Skip to main content

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်အမိရန်ကုန်တက္ကသိုလ်ကို လွမ်းပါသည်

ရန်ကုန်တက္ကသိုလ်နှစ်တစ်ရာတိုင်ခဲ့ပါပြီ။ နယ်တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေသော ကျွန်မအဖို့ ကျောင်းတော် ကြီးကို လွမ်းပါသည်။ မိမိအားနားခိုခွင့်ပေးခဲ့သော၊ မိမိအား ပညာသင်ကြားပေးခဲ့ကြသော ဆရာကြီး ဆရာမကြီးများ၊ တာဝန်အတူ ထမ်းရွက်ခဲ့ကြသော စီနီယာ အစ်ကိုအစ်မများ၊ မိတ်ဆွေသူငယ်ချင်းများ၊ မောင်ငယ် ညီမငယ်များအားလုံးကို အမှတ်ရနေပါသည်။

ရန်ကုန်တက္ကသိုလ်နှင့် ပတ်သက်ခဲ့သော အမှတ်တရ များက အပိုင်းသုံးပိုင်း ရှိခဲ့သည်။ ပထမပိုင်းက ကျောင်းသူ ဘဝ၊ ဒုတိယပိုင်းက အဆောင်နည်းပြဘဝ၊ တတိယက တာဝန်ထမ်းခဲ့သော ဘဝများ ဖြစ်သည်။

ကျောင်းသူဘဝ

အောင်ဆန်းသူရိယ လှသောင်းကျောင်းတွင် ငါးနှစ်တာ ပညာသင်ယူပြီးနောက် ဖခင် တာဝန် ကျရာ မိတ္ထီလာသို့ ပြောင်းရွှေ့ခဲ့ပါသည်။ ရှမ်းတဲ တွဲဖက် အထက်တန်းကျောင်းမှ ၁၀ တန်း အောင်မြင်ခဲ့သည်။ မိဘများက အစ်မကြီးလို တက္ကသိုလ်ဆရာမဖြစ်စေလို၍ ရန်ကုန်ပို့သည်။ ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင် နယ်မြေ)တွင် တက်ရောက်ခဲ့သည်။ ကျောင်းအုပ်ချုပ်ရေး မှူးက ဆရာကြီး ဦးမျိုးညွန့် (ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး-ငြိမ်း) ဖြစ်သည်။ ဆရာမကြီး ဒေါ်ခင်သောင်းယဉ်က (ကထိက/ ဌာနမှူး)ဖြစ်ပါသည်။ ဂုဏ်ထူးတန်း ဝင်သည့်၁၉၈၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် (ပင်မ) သို့ ရောက်ပါသည်။ အစ်ကို အစ်မတွေ ပြောကတည်းက ရောက်ဖူးချင်ခဲ့၏။ မြန်မာစာ အဓိကဖြစ်၍ တောင်ငူဆောင်မှာ တက်ရသည်။ ဌာနမှူးက ပါမောက္ခဆရာမကြီး ဒေါ်စီစီဝင်း ဖြစ်သည်။ အဓိပတိ လမ်းနှင့် ဘွဲ့နှင်းသဘင်၊ ဂျပ်ဆင်၊ အာရ်စီ၊ သစ်ပုပ်ပင်၊ အင်းလျားဘေးက အကြော်ဆိုင်၊ ယမ်းဘီလူး၊ ဦးချစ်။ ဒါက ရတနာ၊ ဒါက အင်းလျား၊ ဒါက သီရိ။ မျက်လုံးလေး ကလယ်ကလယ်ဖြင့် ရှိနေခဲ့၏။

နယ်ကမဟုတ်ဘဲ ဗိုလ်တထောင်နယ်မြေက ဂုဏ်ထူးတန်းဝင်လို့ ကျောင်းဆောင်နေခွင့် မရခဲ့ပေ။ မိဘ၏မိတ်ဆွေများ ချိတ်ဆက်ပေးမှုဖြင့် ထွန်းလင်း ရိပ်သာလမ်းထဲက အဆောင်မှာ နေခွင့်ရခဲ့၏။ အထင်ကရ ဂန္ထဝင်လမ်းလေးအဖြစ် မှတ်ယူသည်။ နှစ်အိမ်ကျော်တွင် ဆရာကြီး ဦးခင်အေး(မောင်ခင်မင်-ဓနုဖြူ) ၏ အိမ်ရှိနေ သည်။ [ဆရာ့၏ “စကားပြေသဘောတရားနှင့် စကားပြေ အတတ်ပညာ” စာအုပ်ကို ဆုအဖြစ်ရရှိခဲ့သည်။၁၉၈၄- ၈၅ ပညာသင်နှစ် ပညာရည်ထူးချွန်ဆု (ပထမဆု) အဖြစ် ဌာနမှူးဆရာမကြီး ဒေါ်မြမြဝင်းက ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။] ဆရာကြီးသည် စာပေဖြင့်သာ မွေ့လျော်ပြီး ဘဝကို တည်ဆောက်ထားသူဖြစ်သည်။ ခပ်လှမ်းလှမ်း မျက်စောင်းထိုးမှာ သပြေညို ရှိသည်။ ဆရာကြီး မင်းသုဝဏ်ကို မြင်တွေ့ခွင့်ရခြင်း၊ ဆရာသမားများနှင့် အတူ သွားရောက်ကြုံဆုံရခြင်းက မင်္ဂလာရှိခဲ့သည်။ ဆရာကြီးရေးဖွဲ့ခဲ့သော ကလေးကဗျာများကို ရွတ်ဆိုရင်း မိမိတို့တစ်တွေ ကြီးပြင်းခဲ့ရသည်။ (ခေတ်စမ်းစာပေ၏ ဖခင်ကြီး။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၏ ဒုတိယ မြောက်ပါမောက္ခ) ဆရာကြီး၏ အိမ်ရှေ့တွင် မီးကင်းတဲ တစ်ခုရှိ၏။ ထိုကင်းတဲမှာ ရပ်ကွက်သားများနှင့် စကားစမြည် ပြောနေတတ်သော ဆရာကြီး၏ ရိုးရှင်းမှုကို မြင်နိုင်သည်။

တောင်ငူဆောင်ပထမထပ် အခန်း(၁၀၈) တွင် ဂုဏ်ထူးတန်း သုံးနှစ်စလုံး တက်ရောက်ခဲ့သည်။ ဒီအခန်း၊ ဒီနေရာ၊ ဒီခုံ။ မသိရင် စာမေးပွဲပဲ ကျသလိုလို။ ကျောင်းဆောင်ရှေ့က တောင်ပိန္နဲပင်ကြီးလို မရွှေ့မပြောင်း၊ ငြိမ်ငြိမ်သက်သက်။ ကျောင်းဝင်းထဲမှာ ကံ့ကော်တွေ၊ စိန်ပန်း တွေ၊ ငုဝါတွေ၊ ခရေတွေက အလှည့်ကျ ဝေလိုက်၊ ကြွေလိုက်၊ နီလိုက်၊ ဝါလိုက်။ လမ်းဘေးက စာအုပ်အဟောင်းဆိုင်တွေမှာ မိမိတို့သူငယ်ချင်းတွေ မွှေလိုက်၊ နှောက်လိုက်။ အချိန်တွေက မနေ့တစ်နေ့ကလိုပါပဲ။ ဂုဏ်ထူး တန်းကျောင်းသူ ဘဝ၊ မဟာဝိဇ္ဇာတန်းကျောင်းသူဘဝ အဆင့်ဆင့်တက်လှမ်းခဲ့သည်။

မန္တလေးဆောင်ရှေ့ အဓိပတိလမ်းဘေးက ရေတမာ ပင်ရိပ်အောက်မှာ ဖိနပ်ခုထိုင်ရင်း သူငယ်ချင်းတွေနှင့် အတူ ထမင်းတစ်ထုပ်ကို ခွဲဝေစားသောက်ခဲ့ဖူးသည်။ အဓိပတိ လမ်းမထက်မှာ ကျောင်းသား ကျောင်းသူတွေ အပြည့်။ ကန်လမ်းထဲက သူငယ်ချင်းအဆောင်မှာ နေဖြစ်သေးသည်။ ပြည်လမ်းမကြီးကို သွားလာခွင့်မရှိ ပိတ်လိုက်သည်။ တံတားဖြူ၏ ညနေခင်းသည် လူသူကင်းမဲ့နေခဲ့၏။ ပြည်လမ်းမအလယ်ကောင် သူငယ်ချင်းတစ်စု တင်ပျဉ်ခွေ ထိုင်ပြီး တောအုပ်ငယ်လေးလို စိမ်းညို့အုပ်ဆိုင်းကာ တိတ်ဆိတ် ငြိမ်သက်နေသော ကျောင်းတော်ကြီးရှိရာကို မျှော်ကြည့်နေမိသည်။ မြင်ကွင်းအချို့ကို အမှတ်ရနေသည်။ နောက်တစ်နေ့ ကြီးကြီးက ကားဖြင့်လာခေါ်၍ ဖခင်တာဝန် ကျရာ ပျဉ်းမနားမြို့သို့ ပြန်ခဲ့သည်။

မိခင်ဖြစ်သူက သမီးငယ်ပြန်လာလို့ ဝမ်းသာလိုက်၊ ကျောင်းဖွင့်ချိန်မှာ ဝမ်းနည်းမျက်ရည် ကျလိုက်နှင့်ပါ။ ပုံမှန် ကျောင်းပိတ် ရက်များအပြင် ပုံမှန်မဟုတ်သော ကျောင်းပိတ် ရက်များကြောင့် ကျောင်းဖွင့်ရက်တွေကို မျှော်မိသည်။ ခွန်အားရှိသောစာတွေ ဖတ်ဖြစ်သည်။ နှစ်(၃၀) ကျော်ခဲ့ပါပြီ။ လှသောဘဝကို ထုဆစ်သူများ စာအုပ်ထဲမှာ ရန်ကုန် စီးပွားရေးတက္ကသိုလ်က ဆရာမကြီး ဒေါ်ရီရီမြင့်၏ ပညာခေတ်ဆိုတာ တစ်နေ့ဖြစ်လာမှာဆိုတာ ဖတ်မိပြီး ထိုနေ့ကိုမျှော်နေမိခဲ့သည်။ မိမိကိုယ်ကို တရားရဲ့လား လို့လဲစဉ်းစားသည်။ ဘဝလမ်းကြောင်း မပြောင်းအောင် ရပ်တည် နိုင်ခဲ့သည်။

အဆောင်နည်းပြဘဝ

မဟာဝိဇ္ဇာကျမ်းပြုနေစဉ် ၁၉၉၃ ခုနှစ် နိုဝင်ဘာလတွင် ပျဉ်းမနား(ရေဆင်း) တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ် မြန်မာစာဌာနတွင် နည်းပြဆရာမ ဖြစ်ခဲ့သည်။ ဌာနမှူးဆရာမကြီးက ဒေါ်ခင်ထားရီ ဖြစ်သည်။ ထိုကျောင်းတွင် နှစ်နှစ်တာဝန်ထမ်းပြီး ရန်ကုန်တက္ကသိုလ်ရောက်ခဲ့ သည်။ ရန်ကုန်တက္ကသိုလ် (ကြည့်မြင်တိုင်နယ်မြေ) မှာ တာဝန်ထမ်းဆောင်စဉ် တစ်ဖက်ကလည်း ရန်ကုန် တက္ကသိုလ် ရတနာဆောင်တွင် အဆောင်နည်းပြတာဝန်ကို ထမ်းရွက်ခဲ့သည်။ အဆောင်မှူးက သမိုင်းဌာနမှ ဆရာမကြီး ဒေါ်ကြည်ကြည်ချို ဖြစ်သည်။ ပါမောက္ခချုပ်က ဆရာကြီး ဒေါက်တာထွန်းမောင် ဖြစ်သည်။ ကျောင်းဆောင်နှင့် ကျောင်းသားရေးရာ မော်ကွန်းထိန်းက ဆရာကြီး ဦးမြငွေ (ဂုဏ်ထူးတန်းတုန်းကဆရာ) ဖြစ်သည်။

နေချင်လွန်းလှသော ရန်ကုန်တက္ကသိုလ်၏ ကျောင်းဆောင်တွင် အဆောင်နည်းပြဖြစ်ခဲ့ပြီ။ ထိုစဉ်က အဆောင်ကျောင်းသူများသည် စားသောက်ရေးကိစ္စ၊ ဈေးဝယ်ခြမ်းရေးကိစ္စ စသည်တို့ကို အဆောင်နည်းပြ၊ အဆောင်ဝန်ထမ်းများနှင့် တွဲဖက်ကာ အလှည့်ကျတာဝန် ယူကြရသည်။ ဂုဏ်ပြုပွဲ၊ ညစာစားပွဲ၊ ဧည့်ခံဖျော်ဖြေပွဲ၊ လှေလှော်ပြိုင်ပွဲ၊ ထမနဲပွဲ၊ ဝါတွင်းကာလ ဥပုသ်ပွဲ၊ အာဂုံဆောင်ပြိုင်ပွဲ၊ ကထိန်ပွဲ၊ ကမ္ဘာအေး ဆွမ်းဆန်စိမ်း လောင်းပွဲ၊ ပညာရေးဝန်ကြီးဌာနမဏ္ဍပ် သင်္ကြန်ပွဲ စသည့် စသည့်ပွဲများတွင် လိုအပ်သည့် ကဏ္ဍအလိုက် ကျောင်းဆောင်အသီးသီးက တာဝန်ယူရသည်။

တက္ကသိုလ်များဓမ္မာရုံတွင် ပဋ္ဌာန်း၊ ဓမ္မစကြာ ရွတ်ဆိုပူဇော်အာဂုံဆောင်ပြိုင်ပွဲများ နှစ်စဉ် ကျင်းပသည်။ နှစ်ကြိမ် ဝင်ရောက် ပူဇော်ဖြစ်ခဲ့သည်။ ကထိန်ကာလတွင် ဘွဲ့နှင်းသဘင် ခန်းမရှေ့၌ ပဒေသာပင်များ စီတန်းနေရာ ယူရ၏။ တက္ကသိုလ်များ ဓမ္မာရုံသို့မပို့မီ ပဒေသာပင်၏ တန်ဖိုးအလှူတော်ငွေများ၊ အလှအပမွမ်းမံထားမှု လက်ရာများကို လိုက်လံကြည့်ရှုကြ၏။ အဆောင်နည်းပြ အချင်းချင်း၊ ဘာသာရပ်အချင်းချင်း သူနိုင်ကိုယ်နိုင် ပြိုင်ကြသည်။ အိုးစည်ဗုံမောင်းသံများကလည်း ဝေစည်လို့ နေသည်။

ကျွန်မတို့ချစ်ခင်ရသော အဆောင်မှူးမမနှင့်တကွ အဆောင်မှူးများအားလုံး တက်တက် ကြွကြွ ရှိလှသည်။ အင်းလျားဆောင် အဆောင်မှူးသည် ကျွန်မတို့၏ မိခင် သဖွယ် ဖြစ်သော ဆရာမကြီး ဒေါ်မြမြဝင်း၊ သီရိဆောင် အဆောင်မှူးသည် ကျွန်မတို့အားကျ ရသော ဥပဒေပညာ ဌာနမှ ဆရာမကြီး ဒေါ်သန်းနွဲ့၊ အင်းဝဆောင် အဆောင် မှူးမှာ ကျွန်မတို့ ချစ်ခင်လေးစားရသော ဆရာကြီး ဦးမျိုးသန့်၊ စစ်ကိုင်းဆောင်အဆောင်မှူးမှာ ပထဝီဝင် ဌာနမှ ဆရာကြီး ဦးထွန်းသိန်း (ပါမောက္ခချုပ်-ငြိမ်း၊ မော်လမြိုင်တက္ကသိုလ်) စသည်ဖြင့် မှတ်မိနေပါသည်။ ယခု ဆရာကြီးကွယ်လွန်ခဲ့ပါပြီ။ အင်းဝဆောင်နှင့် ရတနာဆောင်သည် မောင်နှမဆောင် များဖြစ်ကြပါသည်။

တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ရှေ့က ဖြတ်သွားတိုင်း စေတနာလုပ်အားပေးခဲ့သော ကာလ များကို အမှတ်ရနေသည်။ ၁၉၉၃ ခုနှစ်က သူငယ်ချင်းများ နှင့်အတူ စာကြည့်တိုက်လုပ်ငန်းအချို့ကို ကူညီဆောင်ရွက် ခဲ့ကြသည်။ စာကြည့်တိုက်မှူး ဆရာကြီး ဦးသော်ကောင်း က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။ ဆရာကြီးနှင့် အတူ ဆရာဦးအောင်ကြီး၊ ဆရာဦးမောင်မောင်သိန်းနှင့် မမဒေါ်ခင်နှင်းဦးတို့က မိမိတို့ တစ်တွေကို လက်ဖက်ရည်၊ စမူဆာတို့ဖြင့် အသိအမှတ်ပြုခဲ့ကြပါသည်။

မိမိသည် ရတနာဆောင်၏ စာကြည့်တိုက်တာဝန်ခံ ဖြစ်ပါသည်။ သောကြာနေ့တိုင်း စာငှားကတ်များဖြင့် ကျောင်းသူသမီးငယ်များကို ငှားရမ်းဖတ်ရှုစေသည်။ ယခုခေတ်တွင် လက်ကိုင်ဖုန်းများကြောင့် စာအုပ်ဖတ်သူ နည်းပါးလှသည်။ အဆောင်နေခဲ့ကြသော ကျောင်းသူ ဟောင်းကြီးများ၏ ပံ့ပိုးလှူဒါန်းမှုများက ကျောင်းဆောင် များအတွက် အထောက်အပံ့ ဖြစ်စေခဲ့ပါသည်။

ရန်ကုန်တက္ကသိုလ်ကျောင်းဆောင် အသီးသီး၏ စိမ်းလန်းစိုပြည်ရေး၊ အဆောင် သာယာရေး၊ ဖွံ့ဖြိုး တိုးတက်ရေးကိစ္စအဝဝကို ပါမောက္ခချုပ် အဆက်ဆက် က ဂရုတစိုက် ရှိလှသည်။ ဆရာကြီးတို့၏ လမ်းညွှန်မှုကိုခံယူရင်း ကျွန်မတို့တစ်တွေ ဆောင်ရွက်ခဲ့ကြသည်။ ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာတင်အောင်အေးနှင့် ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာစိုးရင်တို့၏ မိသားစု သဖွယ် ဦးဆောင်လမ်းညွှန် ဝန်းရံမှုများသည် ချစ်ခင် ကြည်ညိုဖွယ်ဖြစ်စေခဲ့သည်။

ရန်ကုန်တက္ကသိုလ်ဝန်ထမ်းဘဝ

ကြည့်မြင်တိုင်နယ်မြေကနေ သန်လျင်ကောလိပ် (ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)၊ မြိတ်တက္ကသိုလ် အဆင့်ဆင့် ပြောင်းရွှေ့ခဲ့ရသည်။ မြိတ်တက္ကသိုလ်နှင့် ရတနာဆောင် ကူးချည်သန်းချည်ဖြင့် ၂၀၀၆ ခုနှစ် ဩဂုတ်လတွင် ပါရဂူကျမ်း ပြီးမြောက်ခဲ့သည်။ ၂၀၀၈ ခုနှစ် နှစ်ဆန်းတွင် ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့မိန့် ကျလို့ ပျော်ရွှင်ရပါ၏။ ပါမောက္ခ/ဌာနမှူး ဆရာမကြီး ဒေါ်ခင်ဆွေမြင့် အငြိမ်းစားယူကာလဖြစ်၍ နောက်ထပ် ပါမောက္ခ/ဌာနမှူး ဆရာမကြီးက ဒေါက်တာခင်ဆန်းဦး ဖြစ်သည်။ မကြာမီ ပါမောက္ခဆရာကြီးအဖြစ် ဒေါက်တာ အောင်မြင့်ဦး ရောက်ရှိလာပါသည်။ မေတ္တာတရား၊ ကိုယ်ချင်းစာတရားများဖြင့် ရပ်တည်ပေးခဲ့ကြသော ဆရာကြီး ဆရာမကြီးများဖြစ်၍ အလုပ်တာဝန် များကို ပျော်ရွှင်စွာ ထမ်းရွက်နိုင်ခဲ့ကြ၏။ ထိုစဉ်က ရန်ကုန်တက္ကသိုလ်တွင် တပ်မတော်အရာရှိငယ်များ တက်ရောက်နေသော မဟာတန်းနှင့် ပါရဂူတန်းများသာ ရှိပါသည်။

ပါရဂူဘွဲ့ရပြီးသား ကထိကဆရာ ဆရာမများကို ပါရဂူဘွဲ့ကြိုတန်းတွင် ဆရာ ဆရာမကြီးများနှင့် တွဲဖက်၍ ပို့ချစေသည်။ ကျွန်မတို့သည် ပို၍ ရုန်းကန် ကြိုးစားကြရသည်။ အတွေ့အကြုံများရခဲ့သည်။ ဌာန ဂျူတီအားလျှင် သင်တန်းသား သင်တန်းသူများနှင့်အတူ သင်ယူကြပြန်သည်။ သင်ယူခြင်းငှာ မရောင့်ရဲ။ လွတ်သွားသော ဆရာကြီး ဆရာမကြီးများ၏ လက်ချာ များကို အချင်းချင်းဖြန့်ဝေကြသည်။ ဆရာကြီး ဒေါက်တာခင်အေး၊ ဆရာကြီး ဦးအောင်သောင်း၊ ဆရာမကြီး ဒေါက်တာခင်သန်းဦး (ဆရာမကြီး မမိုးမြေ)၊ ဆရာကြီး ဒေါက်တာအောင်မြင့်ဦးတို့၏ ပို့ချမှုများကို အချိန်တော်တော်များများ တက်ရောက်ဖြစ်ခဲ့သည်။ တန်ဖိုးကြီးလှ၏။ ပါရဂူကျမ်း စာစစ်အဖွဲ့ဝင်များ အဖြစ်လည်း ကျွန်မတို့အား လေ့ကျင့်ပေးခဲ့ကြ၏။

ရန်ကုန်တက္ကသိုလ်ရှိ ဌာနတိုင်းသည်-

ပါရဂူကျမ်းပြု စာတမ်းဖတ်ပွဲ၊ မဟာသုတေသန စာတမ်းဖတ်ပွဲများဖြင့် စည်ကားလှသည်။ “ကြံစည်ခြင်း အလေ့ရှိရာအရပ်သည်သာ တက္ကသိုလ်ဖြစ်သင့်သည်။ ကြံစည်ခြင်းအလေ့အကျင့်မရှိလျှင် တက္ကသိုလ်အမည်ခံ ထားစေကာမူ တက္ကသိုလ်မဖြစ်နိုင် ကြံစည်ခြင်း အလေ့အကျင့်ရှိလျှင် တက္ကသိုလ်အမည်မခံစေကာမူ တက္ကသိုလ်ဖြစ်ပေသည်”ဟု ဆရာဇော်ဂျီက ဆိုခဲ့သည်။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် တနင်္လာနေ့မနက် ၉ နာရီထိုးလျှင် စာတမ်းဖတ်ပွဲ အမြဲစတင်ပါသည်။ ဌာနရှိ ဆရာ ဆရာမများ အလှည့်ကျ စာတမ်းတင်သွင်း ဖတ်ကြား ရသည်။ “စာတမ်းဖတ်ပွဲတွေမှာ ထမဆွေးနွေးရင် ဌာန အလုပ်မလုပ်တာ” ဟု ဆရာကြီး၏ ချစ်ခင်ဖွယ် တွန်းအား ပေးမှုက ဆရာ ဆရာမအားလုံး၏ အရည်အသွေးကို ဖွံ့ဖြိုး စေခဲ့သည်။ စာတမ်းရှင်က ကော်ဖီ၊ မုန့်တို့ဖြင့် ဒါနပြု ကျွေးမွေးလျှင် ပျော်ပျော်ကြီး စားကြသည်။

ဌာန၏ ရည်ညွှန်းစာကြည့်တိုက် တာဝန်ခံအဖြစ် ကြိုးစားဆောင်ရွက်ခဲ့သည်။ ဌာနတွင်း ကွန်ပျူတာ သင်တန်းတွင် ဆုလိုချင်၍ အပြိုင်အဆိုင် ကြိုးစားခဲ့ကြ သည်။ အနုပညာဖွံ့ဖြိုးမှု၊ ယဉ်ကျေးမှု ထိန်းသိမ်းရေး တို့အတွက် မြန်မာ့တူရိယာ စောင်းတီးသင်တန်း ဖွင့်လှစ် ပေးပါသည်။ မြန်မာစာဌာနတွင် စာသံ၊ ပေသံ၊ ဂီတသံတို့ဖြင့် သာသာယာယာရှိလှသည်။

ရန်ကုန်တက္ကသိုလ်တွင် ဝိဇ္ဇာသိပ္ပံပညာရှင် စာတမ်း ဖတ်ပွဲကို အောက်တိုဘာလရောက်လျှင် ကျင်းပလေ့ရှိသည်။ ထိုအချိန်သည် ရန်ကုန်တက္ကသိုလ်၏ မင်္ဂလာအရှိဆုံး အချိန် ဟု ဆိုနိုင်သည်။ ပညာရှင်အများပေါင်းစုံစုဝေးရာ အချိန် ဖြစ်သည်။ တက္ကသိုလ်၏အသက်သည် သုတေသနပင် ဖြစ်သည်။ မြန်မာစာဘာသာရပ်ကို မြန်မာစာခန်းမတွင် ဖတ်ကြားရသည်။ ကျွန်မတို့သည် ကိုယ်ဖတ်ရင် သူနားထောင်၊ သူဖတ်တော့ ကိုယ်အားပေး။ အခြားသော ဌာနတာဝန်နှင့် ဝေယျာဝစ္စများကို မလစ်ဟင်းအောင် ထမ်းရွက်ရင်း စာတမ်းဖတ်မည့်အချိန်ရောက်လျှင် တာဝန် ကျရာနေရာကနေ ပဝါလေးတစ်ထည်ကို လက်ဆင့်ကမ်း ကြရင်း စာတမ်းများကို တက်ဖတ်ခဲ့ကြ၏။ မမေ့နိုင်စရာ နေ့ရက်တွေ ဖြစ်ခဲ့သည်။ ပညာရှင်ဆရာကြီး ဆရာမကြီး များက ပြန်လည်ကာ ဖြည့်စွက်ပေးခြင်း၊ ဆွေးနွေးခြင်းဖြင့် ပညာအမွေများကို လက်ဆင့်ကမ်းခဲ့ကြသည်။ ချစ်စရာ နေ့ရက်များပင် ဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ်သည် တက္ကသိုလ်ဝင်စာမေးပွဲကြီး ပြီးဆုံးချိန် အဖြေလွှာများ (မစစ်ဆေးခင်နှင့် စစ်ဆေးပြီး) ကိစ္စရပ်များ နှင့်ပတ်သက်၍ ဆောင်ရွက်ရသောလုပ်ငန်းစဉ်များ ရှိပါသည်။ ကျွန်မတို့ တစ်တွေသည် ဆရာမကြီး၏ စေလွှတ်မှုဖြင့် နှစ်စဉ် ကူညီထမ်းရွက်ခဲ့ကြသည်။

နာဂစ်အလွန် သတိကြီးစွာဖြင့် ဆောင်ရွက်ခဲ့ရသော အောင်မြင်မှုများသည် အမှတ်တရဖြစ်စေခဲ့ပါသည်။

ရတနာဆောင်နှင့် တောင်ငူဆောင် ၁၅ မိနစ်မျှသာ ကြာသည့် ပမာဏကို နာဂစ်အပြီးတွင် ၄၅ မိနစ်ကြာမှ ဦးတည်ရာသို့ ရောက်ရ၏။ မြင်ကွင်းက အိပ်မက်တစ်ခုလို ဖြစ်ခဲ့သည်။ မလဲမပြိုကျန်ရစ်ခဲ့သော သစ်ပုပ်ပင်ကြီးက ရန်ကုန်တက္ကသိုလ်၏ နိမိတ်ကို ဖော်ဆောင်ပေးခဲ့သည်။ ပြုပြင်၊ ပြင်ဆင်၊ ပြောင်းလဲမှုများ ပြီးဆုံးချိန်တွင်မူ ရန်ကုန်တက္ကသိုလ်ကြီးသည် မြက်ခင်းစိမ်းလေး တွေကအစ လှပ နေတော့၏။

ရန်ကုန်တက္ကသိုလ်ကြီးသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ် (၁၀၀) ပြည့်ခဲ့သည်။ ကျွန်မတို့ နားခိုကာ ပညာသင်ကြားခဲ့သော၊ တာဝန်ထမ်းခဲ့ရသော ကာလ များထက် ပိုမို၍ ပြည့်စုံဝင့်ကြွားလာမှု၊ ကဏ္ဍသစ်များဖြင့် ပွင့်ဖူးဝေဆာ နေမှုများကား အနာဂတ်နိုင်ငံတော်အတွက် အားရစရာပင် ဖြစ်ပါသည်။ ကျောင်းတော်ကြီး၏ နှစ် (၁၀၀) အတွင်းမှာ မိမိသည် သဲတစ်ပွင့်အဖြစ် ပါဝင်နိုင်ခဲ့ခြင်းကို ဂုဏ်ယူပါသည်။

ရန်ကုန်တက္ကသိုလ်ကြီးက မွေးထုတ်ပေးလိုက်သော၊ နယ်တက္ကသိုလ်အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြ သော သူငယ်ချင်းများ၊ မောင်ငယ် ညီမငယ်များ၊ နယ်ပယ် အသီးသီးမှာ နိုင်ငံ့တာဝန်ထမ်းရွက်နေကြသော မိတ်ဆွေ ငယ်ပေါင်းများ အားလုံး၏ ရင်ထဲတွင် ကိုယ်စီမှတ်တမ်းများ ရှိနေကြမည်သာ။ အားလုံး၏ကိုယ်စား ရင်တွင်းကဗျာ တစ်ပုဒ်ဖြင့် အဆုံးသတ်ချင်ပါသည်။ အမိတက္ကသိုလ်ကြီး ကလည်း လွမ်းနေမည်ထင်ပါသည်။

ကြွေရွက်တွေ လေမှာဝဲ

စိန်ပန်းတွေ‌ မြေမှာကြဲ

အင်ကြင်း၊ သရဖီ၊ ငုစပ်၊ ပိတောက်တို့

ခြေရာပျောက်...

ဥဩငယ်လည်း ကိုယ်ယောင်ဖျောက်

တစ်နွေပျောက်ပြန်ပေါ့ ချစ်သူမယ်။

အဓိပတိလမ်းတစ်လျှောက်

နှင်းကြွင်းစက်တွေသောက်တဲ့

ကံ့ကော်တွေ မြိုင်မြိုင်ပွင့်

ဝတ်မှုန်တွေ ကြိုင်လှိုင်လွင့်

သံချိုဆင့် တေးပန်းချီ

ရေးမမီနိုင်ဘူးတဲ့

ကျောင်းဖွင့်ရာသီ။

မိုးပုလဲပွင့်တို့ ဖွဲဖွဲဝေစည်

တစ်နွေအပီ၊ တစ်မိုးချစ်လို့

တစ်ဆောင်းက သစ်ဦးမည်ကွယ်..

စစ်ကိုင်းလမ်း- ပုဂံလမ်း

မျှော်တမ်းငေးလို့

ချစ်သမီး သားတို့ရေ...

ပြန်မလာနိုင်တော့ပြီလား။

အာရ်စီ၊ ဂျပ်ဆင်၊ သစ်ပုပ်ပင်အိုနဲ့

မြကျွန်းညိုညို လှိုင်းဂယက်နံဘေး

နှစ်(၁၀၀)ဂုဏ်ပြုအလွမ်းတေးတွေကို

ဘဝဂ်ညံ သီဆိုကျူးပါပေါ့

အလှမ်းဝေးနိုင်ပြီကောကွယ်

ဝေးဆိုမှဝေး။

အမိရန်ကုန်တက္ကသိုလ်ကို လွမ်းပါသည်။ ။

ခင်စာသင်