Skip to main content

ရွှေဂုံ-ရွှေမြိုင်ပေါင်းကူးဖို့… မြစ်သံလွင်ကိုဖြတ်ကျော်လို့… DEMU စီးကြစို့

ညီညီ(ရထား)

နိုင်ငံတစ်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍသည် ထိုနိုင်ငံ၏ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည့်ကဏ္ဍအသီးသီးနှင့် ဆက်စပ်နေသကဲ့သို့ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသားအားလုံး၏ စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းသာယာဝပြောမှု၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု များအပါအဝင် ပြည်သူတစ်ဦးချင်း၏ စားဝတ်နေရေးတို့နှင့်ပါဆက်စပ်အကျိုးပြုလျက်ရှိနေပါသည်။

ရထားပို့ဆောင်ရေးလုပ်ငန်းသည် ကုန်စည်ပမာဏများစွာကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်းတွင် တစ်နေရာမှ တစ်နေရာသို့ လွှဲပြောင်းပို့ဆောင်ပေးခြင်းနှင့် ခရီးသည်များစွာကို တစုတဝေးတည်း တစ်နေရာမှတစ်နေရာသို့ ပို့ဆောင်ပေးနိုင်စွမ်းရှိသော သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ပါသည်။

ရထားပို့ဆောင်ရေးလုပ်ငန်းသည် နိုင်ငံအတွင်း ဒေသအသီးသီးကို လွှမ်းခြုံဆောင်ရွက်နိုင်ခြင်း၊ ခရီးဝေးပို့ဆောင်မှုများအတွက် ပို့ဆောင်ခသက်သာခြင်း၊ မော်တော်ယာဉ်ပို့ဆောင်ရေးထက် အချိန်ပိုမို မြန်ဆန်ခြင်း၊ ကုန်စည်အများအပြားကို တစုတဝေးတည်းပို့ဆောင်နိုင်ခြင်း၊ ကာဗွန်ထုတ်လွှတ်မှုလျော့နည်းပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုသက် သာခြင်း၊ နေရောင်ခြည်နှင့် ဖုန်မှုန့်များ ထိတွေ့မှုမှသင့်လျော်သော အကာအကွယ်ကိုပေးနိုင်ခြင်း၊ ရထားမတော်တဆမှုဖြစ်ရန် အခွင့်အလမ်းအလွန်နည်းပါးပြီး အခြားသော ပို့ဆောင်မှုနည်းလမ်းများထက် ပိုမိုလုံခြုံမှုရှိသော သယ်ယူပို့ဆောင်ရေးနည်း လမ်းဖြစ်ခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ပံ့ပိုးပေးနိုင်ခြင်းစသည့် အားသာချက်များစွာရှိပါသည်။

ရထားသည် ကားနှင့်နှိုင်းယှဉ်လျှင် တူညီသော ကုန်စည်ပမာဏနှင့် အကွာအဝေးအတွက် လောင်စာဆီသုံးစွဲနှုန်း လေးပုံတစ်ပုံမှ ခြောက်ပုံတစ်ပုံသာရှိသဖြင့် လေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်း ကျင်ပျက်စီးမှုကို လျော့ပါးစေခြင်း၊ ခရီးသည် အမြောက်အမြား သယ်ယူပို့ဆောင်နိုင်သဖြင့် ယာဉ်ကြောကျပ်တည်းမှုဖြစ်ပေါ်နေသော မြို့ကြီးများအတွက် မဖြစ်မနေအသုံးပြုသင့်သော ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ခြင်းတို့ကြောင့် နိုင်ငံအသီးသီးတွင် ရထားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် နည်းလမ်းအမျိုးမျိုးဖြင့် အထောက်အပံ့ပြုလျက်ရှိသည်ကို တွေ့ရပါသည်။

ရထားလုပ်ငန်းသည် ထိရောက်သောသယ်ယူပို့ဆောင်မှုစွမ်းရည်ပေးနိုင်ခြင်းကြောင့် နိုင်ငံ့စွမ်းအားတည်ဆောက်ရာတွင် မဟာဗျူဟာအရ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ယနေ့မျက်မှောက်ကာလတွင် စက်သုံးဆီအကျပ်အတည်းဖြစ်ပေါ်နေမှုကြောင့် နိုင်ငံသူ နိုင်ငံသားများ၏ ပြည်တွင်းခရီးသွားလာမှု ပိုမိုလွယ်ကူ အဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု လျင်မြန်သွက်လက်စေရေးတို့အတွက် နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး စနစ်များကိုတိုးချဲ့၍ ဈေးနှုန်းသက်သာစွာဖြင့် ပို့ဆောင်ပေးနိုင်ရေး ဖြည့်ဆည်းစီမံဆောင်ရွက် ပေးလျက်ရှိပါသည်။ နိုင်ငံတော်အကြီးအကဲ
ကိုယ်တိုင်ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ရထား၊ ကားလမ်းများ၊ တံတားများနှင့် အခြေခံ အဆောက်အအုံများ အဆင့်မြှင့်တင်ပြုပြင်ခြင်းများကို စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်မှုပြုထားပါသည်။

ပဲခူး - မော်လမြိုင်ရထားလမ်းပိုင်း အဆင့််မြှင့််တင်မွမ်းမံခြင်း ဆောင်ရွက်မှု

ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းများ အဆင့််မြှင့််တင်ခြင်းဆောင်ရွက်ခဲ့သည့် လုပ်ငန်း များအနက် အရှည်မိုင် ၁၃၀ရှိသော ပဲခူး-မော်လမြိုင်အကြား ရထားလမ်းပိုင်းကိုကိုး ချောင်းဆက်သံလမ်း လဲလှယ်ခြင်း၊ ကွန်ကရစ်ဇလီဖားများထပ်တိုးဖြည့် တင်းခြင်း၊ လမ်းခင်းကျောက်ဖြည့်တင်းခြင်းနှင့် စက်ကြီးများဖြင့် လမ်းမြှောက်ပက်ကင်ရိုက်ခြင်း၊ တံတားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြီးစီးခဲ့ပါသည်။

ခရီးအကွာအဝေး ၁၇၆ မိုင်ရှိသော ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ်ကို ယခင်ကအမြန်နှုန်း တစ်နာရီလျှင် ၄၈ ကီလိုမီတာနှုန်းဖြင့်သာ ပြေးဆွဲ နိုင်ခဲ့ရာမှ လမ်းပိုင်းအဆင့်မြှင့်တင်မှုများကြောင့် တစ်နာရီလျှင် ၆၄ ကီလိုမီတာနှုန်းအထိ တိုးမြှင့် ပြေးဆွဲနိုင်ခဲ့ပြီး ခရီးစဉ်ကြာမြင့်ချိန်ကို လျှော့ချနိုင်ခဲ့ပါသည်။

ရန်ကုန်နှင့်မော်လမြိုင်အကြား ခြောက်နာရီသာ ကြာမြင့်

ထို့ပြင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ပြေးဆွဲချိန်ထပ်မံလျှော့ချနိုင်ရန်အတွက် မြေသားတာ‌ပေါင်ကျဉ်းသောနေရာများကို မြေဖို့ခြင်း၊ လမ်းခင်းကျောက်များကို တစ်မိုင်လျှင် ကျင်း ၅၀၀ နှုန်းပြည့်မီအောင် ထပ်တိုးဖြည့်တင်းခြင်းနှင့် လမ်းမြှောက်ပက်ကင်ရိုက်ခြင်း လုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ထပ်မံဆောင်ရွက်ခဲ့ပါသည်။ လမ်းပိုင်းတစ်ခုလုံး အဆင့်မြှင့်တင် မွမ်းမံမှုရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ရထားအမြန်နှုန်းကို တစ်နာရီလျှင် အများဆုံး ၇၅ ကီလိုမီတာ နှုန်းဖြင့် ပြေးဆွဲပေးနိုင်ခြင်းကြောင့် ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ်ကို ယခင်က ရှစ်နာရီခွဲ ကြာမြင့်ခဲ့ရာမှ ယခုအခါ ရထားခုတ်မောင်းချိန် ခြောက်နာရီခန့်သာ ကြာမြင့်တော့မည်ဖြစ်ပါသည်။

မြန်မာ့မီးရထားအနေဖြင့် ရထားလမ်းပိုင်း အသီးသီးတွင် လူစီးရထားများ တိုးချဲ့ပြေးဆွဲပေးလျက် ရှိပြီး ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားတွဲ ဆိုင်းများကို အသုံးပြု၍ပြေးဆွဲပေးခဲ့ရာ ခရီးသွားပြည်သူများ လွန်စွာနှစ်သက်ကြပြီး ခရီးသည် စီးနင်းမှု များပြားခဲ့ပါသည်။ ယခုလည်းရထားလမ်း အဆင့််မြှင့််တင် မွမ်းမံခြင်းဆောင်ရွက်ပြီးစီးခဲ့သော ရန်ကုန်- မော်လမြိုင် ရထားလမ်းပိုင်းတွင်လည်း ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်မှစတင်၍ အဆိုပါ လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန် ရထားတွဲဆိုင်းများကိုအသုံးပြုပြီး ဝန်ဆောင် မှုတိုးမြှင့်ပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။

ရန်ကုန်- မော်လမြိုင်- ရန်ကုန် DEMU ရထားခရီးစဉ်

ထပ်မံတိုးချဲ့ပြေးဆွဲမည့် အမှတ်(၈၃)အဆန် ရန်ကုန်- မော်လမြိုင်ခရီးစဉ် DEMU ရထားသည် ရန်ကုန်ဘူတာကြီးမှ နံနက် ၅ နာရီတွင် စတင် ထွက်ခွာ၍ မော်လမြိုင်ဘူတာသို့ နံနက် ၁၁ နာရီ တွင် ရောက်ရှိပါသည်။ ထို့အတူ မော်လမြိုင်မှ မွန်းတည့်၁၂ နာရီတွင် အမှတ်(၈၄)အစုန် မော်လမြိုင်- ရန်ကုန်ခရီးစဉ် DEMU ရထားအဖြစ် ပြန်လည်ထွက်ခွာပြီး ရန်ကုန်မြို့သို့ ညနေ ၆နာရီတွင် ပြန်လည်ရောက်ရှိပါသည်။

ခရီးစဉ်တစ်လျှောက် တိုးကြောင်ကလေး၊ ပဲခူး၊ သိမ်ဇရပ်၊ ကျိုက်ထို၊ သထုံ၊ ပေါင်ဘူတာတို့တွင် ရပ်တန့်ပေးသွားမည်ဖြစ်ပြီး ခရီးစဉ်အစမှအဆုံးထိ ပြေးဆွဲချိန် ခြောက်နာရီသာ ကြာမြင့်မည်ဖြစ်ပါ သည်။ အဆိုပါ DEMU ရထားတွဲဆိုင်း တစ်ဆိုင်းတွင် အထက်တန်း နှစ်တွဲ၊ ပထမတန်း လေးတွဲပါရှိကာ အထက်တန်းထိုင်ခုံ ၆၆ခုံနှင့် ပထမတန်းထိုင်ခုံ ၂၂၄ ခုံ စုစုပေါင်းခရီးသည် ၂၉၀ စီးနင်းလိုက်ပါ နိုင်မည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ ခရီးစဉ်အစမှ အဆုံးထိ အထက်တန်း ငွေကျပ် ၂၂၀၀၀ နှင့် ပထမ တန်း ငွေကျပ် ၁၆၀၀၀ သတ်မှတ်ထားရှိပါသည်။

ရန်ကုန်- မော်လမြိုင်ရထားခရီးစဉ်သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မှစတင်၍ ပဲခူး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့ကိုဖြတ် သန်းကာ မွန်ပြည်နယ်၏ မြို့တော်မော်လမြိုင်မြို့နှင့် ဆက်သွယ်ပို့ဆောင်ပေးခြင်းဖြစ်ပါသည်။

လမ်းခရီး အတွင်းလမ်းဆုံဖြစ်သောပဲခူးမြို့မှတစ်ဆင့်အထက် မြန်မာပြည်သို့ ခရီးဆက်လက်ထွက်ခွာနိုင် သကဲ့သို့ သထုံမှကရင်ပြည်နယ်အတွင်းသို့လည်း ဝင်ရောက် သွားလာနိုင်ပါသည်။ မော်လမြိုင်သို့ ဆိုက်ရောက်ပြီး ပါကလည်း တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးသို့လည်း ခရီးဆက်နိုင်ပါသည်။ သို့ဖြစ်ရာ ရန်ကုန်- မော်လမြိုင် ရထားလမ်းပိုင်းသည် ပြည်နယ်နှင့် တိုင်းဒေသကြီးငါးခုတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများအားလုံးတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍကို အထောက်အကူပြုနေသည့် ရထားလမ်းပိုင်းတစ်ခုဖြစ်ပါသည်။

ခရီးသွားအဆင်ပြေမှုနှင့် ဘုရားဖူးခရီးစဉ်

DEMU ရထားတွဲဆိုင်းတစ်ခုလုံးတွင် လေအေးပေးစက်စနစ် တပ်ဆင်ထားခြင်းဖြစ်ပါ၍ ရထားတွဲအတွင်း အပူအအေးမျှတမှုရှိသဖြင့် လမ်းခရီး ပင်ပန်းနွမ်းနယ်မှုမရှိတော့ဘဲ သက်သောင့်သက်သာရှိစွာ စီးနင်းလိုက်ပါနိုင်ပါသည်။ ယခုရန်ကုန်-မော်လမြိုင်အကြား ခေတ်မီ DEMU ရထားတွဲဆိုင်း အသုံးပြုပြေးဆွဲပေးခြင်းဖြင့် မြန်မာနိုင်ငံဒေသ အသီးသီးမှ မိသားစုအလိုက်၊ တစ်ဦးချင်းအလိုက် အပန်းဖြေခရီး သွားကြမည့်သူများနှင့် ဘုရားဖူးခရီး သွားရောက်လိုသူများအတွက် များစွာအဆင်ပြေ နိုင်မည်လည်းဖြစ်ပါသည်။ ရထားလမ်းခရီးတစ်လျှောက် ကျိုက်ထိုမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်၊ သထုံမြို့ရှိ ရွှေစာရံစေတီတော်၊ မော်လမြိုင်မြို့ရှိ ကျိုက်သလ္လံစေတီတော် စသည်တို့ကို စိတ်လက်အေးချမ်းစွာ သွားရောက် ဖူးမြော်နိုင်သကဲ့သို့ သံဖြူဇရပ်မြို့ရှိ ကျိုက္ခမီရေလယ် ဘုရားနှင့် စက်စဲကမ်းခြေ၊ ထားဝယ်မြို့သို့ ခရီးဆက်၍လည်း ဘုရားစုံဖူးခြင်းနှင့် မောင်းမကန် ကမ်းခြေသို့ အဆင်ပြေချောမွေ့စွာ သွားရောက် အပန်းဖြေအနားယူနိုင်မည်ဖြစ်ပါသည်။

ORTP စနစ်အသုံးပြု၍ ရထားလက်မှတ်ဝယ်ယူနိုင်

ယခုပြေးဆွဲမည့် အမှတ်(၈၃)အဆန်/အမှတ် (၈၄)အစုန် DEMU အမြန်ရထားများအပြင် လက်ရှိပြေးဆွဲလျက်ရှိသော အမှတ်(၈၁)အဆန်/အမှတ် (၈၂)အစုန် လူစီးအမြန်ရထားများ၏ ရထား လက်မှတ်များကို Online Railways Ticketing and Payment System(ORTP)စနစ်ဖြင့် အွန်လိုင်းမှ ဝင်ရောက်၍ အလွယ်တကူဝယ်ယူနိုင်ပါသည်။ ခရီးစဉ်အစမှအဆုံးအတွက် ခုနစ်ရက်ကြိုတင်၍ လည်းကောင်း၊ ကြားဘူတာများအတွက် ငါးရက်ကြိုတင်၍လည်းကောင်း လွယ်ကူစွာ ဝယ်ယူနိုင်ရန် စီစဉ်ပေးထားပါသည်။

ရန်ကုန်-မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်ကို ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်ဖြင့် စီးနင်းလိုက်ပါ၍ ခရီးသွားရောက်ရခြင်းသည် သာမန်ခရီးတစ်ခုထက် ပိုမိုထူးခြားနိုင်ပါသည်။ ဤရထား ခရီးစဉ်သည် ခရီးသွားချိန်ကိုသာ တိုတောင်း စေရုံမကဘဲ တိုင်းဒေသကြီးနှင့်ပြည်နယ်များ
အကြား လူမှုစီးပွားဆက်သွယ်မှု၊ အသက်ဝင်လာ သောခရီးသွားရသ၊ ဘုရားဖူးကုသိုလ်နှင့် ဒေသန္တရ ဗဟုသုတအတွေ့အကြုံများကိုပါ ပိုမိုနီးကပ်စေမည့် ချိတ်ဆက်မှုအသစ်တစ်ခုကို သယ်ဆောင်လာသည့် ရထားခရီးစဉ်သစ်တစ်ခုအဖြစ် မှတ်တမ်းတင်ရမည် လည်းဖြစ်ပါသည်။

လမ်းခရီးတစ်လျှောက် သဘာဝအလှအပများကို ငေးမောရင်း သက်သောင့်သက်သာရှိစွာဖြင့် စိတ်အေးလက်အေးသွားလာနိုင်သည့်အပြင် ကုန်ကျစရိတ်လည်းသက်သာစေခြင်းကြောင့် အားလပ်ရက် ဘုရားဖူးခရီးစဉ်အဖြစ် ရန်ကုန်-မော်လမြိုင် DEMU ရထားခရီးစဉ်ကိုရွေးချယ်ပြီး သံလွင်မြစ်ကြီး၏ လှပသောရှုခင်းများကိုခံစားကာ အမှတ်တရကောင်းများ စတင်ဖန်တီးကြစေလိုပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။