ပင်ကြီး ရှိခဲ့ရပါသည်။

တက္ကသိုလ်ကြီးအလယ် မျက်စိသူငယ် မြို့နယ်လေးတစ်ခုမှလာခဲ့ပြီး ကြီးမားကျယ်ဝန်းပြီး ခံ့ညားထည်ဝါလှသော အဆောက် အအုံများရှိသည့် ရန်ကုန်တက္ကသိုလ်ကြီးကို ဗြုန်းစားကြီးတွေ့မြင်ရသောအခါ စာရေးသူ၏စိတ်တွင် သိမ်ငယ်စွာ ခံစား လိုက်မိသည်။ အဆောက်အအုံများစွာ၊ စာသင်ခန်းများစွာ၊ လမ်းများစွာကို မသွား တတ်၊ မလာတတ်ဖြစ်ရသည်။ မျက်စိလည် ပြီး တောရောက်တောင်ရောက် ရောက်ခဲ့သည်မှာလည်း အကြိမ်ကြိမ်။ စာသင်ခန်း ရှာမတွေ့ သဖြင့် ငိုရမလို၊ ရယ်ရမလိုဖြစ်ကာ သင်ခန်း စာအချို့ လွတ်သွားရသည်မှာလည်း မနည်း ခဲ့လှပေ။

ရန်ကုန်တက္ကသိုလ်ရှိ စာသင်ခန်းများ သည် ကျောင်းသူ ကျောင်းသား ရာဂဏန်း ဆုံသည်အထိ ကျယ်ကျယ်ဝန်းဝန်းရှိသဖြင့် စာရေးသူတို့ ကျောင်းသူ ကျောင်းသား ၆၀ ဝင်ထိုင်ကြသည့်အခါ လူနည်းနည်းလေး ဖြစ်နေသောကြောင့် အခြားသော ကျောင်းသူ ကျောင်းသားများ၏ အမြင်တွင် ထူးခြားသလို ရှိနေခဲ့သည်။ စာရေးသူတို့အား အထူးအဆန်း သဖွယ်ကြည့် ကြည့်သွားတတ်ကြပါသည်။ ဘွဲ့လွန်တက်ကြသူများဟု ထင်ရအောင် ကလည်း အသက်အရွယ်နှင့် လူပုံစံတွေက ထင်စရာ လုံးဝမရှိကြပေ။

ရွှေဘိုဆောင်

စာရေးသူတို့ ဆေးဘက်ပညာမှ ကျောင်းသားများ (ပ-နှစ်၊ ဒုနှစ်)သည် ရွှေဘိုဆောင်တွင် နေခဲ့ရသည်။ ပထမနှစ် ကျောင်းသူ များက သီရိဆောင်တွင်နေပြီး ဒုတိယနှစ်ကျောင်းသူများက ရတနာဆောင်နှင့် အင်းလျားဆောင်တို့တွင် နေခဲ့ကြ ပါသည်။ ရွှေဘိုဆောင်၏ အဆောင်မှူးမှာ ဒေါက်တာ သန်းထိုက်ဖြစ်ပြီး ဟောကျူတာ မှာ မြန်မာစာဌာနမှ ဆရာဦးမြသိန်း (နောင်တွင် မြန်မာစာပါမောက္ခ-ငြိမ်း) ဖြစ်သည်။ ဆရာဦးမြသိန်းမှာ တက္ကသိုလ် တေးအဆိုတော် ကိုမြသိန်းဖြစ်နေပါပြီ။ ထိုအချိန်က အဆိုတော် ကိုမြသိန်း၏ ထင်ရှားသော ရေဒီယိုသီချင်းတစ်ပုဒ်ဖြစ်သည့် “မြကျွန်းညိုညို တက္ကသိုလ်' သည် စာရေးသူတို့ ခေတ်က တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ၏ရင်ကိုလှုပ်ရှား ရိုက်ခတ် စေသည့် အသည်းစွဲသီချင်းဖြစ်ခဲ့ပါသည်။

ရွှေဘိုဆောင်သည် သီရိဆောင်နှင့် မောင်နှမဆောင်ဖြစ်သဖြင့် သီရိဆောင် ရှေ့ကမြက်ခင်းပြင်၌ တေးသီချင်းများ သီဆို ကခုန်လျက် ညစာစားမိတ်ဆုံပွဲပြုလုပ် ခဲ့ကြသည်မှာ အလွန်ပင်ပျော်စရာကောင်း လှပါ၏။ သီရိဆောင်သည် ရွှေဘိုဆောင်၏ အရှေ့ဘက် ဓားလွယ်ခုတ်နေရာတွင် ရှိပြီး ဂျပ်ဆင်လမ်းကို မျက်နှာမူထား၏။

ညနေစာစားပြီးသောအခါ အဆောင်ရှိနားနေခန်းတွင် သတင်းစာ လုဖတ်ခဲ့ကြ ရသည်ကို အမှတ်ရလွမ်းမိပါသည်။ များသော အားဖြင့် သတင်းစာတစ်စောင် လုံးကိုင်ပြီး ဖတ်ရသည့်အခါမျိုးရှားပြီး သတင်းစာတစ်စောင်ကို လူ ၃-၄ ဦး ခွဲထုတ် ဖတ်ရလေ့ ရှိပါသည်။ တစ်ခါတစ်ရံ ညဦးပိုင်း တွင် စာရေးသူတို့သည် လှည်းတန်းဈေးသို့ အညောင်းအညာပြေ လမ်းလျှောက်ကြပြီး ကျောင်းသား အချို့က ကမာရွတ်အဝိုင်းကြီး ပေါ်မှာထိုင်ရင်း လေညင်းခံတတ်ကြပါသည်။ ကားတွေက မများလှသေး။ ကားသမားတွေကလည်း မရမ်းကားကြသဖြင့် လမ်း ၅ လမ်း စုံရာ ဗဟိုချက်နေရာရှိ အဝိုင်းကြီးပေါ်တွင် အန္တရာယ်ကင်းရှင်းစွာ ထိုင်နိုင်ခဲ့ကြခြင်း ဖြစ်လေသည်။

ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ (Recreation Centre)

တက္ကသိုလ်ကျောင်းသူ ကျောင်းသား များက “အာစီ ́ဟုခေါ်ကြလေ့ရှိသော အပန်း ဖြေရိပ်သာသည် စာရေးသူတို့၏ ရွှေဘို ဆောင်နှင့် သိပ်မဝေးသောကြောင့် မကြာ ခဏဆိုသလို ရောက်တတ်သည်။ အာစီသည် ကျောင်းသူ ကျောင်းသားများဖြင့် အမြဲ စည်ကားနေလေ့ရှိပြီး အလွန်လည်းပျော်စရာ ကောင်းပါသည်။ ဆိုင်းသံ၊ ဗုံသံလေးများဖြင့် စိုစိုပြည်ပြည်ရှိလှ၏။ မိမိတို့၏ အဆောင်မှ သူငယ်ချင်းတချို့က အာစီမှာ မယ်ဒလင်၊ ဒုံမင်း အစရှိသည့် ဂီတအတီးအမှုတ်များ သွားသင်ခြင်းနှင့် လေ့ကျင့်ခြင်း များပြုလုပ်ကြသည်။ အာစီမှာ ကျောင်းသူ ကျောင်းသားများအချင်းချင်း အချိန်းအချက်လုပ်ရန် လည်းကောင်း၊ ကျောင်းသား ရေးရာ လှုပ်ရှားမှုများ လုပ်ဆောင်ရာတွင် လည်းကောင်း တွေ့ဆုံရန် များစွာအဆင်ပြေ လေသည်။ ဥပမာ တိုင်းရင်းသားဘာသာ စကားသင်တန်းများတက်ရန် ခေါ်ယူခြင်း။ မိမိသည် ရှမ်းဘာသာစကားသင်တန်းကို တက်ခဲ့ဖြစ်၏။

တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်

စာရေးသူသည် ပထမနှစ်တွင် တက္ကသိုလ် များဗဟိုစာကြည့်တိုက်သို့ အရောက်အပေါက် များခဲ့ပါသည်။ စာကြည့်တိုက်သည် မိမိတို့ အတန်းတက်နေသော သိပ္ပံစာသင်ဆောင်များ (Science Building) ဘက်တွင် ရှိသဖြင့် လမ်းသင့်ပါသည်။ သို့သော် ယင်းကဲ့သို့ စာကြည့်တိုက်သို့ နေ့စဉ်လိုလိုသွားခဲ့ရခြင်း မှာ မိမိဝါသနာပါသော ပြင်ပစာအုပ်များကို ငှားရမ်းဖတ်ရှုရန်အတွက် တော့ မဟုတ်ပါချေ။ တက္ကသိုလ်ဝင်တန်းမှာတုန်းက စာရေးသူ သည်သင်္ချာနှင့်ရူပဗေဒဘာသာရပ် နှစ်ခု မပါရှိ ခဲ့သဖြင့် တက္ကသိုလ်သို့ရောက်ခါမှ နဖူးတွေ့ ဒူးတွေ့ စသင်ရသည့် ၎င်းဘာသာရပ် နှစ်ခုတွင် စာမလိုက်နိုင်သောကြောင့် စာကြည့်တိုက်ရှိ သများနှင့်ရူပဗေဒစာစဉ်များကို ဖတ်မှတ် လေ့ကျင့်ခဲ့ရခြင်းဖြစ်သည်။

နောက်တစ်ခု ကံကောင်းသည်မှာ သင်္ချာ ဌာနသို့သွားလျက် မရှင်းလင်းသည်များကို ကထိက ဦးအောင်စိန်ထံ ကိုယ်တိုင်မေးမြန်း နိုင်ခဲ့ခြင်းဖြစ်သည်။ ဆရာဦးအောင်စိန်သည် ကန့်ဘလူ မြို့သားဖြစ်ပြီး မိမိအား လိုလို လားလားဖြင့်ပင် အကူအညီပေး သင်ပြ ပေးခဲ့ပါသည်။

အလေးမ အားကစားရုံ

စာရေးသူသည် ညနေပိုင်းနောက်ဆုံး သင်ခန်းစာပြီးသည်နှင့် အဆောင်သို့ အပြေးအလွှား ပြန်လေ့ရှိသည်။ အခန်းက စာကြည့်စားပွဲပေါ်သို့ ကျောင်းစာအုပ်များကို “ဘုန်း”ခနဲ ပစ်ချပြီးနောက် အဝတ်အစား ကတိုက်ကရိုက်လဲကာ တက္ကသိုလ် အလေးမ အားကစားရုံသို့လမ်းလျှောက်သွားလျက် လေ့ ကျင့်ပါသည်။ အလေးမအားကစားရုံသည် တက္ကသိုလ်ဘက်အခြမ်းမှ သထုံလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်တွင် ရှိပြီး သထုံလမ်းကို မျက်နှာမူထားသည်။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် အာဏာသိမ်း စစ်အစိုးရက ဗုံးခွဲဖျက်ဆီးခြင်းခံခဲ့သည့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အ ဆောက်အအုံ(Students' Union Building) နှင့် ကျောချင်းကပ်နေရာတွင်ဖြစ်သည်။ ကာယလေ့ကျင့်ကိရိယာပစ္စည်းများ အတော် လေးစုံလင်ပါသည်။

အခြားတစ်ဖက်မှလည်း စာရေးသူတို့ သည် အကြော၊ ဆေးဝါး၊ ဓာတ်ခွဲ၊ ဓာတ်မှန် ပညာရပ်တစ်ခုလျှင် ဘောလုံးအသင်း တစ်သင်းစီဖွဲ့လျက် တက္ကသိုလ်ဘောလုံးကွင်း မှာ ပြိုင်ပွဲများပြုလုပ်နိုင်ခဲ့သည်။ မိမိတို့ ပညာရပ်အလိုက် ဆူညံစွာအော်ဟစ် အားပေး ခြင်းရှိသကဲ့သို့ တစ်ခါတစ်ရံ၌ ကွင်းထဲမှာ အချင်းချင်း ရန်စ လူချကြသောကြောင့် ခိုက်ရန် ဖြစ်ပွားသည်အထိလည်း ဖြစ်ခဲ့ဖူးသည်။

ထို့အပြင် စာရေးသူတို့ ဆေးဘက် ပညာကျောင်းသူ ကျောင်းသားများထဲတွင် စာပေဝါသနာပါသူများပါရှိသဖြင့် ကဗျ၊ အစမ်းစာ နှင့် ဆောင်းပါးများပါသော လက်ကမ်းစာစောင်လေး နှစ်စောင်၊ သုံးစောင် ကို cyclostyle စက်ဖြင့် ရိုက်နှိပ်ထုတ်ဝေ ဖြစ်ခဲ့ပါ သည်။

အဆောင်ထမင်းစားရုံ

အလေးမ ကစားခြင်းကို ၄၅ မိနစ်ခန့် လေ့ကျင့်ပြီးသောအခါ အဆောင်သို့ပြန်ပြီး ရေမိုးချိုးသည်။ ပြီးလျှင် ဇွန်းနှင့်ခက်ရင်း နှစ်ချောင်းကိုင်ပြီး ဗိုက်ဆာဆာဖြင့် ထမင်း စားရုံသို့ သွားတော့သည်။ မိမိအပါအဝင် ကျောင်းသားအချို့က ထမင်းစားရုံတံခါး အဖွင့်ကို စောင့်ရင်း ဇွန်းနှင့် ခက်ရင်းတို့ကို တချွင်ချွင်မြည်အောင် ခေါက်နေတတ်ကြ သည်။ အဆောင်နှင့် ထမင်းစားရုံတို့ကို လျှောက်လမ်းလေးဖြင့် ဆက်ထားပေးပြီး ထမင်းစားရုံ၏ အခြားတစ်ဖက်တွင် ဒဂုန် ဆောင်ရှိ၏။ ထမင်းစားရုံ တံခါးဖွင့်သည်နှင့် အတွင်းသို့ဝင်ပြီး အသားဟင်းခွက်များ တင်ထားသည့်စားပွဲရှည်ကြီးတွင် အသားကောင်းကောင်းဟင်းခွက်ကို ရွေးပြီး ညနေ စာစားပါသည်။ ထိုအချိန်က အဆောင်အစား အသောက်များသည် များသောအားဖြင့် စားကောင်းသည်ဟုပြောရပါမည်။

စာပေဟောပြောပွဲများ

ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ယူ ခဲ့စဉ်က စာရေးသူမမေ့နိုင်သော အမှတ်တရ များစွာထဲက တစ်ခုမှာ စာပေဟောပြောပွဲများ ဖြစ်သည်။ စာရေးဆရာနှင့် သတင်းစာဆရာ ဦးသိန်းဖေမြင့်၊ ဆရာဇော်ဂျီ၊ ရုပ်ရှင်မင်းသား နှင့် စာရေးဆရာ ဗိုလ်ဗကို၊ စာရေးဆရာ သိပ္ပံမှူးတင်၊ ဦးတင်(ရှမ်းပြည်)၊ ဒေါက်တာ ကျော်စိန်နှင့်စာရေးဆရာတက္ကသိုလ်နေဝင်း တို့ လာရောက် ဟောပြော ခဲ့ကြသည်ကို မှတ်မိနေသည်။ ထိုအချိန်က စာရေးဆရာ သိပ္ပံမှူးတင်သည် ကျန်းမာရေးနှင့် အပိုလို အာကာသယာဉ်ခရီးစဉ် အကြောင်းတို့ကို ရောင်စုံရုပ်ပုံများ ဝေဝေဆာဆာဖြင့် စိတ်ဝင် စားဖွယ်ဟောပြောလေ့ရှိသည်။ ဆေးလိပ် သောက်ခြင်း၏ အန္တရာယ် အကြောင်း ကို လည်း ကျောင်းသားလူငယ်များ သတိပြု ရှောင်ကြဉ်ကြရန် သူ၏ဟောပြောပွဲတိုင်း တွင် အမြဲထည့်ပြောတတ်ပါသည်။

ပညာသင်ထောက်ပံ့ကြေးနှင့်လူရည်ချွန်ဆု

စာရေးသူတို့ ဆေးဘက်ပညာ ကျောင်းသူ ကျောင်းသား ၁၂၀ (ပဒု နှစ် နှစ်တန်း ပေါင်း) ထဲက အချို့သည် အခြားသော ပင်မတက္ကသိုလ် ကျောင်းသူကျောင်းသား များကဲ့သို့ တက္ကသိုလ် ပညာသင်ထောက်ပံ့ ကြေး ရရှိခဲ့ကြသလို နှစ်အလိုက် တက္ကသိုလ်လူရည်ချွန်များ အဖြစ်လည်း အရွေးခံခဲ့ရပါသည်။ ထို့အပြင် တတိယနှစ်နှင့် စတုတ္ထနှစ်သို့ရောက်သောအခါ ကိုလံဘိုစီမံ ကိန်းမှပေးသော ပညာသင် ထောက်ပံ့ကြေး ၁၈၀ ကျပ်ကို လစဉ်ရရှိခဲ့သေး၏။ ။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ တွင် ရန်ကုန်တက္ကသိုလ်သည် သက်တမ်း အားဖြင့် နှစ် (၁၀၀) ပြည့်ပေပြီ။

ရန်ကုန်တက္ကသိုလ်တည်းဟူသော တက္က သီလာမြကျွန်းသာ၏ ရင်ခွင်၌ နှစ်နှစ်တာ ခိုလှုံပြီး ဆရာ ဆရာမများ၏ အေးမြသည့် မေတ္တာအရိပ်အာဝါသအောက်တွင် ပညာရည်နို့သောက်စို့ခွင့်ရရှိခဲ့သဖြင့် များစွာဂုဏ်ယူ မိပါသည်။ ယနေ့တိုင် မမေ့ပျောက်နိုင်သေး သော အမှတ်ရစရာများနှင့် ရင်မှာနွေးထွေးစွာ ခံစားမိဆဲရှိသည့် လွမ်းမောစရာများနှင့်အတူ စာရေးသူသည် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အခမ်းအနားကြီးကို လှိုက်လှဲစွာဂုဏ်ပြုလိုက်ပါသည်။ ။

တင်မောင်အေး (ကန့်ဘလူ)

 

mal